သောကြာဂြိုဟ်မှာရော သက်ရှိတွေ ရှိနိုင်သလား

သောကြာဂြိုဟ်ရဲ့ လေထုထဲမှာ တွေ့ရတဲ့ ဖောစဖင်း ဆိုတဲ့ ဓါတ်ငွေ့တမျိုးဟာ ကမ္ဘာပေါ်က အောက်စီဂျင်နည်းပါးတဲ့ နေရာတွေ ရှင်သန်နိုင်တဲ့ အလွန်သေးငယ်တဲ့ ပိုးမွှားတွေနဲ့အတူ ယှဉ်တွဲ တွေ့ရလေ့ရှိ

ဓာတ်ပုံ ရင်းမြစ်, JAXA/ISAS/AKATSUKI PROJECT TEAM

ဓာတ်ပုံ ပုံစာ, သောကြာဂြိုဟ်ရဲ့ လေထုထဲမှာ တွေ့ရတဲ့ ဖောစဖင်း ဆိုတဲ့ ဓါတ်ငွေ့တစ်မျိုးဟာ ကမ္ဘာပေါ်က အောက်စီဂျင်နည်းပါးတဲ့ နေရာတွေ ရှင်သန်နိုင်တဲ့ အလွန်သေးငယ်တဲ့ ပိုးမွှားတွေနဲ့အတူ ယှဉ်တွဲ တွေ့ရလေ့ရှိ

သောကြာကြယ်၊ ညနေကြယ် သို့မဟုတ် အရုဏ်ဦးကြယ် လို့လည်း အခေါ်ရှိတဲ့ သောကြာဂြိုဟ် (Venus) ဟာ အင်္ဂါဂြိုဟ်လိုပဲ ကမ္ဘာနဲ့ ပတ်လမ်း ကပ်လျက်မှာ ရှိတဲ့ ဂြိုဟ်တစ်ခုဖြစ်ပြီး နေနဲ့ ဒုတိယ အနီးဆုံး ဂြိုဟ်တစ်ခုလည်း ဖြစ်ပါတယ်။ ကမ္ဘာကတော့ နေနဲ့ တတိယ အနီးဆုံးဂြိုဟ်ဖြစ်ပြီး အင်္ဂါဂြိုဟ်ကတော့ စတုတ္ထမြောက် ဖြစ်ပါတယ်။

သောကြာဂြိုဟ်ရဲ့ လေထုထဲမှာ တွေ့ရတဲ့ ဖောစဖင်း ဆိုတဲ့ ဓါတ်ငွေ့တစ်မျိုးဟာ ကမ္ဘာပေါ်က အောက်စီဂျင်နည်းပါးတဲ့ နေရာတွေ ရှင်သန်နိုင်တဲ့ အလွန်သေးငယ်တဲ့ ပိုးမွှားတွေနဲ့အတူ ယှဉ်တွဲ တွေ့ရလေ့ရှိပြီး ပင်ဂွင်းငှက်တွေရဲ့ အူတွေထဲမှာလည်း တွေ့ရတဲ့ ဓါတ်ငွေ့ဖြစ်ပါတယ်။

အခုလို ဖော်စဖင်း ဓာတ်ငွေ့တွေကို သောကြာဂြိုဟ်မျက်နှာပြင်အထက် ကီလိုမီတာ ၅၀ အမြင့်လောက်မှာ တွေ့ရတာ ဖြစ်ပြီး ဒီဓာတ်ငွေ့တွေက သက်ရှိပိုးမွှားတွေကြောင့် မဟုတ်ဘဲ ပေါ်လာနိုင်တဲ့ ဓာတ်ငွေ့မျိုး မဟုတ်ဘူးဆိုတဲ့ စမ်းသပ်ချက် ရှိတာကြောင့် သက်ရှိပိုးမွှားတွေ ရှိနေမလားဆိုတာ စဉ်းစားစရာ ဖြစ်လာခဲ့တာပါ။

သောကြာဂြိုဟ်လေထုရဲ့ ၉၆ ရာခိုင်နှုန်းဟာ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ ဖြစ်တဲ့အတွက် အပူတွေ လှောင်ပြီး ဂြိုဟ်မျက်နှာပြင် အပူချိန်က ၄၀ဝ ဒီဂရီ စင်တီဂရိတ်ကျော် အထိ ရှိနေ

ဓာတ်ပုံ ရင်းမြစ်, DETLEV VAN RAVENSWAAY/SPL

ဓာတ်ပုံ ပုံစာ, သောကြာဂြိုဟ်လေထုရဲ့ ၉၆ ရာခိုင်နှုန်းဟာ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ ဖြစ်တဲ့အတွက် အပူတွေ လှောင်ပြီး ဂြိုဟ်မျက်နှာပြင် အပူချိန်က ၄၀ဝ ဒီဂရီ စင်တီဂရိတ်ကျော် အထိ ရှိနေ

သောကြာဂြိုဟ်မှာ သက်ရှိ ရှိနိုင်ခြေ ဘယ်လောက်ရှိသလဲ

သောကြာဂြိုဟ်ဟာ လူတွေ လေ့လာထားသလောက် ဆိုရင် နေစကြဝဠာ အစုအဖွဲ့အတွင်းမှာ သက်ရှိ ရှိနိုင်ခြေ များတဲ့ နေရာတွေက တစ်ခုတော့ မဟုတ်ပါဘူး။

သောကြာဂြိုဟ်လေထုရဲ့ ၉၆ ရာခိုင်နှုန်းဟာ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ ဖြစ်တဲ့အတွက် အပူတွေ လှောင်ပြီး ဂြိုဟ်မျက်နှာပြင် အပူချိန်က ၄၀ဝ ဒီဂရီ စင်တီဂရိတ်ကျော် အထိ ရှိနေတာလည်း ဖြစ်ပါတယ်။

ဒါဟာ နေစကြဝဠာအတွင်းက ဂြိုဟ်ကြီး ၈ လုံး (ပလူတိုဂြိုဟ်ကို နောက်ပိုင်းမှာ ဂြိုဟ်အဆင့်က ပယ်ဖျက်ထား) ထဲမှာ မျက်နှာပြင် အပူချိန်အများဆုံး စံချိန်တင်မှုလည်း ဖြစ်ပါတယ်။

ဒီသောကြာဂြိုဟ် မျက်နှာပြင်ပေါ်ကို စူးစမ်းလေ့လာရေး ကိရိယာတွေ ချကြည့်ခဲ့ဖူးရာမှာလည်း မိနစ်ပိုင်းလောက်သာ လည်ပတ်နိုင်ပြီး တစစီ ပျက်စီးသွားခဲ့ဖူးပါတယ်။

ဒါပေမဲ့ အခု ဖောစဖင်း ဓာတ်ငွေ့တွေ တွေ့ရှိရာ ကီလိုမီတာ ၅၀ လောက် အမြင့်မှာတော့ အပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်လောက်အထိသာ ရှိနိုင်တာကို တွေ့ရတဲ့အတွက် သက်ရှိတွေလည်း ရှိနိုင်တယ်လို့ စဉ်းစားလာကြပါတယ်။

အာကာသဇီဝဗေဒ လို့ခေါ်တဲ့ ကမ္ဘာပြင်ပမှာ သက်ရှိတွေ ရှိနိုင်သလား ဆိုတာကို လေ့လာတဲ့ ပညာရပ်မှာ ဦးဆောင်သူ ဒေါက်တာ ခရစ်စ် မက်ကေးကတော့ သောကြာဂြိုဟ်လေထုရဲ့ အနေအထားမှာ သက်ရှိတွေ ရှိနိုင်ဖို့ လမ်းစ နည်းပေမဲ့ အလားတူ ကြာသာပတေးဂြိုဟ် Jupiter ရဲ့ လေထုထဲက တိမ်တိုက်တွေမှာတော့ သက်ရှိ ရှိနိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။

ကမ္ဘာပေါ်က အခြေအနေနဲ့ နှိုင်းယှဉ်ပြီး သုံးသပ်ဖို့ တွက်ချက်နည်းတစ်ခုကတော့ သက်ရှိတစ်မျိုးမျိုး ရှင်သန်ဖို့ဆိုရင် ကမ္ဘာ့ပင်လယ်မျက်နှာပြင်မှာရှိတဲ့ ဖိအားထက် ငါးဆအထိ များတဲ့ ဖိအားထက် များလို့ မရဘူးလို့ ဆိုပါတယ်။

သောကြာဂြိုဟ်လေထုထဲမှာ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေအပြင် ဆာလ်ဖြူရစ် အက်စစ် ၇၅ ရာခိုင်နှုန်းကနေ ၉၅ ရာခိုင်နှုန်းအထိ ပါဝင်ဖွဲ့စည်းထားတဲ့ တိမ်တိုက်တွေလည်း ရှိနေ

ဓာတ်ပုံ ရင်းမြစ်, AKATSUKI/ISAS-JAPAN/M.THÉVENOT

ဓာတ်ပုံ ပုံစာ, သောကြာဂြိုဟ်လေထုထဲမှာ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေအပြင် ဆာလ်ဖြူရစ် အက်စစ် ၇၅ ရာခိုင်နှုန်းကနေ ၉၅ ရာခိုင်နှုန်းအထိ ပါဝင်ဖွဲ့စည်းထားတဲ့ တိမ်တိုက်တွေလည်း ရှိနေ

သောကြာဂြိုဟ် လေထုအခြေအနေ အသေးစိတ် ဘယ်လိုရှိနေသလဲ

သောကြာဂြိုဟ်လေထုထဲမှာ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေအပြင် ဆာလ်ဖြူရစ် အက်စစ် ၇၅ ရာခိုင်နှုန်းကနေ ၉၅ ရာခိုင်နှုန်းအထိ ပါဝင်ဖွဲ့စည်းထားတဲ့ တိမ်တိုက်တွေလည်း ရှိနေပါတယ်။

အဲဒီလောက် ပမာဏရှိတဲ့ အက်ဆစ်တွေထဲမှာ ကမ္ဘာပေါ်ကလိုမျိုး ဆဲလ်အခြေခံနဲ့ ဖွဲ့စည်းထားတဲ့ သတ္တဝါတွေ ရှင်သန်နိုင်ဖို့ အလွန်ခက်ခဲမှာ ဖြစ်ပါတယ်။

အလွန်သေးငယ်တဲ့ ပိုးမွှား microbes လေးတွေက အခုလို ပမာဏရှိတဲ့ အက်ဆစ်တွေကြားထဲမှာ ရှင်သန်နိုင်ဖို့ဆိုရင် ကမ္ဘာပေါ်က ပိုးမွှားတွေရဲ့ ဇီဝဓာတု ဖွဲ့စည်းပုံနဲ့ မတူညီတဲ့ ကိုယ်ခန္ဓာ ဒါမှမဟုတ် အကာအကွယ် ပုံစံ တစ်ခုခု ဆင့်ကဲ တိုးတက် ဖြစ်ပေါ်ဖို့ လိုတယ်လို့ အမေရိကန်နိုင်ငံ မက်ဆာကျူးဆက် နည်းပညာ ကျောင်း (MIT) နဲ့ တွဲဖက် အလုပ်လုပ်နေတဲ့ ဇီဝဓာတု ပညာရှင် ဒေါက်တာ ဝီလီယံ ဘိန်းစ်က ပြောပါတယ်။

ဒါ့အပြင် သောကြာဂြိုဟ် လေထုထဲမှာ နေနိုင်လောက်မယ့် ပိုးမွှားမျိုးဟာ အဲဒီ အကာအကွယ် ထဲမှာ လုံးဝ အလုံပိတ်နေမှ အသက်ရှင်နိုင်ပြီး ဒီလို အနေအထားနဲ့ ဘယ်လို ပေါက်ဖွား ရှင်သန်မလဲ ဆိုတာက ပိုပြီး ပုံဖော်ရခက်သွားမယ်လို့လည်း ဒေါက်တာ ဘိန်းစ်က ပြောပါတယ်။

ယူကေနိုင်ငံ ဘဲလ်ဖာ့စ်မြို့ ဘုရင်မတက္ကသိုလ်က သောကြာဂြိုဟ် အခြေအနေကို လေ့လာတဲ့ နိုင်ငံတကာ သုတေသန အဖွဲ့ကတော့ ဒီဂြိုဟ်ရဲ့ လေထုထဲမှာ အလွန်နည်းတဲ့ ရေပမာဏလည်း ရှိတယ် ဆိုပေမယ့် တကယ့် သက်ရှိ နေနိုင်ဖို့ အတွက်ဆိုရင်တော့ နည်းလွန်းတယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ လေ့လာချက်အရ ကမ္ဘာပေါ်က သာမန်သတ္တဝါတွေ အသက်မရှင်နိုင်တဲ့ ပူလွန်း၊ အေးလွန်းတဲ့ နေရာတွေမှာ အနေနိုင်ဆုံး ပိုးမွှားတွေ အတွက် လိုအပ်တဲ့ အနည်းငယ်သော ရေပမာဏထက်ကို သောကြာဂြိုဟ်လေထုထဲမှာ ရှိနေတဲ့ ရေပမဏက အဆ ၁၀ဝ လောက် အထိ နည်းနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ယူကေနိုင်ငံ ကာဒစ်ဖ် တက္ကသိုလ်က ပါမောက္ခ ပေါလ် ရင်မာ ကတော့ သောကြာဂြိုဟ်လေထုရဲ့ ဓာတုဖွဲ့စည်းပုံက အညီအမျှ ရောမွှေ တည်ရှိနေတာထက် ရေပမာဏများတဲ့ တိမ်တိုက်တွေလည်း ရှိနေနိုင်ကြောင်း စာတမ်းတစောင် ရေးသား ထုတ်ပြန်ခဲ့ပါတယ်။

၁၉၈၂ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုက သောကြာဂြိုဟ်ကို စေလွှတ်ခဲ့တဲ့ ဂြိုဟ်တုက ပေးပို့ခဲ့သော ဂြိုဟ်မျက်နှာပြင် ဓာတ်ပုံ

ဓာတ်ပုံ ရင်းမြစ်, NASA

ဓာတ်ပုံ ပုံစာ, ၁၉၈၂ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုက သောကြာဂြိုဟ်ကို စေလွှတ်ခဲ့တဲ့ ဂြိုဟ်တုက ပေးပို့ခဲ့သော ဂြိုဟ်မျက်နှာပြင် ဓာတ်ပုံ

သောကြာဂြိုဟ်ကို တိုးမြှင့်လေ့လာမှု အခြေအနေ ဘယ်လိုရှိနေသလဲ

သောကြာဂြိုဟ်ကို ၂၀၂၁ ခုနှစ်အတွင်း နောက်ဆုံးလေ့လာချက်တွေ အရဆိုရင် ဒီဂြိုဟ်မျက်နှာပြင် မြေသားထုဟာ ကမ္ဘာ့မြေသားထုလိုပဲ ရွေ့လျားမှု ရှိတယ်လို့ ဆိုပါတယ်။

ယခင်က သောကြာဂြိုဟ်မြေသားထုဟာ လှုပ်ရှားမှု မရှိဘူးလို့ ယူဆထားခဲ့တာ ဖြစ်ပြီး ကမ္ဘာမြေထုရဲ့ ပြတ်ရွေ့ကြော ရွေ့လျားမှုနဲ့ အသားသဏ္ဍန်တူတဲ့ လှုပ်ရှားမှုတွေ ရှိတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

လနဲ့ အင်္ဂါဂြိုဟ် မြေသားထုတို့ကတော့ ကမ္ဘာ့မြေသားထုလို အပိုင်းပိုင်း တည်ရှိတာမဟုတ်ဘဲ တစ်စုတစ်စည်းထဲ တည်ရှိပြီး မြေလွှာ လှုပ်ရှားမှု မရှိကြောင်း တွေ့ရှိ အတည်ပြုထားပြီးသား ဖြစ်ပါတယ်။

အမှန်တကယ်ဆိုရင် ကမ္ဘာဂြိုဟ်နဲ့ သောကြာဂြိုဟ်တို့ဟာ ဂြိုဟ်တစ်ခုတည်း ဖြစ်ခဲ့နိုင်ပြီး နောက်ပိုင်းကျမှ တစ်ခုစီ ကွဲသွားတာ ဖြစ်နိုင်တယ်လို့ လန်ဒန်တက္ကသိုလ် တော်ဝင် ဟောလိုးဝေး ကောလိပ်က ဒေါက်တာ ရစ်ချက် ဂေးလ်က ပြောပါတယ်။

သောကြာဂြိုဟ်ရဲ့ သက်တမ်းအစပိုင်းကာလအတွင်းမှာ နှစ်ပေါင်း သန်းတစ်ထောင် ကာလလောက် ပင်လယ်ရေပြင်ကြီး ရှိခဲ့ဖူးကြောင်း ခန့်မှန်းလို့ရတဲ့အတွက် ကမ္ဘာပေါ်မှာလည်း အနာဂတ်မှာ အလားတူ ခြောက်သွေ့သွားနိုင်ခြေ ရှိမရှိကို သောကြာဂြိုဟ်ကို လေ့လာခြင်းအားဖြင့် မှန်းဆနိုင်မယ်လို့ ဆိုပါတယ်။

ကမ္ဘာဂြိုဟ်နဲ့ သောကြာဂြိုဟ်တို့ရဲ့ သက်တမ်းဟာ နှစ်ပေါင်း သန်း ၄၅၀ဝ ခန့်စီလောက် ရှိမယ်လို့ နောက်ဆုံး လေ့လာတွေ့ရှိချက်တွေအရ ယူဆထားပါတယ်။

သောကြာဂြိုဟ်ရဲ့ သက်တမ်းအစပိုင်းကာလအတွင်းမှာ နှစ်ပေါင်း သန်းတစ်ထောင် ကာလလောက် ပင်လယ်ရေပြင်ကြီး ရှိခဲ့နိုင်

ဓာတ်ပုံ ရင်းမြစ်, NASA

ဓာတ်ပုံ ပုံစာ, သောကြာဂြိုဟ်ရဲ့ သက်တမ်းအစပိုင်းကာလအတွင်းမှာ နှစ်ပေါင်း သန်းတစ်ထောင် ကာလလောက် ပင်လယ်ရေပြင်ကြီး ရှိခဲ့နိုင်

သောကြာဂြိုဟ်ကို အာကာသယာဉ် စေလွှတ်ခဲ့မှု သမိုင်းကြောင်းနဲ့ အလားအလာ

သောကြာဂြိုဟ်ကို ကမ္ဘာက လေ့လာနေတာ လွန်ခဲ့တဲ့ အနှစ် ငါးဆယ်ကျော် ကာလ ကတည်းက ဖြစ်ပြီး ပထမဆုံး စတင်စေလွှတ်ခဲ့တဲ့ နိုင်ငံကတော့ ဆိုဗီယက် ယူနီယံ ဖြစ်ပါတယ်။

ဆိုဗီယက် ယူနီယံဟာ သောကြာဂြိုဟ်ကို ၁၉၆၀ ပြည့်လွန် နှစ်တွေမှာ ဂြိုဟ်တု စတင် စေလွှတ်လေ့လာခဲ့ပြီး ၁၉၈၀ နောက်ပိုင်းအထိ လေ့လာနေခဲ့တာလည်း ဖြစ်ပါတယ်။

ဆိုဗီယက် ယူနီယံဟာ သောကြာဂြိုဟ်ကို စုစုပေါင်း ဂြိုဟ်တု အလုံး ၃၀ နီးပါးလောက် စေလွှတ်ခဲ့ရာမှာ မအောင်မြင်တဲ့ အရေအတွက်လည်း အများအပြား ပါဝင်ခဲ့ပါတယ်။

ဒါပေမဲ့ အောင်မြင်ခဲ့တဲ့ အကြိမ်တွေမှာ လွှတ်လိုက်တဲ့ ဂြိုဟ်တုတွေက သောကြာဂြိုဟ် မျက်နှာပြင်ဓာတ်ပုံတွေနဲ့ လေထုတွင်း လျှပ်စီးလက်တယ်လို့ ယူဆရတဲ့ ပုံတွေလို အရေးပါတဲ့ အချက်အလက်တွေ ကမ္ဘာကို ပြန်လည်ပေးပို့နိုင်ခဲ့ပြီး ကမ္ဘာပေါ်မှာ တွေ့ရလေ့ရှိတဲ့ ချော်ရည်က ဖြစ်တဲ့ ကျောက်တုံးမျိုးတွေလည်း ရှိကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

လက်ရှိ သောကြာဂြိုဟ်မြေပြင် လေ့လာမှုတွေဟာ ၁၉၈၉ မှာ အမေရိကန် အာကာသ အေဂျင်စီ နာဆာက စေလွှတ်ခဲ့တဲ့ မက်ဂျဲလန် ဂြိုဟ်တုက ရရှိတဲ့ အချက်အလက်တွေကို အခြေခံထားပြီး အဲဒီ ဂြိုဟ်တုဟာ ၁၉၉၄ မှာ သက်တမ်းကုန်လို့ ဂြိုဟ်မျက်နှာပြင်ပေါ် ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီစီမံကိန်းနောက်ပိုင်းမှာတော့ သောကြာဂြိုဟ်လေထုကို အဓိကထားလေ့လာတဲ့ ဂြိုဟ်တုတွေသာ စေလွှတ်မှု ရှိခဲ့ပြီး ၂၀ဝ၅ ခုနှစ်မှာ ဥရောပ အာကာသ အေဂျင်စီ အီဆာက စေလွှတ်ခဲ့တဲ့ Venus Express စီမံကိန်းနဲ့ ၂၀၁၀ မှာ ဂျပန်က စေလွှတ်ခဲ့တဲ့ အာကာဆူကီ ဂြိုဟ်တုတို့ ဖြစ်ပါတယ်။

ဥရောပ အာကာသ အေဂျင်စီကတော့ ၂၀၃၄/၃၅ လောက်မှာ သောကြာဂြိုဟ်ကို စေလွှတ်မယ့် Envision ဂြိုဟ်တုပုံစံ

ဓာတ်ပုံ ရင်းမြစ်, Envision

ဓာတ်ပုံ ပုံစာ, ဥရောပ အာကာသ အေဂျင်စီကတော့ ၂၀၃၄/၃၅ လောက်မှာ သောကြာဂြိုဟ်ကို စေလွှတ်မယ့် Envision ဂြိုဟ်တုပုံစံ

အမေရိကန် အာကာသ အေဂျင်စီ နာဆာ ဟာ သူတို့အတွက် ၁၉၈၉ နောက်ပိုင်း ပထမဆုံး သောကြာဂြိုဟ်ကို ဂြိုဟ်တုလွှတ်မယ့် စီမံကိန်းနှစ်ခု အတည်ပြုထားပြီး ၂၀၂၈ နဲ့ ၂၀၃၀ တို့မှာ အမေရိကန်ဒေါ်လာ သန်း ၅၀ဝ စီ အကုန်ခံ စေလွှတ်မယ်လို့ ဆိုပါတယ်။

၂၀၂၈ မှာ စေလွှတ်မယ့် Davinci+ စီမံကိန်းဟာ သောကြာဂြိုဟ်လေထု ဖြစ်ပေါ်ပုံနဲ့ ဂြိုဟ်မျက်နှာပြင်ပေါ်မှာ ပင်လယ်ရေပြင်ကြီး ရှိခဲ့သလားဆိုတာကို လေ့လာမယ်လို့ ဆိုပါတယ်။

၂၀၃၀ Veritas စီမံကိန်းကတော့ သောကြာဂြိုဟ် မျက်နှာပြင်ကို မြေပုံထုတ်ပြီး ကမ္ဘာ့ ဘူမိဗေဒသမိုင်းကြောင်းနဲ့ နှိုင်းယှဉ် လေ့လာဖို့နဲ့ ဂြိုဟ်ရဲ့ အတွင်းသားထဲက တွန်းအားကြောင့် မီးတောင်လှုပ်ရှားမှုတွေနဲ့ ငလျင်တွေ ဖြစ်ပွားမှု ရှိမရှိကိုလည်း လေ့လာမှာ ဖြစ်ပါတယ်။

ဥရောပ အာကာသ အေဂျင်စီကတော့ ၂၀၃၄/၃၅ လောက်မှာ အမေရိကန်ဒေါ်လာ သန်း ၆၇၀ အထိ အများဆုံး ကုန်ကျနိုင်တဲ့ Envision သောကြာဂြိုဟ် စီမံကိန်းအရ ဂြိုဟ်တုစေလွှတ်ဖို့ ကြေညာထားပါတယ်။

ဒီစီမံကိန်းဟာ နာဆာက စေလွှတ်မယ့် Vertias ရဲ့ လေ့လာမယ့် ပုံစံနဲ့ အလားသဏ္ဍန် တူညီပြီး နာဆာနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေလည်း ရှိမှာ ဖြစ်ပါတယ်။

ကမ္ဘာထက် ၅ ရာခိုင်နှုန်းသာ အရွယ်အစားသေးတဲ့ သောကြာဂြိုဟ်ကို အခုလို လေ့လာမှုတွေဟာ နောက်ပိုင်း စကြဝဠာအတွင်းက ကမ္ဘာနဲ့ အလားသဏ္ဍန်တူတဲ့ ဂြိုဟ်တွေကို လေ့လာမှုတွေမှာလည်း ပြန်လည် အသုံးဝင်မယ်လို့ ဆိုပါတယ်။