ဒေါ်နယ်ထရမ့်က ဘာလို့ လပေါ်အထိ တက်ပြီး သတ္ထုတွင်းတူးချင်ရတာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်နိုင်ငံ အနေနဲ့ အာကာသကို စူးစမ်းရှာဖွေခွင့်နဲ့ အာကာသ အရင်းအမြစ်တွေကို အသုံးပြုခွင့်ရှိတဲ့အတွက် လပေါ်မှာ သတ္ထုတွင်းလိုတယ်ဆိုပြီး အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် ကမ္ဘာပြင်ပ အာကာသနယ်ဟာ ဘုံပိုင်ဆိုင်တာလည်း ဖြစ်တဲ့အတွက် နိုင်ငံတကာ ခွင့်ပြုချက် ယူစရာ မလိုဘူးဆိုပြီးတော့လည်း သူ့ရဲ့ ၂၀၂၀ ဧပြီလ အစောပိုင်း အမိန့်ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
မစ္စတာ ထရမ့်က ဘာဖြစ်လို့ ဒီလို လုပ်ချင်နေပြီး ဘာတွေ အကျိုးရှိလာမလဲဆိုတာ ကြည့်ရအောင်ပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သဘာဝ အရင်းအမြစ် ရဖို့ သက်သက်ပဲလား
ဆာရာ ခရက်ဒက်စ်ဆိုတဲ့ အာကသဆိုင်ရာ ဂျာနယ်လစ်တဦးကတော့ လပေါ်မှာ မိုင်းတူးနိုင်မယ့် အပြင် လူတွေ အာကာသ အပြင်ဘက် ဝေးဝေး သွားနိုင်အောင်လည်း အထောက်အကူ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
ဆာရာရဲ့ အဆိုအရ လဟာ အာကာသ ဂယ်လက်ဆီခေါ် ကြယ်များ အစုအဝေးကြီးတွေ ၊တခုနဲ့တခု ကူးသန်းရာမှာ တထောက်ဝင်နားပြီး လောင်စာဆီ ဖြည့်ရတဲ့ ဆီဆိုင်ကြီး တဆိုင်လို လည်း ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒုံးပျံခရီးအတွက် လိုအပ်တဲ့ ဟိုက်ဒရိုဂျင်နဲ့ အောက်စီဂျင်လောင်စာတွေ ထုတ်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေ လပေါ်မှာ ရှိနေလို့ပဲ ဖြစ်ပါတယ်။
ဒီလိုသာ လုပ်နိုင်မယ်ဆိုရင် ကမ္ဘာအတွက် အကျိုးရှိနိုင်မယ့် သဘာဝ အရင်းအမြစ်တွေကို လပေါ်မှာသာမက အာကာသအတွင်း ဝေးဝေးသွားပြီး ဆက်လက် ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။
ဆတ်ဆက်တက္ကသိုလ်က စွမ်းအင်မူဝါဒဆိုင်ရာ ပါမောက္ခ ဘန်ဂျမင် ဆိုဗာကူးကတော့ ကမ္ဘာမြေပေါ်မှာ ရာသီဥတုတွေ ဖောက်ပြန် ပြောင်းလဲလာတာကြောင့် ပြည့်ဖြိုးမြဲစွမ်းအင်ကိုပဲ ဦးစားပေး အသုံးပြုဖို့ ပြောနေရတဲ့အချိန်မှာ ဒီလို အာကာသထဲက အရင်းအမြစ်တွေလည်း လိုအပ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လပေါ်ကသာမက အာကာသထဲက အရင်းအမြစ်တွေကို အသုံးပြုပြီး ကမ္ဘာမှာ ရေရှည်ပြန်ပြီး အကျိုးရှိနိုင်မယ့် လျှပ်စစ်ကားတွေ ပစ္စည်းတွေလည်း များများ ပြန်ထုတ်နိုင်မယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ကမ္ဘာပေါ်မှာ လစ်သီယမ်နဲ့ ကိုဘော့လ်တ် တို့ကို သတ္ထု အမျိုးအစားတွေကို တရုတ်၊ ရုရှားနဲ့ ကွန်ဂိုနိုင်ငံတွေမှာသာ တွေ့ရတတ်ပြီး တူးဖော်ရလည်း ခက်ခဲတယ်လို့ မစ္စတာ ဆိုဗာကူးက ပြောပါတယ်။
ဒါ့အပြင် ကမ္ဘာပေါ်မှာ လျှပ်စစ်နဲ့ နည်းပညာ ပစ္စည်းတွေ ထုတ်လုပ်ရာမှာ နေရာစုံကနေ ကုန်ကြမ်းတွေ မှာရတဲ့အတွက်၊ ထုတ်လုပ်ရေး လုပ်ငန်းစဉ် ရှုပ်ထွေးပြီး နေရာအသီးသီးက စည်းကမ်းအထွေထွေကလည်း ရှိသေးတယ်လို့ သူက ဆိုပါတယ်။
လ လို တနေရာတည်းကနေ ကမ္ဘာအတွက် ကုန်ကြမ်းတွေ မှာယူရမယ်ဆိုရင် လွယ်ကူ အဆင်ပြေနိုင်မယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဒါပေမယ့် အာကာသတွင်း သတ္ထုတွင်းတာကို ကမ္ဘာပေါ်က ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှု ပြဿနာအတွက် ရေတို ဖြေရှင်းမှုလို မသုံးသင့်ဘူးလို့လည်း မစ္စတာ ဆိုဗာကူးက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်နဲ့ တရုတ်တင်းမာမှု အခြေခံကြောင့်လား
အမေရိကန်အနေနဲ့ အခုလို လပေါ်တက် သတ္ထုတွင်းတူးဖို့ အမိန့်ကြေညာချက်ထုတ်ရတဲ့အထိ ဖြစ်လာတာဟာ ကမ္ဘာပေါ်မှာ အမေရိကန်အတွက် တူးခွင့် အကန့်အသတ်တွေ ရှိလာတာကြောင့်လည်း တကြောင်းဖြစ်နိုင်ပါတယ်။
အမေရိကန်အနေနဲ့ သတ္ထုတွင်းတူးတဲ့အပိုင်းမှာ တရုတ်နဲ့ ရုရှားတော့ကို မယှဉ်နိုင်တော့ပဲ ဖြစ်နေပါပြီလို့လည်း မစ္စတာ ဆိုဗာကူးက ပြောပါတယ်။
သမ္မတ ထရမ့်အနေနဲ့ တရုတ်က အပြိုင်လာမတူးနိုင်သေးတဲ့ အာကာသလို နေရာမှာ တူးနိုင်မယ်ဆိုရင် သူပြည်တွင်းမှာ နာမည်ကောင်းရနိုင်တယ်လို့လည်း သူက ဆိုပါတယ်။
တရုတ်နိုင်ငံကလည်း လပေါ်ကို လူလွှတ်နိုင်တဲ့ အဆင့်ထိ စီမံကိန်း အဆင့်ဆင့်ချပြီး လုပ်ဆောင်နေတဲ့အတွက် အနည်းဆုံး ဘယ်သူ အရင် လပေါ် စခန်းချမယ်ဆိုတဲ့ ကိစ္စက အပြိုင်အဆိုင် ဖြစ်လာနိုင်ပါတယ်။
ဒါပေမယ့် တရုတ်ဘက်ကတော့ သူတို့ရဲ့ လောလောဆယ် လစီမံကိန်းမှာ သတ္ထုတွင်းတူးဖို့ထက် လပတ်လည် ဆိုလာပြားတွေ ထားပြီး တကမ္ဘာလုံးအတွက် လုံလောက်မယ့် လျှပ်စစ်ဓါတ်အားထုတ်ဖို့ လျာထားတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒေါ်နယ်ထရမ့်လုပ်တာ နိုင်ငံတကာဥပဒေအရ တရားဝင်ရဲ့လား
အမေရိကန်သမ္မတရဲ့ ကြေညာချက်အရဆိုရင် နိုင်ငံတကာ ဥပဒေဟာ အမေရိကန်နိုင်ငံနဲ့ မဆိုင်ဘူးဆိုတဲ့ သဘော သက်ရောက်နေပါတယ်။
ဒါပေမယ့် အာကာသဆိုင်ရာ နိုင်ငံတကာ ဥပဒေဆိုတာကလည်း နိုင်ငံအသီးသီးက ဘာတွေ လုပ်ခွင့်ရှိမယ် ဆိုတာကို တိတိကျကျ ပြဋ္ဌာန်းထားတာမျိုးတော့ မရှိသေးပဲ ဖွံ့ဖြိုး ပြောင်းလဲနေဆဲ ကာလမှာပဲ ရှိသေးတယ်လို့ ဆာရာက ပြောပါတယ်။
ဘယ်နိုင်ငံကမှတော့ လတခုလုံးကို ပိုင်တယ်ဆိုပြီး မကြေညာနိုင်ပေမယ့် ကမ္ဘာပေါ်က နိုင်ငံတကာ ရေပိုင်နက် သယံဇာတ ဥပဒေလိုပဲ ကိုယ်တိုင်သွားပြီး တူးနိုင်သူက ရစတမ်း ဆိုတဲ့ ထုံးစံထဲမှာ အာကာသ သယံဇာတ ထုတ်တဲ့ အပိုင်းက အကျုံးဝင်နေပါတယ်။
ဘာပဲပြောပြော ကမ္ဘာပေါ်မှာလည်း ရာသီဥတု ပြောင်းလဲ ဖောက်ပြန်စေတဲ့အထိ သယံဇာတတွေ ထုတ်ယူထားပြီး ဖြစ်တဲ့အတွက် အနာဂါတ် လူသားတွေအတွက် သယံဇာတရှာရာမှာ အာကာသထဲမှာ ရှာဖို့ ရွေးချယ်စရာပဲ ကျန်တော့တယ်လို့ မစ္စတာ ဆိုဗာကူးက ပြောပါတယ်။
လောလောဆယ်မှာ အာကာသနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် လက်အောက်မှာထားတဲ့ ဌာနရှိနေပြီး ဒီဌာနက ကုလသမဂ္ဂ အထွေထွေ ညီလာခံနဲ့တကွ အာကာသကို ငြိမ်းချမ်းစွာ အသုံးချခြင်းဆိုင်ရာ ကုလသမဂ္ဂ ကော်မတီရဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ပေးနေပါတယ်။
အဲဒီဌာန အနေနဲ့ ပထမဆုံး ကုလသမဂ္ဂ ဦးဆောင်တဲ့ အာကာသစီမံကိန်းလုပ်မယ်လို့ ၂၀၁၆ မှာ ကြေညာခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဂြိုဟ်တု လွှတ်တင်ရာမှာ ကူညီဖို့ ပထမဆုံး စလုပ်မယ်လို့ ဆိုပါတယ်။
ဒီစီမံကိန်းကို ၂၀၂၁ မှာ အကောင်အထည်ဖော်ဖို့ စီမံချက် ချခဲ့ပေမယ့် လက်ရှိ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် အခြေအနေတွေကြောင့် လာမယ့် ဇွန်လမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ကုလသမဂ္ဂရဲ့ အာကာသကို ငြိမ်းချမ်းစွာ အသုံးချခြင်းဆိုင်ရာ ကော်မတီ အစည်းအဝေးကို ရွှေ့ဆိုင်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လက်ရှိလူသားမျိုးဆက်ရဲ့ သက်တမ်းအတွင်းမှာ လပေါ်သတ္ထုတူးဖို့ တကယ် ဖြစ်လာနိုင်ပါ့မလား
ဆာရာရဲ့ အဆိုအရ လပေါ် သတ္ထုတွင်း တူးနိုင်ဖို့ နည်းပညာက ရှိနေပြီးသား ဖြစ်ပြီး ပုဂ္ဂလိက ကုမ္ပဏီတွေပါ အာကာသ ပိုင်းဆိုင်ရာ ကိစ္စတွေမှာ ပိုပြီး သီးခြား ပါဝင်လုပ်ဆောင် လာကြတဲ့အတွက် ပိုပြီး မြန်မြန် ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
အရင်တုန်းကဆိုရင် ဒီလို အာကာသစီမံကိန်းတွေကို အစိုးရတွေကပဲ ဦးစီးလေ့ရှိပြီး ၊နောက်ပိုင်းမှာ အစိုးရတွေထက် ငွေကြေးတတ်နိုင်တဲ့ ကုမ္ပဏီကြီးတွေနဲ့ ငွေကြေးကြွယ်ဝသူ အသီးသီးကလည်း သီးခြား လုပ်ဆောင်လာတာကြောင့် အာကာသ စူးစမ်းရေးနယ်ပယ်မှာ ဘဏ္ဍာရေးနဲ့တကွ ရည်မှန်းချက်လည်း ပိုကြီးလာတယ်လို့ ဆာရာက ပြောပါတယ်။
လပေါ်မှာသာမက အာကာသထဲ ပျံ့လွင့်နေတဲ့ ဥက္ကာခဲတွေပေါ်မှာ သတ္ထုတွင်းတူးလာကြပြီး လူတွေကလည်း အင်္ဂါဂြိုဟ်ကို သွားရောက်နိုင်တယ် ဆိုတဲ့အခြေအနေဟာ လက်ရှိ လူသားမျိုးဆက်ရဲ့ သက်တမ်းမကုန်ခင် ဖြစ်လာနိုင်တယ်လို့လည်း သူက ဆိုပါတယ်။
ဒါပေမယ့် တဖက်မှာလည်း ကမ္ဘာမြေပေါ်က သတ္ထုတွင်း တူးပုံ နည်းစနစ်တွေကိုလည်း တိုးတက်အောင် ဆက်လုပ်နေဖို့လိုပြီး အထူးသဖြင့် ဓါတ်ငွေ့တူးဖော်မှုနဲ့ ရေနက်ပိုင်း တူးဖော်မှုမျိုးတွေမှာ နည်းပညာတိုးတက်နေမှ အာကာသတွင်း တူးဖော်ဖို့ ပိုပြီး အဆင်သင့်ဖြစ်မယ်လို့ မစ္စတာ ဆိုဗာကူးက ပြောပါတယ်။
လပေါ်မှာ သတ္ထုတွင်း စတူးနိုင်ဖို့ကိစ္စဟာ နောင် ၁၅ နှစ်လောက် အတွင်း ဖြစ်လာနိုင်ပြီး ဒါဟာ လူသားမျိုးနွယ်အတွက် ကမ္ဘာမြေပြင်ရဲ့ ပြင်ပကို ကျော်လွန်ပြီး ရှင်သန်နိုင်ဖို့ ခြေလှမ်းလည်း ဖြစ်မယ်လို့ ဆာရာနဲ့ ဆိုဗာကူးတို့က ပြောဆိုခဲ့ကြပါတယ်။








