ကမ္ဘာမှာ လ အငယ်စား နောက်တခုရှိနေတာလား

ကမိုအို အာလဗာ ဥက္ကာခဲကို ၂၀၁၆ ခုနှစ်က အမေရိကန်နိုင်ငံ ဟာဝါယီကျွန်းမှာရှိတဲ့ the Pan-STARRS 1 နက္ခတ်တာရာကြည့် မှန်ပြောင်းကတဆင့် ရှာတွေ့ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမိုအို အာလဗာ ဥက္ကာခဲကို ၂၀၁၆ ခုနှစ်က အမေရိကန်နိုင်ငံ ဟာဝါယီကျွန်းမှာရှိတဲ့ the Pan-STARRS 1 နက္ခတ်တာရာကြည့် မှန်ပြောင်းကတဆင့် ရှာတွေ့ခဲ့

ကမ္ဘာနဲ့ မလှမ်းမကမ်းမှာကမိုအို အာလဗာ ဆိုတဲ့ ဥက္ကာခဲတခု ပတ်နေတာကို ၂၀၁၆ ခုနှစ်မှာ သိပ္ပံပညာရှင်တွေက စတင်တွေ့ရှိခဲ့ပါတယ်။

အခုလို တွေ့ရှိထားတဲ့ ဥက္ကာခဲကို လတ်တလော ထပ်မံ လေ့လာချက်တွေအရ အဲဒီ အစိတ်အပိုင်းဟာ လ ကနေ ကွဲထွက်လာတာ ဖြစ်နိုင်တယ်လို့ ယူဆစရာတွေ တွေ့ရပါတယ်။

နေးချားဆိုတဲ့ ပညာရပ်ဆိုင်ရာဂျာနယ်မှာ ဖော်ပြလိုက်တဲ့ လေ့လာချက်တခုအရ အခုလို တွေ့ရှိခဲ့တာ ဖြစ်ပြီး လနဲ့ ဥက္ကာပျံတခုတို့ တိုက်မိရာက လွင့်စင်သွားတဲ့ ဥက္ကာခဲ ဖြစ်နိုင်တယ်လို့ အဲဒီ လေ့လာမှုမှာ ပါဝင်တဲ့ အမေရိကန်နိုင်ငံ အရီဇိုးနားတက္ကသိုလ်က နက္ခတဗေဒ ပညာရှင် ဝမ်ဆန်းချက်ဇ်က ပြောပါတယ်။

အခုလို ဟုတ်မဟုတ် သေချာနိုင်ဖို့ကတော့ ကျောက်သားနမူနာယူမှသာ ဖြစ်နိုင်ပေမယ့် သိပ္ပံပညာရှင်တွေကတော့ ဒီလိုယူဆချက် ဖြစ်နိုင်စရာ အကြောင်းအချက် အများအပြား ရှိထားတယ်လို့ ဆိုကြပါတယ်။

လက်ရှိ ကမိုအို အာလဗာကို လေ့လာနေတဲ့ အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်က လိုဝယ် နက္ခတ်တာရာစခန်း

ဓာတ်ပုံ ရင်းမြစ်, LOWELL OBSERVATORY

ဓာတ်ပုံ ပုံစာ, လက်ရှိ ကမိုအို အာလဗာကို လေ့လာနေတဲ့ အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်က လိုဝယ် နက္ခတ်တာရာစခန်း

ကမိုအို အာလဗာ ကို ဘယ်လို ရှာတွေ့ ခဲ့သလဲ

ကမိုအို အာလဗာ ဥက္ကာခဲကို ၂၀၁၆ ခုနှစ်က အမေရိကန်နိုင်ငံ ဟာဝိုင်ယီကျွန်းမှာရှိတဲ့ the Pan-STARRS 1 နက္ခတ်တာရာကြည့် မှန်ပြောင်းကတဆင့် ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။

ကမိုအို အာလဗာ ဆိုတာကတော့ ဟာဝေယန် ဘာသာစကားနဲ့ အာကာသထဲမှာ လည်ပတ်ရွေ့လျားနေတဲ့ အစိတ်အပိုင်းလို့ အဓိပ္ပာယ်ရပါတယ်။

ဒီ ဥက္ကာခဲဟာ မီတာ ၄၀ အရှည်ရှိမယ်လို့ ခန့်မှန်းထားကြပြီး ကမ္ဘာကို ပတ်နေတဲ့ လတခုအဖြစ် ပြည့်ပြည့်ဝဝ မခေါ်ထိုက်တဲ့ ဂြိုဟ်အပိုင်းအစတစ်ခု အနေအထား သတ်မှတ်ထားပါတယ်။

ကမိုအို အာလဗာဟာ ကမ္ဘာနဲ့ မိုင်ပေါင်း ၉ သန်း အကွာအဝေးမှာရှိပြီး လက်ရှိ ပတ်လမ်းအနေအထားအရ ကမ္ဘာအနီးမှာ နောက်ထပ် နှစ်ပေါင်း ၃၀ဝ လောက် ဆက်ရှိနေမယ်လို့ ဆိုပါတယ်။

ဂြိုဟ်တခုကို လည်ပတ်နေတဲ့ လ ဖြစ် မဖြစ် ဘယ်လိုတိုင်းသလဲ

လအဖြစ် ပြည့်ပြည့်ဝဝ မသတ်မှတ်နိုင်တဲ့ ဂြိုဟ်အပိုင်းအစ ဆိုတာကတော့ ကမ္ဘာနဲ့ နီးနီးကပ်ကပ်ရှိနေပေမယ့် ကမ္ဘာကို ပတ်နေတာထက် နေကို သီးခြား ပတ်နေတဲ့ သဘောရှိလို့ ဖြစ်တယ်လို့ မစ္စတာ ဆန်းချက်ဇ်က ဆိုပါတယ်။

ဂြိုဟ်တခု အနီးနားမှာ ရှိပေမယ့် အဲဒီဂြိုဟ်ကို တိုက်ရိုက်ပတ်ရင်းကနေမှ နေကိုလည်း ပတ်နေမှသာလျှင် အဲဒီ ဂြိုဟ်ရဲ့ လအဖြစ် သတ်မှတ်နိုင်တာ ဖြစ်ပါတယ်။

ဂြိုဟ်အပိုင်းအစ အနေအထားရှိတဲ့ ဥက္ကာခဲ ငါးခုကို သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိထားပြီး အဲဒီအထဲမှာ ကမိုအို အာလဗာ ဥက္ကာခဲက လေ့လာဖို့ အဖြစ်နိုင်ဆုံးလို့ ဆိုပါတယ်။

ကမိုအို အာလဗာ ဥက္ကာခဲဟာ နှစ်စဉ် ဧပြီလမှာ အတောက်ပဆုံး ပေါ်လာလေ့ရှိတဲ့အတွက် အကြီးစား နက္ခတ်တာရာကြည့် မှန်ပြောင်းတွေနဲ့ လေ့လာရတာလွယ်ကူပြီး အခြား ဥက္ကာခဲတွေကတော့ အဲဒီလောက်အထိ ထင်ထင်ပေါ်ပေါ် မမြင်ရလို့ လေ့လာဖို့ ခက်ခဲတယ်လို့ မစ္စတာ ဆန်းချက်ဇ်က ပြောပါတယ်။

ဗီဒီယို ပုံစာ, သောကြာဂြိုဟ် ဂြိုဟ်ပေါ်မှာ သက်ရှိ ရှိကောင်းရှိနိုင်တယ်ဆိုတဲ့ အထောက်အထားသစ်တွေ့

ကမိုအို အာလဗာရဲ့ ဖွဲ့စည်းပုံ ဘယ်လိုရှိနိုင်သလဲ

ကမိုအို အာလဗာကို လေ့လာရာမှာ ထူးထူးခြားခြား အနီရောင် ရှိနေတာကို တွေ့ရပြီး သတ္တုပါဝင် ဖွဲ့စည်းမှု ရှိနေတဲ့ လက္ခဏာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ ဥက္ကာခဲပေါ်ကို နေရောင်ခြည် ရောင်ပြန်ဟပ်မှုအပေါ် အခြေခံပြီး လေ့လာရာမှာ စီလီကိတ် သတ္ထု အမျိုးအစားနဲ့ ဖွဲ့စည်းထားတာ ဖြစ်နိုင်ကြောင်း မစ္စဆန်းချက်ဇ်က ပြောပါတယ်။

အခုလို လေ့လာရင်း နောက်ထပ် တွေ့ရှိခဲ့တဲ့ တချက်ကတော့ အခြားတွေ့ရဖူးတဲ့ ဥက္ကာခဲတွေနဲ့စာရင် လနဲ့ မျက်နှာပြင် အနေအထား နီးစပ် တူညီမှု ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၁၉၇၀ ပြည့်လွန်နှစ်တွေက အပိုလိုစီမံကိန်းနဲ့ လကမ္ဘာကို လူသားတွေ စေလွှတ်ပြီး ရယူခဲ့တဲ့ ကျောက်ခဲ နမူနာတွေနဲ့လည်း နီးစပ် တူညီမှု ရှိတယ်ဆိုတာ တွေ့ရပါတယ်။

အခုလို တူညီနေတာကြောင့်လည်း အရင်က ကမိုအို အာလဗာဟာ လရဲ့ အစိတ်အပိုင်းတခု ဖြစ်နိုင်တယ်လို့ ယူဆရတာဖြစ်ကြောင်း မစ္စတာ ဆန်းချက်ဇ်က ပြောပါတယ်။

အခြားဖြစ်နိုင်ခြေနဲ့ ကျောက်သားနမူနာယူရေး အလားအလာ

ကမိုအို အာလဗာဟာ ကမ္ဘာအနီးတဝိုက်မှာ တွေ့ရတဲ့ ထရိုဂျန် ဥက္ကာခဲခေါ် ကမ္ဘာရော၊ လရောရဲ့ အစိတ်အပိုင်း မဟုတ်တဲ့ ဥက္ကာခဲလည်း ဖြစ်နေနိုင်ပါတယ်။

ကမိုအို အာလဗာ ဟာ လရဲ့ အစိတ်အပိုင်းဟုတ်မဟုတ် ဆိုတာက ၁၀ဝ ရာခိုင်နှုန်း သေချာတယ်လို့ မပြောနိုင်ပေမဲ့ ရထားသလောက် အချက်အလက်တွေအရတော့ လရဲ့ အစိတ်အပိုင်းတခု ဖြစ်ဖို့ ပိုများနေတယ်လို့ မစ္စတာ ဆန်းချက်ဇ်က ဆိုပါတယ်။

ဒီအချက်သေချာဖို့အတွက် ကျောက်သားနမူနာ သွားယူပြီး စမ်းသပ်မှသာ ဖြစ်နိုင်ရာမှာ လာမယ့် ဆယ်စုနှစ်အတွင်း အခုလို လုပ်ဖို့ အစီအစဉ်လည်း ရှိနေပါတယ်။

အခုလို ဂြိုဟ်တုစေလွှတ်ဖို့ အစီအစဉ်ရှိတဲ့ နိုင်ငံကတော့ တရုတ်နိုင်ငံဖြစ်ပြီး ဒီဥက္ကာခဲပေါ်မှာ စက်ရုပ်လွှတ်ကာ ကျောက်ခဲ နမူနာတွေ ရယူမယ်လို့ ဆိုပါတယ်။

အခုလို ရယူနိုင်ပြီဆိုရင် ဘာ့ကြောင့် လကနေ အဲဒီ ဥက္ကာခဲက ပဲ့ထွက်လာသလဲ ဆိုတာကိုသာမက လရဲ့ ဖြစ်ပေါ်ပုံ သမိုင်းကြောင်းကို ပိုသိလာနိုင်ပြီး လက်ရှိ လနဲ့ ဖွဲ့စည်းပုံတူလို့ လ အငယ်စား တခုအဖြစ်လည်း ကမိုအို အာလဗာကို သတ်မှတ်လာနိုင်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄.၅ ဘီလျံလောက်က အင်္ဂါဂြိုဟ်လောက် အရွယ်အစားရှိတဲ့ ဥက္ကာခဲကြီးက ကမ္ဘာကို ဝင်တိုက်ရာကနေ လ ဖြစ်ပေါ်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လွန်ခဲ့တဲ့ နှစ်ပေါင်း ၄.၅ ဘီလျံလောက်က အင်္ဂါဂြိုဟ်လောက် အရွယ်အစားရှိတဲ့ ဥက္ကာခဲကြီးက ကမ္ဘာကို ဝင်တိုက်ရာကနေ လ ဖြစ်ပေါ်လာ

လ ဖြစ်လာပုံ သမိုင်း

လူသားတွေ လပေါ်က ကျောက်သားနမူနာတွေကို စတင်ယူနိုင်အပြီးမှာ လေ့လာချက်တွေအရ အဲဒီ ကျောက်သားတွေအတွင်း အောက်စီဂျင် တွေ့ရှိရမှုက လ သမိုင်းကို ခန့်မှန်းရေးမှာ အရေးပါတယ်လို့ ဆိုပါတယ်။

လ ဖြစ်လာပုံ ယူဆချက်တွေ ရှိရာမှာ အများဆုံးလက်ခံထားတဲ့ သမိုင်းကြောင်းကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄.၅ ဘီလျံလောက်က အင်္ဂါဂြိုဟ်လောက် အရွယ်အစားရှိတဲ့ ဥက္ကာခဲကြီးက ကမ္ဘာကို ဝင်တိုက်ရာကနေ ဖြစ်လာတယ်ဆိုတဲ့ ယူဆချက် ဖြစ်ပါတယ်။

အခုလို တိုက်မိချိန်မှာ ထိမိတဲ့ ကျောက်သတ္တုတွေ သမုဒ္ဒရာ ဖြစ်တဲ့အထိ အရည်ပျော်ပြီး အာကာသအတွင်းပါ လွင့်ထွက်ကာ နောက်ဆုံးမှာ လအဖြစ် စုစည်းပြီး ကမ္ဘာကို ဆွဲငင်အားအရ လည်ပတ် လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လရဲ့ ဖွဲ့စည်းပုံဟာ Theia လို့ လည်းခေါ်တဲ့ အဲဒီ ကမ္ဘာကို ဝင်တိုက်တဲ့ ဥက္ကာခဲကြီးရဲ့ အစိတ်အပိုင်း အများဆုံးနဲ့ ဖွဲ့စည်းထားတယ်ဆိုတာကိုလည်း တွေ့ရပါတယ်။

လ ပေါ်က ကျောက်သား နမူနာတွေကို စတင်လေ့လာကာစက ကမ္ဘာပေါ်က သတ္တုဖွဲ့စည်းပုံနဲ့ တူနေလို့ ဒွိဟဖြစ်စရာ ဖြစ်ခဲ့ပေမယ့် ကျောက်သားတွင်း ပါဝင်တဲ့ အောက်စီဂျင် ပမာဏချင်း ကွာခြားမှုကြောင့် လနဲ့ ကမ္ဘာတို့ မူလကျောက်သားဖွဲ့စည်းပုံခြင်း မတူကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ကမိုအို အာလဗာ ဆီကနေ ကျောက်သားနမူနာတွေ ရယူပြီး လေ့လာနိုင်တဲ့ အချိန်မှာတော့ အခုလို ယူဆချက်တွေ ပြောင်းသွားမလား၊ ဒါတွေကိုပဲ ပိုပြီး တိကျတဲ့ ယူဆချက်တွေအဖြစ် အတည်ပြုပေးမယ့် အချက်တွေ တွေ့မလား ဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။