တရုတ်က အမေရိကန်ပြီးရင် အင်္ဂါဂြိုဟ်သွားယာဉ် မောင်းနှင်နိုင်တဲ့ ဒုတိယမြောက်နိုင်ငံ ဘယ်လိုဖြစ်လာသလဲ

ဓာတ်ပုံ ရင်းမြစ်, SHUTTERSTOCK
တရုတ်နိုင်ငံက စေလွှတ်ခဲ့ပြီး ပြီးခဲ့တဲ့အပတ်က အင်္ဂါဂြိုဟ်ပေါ်ကို ဆင်းသက်ခဲ့တဲ့ ကျူ့ရုန် အဝေးထိန်းယာဉ်ဟာ ကမ္ဘာ့အချိန် မေလ ၂၂ ရက်နေ့မှာ ဂြိုဟ်ဆင်း အစိတ်အပိုင်းအတွင်းက ထွက်လာပြီး အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်မှာ စတင် သွားလာနေပြီ ဖြစ်ပါတယ်။
အခုလို အင်္ဂါဂြိုဟ်ပေါ်ကို အဝေးထိန်းယာဉ် စေလွှတ်ပြီး မောင်းနှင် သွားလာစေနိုင်တာဟာ အမေရိကန်ပြီးရင် တရုတ်က ဒုတိယမြောက် လုပ်နိုင်တဲ့ နိုင်ငံ ဖြစ်လာတာ ဖြစ်ပါတယ်။
အခုလို အဝေးထိန်း ယာဉ်တစ်ခု အင်္ဂါဂြိုဟ်ပေါ်မှာ အောင်အောင်မြင်မြင် ဆင်းသက်သွားလာနိုင်ဖို့ဟာ အလွန်ရှုပ်ထွေး ခက်ခဲပြီး ယခင် အခြားနိုင်ငံတွေရဲ့ ကြိုးစားမှုတွေမှာ ပျက်ကျ ပျက်စီးသွားတာ၊ အဆက်အသွယ်မရတော့တာတွေ ဖြစ်ခဲ့ဖူးတဲ့အတွက် ဒါဟာ တရုတ်အတွက် ကြီးမားတဲ့ အောင်မြင်မှုတစ်ခုလည်း ဖြစ်ပါတယ်။
ဒီလို ခက်ခဲတဲ့ စီမံကိန်းတစ်ကို အောင်မြင်အောင် လုပ်နိုင်တဲ့အတွက် ချီးကျူးသူတွေထဲမှာ နာဆာရဲ့ သိပ္ပံရေးရာ အကြီးအကဲ သောမတ်စ် ဇဘူချန်လည်း ပါဝင်ပြီး ဒါဟာ အင်္ဂါဂြိုဟ်ဆိုတဲ့ ဂြိုဟ်နီကြီးအကြောင်း လူသားတွေ လေ့လာရာမှာ အရေးပါတဲ့ ထည့်ဝင်ထောက်ပံ့မှုတွေ ပေးနိုင်မယ်လို့ ပြောဆိုခဲ့ပါတယ်။
ကျူ့ရုန် အဝေးထိန်းယာဉ်ဟာ ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့ကတည်းက အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်ကို ဆင်းသက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ကျူ့ရုန်က ဘာတွေကို လေ့လာမှာလဲ
ကျူ့ရုန် အဝေးထိန်းယာဉ်ဟာ အင်္ဂါဂြိုဟ် မျက်နှာပြင်နဲ့တကွ လေထုကို လေ့လာမှာ ဖြစ်ပြီး ဂြိုဟ်ပေါ်မှာ သက်ရှိတွေ နေခဲ့သလား ဆိုတာကို မှန်းဆနိုင်တဲ့ သဲလွန်စတွေ ရှိမရှိ အပါအဝင် ရေ သို့မဟုတ် ရေခဲပြင် ရှိမရှိကိုလည်း စူးစမ်းမှာ ဖြစ်ပါတယ်။
အဲဒီ ယာဉ်ကို တရုတ်နိုင်ငံရဲ့ တီယန်ဝမ်း အမှတ် (၁) အာကာသ စီမံကိန်းအရ ဂြိုဟ်ပတ် ဂြိုဟ်တု၊ ဆင်းသက်ဂြိုဟ်တုနဲ့ ကျူ့ရုန် ယာဉ်တို့ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လက စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အင်္ဂါဂြိုဟ်ပတ် ဂြိုဟ်တုကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ဂြိုဟ်ပတ်လမ်းထဲကို စရောက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခုလို လေ့လာမယ့် ကီလိုဂရမ် ၂၄၀ ရှိ ခြောက်ဘီးတပ် ကျူ့ရုန် ယာဉ်ဟာ အင်္ဂါဂြိုဟ်ပေါ်မှာ နေစွမ်းအင်သုံး မောင်းနှင်မှာဖြစ်ပြီး အင်္ဂါဂြိုဟ်ရဲ့ မြောက်ပိုင်းမှာရှိတဲ့ ယူတိုးပီးယား ပလန်နက်တီးယား လို့ခေါ်တဲ့ ဒေသကို အဓိကထား လေ့လာမှာ ဖြစ်ပါတယ်။
ယူတိုးပီးယား ပလန်နက်တီးယား ဒေသဟာ ကီလိုမီတာ ၃၀ဝ၀ (၁၈၆၀ မိုင်) ကျယ်ဝန်းတဲ့ ချိုင့်ဝှမ်းဒေသကြီး ဖြစ်ပြီး ဥက္ကာခဲတစ်ခု တိုက်မိတာကြောင့် ပေါ်လာတယ်လို့ မှန်းဆထားတဲ့အပြင် ယခင်က ပင်လယ်ပြင်ကြီးတခုလည်း ဖြစ်နေနိုင်တယ်လို့ ယူဆထားကြပါတယ်။
ဂြိုဟ်တုတွေက စမ်းသပ် အာရုံခံမှုအရ ဆိုရင်လည်း ဒီဒေသရဲ့ မြေပြင်အောက်မှာ သိသိသာသာ ကြီးမားတဲ့ ရေပြင်လည်း ရှိနေနိုင်တယ်လို့ ဆိုပါတယ်။
ကျူ့ရုန် ယာဉ်ကို ဂြိုဟ်မျက်နှာပြင်ပေါ် ချပေးခဲ့တဲ့ အင်္ဂါဂြိုဟ်ပတ် ဂြိုဟ်တုဟာ ကျူ့ရုန်က ပေးပို့တဲ့ အချက်အလက်တွေကို ကမ္ဘာမြေပေါ် ပြန်လွှဲပေးရုံသာမက သူ့ကိုယ်ပိုင် ကိရိယာတွေနဲ့လည်း အင်္ဂါဂြိုဟ်ရဲ့ အနေအထားကို စမ်းသပ်ဖို့ စီစဉ်ထားပါတယ်။
အဲဒီ ဂြိုဟ်တုမှာ အင်္ဂါဂြိုဟ်ရဲ့ လေထုနဲ့တကွ မြေပြင်အခြေအနေကို အာရုံခံ ဖမ်းယူနိုင်တဲ့ စက်ကိရိယာ ၇ ခု တပ်ဆင်ထားပြီး ကင်မရာတွေ၊ မြေပြင်က သတ္ထုဖွဲ့စည်းပုံတွေကို အာရုံခံနိုင်မယ့် ကိရိယာတွေလည်း ပါဝင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CNSA
အင်္ဂါဂြိုဟ်ပေါ်က အနေအထားတွေကြောင့် တွက်ဆရတဲ့ အချက်တွေ
ကျူ့ရုန် ယာဉ်ကို အင်္ဂါဂြိုဟ်ပေါ် ဆင်းသက်ဖို့ ပြင်ဆင်ချိန်မှာ တစ်စက္ကန့်ကို ၂၃ ကီလိုမီတာ အမြန်နှုန်းနဲ့သွားနေတဲ့ ဂြိုဟ်ပတ် ဂြိုဟ်တုကို ၁၄ မိနစ်လောက် ဘရိတ်အုပ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
တီယန်ဝမ်း အမှတ် (၁) စီမံကိန်းရဲ့ လက်ထောက်ဦးစီးချုပ် ကျန်ယုဟွာရဲ့ အဆိုအရ ကျူ့ရုန် အဝေးထိန်းယာဉ်ဟာ ကမ္ဘာပေါ်က နေ့တနေ့ ကြာချိန်အရ ၉၂ ရက်ကြာ လေ့လာမှု လုပ်နိုင်ဖို့ ပုံစံထုတ်ထားပြီး တွေ့ရှိတဲ့ အချက်အလက်တွေကို တွဲဖက်စေလွှတ်လိုက်တဲ့ အင်္ဂါဂြိုဟ်ပတ် ဂြိုဟ်တုက တစ်ဆင့် ကမ္ဘာကို ပြန်ပို့မယ်လို့ ဆိုပါတယ်။
အင်္ဂါဂြိုဟ်ရဲ့ သူ့ဝင်ရိုးပေါ်မှာ လည်ပတ်ပုံနဲ့ နေကို လည်ပတ်ပုံ လမ်းကြောင်းတို့ ကမ္ဘာနဲ့ မတူညီမှုကြောင့် အင်္ဂါဂြိုဟ်ပေါ်က တစ်နေ့တာဟာ ကမ္ဘာထက် အနည်းငယ် အချိန်ပိုကြာပြီး ကမ္ဘာပေါ်က ၉၂ ရက်ဟာ အင်္ဂါဂြိုဟ်ပေါ်မှာ ရက် ၉၀ သာ ရှိမယ်လို့ ဆိုပါတယ်။
ကျူ့ရုန်က ပေးပို့တဲ့ အချက်အလက်တွေကို အင်္ဂါဂြိုဟ်နဲ့ အကွာအဝေး ကီလိုမီတာ သန်း ၃၂၀ လောက် အကွာအဝေးမှာရှိတဲ့ ကမ္ဘာမြေပြင်ကို ရောက်လာဖို့အတွက် ၁၈ မိနစ်လောက် ကြာမယ်လို့လည်း ဆိုပါတယ်။
တရုတ်နိုင်ငံဟာ အခုလို စေလွှတ်မှု အောင်မြင်သွားတာကို သတင်းဖော်ပြရာမှာ တိုက်ရိုက်မဟုတ်ဘဲ ဆင်းသက်ပြီးမှ ဖော်ပြတာ ဖြစ်ပေမဲ့ တီယန်ဝမ်း အမှတ် (၁) က စေလွှတ်လိုက်တဲ့ ရေဒီယိုလှိုင်းတွေကို ဖမ်းယူနိုင်ခဲ့တဲ့ ရေဒီယိုလှိုင်းပညာ ဝါသနာရှင်တွေကတော့ တရုတ်သတင်းဌာနတွေက မထုတ်ပြန်ခင်မှာဘဲ အောင်မြင်တဲ့ အခြေအနေ တစ်ဆင့်ချင်းကို ဖမ်းယူ သိရှိခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CNSA
ကျူ့ရုန်က အင်္ဂါဂြိုဟ်ပေါ်ဆင်းသက်ပုံနဲ့ ယခင် အလားတူ အဝေးထိန်းယာဉ်တွေနဲ့ ကွာခြားချက်
ကျူ့ရုန် ယာဉ်က အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်ကို အောင်မြင်စွာ ဆင်းသက်ပြီးချိန်မှာ ရှေ့ဘက်က ကင်မရာနှင့် နောက်ဘက်က ကင်မရာတို့က ရိုက်ကူးလိုက်တဲ့ ပုံရိပ်တွေကို တရုတ်နိုင်ငံက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။
ကျူ့ရုန်ရဲ့ ရှေ့ကင်မရာကို မြင်ကွင်းကျယ်ကျယ် မြင်နိုင်တဲ့ မှန်ဘီလူးခုံး နဲ့ ပြုလုပ်ထားပြီး အဲဒီကတစ်ဆင့် ရိုက်ထားတဲ့ ဂြိုဟ်မျက်နှာပြင် အနေအထားကို တွေ့ရသလို နောက်ကင်မရာကလည်း ယာဉ်နောက်ပိုင်းမှာ တပ်ထားတဲ့ ဆိုလာပြားတွေနဲ့အတူ ဂြိုဟ်မြေပြင်ကို တွေ့ရပြန်ပါတယ်။
တရုတ်နိုင်ငံတော် အာကာသ ကြီးကြပ်ရေး CNSA ဟာ အဲဒီ ကျူ့ရုန် ယာဉ်ပါတဲ့ အစိတ်အပိုင်းက အင်္ဂါဂြိုဟ်ကို ပတ်မယ့် ဂြိုဟ်တုကနေ ခွဲခွာလာတဲ့ ဗီဒီယိုကိုလည်း သူတို့ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြခဲ့ပါတယ်။
ကျူ့ရုံ အဝေးထိန်းယာဉ် ပုံစံဟာ ယခင် နာဆာက ၂၀ဝ၀ ပြည့်လွန် တစ်ဝိုက်မှာ စေလွှတ်ခဲ့ဖူးတဲ့ Spirit နဲ့ Opportunity အဝေးထိန်းယာဉ် တို့နဲ့ ပုံစံအတော်များများ ဆင်တူတာကို တွေ့ရပါတယ်။
ဒီ ယာဉ်ပေါ်မှာ ကင်မရာတွေအပြင် အင်္ဂါဂြိုဟ်မြေပြင်ပေါ်က သတ္ထုစနဲ့ မြေစတွေကိုသာမက ဂြိုဟ်ရာသီဥတုကိုပါ လေ့လာနိုင်တဲ့ ကိရိယာ ငါးခု ထည့်သွင်းထားပါတယ်။
အဲဒီ ကိရိယာတွေထဲမှာ ကျောက်တုံးတွေကို ခွဲခြမ်းပြီး ဓာတုဖွဲ့စည်းပုံကို လေ့လာဖို့အတွက် ခွဲခြမ်းနိုင်တဲ့ လေဆာလည်း ပါဝင်ပြီး အပေါ်ယံ မြေမျက်နှာပြင်အောက်မှာ ရှိနေနိုင်တဲ့ ရေခဲပြင်တွေကို စူးစမ်းဖို့အတွက် ရေဒါလည်း ပါဝင်ပါတယ်။

နာဆာရဲ့ Curiosity နဲ့ Perseverance တို့နဲ့ အလားတူတဲ့ အချက်ကတော့ လေဆာ ကိရိယာပါဝင်မှု ဖြစ်ပြီး ရေဒါပါဝင်မှုကတော့ Perseverance ယာဉ်ရဲ့ လုပ်ဆောင်နိုင်မှုနဲ့ ဆင်တူပါတယ်။
ဒီဒေသဟာ အမေရိကန်အာကာသ အေဂျင်စီ နာဆာက ၁၉၇၆ မှာ စေလွှတ်ခဲ့တဲ့ ဗိုက်ကင်း အမှတ် ၂ အာကာသ စီမံကိန်းအရ ဆင်းသက်ခဲ့တဲ့ နေရာဖြစ်ပြီး လက်ရှိ စေလွှတ်ထားတဲ့ Perseverance ယာဉ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ဆင်းသက်ခဲ့တဲ့ ဒေသလည်း ဖြစ်ပါတယ်။
ဥရောပ အာကာသ အေဂျင်စီ အီဆာကလည်း အင်္ဂါဂြိုဟ်ပေါ်ကို အခုလို စီမံကိန်းနဲ့ ၂ ကြိမ်စေလွှတ်ခဲ့ဖူးပေမယ့် ၂ကြိမ်စလုံး မအောင်မြင်ခဲ့ပါဘူး။
ဒါပေမယ့် အီဆာဟာ ၂၀၂၂ ခုနှစ်မှာ ရိုစလင် ဖရန်ကလင် ဆိုတဲ့ အဝေးထိန်းယာဉ် လွှတ်ဖို့ စီမံကိန်းကို ရုရှားနိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့ ဆိုပါတယ်။








