သတိထားသုံးဖို့ သြစတြေးလျပြောလာတဲ့ DeepSeek ကို ဘေးကင်းလုံခြုံစွာသုံးနိုင်မလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, တွန် ဂရမ်ဂန်
- ရာထူးတာဝန်, နည်းပညာ သတင်းထောက်
သြစတြေးလျ သိပ္ပံရေးရာဝန်ကြီး အဒ် ဟုစစ်က တရုတ်ရဲ့ DeekSeek ဟာ ပုဂ္ဂိုလ်ရေးလုံခြုံမှု စိုးရိမ်ရတယ်လို့ ထုတ်ဖော်ပြောဆိုတဲ့ အနောက်နိုင်ငံအစိုးရတွေထဲက ပထမဆုံး အစိုးရအဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။
တဖက်မှာလည်း Deekseek ထွက်ပေါ်လာပြီးနောက် နည်းပညာကဏ္ဍနဲ့ စျေးကွက်အတွင်းမှာ ဝရုန်းသုန်းကားဖြစ်တဲ့အထိ ဖြစ်စေခဲ့တာပါ။
ဟွာဝေးအစ တစ်တော့အဆုံး တရုတ်နည်းပညာကုမ္ပဏီတွေဟာ တရုတ်အစိုးရနဲ့ ဆက်နွှယ်ကြတယ်လို့ အကြိမ်ကြိမ်စွပ်စွဲခံရမှုတွေ ကြုံရပါတယ်။
တရုတ်ထောက်လှမ်းရေးဟာ အခုလိုနည်းပညာတွေအသုံးပြုပြီး လူတွေရဲ့ သတင်းအချက်အလက်တွေကို ရယူသွားနိုင်တယ်ဆိုတဲ့စိုးရိမ်မှုတွေလည်း ရှိနေကြတာပါ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ DeepSeek ဟာ အမေရိကန်နည်းပညာနယ်ပယ်အတွက် "နိုးကြွဖို့သတိပေးချက်"လို့ ပြောပါတယ်။
ဒါပေမဲ့ ဒီချက်ဘော့ထ်ဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်တာမျိုးလို့ သူ ယူဆထားပုံမရှိသလို ကုန်ကျစရိတ်တွေနည်းပါးတာက ကောင်းတယ်ဆိုတာမျိုးလည်း သူပြောပါတယ်။
သြစတြေးလျ သိပ္ပံရေးရာဝန်ကြီး ဟုစစ် ကတော့ အခုအက်ပလီကေးရှင်းမှာ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို ဘယ်လိုသုံးလဲဆိုတာနဲ့ပတ်သက်ပြီး မေးခွန်းတွေရှိနေတယ်လို့ အင်္ဂါနေ့က ABC သတင်းဌာနကို ဖြေထားပါတယ်။
''ကျွန်တော်ဆိုရင်တော့ ဒါတွေနဲ့ပတ်သက်လာရင် အရမ်းသတိထားမှာပါ။ ဒီလိုပြဿနာတွေဟာ သေသေချာချာ အလေးပေးပြောဖို့ လိုတာတွေပါ'' လို့ သူက ပြောပါတယ်။
ဒါနဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာရဖို့ ဘီဘီစီက DeepSeek ဘက်ကို မေးမြန်းခဲ့ပေမဲ့ မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။ ဒါပေမဲ့ အမေရိကန်နဲ့ ဗြိတိန်က သုံးစွဲသူတွေကတော့ ဒါကို သတိထားကြတဲ့ပုံတော့ မပေါ်သေးပါဘူး။
အဲဒီ ၂ နိုင်ငံစလုံးက DeepSeek ကို ရယူသုံးစွဲတဲ့ ထိပ်ဆုံးနိုင်ငံ ၂ ခုအဖြစ် ရှိနေပါတယ်။ ဒါကြောင့် DeepSeek စတင် မိတ်ဆက်ချိန်ကစလို့ အက်ပလီကေးရှင်း စတိုးထဲကနေ ရယူသုံးစွဲသူက သုံးသန်းအထိကို ရှိလာနေတယ်လို့ စျေးကွက်အကဲခတ် ဆန်ဆာ တာဝါက ပြောပါတယ်။
အဲဒီပမာဏရဲ့ ၈၀ ရာခိုင်နှုန်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲက ရှိခဲ့တာပါ။ ဒါဟာ အခြားအလားတူအက်ပလီ ကေးရှင်းဖြစ်တဲ့ Perplexity တို့ထက် ရယူသုံးစွဲမှု ၃ ဆ ပိုများတဲ့ ပမာဏလည်းဖြစ်ပါတယ်။
ဘယ်အချက်အလက်တွေကို DeepSeek က စုဆောင်းလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
DeekSeek မှာပါတဲ့ ပုဂ္ဂိုလ်ရေးမူဝါဒအရ အသုံးပြုသူတွေထံက ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက် ပမာဏအများအပြားကို စုဆောင်းပြီး တရုတ်ပြည်ထဲက ''လုံခြုံစိတ်ချရတဲ့ ဆာဗာတွေထဲ'' မှာ သိမ်းဆည်းထားတာလို့ ဆိုထားပါတယ်။
ဒါတွေပါဝင်နိုင်ပါတယ်။
အကောင့်ကို ဝင်လိုက်တဲ့အခါမှာ အီးမေးလ် လိပ်စာတွေ၊ ဖုန်းနံပါတ်၊ မွေးသက္ကရာဇ် စတာတွေ ကို ထည့်သွင်းရပါတယ်။
အသုံးပြုသူတိုင်းက စာသားနဲ့ရော အသံနဲ့ပါ ပြောဆိုအသုံးပြုနိုင်သလို နှစ်ဘက်ပြောဆိုထားမှုတွေ ကျန်ရှိနေမှာပါ။
''နည်းပညာသတင်းအချက်အလက်'' လို့ ဆိုရာမှာ ဖုန်းရဲ့ အမျိုးအစား၊ လည်ပတ်မှုစနစ်ကနေ ဖုန်းရဲ့ IP လိပ်စာနဲ့ ဖုန်းအဖွင့်အပိတ်မှာထားတဲ့ သော့ခတ်မှုပုံစံတွေအထိ ဖြစ်ပါတယ်။
"ဘေးကင်းမှု၊ လုံခြုံရေးနဲ့ တည်ငြိမ်မှု"နဲ့ ကိုပိုမိုကောင်းမွန်လာအောင် အသုံးပြုနိုင်ဖို့အတွက် Deepseek က အခုလိုအချက်အလက်တွေကို သုံးစွဲတယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့် အဲဒီအချက်အလက်တွေ တခြားစီးပွားရေးလုပ်ငန်းမျိုး၊ ကြော်ငြာလုပ်ငန်းတွေနဲ့ ပူးပေါင်းလုပ် ဆောင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို မျှဝေတာတွေရှိလာမှာပါ။ အဲဒီအချက်အလက်တွေကို လိုအပ်တဲ့ကာလပတ်လုံး အလျှောက် အလားတူအဖွဲ့တွေကို မျှဝေနေမှာပါ။
''DeepSeek ရဲ့ နည်းပညာဆိုင်ရာအလားအလာတွေနဲ့ ပတ်သက်ပြီး အထူးသဖြင့် သူရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာမူဝါဒနဲ့ ပတ်သက်တဲ့ သတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြတာရှိတယ်'' လို့ ExpressVPN က ဒစ်ဂျစ်တယ်ပုဂ္ဂိုလ်ရေးဆိုင်ရာ အသိပညာပေးသူ လောရန့် ဟန်ဒရီပါဆန်က ပြောပါတယ်။
အချက်အလက်တွေကို အသုံးပြုတဲ့နေရာမှာ "ဝန်ဆောင်မှုပြင်ပတွင်လည်း သင်နဲ့ သင်ရဲ့လုပ်ဆောင်ချက်တွေ ကိုက်ညီအောင် ကူညီပေးဖို့"ဆိုပြီး ပြောထားတဲ့အချက်ကို သူက အဓိကထားထောက်ပြပါတယ်။
အဲဒါကြောင့်လည်း "ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်ကို စိုးရိမ်တဲ့သူတွေအားလုံးဟာ ဒါကို ချက်ချင်း ခေါင်းထောင်လောက်တဲ့အထိ သတိထားသင့်တယ်'' လို့ သူက ပြောပါတယ်။
ဒါပေမယ့် သတင်းအချက်အလက်အမြောက်အမြားကို သိုမှီသိမ်းဆည်းတဲ့ Deepseek ရဲ့ ပုံစံကလည်း အခြား အက်ပလီကေးရှင်းတွေဖြစ်တဲ့ ChatGPT၊ ဂျာမနိုင်း (Gemini) နဲ့ အခြားဆိုရှယ်မီဒီယာတွေလိုပဲ ပုဂ္ဂိုလ်ရေးအချက်အလက် အသုံးပြုမှုအပေါ်ကို သဘောတူညီချက်ပေးရတာမျိုး ပုံစံတူကြတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။
ဒီတော့ သုံးဖို့ ဘေးကင်းပါရဲ့လား

ဓာတ်ပုံ ရင်းမြစ်, Getty Images
"DeepSeek အပါအဝင် လွယ်လွယ်ကူကူရရှိသုံးစွဲနိုင်တဲ့ အေအိုင်မော်ဒယ်တွေမှာ ဝက်ဘ်ပဲ ဖြစ်ဖြစ်၊ အက်ပ်ပဲဖြစ် အေအိုင်ကို မေးသမျှ မေးခွန်းတွေ၊ ဒါမှမဟုတ် ရှာဖွေမှုတွေဟာ အဲဒီမိုဒယ်ကို ဖန်တီးသူတွေဆီ ရောက်တယ်ပေါ့။ ပြီးရင်တော့ အဖြေတွေ ပြန်ထွက်လာတာပေါ့လေ'' လို့ အောက်စဖို့ဒ်သတင်းအချက်အလက် သုတေသနဌာန အမှုဆောင်ချုပ် အမ်မလီ တေလာက ပြောပါတယ်။
"လျှို့ဝှက်ကိစ္စတွေ ဒါမှမဟုတ် အမျိုးသားလုံခြုံရေးနယ်ပယ်မှာ အလုပ်လုပ်နေတဲ့သူတွေအတွက်တော့ ဒီလိုအန္တရာယ်ရှိနိုင်တဲ့အဆင့်တွေကို သတိထားဖို့ လိုအပ်တယ်'' လို့ သူက ဘီဘီစီကို ပြောပါတယ်။
ဆယ်လ်ဖော့တက္ကသိုလ်က ဒေါက်တာ ရစ်ချက် ဝစ်တဲယ်ကတော့ "ပုဂ္ဂိုလ်ရေးနဲ့ အချက်အလက်တွေနဲ့ ပတ်သက်ရင် စိုးရိမ်စရာတွေရှိတယ်'' လို့ ပြောပြီး အမေရိကန်မှာ အသုံးပြုနေတဲ့ မော်ဒယ်တွေနဲ့ပတ်သက်ပြီး ''စိုးရိမ်စရာ တပုံတပင်''ရှိတယ်လို့ လည်း သူက ပြောပါတယ်။
"သုံးစွဲသူတွေအနေနဲ့ အက်ပလီကေးရှင်း တစ်ခု နာမည်ကြီး၊ လူကြိုက်များနေချိန်မှာ မေ့နေတတ်ကြတဲ့ ဒီလိုအချက်တွေကို သတိထားသင့်ပါတယ်'' လို့ သူက ပြောပါတယ်။
သတင်းအချက်အလက် လုပ်ထုံးလုပ်နည်းကြီးကြပ်မှုဆိုင်ရာ သတင်းအချက်အလက်မဟာမင်းကြီးရုံးကတော့ အေအိုင်မော်ဒယ်တွေကို စနစ်ကျအောင် လေ့ကျင့်မှုမှာ ကိုယ့်ရဲ့အချက်အလက်တွေကို အသုံးပြုမှုနဲ့ပတ်သက်ပြီး သတိထားကြဖို့ လူထုကို တိုက်တွန်းပါတယ်။
သြစတြေးလျအစိုးရက စိုးရိမ်ချက်ရှိနေတာမျိုး ရှိနေလားလို့ ဘီဘီစီသတင်းဌာန မေးရာမှာတော့ '' Generative AI ထုတ်လုပ်သူနဲ့ ဖြန့်ချိသူတွေဟာ လိုအပ်တဲ့သတင်းအချက်အလက်ကို လူတွေ လွယ်လွယ်ကူကူ၊ တိတိကျကျ၊ အဓိပ္ပါယ်ရှိရှိ ရရှိတာမျိုးဖြစ်အောင် လုပ်သင့်တယ်။ ပြီးတော့ လူတွေဟာ သူတို့ရဲ့ သတင်းအချက်အလက်ရပိုင်ခွင့်တွေကို လူတွေကျင့်သုံးနိုင်တဲ့လုပ်ငန်းစဥ်နဲ့ပတ်သက်ပြီးတော့ လည်း ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ထားသင့်ပါတယ်'' လို့ စာနဲ့အကြောင်းပြန်ပါတယ်။
"သက်ရောက်မှုရှိ ပွင့်လင်းမြင်သာတဲ့ တိုင်းဆမှုတွေကို အာဏာပိုင်တွေသက်ဆိုင်သူတွေနဲ့ ကျွန်ုပ်တို့ ဆက်ပြီးတော့ ချိတ်ဆက်လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့ရဲ့ ကြီးကြပ်ရေးလုပ်ဆောင်မှုတွေကို မျက်ကွယ်ပြုခဲ့ရင်လည်း အရေးယူဖို့တွန့်ဆုတ်နေမှာမဟုတ်ပါဘူး" လို့ သြစတြေးလျအစိုးရက အကြောင်းပြန်ပါတယ်။
''ထိရောက်ပွင့်လင်းတဲ့အစီအမံတွေပေါ်အောင် တွန်းဖို့နဲ့ လုပ်ထုံးလုပ်နည်းသတ်မှတ်ချက်တွေမှာ မျှော် လင့်ထားတဲ့အတိုင်း အရေးတယူလုပ်ဆောင်မှုအပိုင်းမှာလည်း နောက်လှည့်မကြည့်ဘဲ သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေအားလုံးနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်'' လို့ အကြောင်းပြန်စာမှာဖော်ပြထားပါတယ်။











