ကမ္ဘာကြီး ဥက္ကာခဲနဲ့ တိုက်မိနိုင်ခြေကို နာဆာက ဘယ်လို ကာကွယ်မလဲ

Dart လို့ အမည်ပေးထားတဲ့ အဲဒီ နာဆာ စီမံကိန်းဟာ ကမ္ဘာကြီးကို အပျက်အစီး ကြီးကြီးမားမား ဖြစ်စေနိုင်တဲ့ အရွယ်အစားရှိတဲ့ ဥက္ကာခဲနဲ့ မတိုက်မိအောင် လုပ်ဖို့ ဘယ်လောက်အထိ အခက်အခဲ ရှိမလဲ ဆိုတာကို လေ့လာမယ်

ဓာတ်ပုံ ရင်းမြစ်, NASA / JHUAPL / STEVE GRIBBEN

ဓာတ်ပုံ ပုံစာ, Dart လို့ အမည်ပေးထားတဲ့ အဲဒီ နာဆာ စီမံကိန်းဟာ ကမ္ဘာကြီးကို အပျက်အစီး ကြီးကြီးမားမား ဖြစ်စေနိုင်တဲ့ အရွယ်အစားရှိတဲ့ ဥက္ကာခဲနဲ့ မတိုက်မိအောင် လုပ်ဖို့ ဘယ်လောက်အထိ အခက်အခဲ ရှိမလဲ ဆိုတာကို လေ့လာမယ်
    • ရေးသားသူ, ပေါလ်ရင်ကန်
    • ရာထူးတာဝန်, သိပ္ပံအယ်ဒီတာ၊ ဘီဘီစီ သတင်းဝက်ဘ်ဆိုက်

အမေရိကန် အာကာသ အေဂျင်စီ နာဆာဟာ တချိန်မှာ ကမ္ဘာကြီးက ဥက္ကာခဲကြီး တခုခုနဲ့ တိုက်မိပြီး အပျက်အစီး ဖြစ်လာမှာကို ကာကွယ်ရေးအတွက် အာကာသယာဉ်တစ်စင်း စမ်းသပ် စေလွှတ်လိုက်ပြီ ဖြစ်ပါတယ်။

Dart လို့ အမည်ပေးထားတဲ့ အဲဒီ နာဆာ စီမံကိန်းဟာ ကမ္ဘာကြီးကို အပျက်အစီး ကြီးကြီးမားမား ဖြစ်စေနိုင်တဲ့ အရွယ်အစားရှိတဲ့ ဥက္ကာခဲနဲ့ မတိုက်မိအောင် လုပ်ဖို့ ဘယ်လောက်အထိ အခက်အခဲ ရှိမလဲ ဆိုတာကို လေ့လာမှာ ဖြစ်ပါတယ်။

အဲဒီ နာဆာရဲ့ အာကာသယာဉ်ဟာ ဒိုင်မောဖတ်စ် လို့ခေါ်တဲ့ ဥက္ကာခဲ တခုကို ဝင်တိုက်ကြည့်ပြီး အဲဒီ ဥက္ကာခဲရဲ့ ရွှေ့လျားနှုန်းနဲ့ သွားနေတဲ့ လမ်းကြောင်းက ဘယ်လောက်အထိ ပြောင်းသွားသလဲ ဆိုတာကို လေ့လာမှာ ဖြစ်ပါတယ်။

Dart စီမံကိန်း ဖော်ဆောင်မှုနှင့် ရည်ရွယ်ချက်

Dart အာကာသယာဉ် စေလွှတ်တဲ့ စီမံကိန်းဟာ အမေရိကန် ဒေါ်လာ ၃၂၅ သန်း ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ Dart အာကာသယာဉ်ကို Falcon 9 ဒုံးပျံကို တင်ဆောင်ပေးသွားမှာ ဖြစ်ပြီး အမေရိကန်နိုင်ငံ ကယ်လဖိုးနီးယားပြည်နယ် ဗန်ဒန်ဘာ့ဂ် အာကာသတပ်စခန်းကနေ ပစ်လွှတ်လိုက်ပြီ ဖြစ်ပါတယ်။

အခုလို ပစ်လွှတ်မှုဟာ ဥက္ကာခဲရန် ကာကွယ်ရေး ရည်ရွယ်ချက်နဲ့ ပထမဆုံး ပြုလုပ်တဲ့ အာကာသစီမံကိန်းတခုဖြစ်ပြီး အဲဒီ ဒိုင်မောဖတ်စ်ဆိုတဲ့ ဥက္ကာခဲက တကယ်တမ်း ကမ္ဘာမြေအတွက် အန္တရာယ်ဖြစ်စေတဲ့ ဥက္ကာခဲတော့ မဟုတ်ပါဘူး။

အဲဒီ ဒိုင်မောဖတ်စ် ဥက္ကာခဲဟာ သူ့ထက် အရွယ်အစားကြီးတဲ့ ဒိုင်းဒိုင်မော့စ် ဆိုတဲ့ ဥက္ကာခဲကြီးတခုကို ပုံသေ ပတ်လမ်းတခုနဲ့ လှည့်ပတ်နေတာ ဖြစ်ပါတယ်။

Dart အာကာသယာဉ်ဟာ ဒိုင်မောဖတ်စ် ဥက္ကာခဲရဲ့ ပတ်လမ်းကို အနည်းငယ်မျှသာ ပြောင်းသွားအောင် လုပ်ဖို့ ရည်ရွယ်ထားတယ်လို့ နာဆာရဲ့ ကမ္ဘာဂြိုဟ်ကာကွယ်ရေးရာ ညှိနှိုင်းဆောင်ရွက်ရေးရုံးက ကယ်လီ ဖက်စ်က ဆိုပါတယ်။

ကမ္ဘာကြီးကို ဦးတည်ပြီး လာနေတဲ့ ဥက္ကာခဲရှိကြောင်းကို ကြိုကြိုတင်တင် စောစော သိရှိမယ်ဆိုရင် အခုလို လမ်းကြောင်းပြောင်းသွားအောင် လုပ်နိုင်ရင်ပဲ ကမ္ဘာကို လာမထိအောင် တားဆီးလို့ ရနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

လက်တွေ့ အခုလို လုပ်လို့ ရမရ ဆိုတာကတော့ အဲဒီ ဒိုင်မောဖတ်စ် ဆီကို လွှတ်လိုက်တဲ့ အာကာသယာဉ်ရောက်မှသာ သိနိုင်မှာ ဖြစ်ပြီး တွက်ချက်ထားတဲ့ အတိုင်းဆိုရင်တော့ အဲဒီ Dart အာကာသယာဉ်က ဝင်တိုက်မှုကြောင့် ပြောင်းသွားတဲ့ ဒိုင်မောဖတ်စ်ရဲ့ ပတ်လမ်းဟာ ဒိုင်းဒိုင်မော့စ်နဲ့ ပိုနီးသွားမယ်လို့ ဆိုပါတယ်။

ကီလိုမီတာ ၁၀ဝ၀ ပတ်ဝန်းကျင်လောက် ရှိတဲ့ ဥက္ကာခဲဆိုရင်တော့ တကမ္ဘာလုံး ပျံ့ နှံ့ ရောက်ရှိသွားမယ့်အထိ အပျက်အစီး ပမာဏကြီးမယ်

ဥက္ကာခဲတွေရဲ့ သဘာဝနဲ့ ကမ္ဘာကို ပေးနိုင်တဲ့ အန္တရာယ်

လက်ရှိ ကမ္ဘာကြီးအနေနဲ့ မီတာ ရာဂဏန်းရှိတဲ့ ဥက္ကာခဲတခု ဝင်တိုက်မိရင်တောင် ကမ္ဘာ့တိုက်ကြီးတခုလောက် အကျယ်အဝန်းအထိ အပျက်အစီး ရှိနိုင်တဲ့အတွက် အခုလို စမ်းသပ်နေရတာလည်း ဖြစ်ပါတယ်။

မီတာ ၃၀ဝ အထက် ဥက္ကာခဲ အရွယ်အစား ဆိုရင် ကမ္ဘာ့တိုက်ကြီးတခုစာလောက် ကြီးမားတဲ့ အပျက်အစီး ရှိနိုင်မှာ ဖြစ်ကာ ကီလိုမီတာ ၁၀ဝ၀ ပတ်ဝန်းကျင်လောက် ရှိတဲ့ ဥက္ကာခဲဆိုရင်တော့ တကမ္ဘာလုံး ပျံ့ နှံ့ ရောက်ရှိသွားမယ့်အထိ အပျက်အစီး ပမာဏကြီးမယ်လို့ ဆိုပါတယ်။

ဥက္ကာခဲတွေဟာ အာကာသအတွက် ဖွဲ့စည်းဖြစ်တည်မှုတွေရဲ့ အခြေခံ အုတ်မြစ်တွေလို့ ဆိုနိုင်ပြီး ဂြိုဟ်ဒါမှမဟုတ် ကြယ်တလုံးရဲ့ အစိတ်အပိုင်းတခုအဖြစ် ပေါင်းစည်းမသွားပဲ ကျန်နေတတ်တဲ့ အစိတ်အပိုင်းတွေလည်း ဖြစ်ပါတယ်။

အခုလို ဥက္ကာခဲတွေကလည်း နေကို ပတ်နေတဲ့ ပတ်လမ်းရှိရာမှာ ဖြစ်တောင့်ဖြစ်ခဲ ကမ္ဘာပတ်လမ်းက ကမ္ဘာရောက်ရှိနေတဲ့ နေရာနဲ့ တိုက်ဆိုင်သွားခဲ့ရင် ကမ္ဘာနဲ့ တိုက်မိနိုင်တာ ဖြစ်ပါတယ်။

အခုလို ဥက္ကာခဲ အကြီးနဲ့ အသေး အတွဲကို ရွေးချယ်ပြီး စမ်းသပ်ရတဲ့ အကြောင်းအရင်းကတော့ ပတ်လမ်းကြောင်းပြောင်းလဲမှုကို တိုင်းတာလို့ လွယ်ကူတဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

အကယ်၍သာ နေကို သီးခြားပတ်နေတဲ့ ဥက္ကာခဲကို Dart အာကာသယာဉ်က ဝင်တိုက်တာဆိုရင် ပတ်လမ်းပြောင်းလဲစေမှုက ဝ.ဝ၀ဝ၀ဝ၆ ရာခိုင်နှုန်းသာ ရှိမှာ ဖြစ်တဲ့အတွက် တကယ်ပြောင်းမပြောင်း သိနိုင်ဖို့က နှစ်ပေါင်းများစွာ ကြာနိုင်ပါတယ်။

ဒိုင်မောဖတ်စ်ရဲ့ Dart အာကာသယာဉ်က ဝင်တိုက်မှုကြောင့် ပတ်လမ်းပြောင်းလဲမှုက ၁ ရာခိုင်နှုန်းသာ ရှိမှာ ဖြစ်ပြီး လပိုင်းလောက်အတွင်း တကယ်ပြောင်းသွားလားဆိုတာကို သိနိုင်
ဓာတ်ပုံ ပုံစာ, ဒိုင်မောဖတ်စ်ရဲ့ Dart အာကာသယာဉ်က ဝင်တိုက်မှုကြောင့် ပတ်လမ်းပြောင်းလဲမှုက ၁ ရာခိုင်နှုန်းသာ ရှိမှာ ဖြစ်ပြီး လပိုင်းလောက်အတွင်း တကယ်ပြောင်းသွားလားဆိုတာကို သိနိုင်

Dart စီမံကိန်းနဲ့ ဥက္ကာခဲ အချက်အလက် အသေးစိတ်

Dart အာကာသယာဉ်က ဝင်တိုက်မယ့် ဒိုင်မောဖတ်စ် ဥက္ကာခဲက မီတာ ၁၆၀ အကျယ် ရှိပြီး သူက ပတ်နေတဲ့ ဒိုင်းဒိုင်မော့စ် ဥက္ကာခဲကြီးကတော့ မီတာ ၇၆၀ အကျယ် ရှိပါတယ်။

ဒိုင်မောဖတ်စ်ဥက္ကာခဲ အရွယ်အစားလောက်က ကမ္ဘာကို ဝင်တိုက်မိခဲ့မယ် ဆိုရင် နျူးကလီးယားဗုံးထက် အဆပေါင်း များစွာ ပြင်းထန်တဲ့ ပေါက်ကွဲ ပျက်စီးမှုမျိုး ကြုံရနိုင်ပါတယ်။

အခု စေလွှတ်လိုက်မယ့် Dart အာကာသယာဉ်ဟာ Falcon 9 ဒုံးပျံရဲ့ တွန်းကန်ပေးတဲ့အားနဲ့ ကမ္ဘာ့ဆွဲငင်အားက လွတ်ပြီဆိုရင် နေကို ကိုယ်ပိုင်ပတ်လမ်းနဲ့ စတင် လည်ပတ်မှာ ဖြစ်ပါတယ်။

အခုလို လည်ပတ်နေရာမှာ ဒိုင်မောဖတ်စ်နဲ့ ဒိုင်းဒိုင်မော့စ် အတွဲလိုက်ရှိနေတဲ့နေရာက ကမ္ဘာနဲ့ မိုင်ပေါင်း ၆.၇ သန်း အကွာအဝေးရောက်တဲ့အချိန်မှာ အချိန်ကိုက်ရောက်ရှိသွားအောင် စီမံထားတယ်လို့ ဆိုပါတယ်။

အခုလို ရောက်ရှိသွားမယ့်အချိန်က ၂၀၂၂ ခုနှစ် စက်တင်ဘာလ ဖြစ်ပြီး အဲဒီကာလမှာ Dart အာကာသယာဉ်က ဒိုင်မောဖတ်စ်ကို ဝင်တိုက်မှာ ဖြစ်ပါတယ်။

Dart အာကာသယာဉ်က အဲဒီ ဒိုင်မောဖတ်စ် ဥက္ကာခဲကို ဝင်တိုက်မယ့် အရှိန်က တနာရီကို မိုင် ၁၅၀ဝ၀ (တစက္ကန့် ၆.၆ ကီလိုမီတာနှုန်း) ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ဝင်တိုက်မှုကြောင့် ဒိုင်မောဖတ်စ်ရဲ့ ဒိုင်းဒိုင်မော့စ်ကို ပတ်နေတဲ့ အရှိန်က တစက္ကန့် တမီလီမီတာနှုန်းရဲ့ တစိတ်တပိုင်းမျှသာ လျော့သွားမှာ ဖြစ်ပေမယ့် ပတ်လမ်းကိုတော့ ပြောင်းသွားစေမယ်လို့ ဆိုပါတယ်။

ကမ္ဘာကို အလားတူ လမ်းကြောင်းထပ်မိပြီး ဝင်ရောက်လာမယ့် ဥက္ကာခဲကိုလည်း အလားတူ အနည်းငယ်မျှသာ အပြောင်းအလဲ ဖြစ်စေခြင်းအားဖြင့် ကမ္ဘာနဲ့ မတိုက်မိတော့အောင် လမ်းကြောင်း ပြောင်းနိုင်မယ်လို့ ဆိုပါတယ်။

Dart အာကာသယာဉ်ရဲ့ အရွယ်အစားဟာ ၁၉ မီတာ အရှည်ရှိပြီး သူဝင်တိုက်မယ့် ဒိုင်မောဖတ်စ် ဥက္ကာခဲရဲ့ ၁၆၃ မီတာ အရှည်ဆိုတဲ့ အရွယ်အစားကတော့ ကမ္ဘာပေါ်မှာရှိတဲ့ ပြင်သစ်နိုင်ငံက ၃၂၁ မီတာ အမြင့်ရှိတဲ့ အိုင်ဖယ်တာဝါရဲ့ တဝက်လောက် ရှိပါတယ်။

အခု Dart စီမံကိန်းရဲ့ သိပ္ပံပညာရှင် တဦးဖြစ်တဲ့ တော်မ် စတက်တလာရဲ့ အဆိုအရကတော့ အာကာသအတွင်းမှာ ဒိုင်မောဖတ်စ် အရွယ်အစားရှိလောက်ရှိတဲ့ ဥက္ကာခဲတွေက အများစုဖြစ်တဲ့အတွက် ကမ္ဘာကို လာတိုက်နိုင်ခြေ အများဆုံးရှိတဲ့ အရွယ်အစားဖြစ်တယ်လို့ ဆိုပါတယ်။

Dart စီမံကိန်း လမ်းစဉ် အဆင့်ဆင့်နဲ့ အောင်မြင်မှု အတိုင်းအတာ

လက်ရှိ စေလွှတ်လိုက်တဲ့ Dart အာကာသယာဉ်မှာ ဝင်တိုက်မယ့် လမ်းကြောင်းကို တည့်ပေးဖို့အတွက် ကင်မရာပါရှိပြီး အဲဒီကနေ ဥက္ကာခဲဓါတ်ပုံတွေကိုလည်း ကမ္ဘာကို ပို့ပေးမှာ ဖြစ်ပါတယ်။

ဒီ Dart အာကာသယာဉ်ဟာ ဒိုင်မောဖတ်စ်ကို ဝင်မတိုက်ခင် ၁၀ ရက်အလိုမှာ တပါတည်း ယူဆောင်လာတဲ့ အီတလီနိုင်ငံက ထုတ်လုပ်ထားတဲ့ LiciaCube ဂြိုဟ်တုကို သီးခြား ခွဲထုတ်လိုက်ဖို့လည်း စီစဉ်ထားပါတယ်။

အဲဒီ ဂြိုဟ်တုငယ်ကတော့ ဝင်တိုက်မိတဲ့အချိန်၊ ပျက်စီးပေါက်ကွဲလာတဲ့ အပိုင်းအစတွေနဲ့ တကွ ဒိုင်မောဖတ်စ်မျက်နှာပြင်မှာ ဖြစ်ပေါ်လာမယ့် ချိုင့်တွင်း စတာတွေကို မှတ်တမ်းတင်ပြီး ကမ္ဘာကို ပြန်လည် ပေးပို့ မှာ ဖြစ်ပါတယ်။

အဲဒီ ဒိုင်မောဖတ်စ်ရဲ့ ဒိုင်းဒိုင်မော့စ်ကို ပတ်နေတဲ့ လမ်းအပြောင်းအလဲကိုတော့ ကမ္ဘာပေါ်က နက္ခတ်တာရာကြည့် မှန်ပြောင်းတွေကနေ လေ့လာရမှာ ဖြစ်ပြီး အမှန်တကယ် လမ်းကြောင်းပြောင်းလိုက်နိုင်သလား ဆိုတာနဲ့ ဘယ်လောက်အထိ ထိထိရောက်ရောက် လုပ်နိုင်မလဲဆိုတာကို အဓိက သိရအောင် အခုလို စေလွှတ်တာ ဖြစ်တယ်လို့ တော်မ် စတက်တလာက ပြောပါတယ်။

ဒိုင်မောဖတ်စ်ရဲ့ Dart အာကာသယာဉ်က ဝင်တိုက်မှုကြောင့် ပတ်လမ်းပြောင်းလဲမှုက ၁ ရာခိုင်နှုန်းသာ ရှိမှာ ဖြစ်ပေမယ့် အဲဒီ ပမာဏကို ကမ္ဘာမြေပေါ်က နက္ခတ်တာရာကြည့် မှန်ပြောင်းတွေကနေ ကြည့်ရှုပြီး ရက်သတ္တပိုင်း၊ ဒါမှမဟုတ် လပိုင်းလောက်အတွင်း တကယ်ပြောင်းသွားလားဆိုတာကို သိနိုင်မယ်လို့ ဆိုပါတယ်။

ဒိုင်မောဖတ်စ် ပတ်နေတဲ့ ဒိုင်းဒိုင်မော့စ် ဥက္ကာခဲဟာ ကမ္ဘာပေါ်က အင်အားအကောင်းဆုံး နက္ခတ်တာရာကြည့် မှန်ပြောင်းတွေနဲ့ ကြည့်တော့မှသာလျှင် အလင်းစက်ကလေး တစက်အဖြစ် မြင်ရတယ်လို့ ဆိုပါတယ်။

ဒိုင်မောဖတ်စ် ဥက္ကာခဲက ဒိုင်းဒိုင်မော့စ်ကို ပတ်တဲ့အချိန်မှာ အဲဒီ ဒိုင်းဒိုင်မော့စ်ကထွက်တဲ့ နေအလင်းပြန်မှုက မှိတ်တုတ် မှိတ်တုတ် ဖြစ်နေတာကို တွေ့ရတဲ့အတွက် ဘယ်လောက် အရှိန်နဲ့ ပတ်နေသလဲဆိုတာကို တွက်ချက်နိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒိုင်မောဖတ်စ် ဥက္ကာခဲဟာ ဒိုင်းဒိုင်မော့စ်ကို ၁၁ နာရီ ၅၅ မိနစ်အကြာမှာ တပတ် ပတ်မိတာကို တိုင်းတာမိထားတယ်လို့ လည်း Dart စီမံကိန်းရဲ့ စုံစမ်းစစ်ဆေးရေး ခေါင်းဆောင် ဒေါက်တာ အန်ဒီ ရစ်ဗ်ကင်က ဆိုပါတယ်။

Dart အာကာသယာဉ်က ဒိုင်မောဖတ်စ် ဥက္ကာခဲကို ဝင်တိုက်အပြီးမှာတော့ ဒိုင်မောဖတ်စ်ရဲ့ ဒိုင်းဒိုင်မော့စ်ကို ပတ်မယ့် ကြာချိန်က ၁၁ နာရီ ၄၅ မိနစ်ကနေ ၁၁ နာရီ မိနစ် ၂၀ သာ ကြာတဲ့ အထိ လျော့သွားနိုင်တယ်လို့ ခန့်မှန်းထားကြောင်း ဒေါက်တာ အန်ဒီ ရစ်ဗ်ကင်က ဆိုပါတယ်။

ဒေါက်တာ အန်ဒီ ရစ်ဗ်ကင်ဟာ အမေရိကန်နိုင်ငံ မယ်ရီလန်းပြည်နယ် လော်ရယ်မြို့ မှာရှိတဲ့ ဂျွန်ဟော့ပ်ကင်းတက္ကသိုယ်ရဲ့ အသုံးချရူပဗေဒ ဓါတ်ခွဲခန်းမှာ တာဝန်ကျ အခြေစိုက်သူလည်း ဖြစ်ပါတယ်။

အခုလို ဝင်တိုက်ခံရမယ့် ဒိုင်မောဖတ်စ် ဥက္ကာခဲဟာ အတွင်းပိုင်း ကျစ်လစ်မှု ရှိတယ်လို့ ခန့် မှန်းရတဲ့အတွက် တိုက်မိတဲ့ အရှိန်ကြောင့် အမှုန်အမွှား အများအပြား ထွက်လာနိုင်ခြေရှိပြီး ဘယ်လိုသတ္တုတွေနဲ့ ဖွဲ့စည်းထားနိုင်သလဲဆိုတာကတော့ မသိရသေးပါဘူး။

ဗီဒီယို ပုံစာ, အာကာသမှာ မြင်ကွင်းကျယ် တွေ့ရမယ့် မှန်ပြောင်း

ကမ္ဘာရဲ့ ဥက္ကာခဲ ဝင်တိုက်မှု ကာကွယ်ရေး အခြေအနေ

နာဆာအနေနဲ့ ကမ္ဘာနဲ့ အနီးပတ်ဝန်းကျင်မှာ ရှိနေနိုင်တဲ့ ဥက္ကာခဲတွေထဲက မီတာ ၁၄၀ (ပေ ၄၆၀) နဲ့ အထက်ရှိတဲ့ ဥက္ကာခဲ ၉၀ ရာခိုင်နှုန်းလောက်အထိ ရှာဖွေပြီး လမ်းကြောင်းတွေကိုလည်း ဆက်လက် ထောက်လှမ်းဖို့ ၂၀ဝ၅ ခုနှစ်မှာ အမေရိကန် ကွန်ဂရက်က အမိန့် စထုတ်ခဲ့ပါတယ်။

အခုလို နာဆာက စတင်ထောက်လှမ်းလာရာမှာ ကမ္ဘာကို ဦးတည်နေပြီး အန္တရာယ်လည်းကြီးတဲ့ ဥက္ကာခဲတော့ ရှာမတွေ့သေးဘူး ဆိုပေမယ့် လက်ရှိအချိန်အထိ စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းသာ ရှာဖွေထောက်လှမ်းနိုင်ပါသေးတယ်။

အခုလို Dart အာကာယာဉ် စီမံကိန်းရဲ့ ဥက္ကာခဲကို ဝင်တိုက်ပြီး လမ်းကြောင်း ပြောင်းစေတာက သိပ္ပံပညာရှင်တွေ စဉ်းစားထားကြတဲ့ နည်းလမ်းတွေထဲက တခုသာ ဖြစ်ပါတယ်။

အဲဒီအထဲမှာ ဟောလိဝုဒ်ရုပ်ရှင်တွေ ဖြစ်တဲ့ Armageddon နဲ့ Deep Impact ရုပ်ရှင်တွေမှာ တွေ့ မြင်ခဲ့ရတဲ့ အာကာသယာဉ် စေလွှတ်ပြီး နျူကလီယားဗုံးနဲ့ ဥက္ကာခဲဖောက်ခွဲတဲ့ နည်းလမ်းလည်း အပါအဝင် ဖြစ်ပါတယ်။

ကမ္ဘာကို ဥက္ကာခဲတွေ ဝင်တိုက်နိုင်ရာမှာ တခုတည်းမဟုတ်ပဲ အုပ်စုလိုက်လာတတ်တဲ့ ဥက္ကာခဲတွေလည်း ရှိတတ်ပြီး ဒါကိုတော့ ဝင်တိုက်တဲ့ နည်လမ်းနဲ့ရော၊ ဗုံးခွဲတဲ့ နည်းလမ်းနဲ့ပါ တားဆီးရင် ထိရောက်မှု နည်းပါးနိုင်ပါတယ်။

အခုလို ဥက္ကာခဲအုပ်စုမျိုး ဆိုရင်တော့ စွမ်းအင်းမြင့်တဲ့ အာကာသယာဉ်တခု စေလွှတ်ပြီး နှစ်နဲ့ ချီပြီး ပတ်ပေးခြင်းအားဖြင့်လည်း ဥက္ကာခဲ အုပ်စုရဲ့ ကမ္ဘာကို လာနေတဲ့ လမ်းကြောင်းကို ဖြည်းဖြည်းချင်း ပြောင်းလဲတဲ့ နည်းလမ်းကို သိပ္ပံပညာရှင်တွေက စဉ်းစားထားကြပါတယ်။