ချန္ဒရာရန် ၃ - လကို သွားဖို့ အိန္ဒိယရဲ့ ရည်မှန်းချက်ကြီးကြီး စီမံချက်

ဓာတ်ပုံ ရင်းမြစ်, Isro
- ရေးသားသူ, မန်ဆီ ကပူး
- ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာ တလွှားဌာန
ဇူလိုင် ၁၄ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီနောက်ပိုင်းလောက်မှာ လဆင်းယာဉ်၊ လပေါ် သွားယာဉ်တို့ကို သယ် ဆောင်ထားတဲ့ ဒုံးပျံကြီး တခုကို အိန္ဒိယ အရှေ့ပိုင်း ကနေ လဆီကို သွားဖို့ လွှတ်တင်တော့မှာပါ၊ ဘီလျံချီတဲ့ အိပ်မက်တွေ လည်း အပြည့်နဲ့ ပေါ့။
စီမံထားတဲ့အတိုင်းသာ ဖြစ်လာမယ်ဆိုရင် အိန္ဒိယဟာ လရဲ့ တောင်ဝင်ရိုးစွန်း လည်းဖြစ် အရင်က ဘယ်သူမှ မရောက်ဖူးတဲ့ အရပ်ကို ပထမဆုံး သွားနိုင်တဲ့ နိုင်ငံဖြစ်လာတော့မှာပါ။
လရဲ့ ဝင်ရိုးစွန်းပိုင်းတွေက ကြီးမားတဲ့ ချိုင့်ဝှမ်းတွေ၊ မတ်စောက်တဲ့ ကုန်းစောင်း တွေနဲ့ ပြည့်နှက်နေတာပါ။ တချို့ ချိုင့်ဝှမ်းတွေဆိုရင် နေရောင်ကို မရတာ နှစ်ပေါင်း ဘီလျံပေါင်းများစွာရှိနေပြီး အေးတာကလည်း အနုတ် ၂၀၃ ဒီဂရီ စင်တီဂရိတ် အထိ ကို အေးတာမို့ စက်ကိရိယာတွေ မောင်းနှင်နိုင်ဖို့ သိပ်ကို စိန်ခေါ်မှု ကြီးလှပါတယ်။
ဒါကြောင့်မို့ အရင်က လကိုသွားတဲ့ ခရီးစဉ်တွေက လကမ္ဘာရဲ့ အီကွေတာနဲ့ ပိုနီးတဲ့ နေရာတွေမှာ ဆင်းကြပါတယ်၊ အဲဒီဘက်တွေမှာ လမျက်နှာပြင် ချိုင့်ဝှမ်းတွေက ပိုနည်းပြီး၊ အအေးလည်း ပိုသက်သာပါတယ်။
လကို သွားတဲ့ ချန္ဒရာရန် ၃ ခရီးစဉ် မအောင်မမြင်ဖြစ်မဲ့ အရေးတွေကို နည်းပါးစေဖို့ လုပ်ဆောင်ထားတယ်လို့ အိန္ဒိယ အာကာသ အေဂျင်စီက ပြောပါတယ်။
"ချန္ဒရာရန် ၂ တုန်းက အောင်မြင်မှု များများ ရရမယ် ဆိုတဲ့ အခြေခံနဲ့ ဒီဇိုင်းလုပ်ခဲ့ ပေမဲ့ ချန္ဒရာရန် ၃ မှာတော့ မအောင်မြင်မှုက ဘာတွေဖြစ်မလဲဆိုတာတွေကို အခြေခံ ပြီး ဒီဇိုင်း လုပ်တာပါ" လို့ အိန္ဒိယ အာကာသ သုတေသန အဖွဲ့ အကြီးအကဲ အက်စ် ဆွမ်နက်က ပြောပါတယ်။
"မအောင်မြင်မှာတွေက ဘာတွေလဲ ဆိုတာကို အကုန်လုံးသိအောင်လုပ်ပြီး ကာကွယ်ဖို့အတွက် စဉ်းစားလုပ်တာပါ၊ အဲဒီနည်းနဲ့ ကျွန်တော်တို့ လုပ်ထားတယ်။"
အိန္ဒိယက အမှောင်ဖုံးနေတဲ့ လခြမ်းဘက်ဆီကို ဘာဖြစ်လို့ ဆင်းချင်တာလဲ
အိန္ဒိယရဲ့ လကမ္ဘာ လေ့လာရေး အစီအစဉ် ချန္ဒရာရန် ၁ က ၂၀၀၈ ခုနှစ်မှာ လုပ်ခဲ့ပြီး လမျက်နှာပြင်မှာ ရေရှိကြောင်း လေ့လာနိုင်ခဲ့ပါတယ်၊ ကုန်ကျစားရိတ်က ဒေါ်လာ ၇၉ သန်းပါ။

ဓာတ်ပုံ ရင်းမြစ်, Isro
"အဲဒီမှာ ရေက ဘယ်လောက်နဲ့ ဘယ်နေရာမှာ ရှိတာလဲဆိုတာကို ကျွန်တော်တို့ သိနိုင်ဖို့ အများကြီးလိုပါသေးတယ်၊ နောက်ပြီး ရေတွေက အားလုံးခဲနေတာ ဟုတ်၊ မဟုတ်လဲ သိဖို့ လိုပါသေးတယ်" လို့ ဒေလီနားက ရှိ နာဒါ တက္ကသိုလ်မှာ အာကာသ ရိုဘော့ ဘာသာရပ် သင်ကြားပေးနေတဲ့ ဒေါက်တာ အက်ကာ့ ဆင်းက ပြောပါတယ်။
"ကျွန်တော်တို့ရဲ့ အနာဂတ် လပေါ်သွား ခရီးစဉ်တွေ အောင်မြင်ရေးအတွက် ရေရတဲ့ နေရာက ဘယ်နေရာမှာလဲ၊ ဘယ်လို သဘာဝရှိလဲ ဆိုတာတွေကို သိရရင် သိပ်အသုံးဝင်မှာပါ၊ နောက်ပြီး ရေရှိတဲ့နေရာတွေမှာ သက်ရှိသတ္တဝါတွေ ရှင်သန် နေထိုင် နိုင်ဖို့ အရေး ကိုပါ စဉ်းစားနိုင်တာပေါ့။"
လကမ္ဘာ ရဲ့ ဝင်ရိုးစွန်းပိုင်းတွေကို လေ့လာတဲ့အခါ ကျောက်တုံးတွေ၊ မြေလွှာတွေကို တွေ့ရပြီး နေစကြဝဠာ ဘယ်လိုဖွဲ့စည်း တည်ဆောက်ထား သလဲဆိုတဲ့ အမေးတချို့ကို အဖြေပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Isro
အိန္ဒိယရဲ့ ချန္ဒရာရန် ၂ ခရီးစဉ်အတွက် ကုန်ကျစားရိတ်က အရင် တခါထက် ၂ ဆ နီးပါး တက်ခဲ့ပြီး ဒေါ်လာ သန်း ၁၄၀ ကျသွား ပါ တယ်။
၂၀၁၉ အစောပိုင်းက အဲဒီ ခရီးစဉ်အတွက် ဒုံးပျံလွှတ်တင်ခဲ့ပြီး လကမ္ဘာကို အာကာသ ယာဉ်ငယ် မဆင်းသက်နိုင်ခဲ့ပါဘူး။
လပေါ်ကို ဆင်းဖို့၊ လပေါ်မှာ သွားလာကာ လေ့လာ စူးစမ်းနိုင်ဖို့ စတဲ့ ရည်ရွယ်ချက် တွေနဲ့ လုပ်နေတဲ့ ချန္ဒရာရန် ၃ စီမံကိန်းကို အိန္ဒိယက အခုဆိုရင် ဒေါ်လာ သန်း ၈၀ လောက် သုံးစွဲထားပါတယ်။
စေ့စေ့စပ်စပ် ခြိုးခြိုးခြံခြံ စီမံချက်
ကုန်ကျစားရိတ်တွေ လျှော့ချနိုင်လို့ ကမ္ဘာက အာရုံစိုက်လာကြတဲ့ အိန္ဒိယ အာကာသ အစီအစဉ်တွေက ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ စုအတွင်း တဖြည်းဖြည်း တိုးတက်လာခဲ့ ပါတယ်။

အိန္ဒိယက အာကာသလေ့လာရေးဆိုင်ရာ လွတ်လပ်တဲ့ ပညာရှင်အဖွဲ့ ဖြစ်တဲ့ Spaceport SARABHAI က အထွေထွေ ညွှန်ကြား ရေးမှူး ဒေါက်တာ ဆုမိတာ မိုဟန် တီက "၂၀၁၈ တုန်းက အိန္ဒိယက ဒုံးပျံတစင်းထဲနဲ့ ဂြိုဟ်တုပေါင်း ၁၀၄ လုံးကို တပြိုင်နက်ထဲ လွှတ်တင်နိုင်တဲ့အတွက် ကမ္ဘာမှာ စံချိန်သစ်တင်ခဲ့တယ်၊ ကမ္ဘာပတ် လမ်းကြောင်းတွေထဲကို ဂြိုဟ်တု ၁၀၄ လုံး အတိအကျ ရောက်သွား နိုင်မယ့် ပညာကို ကျွန်မတို့နိုင်ငံရဲ့ ပညာရှင်တွေက သိခဲ့လို့ အဲဒီလို လွှတ်တင်နိုင်ခဲ့တာပါ" လို့ ပြောပါ တယ်။
အင်္ဂါဂြိုဟ်ကို သွားတဲ့ အမန်ဂယ်ရန် စီမံချက်အတွက် ကုန်ကျစားရိတ်က ဒေါ်လာ ၇၅ သန်း ဖြစ်ပြီး နာဆာ က မက်ဗင် အင်္ဂါဂြိုဟ် ပတ်ယာဉ်ရဲ့ ကုန်ကျစားရိတ်က အစပိုင်း မှာ ဒေါ်လာ ၄၈၅ သန်းဖြစ်ပြီး လွှတ်တင်နိုင်ဖို့ နောက်ထပ်ကုန်တာက ဒေါ်လာ ၁၈၇ သန်းပါ။
အိန္ဒိယ အာကာသခရီးစဉ်တွေ အကုန်အကျသက်သာစေဖို့ အတွက် မန္တန် ကတော့ ပစ္စည်းတွေကို ပြန်အသုံးပြုနိုင် အောင် လုပ်ဆောင် တာနဲ့ ဒေသထွက် ပစ္စည်းတွေကို အသုံးပြုတာပါ။

အရင် ခရီးစဉ်တွေနဲ့ မတူဘဲ ချန္ဒရာရန် ၃ က ပတ်လမ်းကြောင်းထဲမှာ နေဖို့ ဂြိုဟ်တု ထည့်မထားပါဘူး။
အရင်ကတည်းက လွှတ်တင်ထားပြီး ပတ်လမ်းကြောင်းထဲမှာ ရှိနေတဲ့ ဂြိုဟ်တုကို ပဲ အသုံးချသွားမှာပါ။
ချန္ဒရာရန် ၂ အနေနဲ့ လဆင်းယာဉ်၊ လပေါ်သွားယာဉ်တို့နဲ့ ထိန်းချုပ်ရေး အခန်း ကြား ဆက်သွယ်ရေးအတွက် ကြားခံအဖြစ် ဆောင်ရွက်ပေးမှာပါ။
အားနည်းတဲ့ ဒုံးပျံတွေကို သုံးခြင်းအားဖြင့် အိန္ဒိယက ကုန်ကျစားရိတ်ကို လျှော့ချနိုင် တယ်လို့ အိန္ဒိယ အာကာသ သုတေသန အဖွဲ့ရဲ့ ဥက္ကဋ္ဌဟောင်း ဖြစ်တဲ့ ကေ ဆီဗန်က ရှင်းပြပါတယ်။
" လ ပတ်လမ်းကြောင်းထဲကို ယာဉ်ရောက်သွားအောင် ကျွန်တော်တို့က လရဲ့ ဆွဲအား ကို သုံးပါတယ်" လို့ သူက ပြောပါတယ်။
"လ ပတ်လမ်းကြောင်းထဲကို ရောက်ဖို့ ၂၉ ရက်ကြာ အချိန်ယူရပေမဲ့ လကို သွားဖို့ အတွက် ဒီနည်းက အကုန်အကျ အသက်သာဆုံးနည်းလေ။"
အစ္စရေး လည်း ဒီနည်းကို သုံးတယ်လို့ ကေ ဆီဗန်က ပြောပါတယ်။
"အစ္စရေးရဲ့ ဘာရက်စ်ရှိ စီမံချက်အတွက် ဒုံးပျံကို ၂၀၁၉ မှာ လွှတ်တင်ခဲ့ပြီး ဒီ သက်သာတဲ့ လမ်းကြောင်းနဲ့ လဆီကို သွားတာပါ" လို့ သူက ပြောပါတယ်။
အိန္ဒိယရဲ့ အာကာသ အစီအစဉ်တွေအတွက် ဘတ်ဂျက်က ဒေါ်လာ ၁.၉ ဘီလျံ ရှိပြီး တီထွင်ကြံဆဖို့ အားထုတ်ကြပါတယ်။
"အာကာသကို စူးစမ်းနိုင်တဲ့ ထိပ်ဆုံးနိုင်ငံတွေထဲမှာ အိန္ဒိယက အမြဲ လက်တွေ့ကျပါ တယ်။ စီမံချက်တွေ လုပ်တဲ့နေရာမှာ ခြိုးခြံဖို့ကို အဓိက နေရာမှာ ထားပါတယ်" လို့ ဒေါက်တာ မိုဟန်တီက ပြောပါတယ်။
"ချန္ဒရာရန် ၂ ကို ဥပမာပေးပြီး ပြောရရင် လောင်စာဆီ အကုန်အကျသက်သာအောင် ပတ်လမ်းကြောင်း ဆိုင်ရာ ပညာတွေသုံးတယ်၊ လကို ရက်အနည်းငယ် ရောက်ဖို့ မလုပ်ဘဲ ၄၈ ရက် ကြာမှ ရောက်တဲ့ နည်းကို ရွေးပါတယ်"လို့ သူက ပြောပါတယ်။








