အဒီတယာ အယ်လ်ဝမ်း - နေကိုလေ့လာမယ့်အိန္ဒိယရဲ့ အာကာသယာဥ်

ဓာတ်ပုံ ရင်းမြစ်, ISRO
လရဲ့ တောင်ဝင်ရိုးစွန်းအနီးကို အာကာသယာဥ် ပထမဆုံးဆင်းသက်နိုင်ခဲ့တဲ့ အိန္ဒိယဟာ ရက်ပိုင်းအကြာမှာပဲ နေကို စူးစမ်းလေ့လာမယ့် သူတို့ရဲ့ပထမဆုံးခရီးစဥ်ကို သမိုင်းဝင် စတင်လိုက်ပြီ ဖြစ်ပါတယ်။
အဒီတယာ အယ်လ်ဝမ်း (Aditya-L1) လို့ နာမည်ပေးထားတဲ့ အဲဒီအာကာသယာဥ်ကို ဆရီဟာရီကိုတာကျွန်းကနေ စနေနေ့မှာ လွှတ်တင်လိုက်တာ ဖြစ်ပါတယ်။
အဒီတယာအာကာသယာဥ်ဟာ ကမ္ဘာမြေကနေကီလိုမီတာ ၁ ဒသမ ၅ သန်း အကွာအဝေး (မိုင်အားဖြင့် ၉ သိန်းကျော်) ကိုသွားမှာဖြစ်ပြီး ကမ္ဘာနဲ့ နေကြားစုစုပေါင်းအကွာအဝေးရဲ့ ၁ ရာခိုင်နှုန်းလောက်ကို သွားမှာ ဖြစ်ပါတယ်။ အဲဒီအကွာအဝေးထိရောက်ဖို့ လေးလကြာမယ်လို့ အိန္ဒိယအာကာသအေဂျင်စီက ပြောပါတယ်။
နေအဖွဲ့အစည်းထဲမှာအကြီးဆုံးဖြစ်တဲ့ နေကိုလေ့လာမယ့်အိန္ဒိယရဲ့ ပထမဆုံးအာကာသခရီးစဥ်ကို အဒီတယာ လို့ နာမည်ပေးတာကတော့ ဒီနာမည်က ဟိန္ဒူနေဘုရား သူရိယ (Surya) ကိုခေါ်တဲ့ နောက်ထပ်နာမည်တစ်ခုဖြစ်ပါတယ်။
L1 ဆိုတာက လဂရန့်ဂျ် (Lagrange) အမှတ် ၁ ရဲ့ အတိုကောက်ဖြစ်ပြီးအိန္ဒိယအာကာသယာဉ်သွားမယ့် နေ နဲ့ ကမ္ဘာကြားက နေရာအတိအကျကို ညွှန်းတာ ဖြစ်ပါတယ်။
ဥရောပအာကာသအေဂျင်စီရဲ့အဆိုအရ "လဂရန့်ဂျ် အမှတ်"ဆိုတာ နေနဲ့ကမ္ဘာလို ဂြိုဟ်ကြီးနှစ်ခုရဲ့ ဆွဲငင်အားတွေ ချေဖျက်သွားနိုင်တဲ့နေရာကို ဆိုလိုပါတယ်။ အဲဒါကြောင့် အဲဒီနေရာဝန်းကျင်မှာ အာကာသယာဥ်က "လှည့်ပတ်ပျံသန်း" နေနိုင်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NASA
အဒီတယာဟာ အဲဒီပျံဝဲနိုင်တဲ့နေရာကို ရောက်တာနဲ့ တစ်ပြိုင်နက် နေကို ကမ္ဘာပတ်တဲ့နှုန်းနဲ့လှည့်ပတ်နိုင်မှာဖြစ်ပါတယ်။ ဒီလိုလှည့်ပတ်ဖို့ လောင်စာအနည်းငယ်ပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။
စနေနေ့မနက်က အိန္ဒိယအာကာသသုတေသနအေဂျင်စီ (Isro) ရဲ့ မြင်ကွင်းပြခန်းမှာလူထောင်ပေါင်းများစွာ စုရုံးရောက်ရှိခဲ့ပြီး အာကာသယာဥ်လွှတ်တင်မှုကိုစောင့်ကြည့်ခဲ့ကြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နေကိုလေ့လာမယ့်အာကာယာဥ်လွှတ်တင်မှုကိုနိုင်ငံပိုင်ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီးအစီအစဥ်တင်ဆက်သူတွေက "ခမ်းနားကြီးကျယ်သော" လွှတ်တင်မှုလို့ ဖော်ကျူးခဲ့ကြပါတယ်။
Isro သိပ္ပံပညာရှင်တွေကလည်း အခုလွှတ်တင်မှုကအောင်မြင်ခဲ့ပြီး ယာဥ်ရဲ့ "စွမ်းဆောင်ရည်က ပုံမှန်ဖြစ်တယ်'' လို့ ပြောပါတယ်။ အာကာသယာဥ် ကောင်းကင်ကိုလွှတ်တင်ပြီး ပျံသန်းချိန်တစ်နာရီ နဲ့ လေးမိနစ်အကြာမှာ Isro က "မစ်ရှင် အောင်မြင်တယ်" လို့ ကြေညာခဲ့ပါတယ်။
"အခု ဒီယာဥ်က သူ့ရဲ့ခရီးကို ဆက်သွားနေပါမယ်။ အလွန်ရှည်လျားတဲ့ ၁၃၅ ရက်ခရီးဖြစ်ပါတယ်။ ကံ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ကြရအောင်"လို့ Isro အကြီးအကဲ ဆရက်ဒါရာပါနိကာ ဆိုမာနက်သ်က ပြောပါတယ်။
စီမံကိန်းဒါရိုက်တာ နီဂါ ရှာဂျီက အဒီတယာဟာ သူ့ရဲ့ ဦးတည်ရာနေရာကိုရောက်တာနဲ့အိန္ဒိယသာမက ကမ္ဘာလုံးဆိုင်ရာသိပ္ပံပညာအသိုက်အဝန်းအတွက်ပါ အကျိုးရှိစေမယ်လို့ မှတ်ချက်ပြုပါတယ်။
အဒီတယာဟာ L1 နေရာကိုမသွားခင် ကမ္ဘာဂြိုဟ်ကို အကြိမ်ပေါင်းများစွာ လှည့်ပတ်သွားနေမှာ ဖြစ်ပါတယ်။
Isro ဟာ ဒီခရီးစဥ်အတွက် ဘယ်လောက်ကုန်ကျမယ်ဆိုတာပြောကြားတာမရှိပေမဲ့ အိန္ဒိယသတင်းစာတွေမှာတော့ ရူပီး ၃ ဒသမ ၇၈ ဘီလီယံ (ဒေါ်လာ ၄၆ သန်း) ရှိတယ်လို့ ဖော်ပြကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
Isro အပြောအရ ဒီယာဥ်ဟာ သိပ္ပံပညာရပ်သုံးဆိုင်ရာပစ္စည်း ၇ မျိုးသယ်သွားပြီး အဲဒီပစ္စည်းတွေဟာ နေရဲ့ ကိုရိုနာ (အပြင်ဘက်အကျဆုံးအလွှာ)၊ ဖိုတိုစဖီးယား (နေရဲ့မျက်နှာပြင် သို့မဟုတ် ကမ္ဘာကနေ နေကိုမြင်ရတဲ့အပိုင်း) နဲ့ ခရိုမိုစဖီးယား (နေရဲ့ ဖိုတိုစဖီးယားနဲ့ ကိုရိုနာကြားက ပါးလွှာတဲ့ ပလပ်စမာအလွှာ)တို့ကို လေ့လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလေ့လာမှုတွေက နေရဲ့ လှုပ်ရှားမှုတွေကို သိပ္ပံပညာရှင်တွေ ပိုပြီးနားလည်အောင် ကူညီနိုင်မှာဖြစ်ပြီး နေရဲ့ လေ၊ နေရဲ့ မီးလျံ၊ တစ်ပြိုင်နက်တည်းမှာ ကမ္ဘာမြေအပေါ် သူတို့ရဲ့သက်ရောက်မှုနဲ့ အာကာသအနီးက ရာသီဥတုအပေါ် သက်ရောက်မှုတွေကို နားလည်နိုင်စေမှာ ဖြစ်ပါတယ်။
Isro သိပ္ပံပညာရှင်ဟောင်း မိုင်လ်ဆွာမိ အနာဒူရိုင်း ပြောတာကတော့ နေဟာသူ့ရဲ့ အပူဖြာထွက်မှု၊ အပူနဲ့ အပူလှိုင်းအမှုန်တွေ စီးဆင်းမှု၊ သံလိုက်စက်ကွင်းတို့ကနေ ကမ္ဘာရဲ့ရာသီဥတုအပေါ် တစ်လျှောက်လုံး လွှမ်းမိုးနေခဲ့တယ်လို့ ပြောပါတယ်။ နောက်ပြီး တစ်ချိန်တည်းမှာပဲ အာကာသ ရာသီဥတုအပေါ်လည်း သက်ရောက်မှုတွေ ရှိတယ်လို့ ပြောပါတယ်။
အိန္ဒိယဟာ အာကာသထဲမှာ ဂြိုလ်တု အလုံး ၅၀ ကျော်လွှတ်တင်ထားပြီး နိုင်ငံအတွက် အရေးကြီးတဲ့ဝန်ဆောင်မှုများစွာကို ပေးနေပါတယ်။ အဲဒီထဲမှာ ဆက်သွယ်ရေးဆိုင်ရာ ချိတ်ဆက်မှုနဲ့ ရာသီဥတုဆိုင်ရာ အချက်အလက်တွေတွေ ပါဝင်ပြီး သီးနှံတွေ ပိုးကျနိုင်ခြေရှိမရှိ၊ မိုးခေါင်နိုင်ခြေရှိမရှိနဲ့ သဘာဝဘေးအန္တရာယ်တွေကို ကြိုတင်ခန့်မှန်းတာတွေလုပ်ဖို့ အထောက်အကူဖြစ်စေပါတယ်။
ကုလသမဂ္ဂရဲ့ အာကာသရေးရာရုံး (UNOOSA)ရဲ့ အဆိုအရ ဂြိုဟ်တု ၁၀,၂၉၀ ခန့်ဟာ ကမ္ဘာပတ်လမ်းကြောင်းပေါ်မှာ ရှိနေပြီး ၇,၈၀၀ နီးပါးက လည်ပတ်နေဆဲ ဖြစ်တယ်လို့ဆိုပါတယ်။
Isro သိပ္ပံပညာရှင်ဟောင်း အနာဒူရိုင်းကတော့ အဒီတယာဟာ လူသားတွေ အသက်ရှင်သန်ရေး မှီခိုနေရတဲ့ နေဆိုတဲ့ ကြယ်ကြီးအကြောင်းကို ပိုပြီးနားလည်အောင် ကူညီပေးနိုင်မှာဖြစ်သလို ကြိုတင်သတိပေးတာတွေလည်း လုပ်လာနိုင်မယ်လို့ မှတ်ချက်ပြုပါတယ်။
“နေရဲ့လှုပ်ရှားမှုတွေဖြစ်တဲ့ နေရဲ့ လေ၊ ဒါမှမဟုတ် နေမီးလျံပေါက်ထွက်မှုတွေကို တစ်ရက် နှစ်ရက်ကြို သိရရင် ကျွန်တော်တို့ရဲ့ ဂြိုဟ်တုတွေကိုလည်း ဘေးကင်းတဲ့လမ်းကြောင်းပေါ်မှာ ရွှေ့ထားလို့ရမယ်။ အာကာသထဲက ကျွန်တော်တို့ ဂြိုဟ်တုတွေရဲ့ သက်တမ်းကိုလည်း ပိုတိုးမြှင့်နိုင်မယ်။”
ဒီခရီးစဥ်ကနေ နေအဖွဲ့အစည်းကိုဖြစ်စေတဲ့ နှစ်သက်တမ်း ၄ ဒသမ ၅ ဘီလီယံရှိတဲ့ နေအကြောင်း သိပ္ပံဆိုင်ရာ နားလည်မှုကို တိုးတက်အောင် ကူညီပေးနိုင်မယ်လို့ မစ္စတာ အနာဒူရိုင်းက ပြောပါတယ်။
အိန္ဒိယနိုင်ငံရဲ့ နေကိုလေ့လာမယ့် ခရီးစဥ်ဟာ အိန္ဒိယရဲ့ ကမ္ဘာ့ပထမဆုံး လကမ္ဘာ တောင်ဝင်ရိုးစွန်းအနီးအထိ ရောက်ခဲ့တဲ့ စူးစမ်းလေ့လာရေးယာဉ် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ထွက်ပေါ်လာတာပါ။
ဒါ့ကြောင့် အိန္ဒိယဟာ အမေရိကန်၊ အရင်ဆိုဗီယက်ယူနီယံ နဲ့ တရုတ်နိုင်ငံတို့ပြီးရင် လပေါ်ကို အခက်အခဲမရှိ ဆင်းသက်နိုင်ခဲ့တဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
အဒီတယာ-အယ်လ်ဝမ်းရဲ့ ခရီးစဥ် အောင်မြင်ရင် အိန္ဒိယဟာ နေကိုလေ့လာနိုင်နေတဲ့ နိုင်ငံများစာရင်းမှာ ပါဝင်လာမှာဖြစ်ပါတယ်။
၁၉၈၁ ခုနှစ်မှာ ဂျပန်နိုင်ငံဟာ နေကိုလေ့လာတဲ့ ပထမဆုံးအာကာသယာဥ်ကို လွှတ်တင်ခဲ့ပြီး အမေရိကန် အာကာသအေဂျင်စီ (နာဆာ)နဲ့ ဥရောပ အာကာသအေဂျင်စီ (ESA) တို့ကလည်း ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက နေရဲ့ လှည့်ပတ်လှုပ်ရှားမှုတွေကို စောင့်ကြည့်ခဲ့ကြတာပါ။
၂၀၂၀ ဖေဖော်ဝါရီမှာတော့ နာဆာနဲ့ ESA တို့ဟာ နေကိုလေ့လာမယ့် အာကာသယာဥ်တစ်စီးကို ပူးတွဲလွှတ်တင်ခဲ့ပြီး နေကို အနီးကပ်လေ့လာမှုတွေ လုပ်နေသလို နေရဲ့ပြင်းထန်တဲ့အပြုအမူတွေဘာကြောင့် ဖြစ်စေသလဲဆိုတာကို နားလည်စေနိုင်မယ့် အချက်အလက်တွေ စုဆောင်းနေပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ်မှာ နာဆာရဲ့ နောက်ဆုံးပေါ် အာကာသယာဉ် ပါကာ ဆိုလာ အာကာသယာဥ်ဟာ နေရဲ့ အပြင်ဘက်အလွှာဝန်းကျင် ကိုရိုနာကို ဖြတ်ပြီး ပထမဆုံး ပျံသန်းတဲ့ သမိုင်းဝင်ယာဥ်ဖြစ်လာပါတယ်။








