နာဆာရဲ့ လသွား အာကာသယာဉ်သစ် အော်ရိုင်းယန်က ဘာတွေထူးခြားသလဲ

ကမ္ဘာမြေပေါ်ကို အသံထက်မြန်တဲ့နှုန်းနဲ့ ပြန်လည် ဆင်းသက်တဲ့အချိန်မှာ ယာဉ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်တဲ့ ရူပဗေဒ သဘောတရားကြောင့် အပိုလိုနဲ့ ပုံစံဆင်တူတဲ့ Orion

ဓာတ်ပုံ ရင်းမြစ်, NASA

ဓာတ်ပုံ ပုံစာ, ကမ္ဘာမြေပေါ်ကို အသံထက်မြန်တဲ့နှုန်းနဲ့ ပြန်လည် ဆင်းသက်တဲ့အချိန်မှာ ယာဉ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်တဲ့ ရူပဗေဒ သဘောတရားကြောင့် အပိုလိုနဲ့ ပုံစံဆင်တူတဲ့ Orion

အမေရိကန် အာကာသ အေဂျင်စီ နာဆာဟာ လာမယ့် ဆယ်စုနှစ်အတွင်းမှာ လပေါ်ကို လူစေလွှတ်မယ့် အတမ်းမစ်စ် စီမံကိန်းအတွင်း အော်ရိုင်းယန် လို့ ခေါ်တဲ့ လူလိုက်ပါတဲ့ အာကာသယာဉ် အမျိုးအစားသစ်ကို အသုံးပြုမှာ ဖြစ်ပါတယ်။ ဒီယာဥ်ကို အင်္ဂါဂြိုဟ်လိုနေရာကို လူလွှတ်မယ့် စီမံကိန်းမှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒီအမျိုးအစားသစ်ဟာ နာဆာက နောက်ဆုံး လပေါ် လူလွှတ်ခဲ့တဲ့ အချိန်ဖြစ်တဲ့ လွန်ခဲ့တဲ့ ရာစုနှစ်ဝက်လောက်က လပေါ်လွှတ်ခဲ့တဲ့ အပိုလို အာကာသယာဉ်နဲ့ ကတော့ပုံစံရှိတာချင်း ဆင်တူပါတယ်။

ဒီလို ပုံစံ ဆင်တူရိုးမှားကို ဆက်လက်ထားရှိရတာကတော့ အဲဒီ ပုံစံနဲ့ဆိုရင် ကမ္ဘာမြေပေါ်ကို အသံထက်မြန်တဲ့နှုန်းနဲ့ ပြန်လည် ဆင်းသက်တဲ့အချိန်မှာ ယာဉ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်တဲ့ ရူပဗေဒ သဘောတရားကြောင့် ဖြစ်ပါတယ်။

အခုလို ၁၉၆၉ ခုနှစ်မှာ နီးလ်အမ်းစရောင်းနဲ့ ဘပ်ဒ် အော်လ်ဒရင်တို့ လပေါ်ကို လိုက်ပါစီးနင်းခဲ့တဲ့ အပိုလို အာကာသယာဉ်နဲ့ အခု အော်ရိုင်းယန် တို့ ပုံစံတူတယ် ဆိုပေမယ့် နည်းပညာအပိုင်းမှာတော့ အဲဒီ အာကာသယာဉ်မှူးတွေ စိတ်ကူးတောင် မယဉ်ဖူးလောက်တဲ့ နည်းပညာမျိုးတွေ ပါဝင်မယ်လို့ ဆိုပါတယ်။

ဗီဒီယို ပုံစာ, လကမ္ဘာကို လူသားတွေ ပထမဆုံးခြေချနိုင်တာ နှစ် ၅၀ ရှိပြီ

အော်ရိုင်းယန် ကို ဘယ်လို ဖွဲ့စည်း တည်ဆောက်ထားသလဲ

အော်ရိုင်းယန် အာကာသယာဉ်သစ်ကို အစိတ်အပိုင်း လေးပိုင်းနဲ့ ဖွဲ့စည်းထားပါတယ်။

၁။ လူနဲ့ အခြား ပစ္စည်းတွေ တင်ဆောင်မယ့်အပိုင်း၊

၂။ ဥရောပ အာကာသ အေဂျင်စီ အီဆာက ပုံစံထုတ်ပေးတဲ့ လေ၊ ရေနဲ့ တကွ တွန်းကန်အားနဲ့ လျှပ်စစ်ထောက်ပံ့ရေး အပိုင်း (European Service Module - ESM)

၃။ လွှတ်တင်တဲ့အချိန် အမှားအယွင်းဖြစ်ခဲ့ရင် လူပါဝင်တဲ့အပိုင်းကို လမ်းကြောင်းလွှဲပေးနိုင်တဲ့ ဒုံးပျံအပိုင်း (Lauch Abort System - LAS)

၄။ ကမ္ဘာမြေပေါ်ကနေ ပင့်တင်ပြီး လွှတ်တင်ပေးမယ့် ဒုံးပျံစနစ် (Space Launch System - SLS) နဲ့ ချိတ်ဆက်မယ့်အပိုင်း

အော်ရိုင်းယန် တည်ဆောက်ခြင်း

အော်ရိုင်းယန် တည်ဆောက်ရေး စီမံကိန်းကို ၂၀ဝ၆ ခုနှစ်ကတည်းက စတင်ခဲ့တာ ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၈ ဘီလျံကျော် ကုန်ကျထားပြီး ဖြစ်ပါတယ်။

Orion အာကာသယာဉ်သစ်ကို အစိတ်အပိုင်း လေးပိုင်း ဖွဲ့စည်းပုံ
ဓာတ်ပုံ ပုံစာ, Orion အာကာသယာဉ်သစ်ကို အစိတ်အပိုင်း လေးပိုင်း ဖွဲ့စည်းပုံ

ဖိအားပေး အခန်းလို့ခေါ်တဲ့ အော်ရိုင်းယန် ရဲ့ လူတင်ဆောင်မယ့် အပိုင်းကို အလူမီနီယံနဲ့ လစ်သီယမ် သတ္တုအရောနဲ့ ဆောက်လုပ်ထားပြီး ပျားအုံအကွက်ပုံစံ ဖွဲ့စည်းထားတဲ့အတွက် ပေါ့ပါးမှုရော ခိုင်ခံ့မှုပါ ကောင်းမယ်လို့ ဆိုပါတယ်။

အဲဒီ ဖိအားပေးအခန်း အစိတ်အပိုင်းရဲ့ အပြင်ပိုင်းကို ပြင်းထန်တဲ့ အပူဒဏ်ခံနိုင်တဲ့ ဆီလီကွန်နဲ့ လုပ်ထားတဲ့ ကြွေပြားတွေနဲ့ ဖုံးထားမှာဖြစ်ပြီး အဲဒီ ကြွေပြားတွေကိုလည်း ပြင်းထန်တဲ့ အပူ၊ အအေး အမျိုးမျိုး ခံနိုင်ရည် ရှိစေတဲ့ သတ္တုအလွှာလည်း ထပ်မံ သုတ်လိမ်းထားပါတယ်။

အာကာသယာဥ်မှူးတွေ လိုက်ပါမယ့်အပိုင်း

ဓာတ်ပုံ ရင်းမြစ်, NASA

ဓာတ်ပုံ ပုံစာ, အာကာသယာဥ်မှူးတွေ လိုက်ပါမယ့်အပိုင်း

အော်ရိုင်းယန် ရဲ့ လူတင်ဆောင်မယ့်အပိုင်း အောက်ခြေ အထိုင်ကို ဖုံးအုပ်ထားတဲ့ အပူကာ အဝန်းအဝိုင်းဟာ လူလိုက်ပါတဲ့ အာကာသစီမံကိန်းတွေ အားလုံးထဲမှာ စံချိန်တင် အကြီးဆုံးဖြစ်ပြီး နေ မျက်နှာပြင် အပူချိန် ၆၀ဝ၀ ဒီဂရီ ဆဲလ်စီးယက်စ် ရဲ့ ထက်ဝက်နီးပါး ပမာဏလောက်အထိ အပူခံနိုင်ပါတယ်။

အော်ရိုင်းယန် ရဲ့ အပူချိန် ခံနိုင်မှုဟာ ၂၈၀ဝ ဒီဂရီ ဆဲလ်စီးယက်စ် နီးပါး ဖြစ်ပြီး ယာဉ်ပျံ ပြင်ပမှာ အဲဒီလောက်အထိ ပူရင်တောင် အထဲက လူတွေအတွက် အန္တ္တရာယ်ဖြစ်လောက်တဲ့ အပူချိန် မတက်စေမယ့် ခံနိုင်မှုမျိုး ဖြစ်ပါတယ်။

ဒီပမာဏဟာ အပူချိန် ၆၀ဝ၀ ဒီဂရီ စင်တီဂရိတ် အထိ မျက်နှာပြင် အပူချိန်ရှိတဲ့ နေ အနီးကို လေ့လာဖို့ (လူမပါဘဲ) လွှတ်ခဲ့တဲ့ Parker Solar Probe အပူချိန် ခံနိုင်ရည် ၁၄၀ဝ ဒီဂရီ ဆဲလ်စီးယက်စ် ထက် ၂ ဆ အထိ ခံနိုင်ရည် ရှိတယ်လို့ ဆိုနိုင်ပါတယ်။

ဗီဒီယို ပုံစာ, နာဆာရဲ့ အင်္ဂါဂြိုဟ် လေ့လာရေး ခရီးစဉ် စတင်

အတွင်းပိုင်း တည်ဆောက်ပုံ

အော်ရိုင်းယန် အာကာသယာဉ်ရဲ့ လူလိုက်ပါမယ့် အပိုင်းမှာ အာကာသယာဉ်မှူး လေးယောက် လိုက်ပါနိုင်တဲ့ ခုံလေးခုံ တပ်ဆင်ထားပြီး အဲဒီ ခုံတွေနဲ့ တည့်တည့်မှာ ပြင်ပကို မြင်ရအောင် ပြတင်းပေါက်တွေလည်း ထားရှိတယ်လို့ ဆိုပါတယ်။

အော်ရိုင်းယန် ကို တင်လွှတ်ရာမှာ ကမ္ဘာ့ဆွဲအား သက်ရောက်မှု မရှိတော့တဲ့ အကွာအဝေးရောက်သွားပြီး ထိုင်ခုံမှာ ခါးပတ်ပတ်ထားစရာ မလိုတော့တဲ့ အချိန်မှာ လိုက်ပါလာသူတွေ နေရာကျယ်ကျယ်ရအောင် ဒီခုံတွေကို ခေါက်သိမ်းထားလို့ ရအောင်လည်း စီမံထားပါတယ်။

အော်ရိုင်းယန် အာကာသယာဉ်ကို အာကာသယာဉ်မှူးနဲ့ အာကာသယာဉ်မှူးချုပ်တို့ က မောင်းနှင် ထိန်းချုပ်ဖို့အတွက် ခလုတ် အမျိုးမျိုး ၆၇ ခုနဲ့ အတူ ကွန်ပျူတာမျက်နှာပြင် သုံးခု ပါဝင်ပါတယ်။

ပုံမှန်အားဖြင့် အာကာသယာဉ်တစီးမှာ ခလုတ်ပေါင်း ၁၂၀ဝ ကျော်နဲ့ ကွန်ပျူတာမျက်နှာပြင် ၁၀ ခုလောက် ပါဝင်လေ့ရှိပြီး အခု အော်ရိုင်းယန် ကတော့ ခလုတ်အစား ဆော့ဖ်ဝဲနဲ့ အစားထိုးမှု အပါအဝင် အလေးချိန် အရမ်းများမသွားဖို့ ရည်ရွယ်ချက်နဲ့ အခုလို လျှော့ထားတာ ဖြစ်တယ်လို့ နာဆာက အော်ရိုင်းယန် မောင်းနှင်ရေးအပိုင်း တာဝန်ယူရသူ ဂျက်ဖ် ဖောက်(က်စ်)က နာဆာရဲ့ ပေါ့ကပ်စ် အစီအစဉ်မှာ ပြောဆိုထားပါတယ်။

Orion အာကာသယာဉ်ကို အာကာသယာဥ်မှူးနဲ့ အာကာသယာဉ်မှူးချုပ်တို့ က မောင်းနှင် ထိန်းချုပ်ဖို့အတွက် ခလုတ် အမျိုးမျိုး ၆၇ ခုနဲ့ အတူ ကွန်ပျူတာမျက်နှာပြင် သုံးခု ပါဝင်

ဓာတ်ပုံ ရင်းမြစ်, ROBERT MARKOWITZ - NASA - JOHNSON SPACE CENTER

ဓာတ်ပုံ ပုံစာ, Orion အာကာသယာဉ်ကို အာကာသယာဥ်မှူးနဲ့ အာကာသယာဉ်မှူးချုပ်တို့ က မောင်းနှင် ထိန်းချုပ်ဖို့အတွက် ခလုတ် အမျိုးမျိုး ၆၇ ခုနဲ့ အတူ ကွန်ပျူတာမျက်နှာပြင် သုံးခု ပါဝင်

အော်ရိုင်းယန် မှာ အလိုအလျောက် မောင်းနှင်ရေးအပိုင်းအတွက်လည်း ကွန်ပျူတာလေးလုံးလည်း ပါဝင်ပြီး ခရီးသွားလေကြောင်းလိုင်းတွေမှာ သုံးတဲ့ အမျိုးအစားကိုပဲ တုန်ခါမှု ဖိအား၊ ကမ္ဘာ့ဆွဲအား ဖိအားနဲ့ ရေဒီယိုသတ္တိကြွမှု အစရှိတဲ့ အာကာသတွင်း ကြုံရမယ့် ဖိအားတွေ ခံနိုင်အောင် တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။

အော်ရိုင်းယန် မှာ လိုက်ပါမယ့် အာကာသယာဉ်မှူးတွေ အနေနဲ့လည်း အထူးအန္တရာယ်များတဲ့ အချိန်တွေဖြစ်တဲ့ ကမ္ဘာမြေပေါ်က အတက်နဲ့ ပြန်ဆင်းတဲ့ အချိန်တွေမှာလိမ္မော်ရောင် တောက်တောက်ရှိတဲ့ OCSS (အော်ရိုင်းယန် Crew Survival System) ဝတ်စုံကို ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။

အဲဒီ OCSS ဝတ်စုံတွေကို ဝတ်ဆင်သူတွေ အနေနဲ့ အာကာသ အပြင်ဘက်မှာ သီးခြား အချိန်အတိုင်းအတာ တခု နေနိုင်တဲ့အထိ အသက်ရှူဖို့ အောက်စီဂျင်၊ အပူအအေး ထိန်းချုပ်မှု၊ ဆက်သွယ်ရေး စနစ် အစရှိတာတွေ ဒီဝတ်စုံမှာ ပါဝင်ပြီး လိုက်ပါမယ့် တဦးချင်းစီနဲ့ ကိုက်ညီအောင်လည်း သီးသန့် တိုင်းတာ ပြုလုပ်ထားမယ်လို့ ဆိုပါတယ်။

ဗီဒီယို ပုံစာ, NASA ရဲ့ ၂၀၂၀ အင်္ဂါဂြိုဟ် စီမံကိန်းမှာ ဦးဆောင်သူ မြန်မာ အမျိုးသမီး မမီမီအောင်

ရေဒီယို သတ္တိကြွမှုကနေ ကာကွယ်ပေးမယ့် အော်ရိုင်းယန်

အာကာသထဲကို ခပ်ဝေးဝေး သွားရောက်မယ့် အာကာသယာဉ်မှူးတွေ အနေနဲ့ ကမ္ဘာ့ သံလိုက်စက်ကွင်း အကာအကွယ်အတွင်းမှာ ရှိနေတဲ့ နိုင်ငံတကာ အာကာသစခန်း ISS (International Space Station) မှာနေရင် ခံရမယ့် ရေဒီယိုသတ္တိကြွမှု အရှိန်ထက် သုံးဆ လောက် ခံရမှာ ဖြစ်ပါတယ်။

အာကာသအတွင်းမှာ ရေဒီယိုသတ္တိကြွမှု အရှိန်ကို ပုံစံအမျိုးမျိုး ကြုံရနိုင်ပြီး အဲဒီအထဲမှာ အဆိုးဆုံးကတော့ နေ ဆီက လာတဲ့ ရေဒီယိုသတ္တိကြွမှု ဖြစ်ပါတယ်။

နေ ဟာ လျှပ်စစ်စွမ်းအင်ပါတဲ့ အမှုန်တိမ်တိုက်တွေကို စကြဝဠာအတွင်းကို ပုံမှန် တွန်းလွှတ်လေ့ရှိပြီး အခုလို ဖြစ်စဉ် Solar Particle Event (SPE) ကြောင့် ခံရတဲ့ လူတွေမှာရေရှည်ပြဿနာ အနေနဲ့ ကင်ဆာ ဒါမှမဟုတ် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

Artemis-3 စီမံကိန်းရဲ့ အော်ရိုင်းယန် အာကာသယာဥ် လေဖိအားခန်း

ဓာတ်ပုံ ရင်းမြစ်, Nasa / Michael DeMocker

ဓာတ်ပုံ ပုံစာ, Artemis-3 စီမံကိန်းရဲ့ အော်ရိုင်းယန် အာကာသယာဥ် လေဖိအားခန်း

အော်ရိုင်းယန် ကို လိုက်ပါစီးနင်းတဲ့ အာကာသယာဉ်မှူးတွေ အနေနဲ့ SPE ဖြစ်စဉ်တခု ဖြစ်လာနေပြီဆိုတာ သတိပေးချက်ရလာရင် ကြမ်းပြင်အဖုံးကိုဖွင့်ပြီး အပူကာ အဝန်းအဝိုင်းနဲ့ ပိုနီးတဲ့ အောက်ပိုင်း ပစ္စည်းထားတဲ့နေရာမှာ ခေတ္တ ရှောင်နေရမှာ ဖြစ်ပါတယ်။

အခုလို ရှောင်လို့ရတဲ့ နေရာနှစ်နေရာမှာ နှစ်ဦးစီ နေရမှာဖြစ်ပြီး ပတ်ပတ်လည်မှာလည်း ထည့်လာတဲ့ ပစ္စည်းထုပ်တွေနဲ့ ဝန်းရံ အကာအကွယ်ယူထားရမှာ ဖြစ်တယ်လို့ အော်ရိုင်းယန် လိုက်ပါသူစနစ် ဆိုင်ရာ နာဆာခေါင်းဆောင် ဂျေဆင် ဟတ်တ်က ပြောပါတယ်။

Solar Particle Event (SPE) ကြောင့် ခံရတဲ့ လူတွေမှာ ရေရှည်ပြဿနာ အနေနဲ့ ကင်ဆာ ဒါမှမဟုတ် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်လာနိုင်

ဓာတ်ပုံ ရင်းမြစ်, NASA

ဓာတ်ပုံ ပုံစာ, Solar Particle Event (SPE) ကြောင့် ခံရတဲ့ လူတွေမှာ ရေရှည်ပြဿနာ အနေနဲ့ ကင်ဆာ ဒါမှမဟုတ် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်လာနိုင်

အခုလို ရှောင်နေတဲ့ အာကာသယာဉ်မှူးတွေအနေနဲ့ အစားအစာနဲ့ လက်ပ်တော့ ကွန်ပျူတာတွေကိုလည်း ယူလာလို့ ရမယ်လို့ သူက ဆက်ပြောပါတယ်။

အော်ရိုင်းယန် ကြုံရမယ့် အန္တရာယ်က ရေဒီယို သတ္တိကြွမှု တခုတည်းမဟုတ်ဘဲ အာကာသထဲမှာ လွင့်မျောနေတဲ့ ကျောက်ခဲတွေနဲ့တကွ ကမ္ဘာပတ်လမ်းပေါ်မှာ မျောနေကြတဲ့ ယခင်အာကာသယာဉ်ဟောင်း အပိုင်းအစတွေလည်း ရှိပြီး အဲဒါတွေက အော်ရိုင်းယန်ရဲ့ လူပါတဲ့ ယာဉ်ပိုင်းကို အရှိန်နဲ့ ထိမှန် ပေါက်ပြဲစေနိုင်ပါတယ်။

အခုလို ဖြစ်လာခဲ့ရင် အော်ရိုင်းယန် ယာဉ်အတွင်းမှာ ဖန်တီးထားတဲ့ လေထုဖိအား မရှိတော့ပေမယ့် အဲဒီ အတိုင်း ကမ္ဘာမြေပြင်ပေါ် အရောက် အာကာသယာဉ်မှူးတွေ ပြန်လာနိုင်အောင်လည်း စီမံထားပါတယ်။

အခုလို အော်ရိုင်းယန် ယာဉ်အတွင်း ဖန်တီး လည်ပတ် လေထု မရှိတော့ရင် အတွင်းမှာရှိတဲ့ ထိန်းချုပ်ရေး လျှပ်စစ်ပစ္စည်းတွေမှာ အပူချိန်တက်လာတဲ့ အန္တရာယ်လည်း ရှိပေမယ့် ဒီလို အနေအထားမှာ အော်ရိုင်းယန် အတွင်းပိုင်း ကိုယ်ထည်ကလည်း အပူစုပ်ပေးနိုင်အောင် ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။

အော်ရိုင်းယန် အာကာသထဲ ရောက်သွားချိန်မှာ နေရောင်ခြည်က လျှပ်စစ်ဓာတ်အားထုတ်ယူဖို့အတွက် ၇ မီတာ ရှည်တဲ့ ဆိုလာပြားအတံ လေးခု ဆန့်ထုတ်နိုင်

ဓာတ်ပုံ ရင်းမြစ်, NASA/ESA/ATG Medialab

ဓာတ်ပုံ ပုံစာ, အော်ရိုင်းယန် အာကာသထဲ ရောက်သွားချိန်မှာ နေရောင်ခြည်က လျှပ်စစ်ဓာတ်အားထုတ်ယူဖို့အတွက် ၇ မီတာ ရှည်တဲ့ ဆိုလာပြားအတံ လေးခု ဆန့်ထုတ်နိုင်

အော်ရိုင်းယန်က လပေါ်ကို သွားမယ့် လုပ်ငန်းစဉ် အဆင့်ဆင့်

အော်ရိုင်းယန် အာကာသယာဉ်ဟာ ၂၀၂၅ ခုနှစ်မှာ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်က ကနေဒီ အာကာသစခန်းကနေ SLS ဒုံးပျံစနစ်ရဲ့ တွန်းကန်အားနဲ့ လပေါ်ကို ထွက်ခွာဖို့ စီစဉ်ထားပါတယ်။

အခုလို စတင် ထွက်ခွာအပြီး ကမ္ဘာ့ဆွဲအားက လွန်မြောက်ချိန်မှာတော့ SLS စနစ်နဲ့ အော်ရိုင်းယန် တို့ ခွဲခွာပြီး ESM အပိုင်းက မောင်းနှင်ရေးကို ဆက်လက် ထိန်းချုပ်မှာ ဖြစ်ပါတယ်။

အဲဒီ ESM အပိုင်းဟာ ပုံမှန်အားဖြင့် ၃ မီတာ အရှည်နဲ့ ၄.၅ မီတာ အကျယ်ရှိပြီး အာကာသထဲ ရောက်သွားချိန်မှာတော့ နေရောင်ခြည်က လျှပ်စစ်ဓာတ်ထုတ်ယူဖို့အတွက် ၇ မီတာ ရှည်တဲ့ ဆိုလာပြားအတံ လေးခု ဆန့်ထုတ်လို့ ရတယ်လို့ ဆိုပါတယ်။

အဲဒီ ဆိုလာပြားရှည်တွေဟာ နေရှိရာဘက်ကို မျက်နှာမူ လှည့်ပြောင်းပေးခြင်းအားဖြင့် လျှပ်စစ်ထုတ်လုပ်ပေးမှာဖြစ်ပါတယ်။

ESM အပိုင်းဟာ လျှပ်စစ်အပါအဝင် လေ၊ ရေတို့ကိုလည်း လူလိုက်ပါတဲ့ အပိုင်းအတွက် ထောက်ပံ့ပေးထားပြီး မောင်းနှင်ဖို့အတွက် အဓိက၊ အရန်နဲ့ တွန်းကန် အင်ဂျင်ငယ် ဆိုပြီး အင်ဂျင် သုံးမျိုးလည်း ပါဝင်ပါတယ်။

အော်ရိုင်းယန် အာကာသယာဉ်ဟာ လ ပတ်လမ်းကြောင်းပေါ်ကို ရောက်ရှိချိန်မှာ အီလွန် မက်က်စ် ပိုင်ဆိုင်တဲ့ ပုဂ္ဂလိက အာကာသ နည်းပညာ ကုမ္ပဏီ SpaceX က ထုတ်လုပ်မယ့် Starship ဆိုတဲ့ ဆင်းသက်ရေး ယာဉ်နဲ့ ချိတ်ဆက်ပြီး လပေါ်ကို အာကာသယာဉ်မှူးတွေ ဆင်းသက်ဖို့ စီစဉ်ထားပါတယ်။

ESM အပိုင်းဟာ အော်ရိုင်းယန် ရဲ့ အပြန်ခရီးမှာ ယာဉ်ပျံကို ကမ္ဘာမျက်နှာပြင်ပေါ် ပြန်ဆင်းနိုင်အောင် တွန်းကန် ထိန်းကြောင်းပေးအပြီးမှာတော့ လူပါတဲ့ အစိတ်အပိုင်းနဲ့ ခွဲခွာလိုက်ပြီး လေထုထဲကို သီးခြား ပြန်ကျလာမှာ ဖြစ်ပါတယ်။

နောက်ပိုင်း နာဆာ လပေါ်သွား စီမံကိန်းတွေမှာတော့ လပတ်လမ်းပေါ်မှာ Gateway ဆိုတဲ့ အာကာသစခန်း အငယ်စားတခု ထားရှိပြီး အဲဒီ စခန်းမှာ အော်ရိုင်းယန် ရော၊ Starship ပါ အသင့် ချိတ်ထားခြင်းအားဖြင့် ပိုမို ရှုပ်ထွေးတဲ့ စီမံကိန်းတွေ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, နာဆာအာကာသယာဉ်မှူးတွေ ပြန်လည်ရောက်ရှိ

အာကာသယာဉ်မှူးတွေ ဘယ်လိုပြန်လာမလဲ

အော်ရိုင်းယန် အာကာသယာဉ်က ကမ္ဘာကို ပြန်လာပြီး ကမ္ဘာ့လေထုထဲကို မဝင်ခင်မှာ အာကာသယာဉ်မှူးတွေအနေနဲ့ ဝင်လာတဲ့ အရှိန်နဲ့တကွ သမုဒ္ဒရာ ရေပြင်ပေါ် ကျရောက်မယ့် အရှိန်ကို ခံနိုင်အောင် ပြုလုပ်ထားတဲ့ ခုံတွေပေါ်မှာ ပြန်ထိုင်ပြီး ခါးပတ် ပတ်ထားရမှာ ဖြစ်ပါတယ်။

EMSရဲ့ ထိန်းကျောင်း မောင်းနှင်မှုနဲ့ ကမ္ဘာအနီးကို ရောက်လာတဲ့ အော်ရိုင်းယန် ဟာ ကမ္ဘာ့လေထုထဲကို ဝင်ခါနီးမှာ လူတင်ဆောင်လာတဲ့ အပိုင်းက EMS နဲ့ ခွဲခွာလိုက်ပြီး အသံရဲ့ လေထုအတွင်း သွားနှုန်းထက် အဆပေါင်းများစွာ မြန်ဆန်တဲ့ နှုန်းနဲ့ ကမ္ဘာမြေပေါ်ကို ပြန်ကျလာမှာ ဖြစ်ပါတယ်။

အသံရဲ့ အမြန်နှုန်းက တနာရီ မိုင် ၇၀ဝ ကျော် ရှိချိန်မှာ အော်ရိုင်းယန် ပြန်ကျလာမယ့် နှုန်းက တနာရီ မိုင် ၂၀ဝ,၀ဝ၀ လောက်အထိ ရှိလာနိုင်ပြီး အဲဒီ အမြန်နှုန်းကြောင့် အပူချိန် ဒီဂရီ ဆဲလ်စီးယပ်စ် ထောင်နဲ့ ချီတဲ့ အရှိန်ကို အော်ရိုင်းယန် လူသယ်လာတဲ့ အပိုင်း အပြင်ဘက်က ခံစားရမှာ ဖြစ်ပါတယ်။

အော်ရိုင်းယန် ပြန်ကျလာမယ့် နှုန်းက တနာရီ မိုင် ၂၀ဝ၀ဝ၀ လောက်အထိ ရှိလာနိုင်ပြီး အဲဒီ အမြန်နှုန်းကြောင့် အပူချိန် ဒီဂရီ ဆဲလ်စီးယပ်စ် ထောင်နဲ့ ချီတဲ့ အရှိန် ခံစားရနိုင်

ဓာတ်ပုံ ရင်းမြစ်, NASA

ဓာတ်ပုံ ပုံစာ, အော်ရိုင်းယန် ပြန်ကျလာမယ့် နှုန်းက တနာရီ မိုင် ၂၀ဝ၀ဝ၀ လောက်အထိ ရှိလာနိုင်ပြီး အဲဒီ အမြန်နှုန်းကြောင့် အပူချိန် ဒီဂရီ ဆဲလ်စီးယပ်စ် ထောင်နဲ့ ချီတဲ့ အရှိန် ခံစားရနိုင်

ဒါပေမဲ့ အော်ရိုင်းယန် ရဲ့ အပူကာ အဝန်းအဝိုင်းကြောင့် အထဲက လူတွေကို ထိခိုက်စေမှာ မဟုတ်ဘဲ အဲဒီ အကာအရံမှာလည်း အပူဓာတ်ကူးပြီး ဖြည်းဖြည်းချင်း လောင်ကျွမ်းသွားစေတဲ့ အတုံးအခဲတွေ (ablative Avocat) ပါဝင်တဲ့အတွက် ဒါတွေ လောင်ကျွမ်း လွင့်ပါသွားချိန်မှာ အော်ရိုင်းယန် ကြုံရတဲ့ အပူချိန်ကိုလည်း လျော့သွားစေနိုင်တယ်လို့ ဆိုပါတယ်။

အခုလို ပြင်းထန်တဲ့ အပူချိန်တွေ တဖြည်းဖြည်းလျော့လာပြီး လုံလောက်တဲ့ အပူချိန်လျော့ကျမှုနဲ့ အမြန်နှုန်းနှေးလာမှု ဖြစ်တဲ့အချိန်မှာ အော်ရိုင်းယန် ရဲ့ လေထီး ၁၁ ခုက ပွင့်လာပြီး ထပ်မံ အရှိန်နှေးစေမယ်လို့ ဆိုပါတယ်။

အခုလို ကျလာမယ့် အော်ရိုင်းယန် ယာဉ်ကို ပစိဖိတ် သမုဒ္ဒရာ ရေမျက်နှာပြင်ပေါ် ကျအောင် အချိန်ကိုက် စီမံထားမှာလည်း ဖြစ်ပါတယ်။

အခုလို ကျရောက်ချိန်မှာ ပါလာတဲ့ လူတွေ မထိခိုက်နိုင်တဲ့ အမြန်နှုန်းဖြစ်တဲ့ တနာရီ ၁၇ မိုင်နှုန်းအထိ နှေးသွားအောင်လည်း လေထီးတွေက ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။

နောက်ဆုံး အဆင့်မှာတော့ အခုလို သမုဒ္ဒရာ ရေမျက်နှာပြင်ပေါ်ကျလာမယ့် အော်ရိုင်းယန် ကို လာရောက် သယ်ဆောင်ဖို့အတွက် အမေရိကန် ကမ်းတက်စစ်ဆင်ရေး ယာဉ်တင် သင်္ဘောက အော်ရိုင်းယန် ကျလာမယ့် အနီးအနားမှာ လာစောင့်နေပြီး အမေရိကန်နိုင်ငံ ကုန်းမြေပေါ်ကို ပြန်လည် ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။