ဗန်းမော်၊ ‌ထောက်ပို့တပ်ရဲ့ ခြေကုပ်စခန်းတစ်ခုကို KIA/PDF သိမ်းယူ

ဗန်းမော်အခြေစိုက် ထောက်ပံ့ပို့ ဆောင်ရေးတပ် ထပရ ၉၃၃ ရဲ့ အဝင်လမ်းက ခြေကုပ်စခန်းတစ်ခုကို KIA/PDF ပူးပေါင်းတပ်တွေက ဇန်နဝါရီ ၁၄ ရက်မှာ သိမ်းယူလိုက်တဲ့သတင်းအပါအဝင် ဇန်နဝါရီ ၁၅ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ရွေးကောက်ပွဲအပိုင်း ၃ ထဲမှာပါနေတဲ့ ဗန်းမော်မှာ တိုက်ပွဲပြန်ပြင်းထန်လာပြီး အမှတ် ၉၃၃ ထောက်ပို့တပ်ရဲ့ အဝင်လမ်းက ခြေကုပ်စခန်းကို ကေအိုင်အေသိမ်း
  • ရာမ ၂ လမ်းလုပ်ငန်းခွင်မှာ အသုံးပြုနေတဲ့ ကရိန်းပြိုကျမှုကြောင့် လူ ၁ ဦး သေဆုံးတယ်လို့ ကနဦးသိရ
  • မြင်းခြံ၊ ပြည်သူ့စစ် ဒုတိယခေါင်းဆောင်တစ်ဦးကို မနေ့က မနက်ပိုင်းမှာ မြင်းခြံ-ညောင်ဦးလမ်းပေါ်မှာ ဖမ်းဆီးရမိတယ်လို့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက သတင်းထုတ်ပြန်
  • တောင်ကုတ်မြို့ပေါ်က ကံပိုင်ရပ်ကွက်မှာ လူသေဆုံးတဲ့ ဓားပြမှုတစ်ခု ဒီဇင်ဘာ ၁၃ ရက်မှာဖြစ်ခဲ့ပြီး ကျူးလွန်သူကို မမိသေး
  • သိန်း ၁၀၀ နားချဥ်းကပ်လာတဲ့ မြန်မာ့ပြည်တွင်း ရွှေဈေးဟာ ဒီဇင်ဘာ ၁၅ ရက်မှာ ငွေကျပ် ၉၉ သိန်းအထိ ရောက်လာ
  • နိုင်ငံပေါင်း ၇၀ ကျော်အတွက် ရွှေ့ပြောင်း ဗီဇာ ထုတ်ပေးတဲ့လုပ်ငန်းစဉ်ကို အမေရိကန် အကန့်အသတ်မဲ့ ဆိုင်းငံ့
  • မြန်မာနိုင်ငံသား အယောက် ၁၀၀ ဝန်းကျင်ဟာ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု၊ အထောက်အထားအတုကိုင်ဆောင်မှုတွေနဲ့ ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ကျခံပြီးပေမဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်က အင်ဖာထောင်မှာ ဆက်လက်ထိန်းသိမ်းခံနေရ
  • စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်ထဲမှာ ရွေးကောက်ပွဲအတွက် မဲရုံ လုံခြုံရေး တာဝန်ကျ စစ်သားနဲ့ စစ်မှုထမ်း ၅ ဦး ထွက်ပြေး၊ အလင်းဝင်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇန်နဝါရီ ၁၅ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီပါပြီ။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. PDF ဖမ်းမိတဲ့ ဦးစိန်လွင် အကြောင်း ပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီတာယုမွန် ဘာပြောလဲ

    ပြောက်ကျားယူနီဖောင်းဝတ်ပြီး သံခမောက်ဆောင်း စကားပြောစက်ပြောနေတဲ့ အမျိုးသမီးတစ်ဦး ထိုင်နေတာကို မြင်ရ၊ သူ့ဘေးမှာ သေနတ်တလက်ထောင်ထား

    ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရမ်

    နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းထဲက ခြေမြန်တပ်ရင်း ခမရ ၁၅ အခြေစိုက်တဲ့ ပြည်သူ့စစ်အားကောင်းတဲ့ မြင်းခြံမြို့မှာ ပြည်သူ့စစ်ခေါင်းဆောင်အမျိုးသမီး ဒေါ်သီတာယုမွန်ရဲ့ ခင်ပွန်း ကို ဖမ်းမိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေက မှတ်တမ်းပုံတွေနဲ့ ထုတ်ပြလိုက်ပါတယ်။

    ဒေါ်သီတာယုမွန်ဟာ မြင်းခြံသာမက တောင်သာ၊ နွားထိုးကြီးနယ်တကြောမှာ ပြည်သူ့စစ်တွေအပေါ် သြဇာလွှမ်းတဲ့ အမျိုးသမီးပြည်သူ့စစ်ခေါင်းဆောင်အဖြစ် စစ်တပ်ထောက်ခံသူတွေက ပုံဖော်ထားပါတယ်။

    တဖက်တော်လှန်ရေးတပ်တွေဘက်က ဒေါ်သီတာယုမွန်ကို ဖမ်းမိရေးလိုလားနေချိန်မှာ ဒေါ်သီတာယုမွန်ရဲ့ ခင်ပွန်း ဆိုသူ ဒုတိယ ပြည်သူ့စစ်ခေါင်းဆောင်ကို ဖမ်းမိလိုက်တဲ့ အခြေအနေဖြစ်ပါတယ်။

    ခင်ပွန်း ဆိုသူ ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ဒေါ် သီတာယုမွန် ဘယ်လိုတုံ့ပြန်လဲ၊ သူ့ခင်ပွန်းလို့ဆိုသူ ဦးစိန်လွင်ကို PDF တွေ ဘယ်လို ဖမ်းမိကြလဲ။

    အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါယတ်။

  3. တရုတ်သတင်းပေးလို့ ရှမ်းမြောက်က မူးယစ်ဆေးဝါးထုတ်တဲ့နေရာကို စစ်တပ်ဖမ်းဆီး

    သီပေါနဲ့ မိုင်းရယ်မှာ စစ်တပ် စီးနင်းခဲ့တဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ငန်း တစ်နေရာမှာ စစ်ကော်မရှင် တပ်ဖွဲ့ဝင် တစ်ဦး စောင့်ကြပ်နေတာဖြစ်ပါတယ်

    တရုတ်ဘက်က သတင်းပေးမှုကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါနဲ့ မိုင်းရယ်မြို့နယ် တွေထဲက အကြီးစားမူးယစ်ဆေးဝါးထုတ်လုပ်တဲ့ နေရာ ၃ ခုကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာစစ်ကော်မရှင် တာဝန်ရှိသူတွေက ‌ပြောပါတယ်။

    ဇန်နဝါရီ ၁၄ ရက်က မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ်မှာ ပြုလုပ်ခဲ့တဲ့ မူးယစ်ဆေးဝါးနဲ့ မူးယစ်ဆေးဝါးတွေ ချက်လုပ်ပစ္စည်းများသိမ်းဆည်းရမိမှုနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလိုပြောခဲ့တာဖြစ်ပါတယ်။

    တရုတ်က သတင်းပေးတယ်လို့ သတင်းစာရှင်းလင်းပွဲ မှာပါဝင်တဲ့ စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပေမဲ့ ဘယ်အချိန်က သတင်းစပေးခဲ့တယ်ဆိုတာနဲ့ ဘယ်လို ဝင်ရောက်စီးနင်းတယ်ခဲ့တယ်ဆိုတာတော့အတိအကျ သူက မပြောသွားပါဘူး။

    စစ်ကော်မရှင် အပြောအရ မြန်မာ့သမိုင်းမှာစံချိန်တင်ပမာဏရှိတဲ့ မူးယစ်ဆေးဝါးတွေလို့ ဆိုပြီး အဲဒီဖမ်းဆီးမှုကို မြန်မာရဲတပ်ဖွဲ့ ကွန်မန်ဒို တပ်ခွဲ ၃ ခု၊ စစ်တပ်ရဲ့ တပ် ရင်း ၃ ရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်နိုင်ပါတယ်။

  4. သတင်းထူး, ဒီနေ့ညနေပိုင်းငလျင် ဝမ်းတွင်းမြို့ကို ဗဟိုပြုတယ်လို့ မိုးဇလပြော

    ထိုင်းငလျင် စောင့်ကြည့်ရေးဌာနက မှတ်တမ်းတင်ထားတဲ့ ငလျင်ဗဟိုချက်နေရာ

    ဓာတ်ပုံ ရင်းမြစ်, TDM

    ဓာတ်ပုံ ပုံစာ, ထိုင်းငလျင် စောင့်ကြည့်ရေးဌာနက မှတ်တမ်းတင်ထားတဲ့ ငလျင်ဗဟိုချက်နေရာ

    ဒီနေ့ညနေပိုင်း ၆ နာရီ ၄၂ မိနစ်ကျော်တုန်းက လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ ပြင်းအား ၅.၁ ရစ်(ခ်)တာစကေးရှိတယ်လို့ မိုးလေဝသဌာနက သတင်းထုတ်ပြန်ပါတယ်။

    ငလျင်ဟာ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့ အရှေ့မြောက်ဘက် ၅ မိုင်ခန့်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တာလို့လည်းဆိုပါတယ်။

    ထိုင်းငလျင်စောင့်ကြည့်ရေးဌာနကတော့ ငလျင်ဟာ သာစည်မြို့အနီးကို ဗဟိုပြု လှုပ်ခတ်ခဲ့ပြီး ပြင်းအား ၅.၉ မဂ္ဂနီကျူရှိတယ်လို့ မှတ်တမ်းတင်ပါတယ်။

    သာစည်မြို့နယ်မှာနေထိုင်တဲ့ဒေသခံတစ်ဦးကတော့ ငလျင်ဒဏ်ကို သိသိသာသာခံစားခဲ့ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

    ''အနောက်ဘက်နံရံက မှန်ကားတွေ တဖြန်းဖြန်း လှုပ်တယ်။ ချိတ်ထားတဲ့ဓာတ်ပုံတွေလည်း ယိမ်းထိုးကုန်တယ်။ အထိတ်တလန့်ဖြစ်ကြသေးတယ်။ မတ်လ ငလျင်တုန်းကတော့ ခုံတွေ မှောက်လဲတဲ့အထိ ပြင်းခဲ့တော့ အခု လှုပ်တာကိုကြုံရတဲ့အခါ ငလျင်အားပြင်းမှာကို နည်းနည်းစိုးရိမ်တယ်'' လို့ သူက ဆိုပါတယ်။

    အခုငလျင်လှုပ်ခတ်မှုကို သာစည်အပြင် မိတ္ထီလာ၊ တောင်သာဘက်တွေမှာလည်း ခံစားသိခဲ့ကြရတယ်လို့ ဒေသခံတွေက သူတို့အတွေ့အကြုံတွေကို လူမှုကွန်ရက်ပေါ်မှာ ရေးသားနေကြပါတယ်။

  5. တရုတ်သတင်းပေးလို့ မူးယစ်ဆေးဝါးထုတ်တဲ့နေရာကို စစ်တပ်ဖမ်းဆီး

    မူးယစ်ဆေးထုတ်တဲ့နေရာကိုဖမ်းမိတယ်ဆိုပြီး နိုင်ငံတကာသံရုံးတွေကိုခေါ်သွားပြ
    ဓာတ်ပုံ ပုံစာ, မူးယစ်ဆေးထုတ်တဲ့နေရာကိုဖမ်းမိတယ်ဆိုပြီး နိုင်ငံတကာသံရုံးတွေကိုခေါ်သွားပြ

    တရုတ်ဘက်က သတင်းပေးမှုကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါနဲ့ မိုင်းရယ်မြို့နယ် တွေထဲက အကြီးစားမူးယစ်ဆေးဝါးထုတ်လုပ်တဲ့ နေရာ ၃ ခုကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာစစ်ကော်မရှင် တာဝန်ရှိသူတွေက ‌ပြောပါတယ်။

    မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ်မှာ ပြုလုပ်တဲ့ မူးယစ်ဆေးဝါးနဲ့ မူးယစ်ဆေးဝါးတွေ ချက်လုပ်ရာမှာ အသုံးပြုတဲ့ပမာဏအများဆုံး သိမ်းဆည်းရမိမှု၊ အွန်လိုင်းလိမ်လည် လောင်း ကစားမှု ပြုလုပ်ရာမှာ အသုံးပြုတဲ့ပစ္စည်းတွေ ဖော်ထုတ်သိမ်းဆည်းရမိမှုတို့နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလိုပြောခဲ့တာဖြစ်ပါတယ်။

    တရုတ်က သတင်းပေးတယ်လို့ သတင်းစာရှင်းလင်းပွဲ မှာပါဝင်တဲ့ စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပေမဲ့ ဘယ်အချိန်က သတင်းစပေးခဲ့တယ်ဆိုတာနဲ့ ဘယ်လို ဝင်ရောက်စီးနင်းတယ်ခဲ့တယ်ဆိုတာတော့အတိအကျ သူက မပြောသွားပါဘူး။

    စစ်ကော်မရှင် အပြောအရ မြန်မာ့သမိုင်းမှာစံချိန်တင်ပမာဏရှိတဲ့ မူးယစ်ဆေးဝါးတွေလို့ ဆိုပြီး အဲဒီဖမ်းဆီးမှုကို မြန်မာရဲတပ်ဖွဲ့ ကွန်မန်ဒို တပ်ခွဲ ၃ ခု၊ စစ်တပ်ရဲ့ တပ် ရင်း ၃ ရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။

    ဘယ်လိုစီးနင်းခဲ့တာလဲ။ ဒီလင်ခ့် ကို နှိပ်ပြီးဖတ်ရှုနိုင်ပါတယ်။

  6. ရန်ကုန်မြို့ တိုင်းရင်းသားကျေးရွာမှာလုပ်တဲ့ ကယားပြည်နယ်နေ့ မြင်ကွင်းတွေ

    ရန်ကုန်မြို့ တိုင်းရင်းသားကျေးရွာမှာ ပြုလုပ်တဲ့ ကယားပြည်နယ်နေ့အတွေ့အကြုံ

    ဓာတ်ပုံ ရင်းမြစ်, ဖြိုးရသ

    ရန်ကုန်မြို့၊ သာကေတမြို့နယ်က တိုင်းရင်းသားကျေးရွာမှာ ဒီနေ့မနက်ပိုင်းတုန်းက ပြုလုပ်တဲ့ကယားပြည်နယ်နေ့ အခမ်းအနား မြင်ကွင်းတွေဖြစ်ပါတယ်။

    ရန်ကုန်မြို့ တိုင်းရင်းသားကျေးရွာမှာ ပြုလုပ်တဲ့ ကယားပြည်နယ်နေ့အတွေ့အကြုံ

    ဓာတ်ပုံ ရင်းမြစ်, ဖြိုးရသ

    ဒီနေ့ကျရောက်တဲ့ ကယားပြည်နယ်နေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကယားပြည်နယ်ဟာ ပြန်လည်အေးချမ်းပြီး ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ် ပြန်ရောက်နေပြီလို့ပြောပါတယ်။

    ရန်ကုန်မြို့ တိုင်းရင်းသားကျေးရွာမှာ ပြုလုပ်တဲ့ ကယားပြည်နယ်နေ့အတွေ့အကြုံ

    ဓာတ်ပုံ ရင်းမြစ်, ဖြိုးရသ

    ရန်ကုန်မြို့ တိုင်းရင်းသားကျေးရွာမှာ ပြုလုပ်တဲ့ ကယားပြည်နယ်နေ့အတွေ့အကြုံ

    ဓာတ်ပုံ ရင်းမြစ်, ဖြိုးရသ

    ၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက် ကယား(ကရင်နီ) ပြည်နယ်ဟာ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တွန်းလှန်မှု အစောပိုင်းပြုလုပ်ခဲ့တဲ့ပြည်နယ်တွေထဲက တစ်ခုဖြစ်ပါတယ်။

    ၂၀၂၃ ခုနှစ်မှာ မြို့တော်လွိုင်ကော်ကို သိမ်းဖို့ ရည်ရွယ်တဲ့ ၁၁၁၁ စစ်လေးလုံးစစ်ဆင်ရေးကို ကရင်နီပူးပေါင်းတပ်တွေက စတင်ခဲ့ပေမဲ့ စစ်တပ်က ပြန်လည်ထိုးစစ်ဆင်ခဲ့ပြီး လက်ရှိအချိန်မှာ စစ်တပ်ဟာ လွိုင်ကော်၊ ဒီးမော့ဆိုတို့ကို ပြန်လည် သိမ်းယူထားပါတယ်။

    စစ်ခေါင်းဆောင်ကတော့ ဒေသဖွံ့ဖြိုးရေး တိုးတက်နှေးကွေးအောင် ဒေသခံတိုင်းရင်းသား လက်နက်ကိုင်တွေက လုပ်နေတယ်လို့ဆိုပြီး အပြစ်ဖို့ ပြောဆိုပါတယ်။

    တဖက်မှာလည်း စစ်တပ်ဟာ ရှမ်း- ကယားနယ်စပ်က မိုးဗြဲနဲ့ ဖယ်ခုံမြို့တွေကို ပြန်သိမ်းထားပြီး ကယား(ကရင်နီ)ပြည်နယ်ထဲမှာ စစ်ရေးဖြန့်ကြက်တာတွေ ပြုလုပ်နေပါတယ်။

  7. ရခိုင်နဲ့ စစ်ကိုင်းမှာ မဲရုံစောင့် စစ်သားတချို့ ထွက်ပြေး

    မော်လိုက်ခရိုင် တပ်ရင်း ၄ ကို ဘက်ပြောင်းလာသူတွေနဲ့ အတူပါလာတဲ့ စစ်တပ်ရဲ့ လက်နက်ခဲယမ်းတွေ

    ဓာတ်ပုံ ရင်းမြစ်, PVTV

    ဓာတ်ပုံ ပုံစာ, မော်လိုက်ခရိုင် တပ်ရင်း ၄ ကို ဘက်ပြောင်းလာသူတွေနဲ့ အတူပါလာတဲ့ စစ်တပ်ရဲ့ လက်နက်ခဲယမ်းတွေလို့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က သတင်းထုတ်

    စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်ထဲမှာ ရွေးကောက်ပွဲအတွက် မဲရုံလုံခြုံရေး တာဝန်ကျ စစ်သား ၅ ဦး ထွက်ပြေးပြီး ဘက်ပြောင်းခိုလှုံတာရှိတယ်လို့ ပြည်သူ့ရင်ခွင်အဖွဲ့နဲ့ ဒေသတွင်းသတင်းဖော်ပြချက်တွေအရ သိရပါတယ်။

    စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ မိုးကောင်းကျေးရွာမဲရုံစောင့် တာဝန်ကျတဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သား ၃ ဦးက လက်နက်နဲ့အတူ မော်လိုက်ခရိုင် အမှတ် ၄ တပ်ရင်းကို ခိုလှုံလာတယ်လို့ ပြည်သူ့ရင်ခွင်အဖွဲ့ကနေ သိရပါတယ်။

    စစ်မှုထမ်းသင်တန်းဆင်းတပ်သား ၃ ဦးဟာ ပြည်သူ့ရင်ခွင်အဖွဲ့ကို ချိတ်ဆက်လာပြီး အဲဒီကတဆင့် မော်လိုက်ခရိုင်တပ်ရင်းကို ထပ်ဆင့် ချိတ်ဆက်ပေးခဲ့တာပါ။

    ပြည့်သူ့ရင်ခွင်ဟာ CDM စစ်သားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ဘက်ပြောင်းခိုလှုံချင်တဲ့ စစ်သားတွေအတွက် ချိတ်ဆက်ပေးတဲ့ ပေါင်းကူးအဖွဲ့ဖြစ်ပါတယ်။

    “အရေအတွက်အတိအကျပြောလို့ မရပေမဲ့ လာဆက်သွယ်ပြီး ထွက်လိုတဲ့ လူငယ်တွေ စောင့်ဆိုင်းနေတာ ရှိပါတယ်။ ဘက်ပြောင်းခိုလှုံချင်ရင် ဆက်သွယ်လာလို့ ရပါတယ်” လို့ ပြည်သူ့ရင်ခွင်အဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    ရခိုင်ပြည်နယ်ဘက်မှာလည်း မာန်အောင်မြို့နယ်၊ ခအုန်းမော်ရွာက ရွေးကောက်ပွဲလုံခြုံရေးတာဝန် ကျ စစ်သား ၂ ဦး ထွက်ပြေးတာရှိတယ်လို့ ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။

    မာန်အောင်မြို့နယ်ဟာ စစ်တပ်ရွေးကောက်ပွဲ အပိုင်း ၁ မှာ ကျင်းပတဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ် ၃ မြို့နယ်ထဲမှာ ပါဝင်ပါတယ်။

    အာရက္ခတပ်တော် (အေအေ)နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်ဖြူရှေ့တန်းကို မသွားလိုတာကြောင့် ထွက်ပြေးတာလို့ ဒေသခံရဲ့ပြောစကားကို အခြေခံပြီး သတင်းမှာဖော်ပြထားပါတယ်။

    ၂၀၂၆ ဇန်နဝါရီလ ပထမပတ်အတွင်း အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် ၅၅ ဦးရှိတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဒီနေ့ထုတ်ပြန်ပါတယ်။

    ဘက်ပြောင်းလာသူ ၁၃ ဦးမှာ ၁၁ ဦးက စစ်မှုထမ်းတပ်သားသစ်တွေဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်က ဖော်ပြပါတယ်။

    တစ်ချိန်တည်းမှာပဲ စစ်ကော်မရှင်တပ်ကလည်း ပြီးခဲ့တဲ့ရက်အတွင်း ကရင်ပြည်နယ်ထဲမှာ တပ်ဘက်ဆီ ဘက်ပြောင်းခိုလှုံလာတဲ့ PDF ၅ ဦးရှိတယ်လို့ မနေ့က သတင်းထုတ်ပါတယ်။

  8. ဂရင်းလန်းကို ထရမ့်က ဘယ်လို "ရယူ" နိုင်သလဲ

    ကြီးမားကျယ်ပြန့်လှတဲ့ ဂရင်းလန်းမှာ နေထိုင်ကြတဲ့ လူဦးရေကနည်းပါးပြီး လူနေထူထပ်မှုကလည်း ကျဲပါးတာကြောင့် စစ်ဆင်ရေးလုပ်ပြီး ဝင်မယ်ဆိုရင် ခပ်မြန်မြန်လုပ်နိုင်တယ်လို့ ဆိုပေမဲ့ ကျွမ်းကျင်သူ အများစုက အဲဒီလို ဖြစ်လာနိုင်ခြေ နည်းတယ်လို့ ဆို

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ကြီးမားကျယ်ပြန့်လှတဲ့ ဂရင်းလန်းမှာ နေထိုင်ကြတဲ့ လူဦးရေကနည်းပါးပြီး လူနေထူထပ်မှုကလည်း ကျဲပါးတာကြောင့် စစ်ဆင်ရေးလုပ်ပြီး ဝင်မယ်ဆိုရင် ခပ်မြန်မြန်လုပ်နိုင်တယ်လို့ ဆိုပေမဲ့ ကျွမ်းကျင်သူ အများစုက အဲဒီလို ဖြစ်လာနိုင်ခြေ နည်းတယ်လို့ ဆို

    ဒေါ်နယ်ထရမ့်က ဂရင်းလန်းကို ရယူဖို့ ဆန္ဒရှိနေပြီး အိမ်ဖြူတော်ကလည်း အင်အားသုံးတာ အပါအဝင် လုပ်နိုင်တဲ့ရွေးချယ်စရာနည်းလမ်း အားလုံးကို အဆင်သင့်လုပ်ထားတယ်လို့ အတည်ပြုထားပါတယ်။

    စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး လုပ်ဆောင်နိုင်စရာ နည်းလမ်း မှန်သမျှကို စဥ်းစာနေချိန်မှာပဲ ဒါက နေတိုး အဖွဲ့ဝင်နိုင်ငံ တနိုင်ငံကို တခြားနေတိုးအဖွဲ့ဝင်နိုင်ငံက တိုက်ခိုက်တာမျိုး ဖြစ်သွားနိုင်တာမို့ ဒီအရေးကတဆင့် နေတိုးမဟာမိတ်ဖြစ်မှု အကျပ်ဆိုက် သွားနိုင်သလို နေတိုးအဖွဲ့ ပြိုကွဲချုပ်ငြိမ်းသွားတာမျိုးအထိ ဖြစ်သွားနိုင်တာပါ။

    ထရမ့်က ဂရင်းလန်းမှာ "ရုရှားနဲ့ တရုတ် သင်္ဘောတွေက နေရာနဲ့အမျှ ပြည့်နေတာပဲ" လို့ အထောက်အထားပြစရာမရှိဘဲ ပြောနေရင်း ဂရင်းလန်းဟာ အမေရိကန် အမျိုးသားလုံခြုံရေးအတွက် အချက်အချာကျတယ်လို့ ထပ်ခါ ထပ်ခါ ဆိုနေပါတယ်။

    အမေရိကန်၊ ဗြိတိန်နဲ့ ဒိန်းမတ်တို့က ကျွမ်းကျင်သူတွေရဲ့အကူအညီကို ကျွန်တော်တို့ ရယူပြီး အမေရိကန်သမ္မတအနေနဲ့ ဘယ်နည်းကို စဥ်းစားနေသလဲဆိုတာအပြင် အဲဒီနည်းလမ်းတွေက ဖြစ်နိုင်ခြေရှိရဲ့လားဆိုတာကို ဆန်းစစ်ထားပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  9. မဏိပူရမှာ လွတ်ရက်စေ့ မြန်မာနိုင်ငံသား ၁၀၀ ဝန်းကျင် ဆက်လက်ထိန်းသိမ်းခံနေရ

    မဏိပူရပြည်နယ် ဗဟိုထောင်(ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, AFP

    ဓာတ်ပုံ ပုံစာ, မဏိပူရပြည်နယ် ဗဟိုထောင်(ပုံဟောင်း)

    မြန်မာနိုင်ငံသား အယောက် ၁၀၀ ဝန်းကျင်ဟာ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု၊ အထောက်အထားအတုကိုင်ဆောင်မှုတွေနဲ့ ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ကျခံပြီးပေမဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်က အင်ဖာထောင်မှာ ဆက်လက်ထိန်းသိမ်းခံနေရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ India for Myanmar အဖွဲ့ကနေ သိရပါတယ်။

    အဲဒီထဲက အယောက် ၂၀ ဝန်းကျင်ကို India for Myanmar က ကူနေပြီး အချို့ဟာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ ချိတ်ဆက်အကူအညီတောင်းထားကြတယ်လို့ သိရပါတယ်။

    “ကျွန်‌တော်တို့ရွာက နို့စို့အရွယ်ကလေး ၂ ယောက်အပါအဝင် ၁၄ ယောက် အဖမ်းခံထားရတာ ၅ နှစ်ရှိပါပြီ။ ဖမ်းခံထားရတဲ့တစ်ယောက် လွန်ခဲ့တဲ့ရက်ပိုင်းက သူ့အိမ်ကို ဖုန်းဆက်ပြောတာတော့ မြန်မာဘက်က လက်မခံလို့ ပြန်မလွှတ်တာဆိုပြီး ထောင်ဝန်ထမ်းက သူ့ကို ပြောတယ်တဲ့” လို့ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုနဲ့ နီးစပ်သူက ဘီဘီစီကိုပြောပါတယ်။

    သူက စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲမှာရှိတဲ့ ရွာတစ်ရွာကဖြစ်ပြီး သူတို့ရွာခံတွေဟာ မဏိပူရ ပြည်နယ်ထဲကို ရက်ကန်းအလုပ်လုပ်ကိုင်ဖို့ သွားရင်း တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

    တစ်ဦးကို မြန်မာငွေကျပ် သိန်း ၂၀ ပေးရင် ပြန်လွှတ်မယ်လို့ ၂၀၂၄ နှစ်အတွင်းမှာ ထောင်ဘက်က ပြောတာကြောင့် ဖမ်းဆီးခံထားရသူတွေက မိသားစုတွေဆီကနေ တောင်းယူပြီး ပေးခဲ့ပေမဲ့ ပြန်လည်လွတ်မြောက်လာခြင်းမရှိဘူးလို့ သူက ပြောပါတယ်။

    ၂၀၂၅ ခုနှစ်အတွင်း တမူးနယ်စပ်ဂိတ်ကနေ အင်ဖာထောင်မှာ ဖမ်းဆီးခံခဲ့ရသူ ၅၃ ဦးကို အိန္ဒိယက မြန်မာအာဏာပိုင်တွေဆီ နှစ်ကြိမ်ခွဲပြီး ပြန်လည်လွှဲပြောင်းခဲ့ဖူးပါတယ်။

    “နောက်ဆုံးအလွှဲခံရတဲ့ အုပ်စုတောင်မှ မိသားစုနဲ့ပြန်မတွေ့နိုင်သေးဘူး။ စစ်‌ကော်မရှင်က တမူးမြို့မှာ ပြန်လည်ထိန်းချုပ်ထားတာ အယောက် ၃၀ ‌လောက်ရှိတယ်” လို့ India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

    အင်ဖာထောင်မှာ ဖမ်းခံထားရသူတွေဟာ ရက်ကန်းအလုပ်အတွက်သွားရောက်သူတွေအပြင် ၂၀၂၁ နောက်ပိုင်း စစ်အာဏာသိမ်းမှုကြောင့် တိမ်းရှောင်ရသူတွေ၊ ဆေးကုသမှုခံယူဖို့သွားသူတွေလည်း ပါဝင်ပါတယ်။

    ဖမ်းဆီးထောင်ချခံ ဒီလူတွေအရေး လှုပ်ရှားသူတွေကတော့ အိန္ဒိယကနေ ပြန်လည်လွှဲပြောင်းချိန်မှာ စစ်တပ်လက်ထဲမအပ်ဘဲ မိမိအစီအစဥ်နဲ့ ပြန်ခွင့်ပြုဖို့၊ ပြန်မလွှဲသေးခင်မှာ အင်ဖာထောင်ကနေ မီဇိုရမ်ပြည်နယ်ကထောင်ကို ပြောင်းခွင့်ပေးဖို့ အိန္ဒိယဗဟိုအစိုးရကို တောင်းဆိုထားကြပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒီလိုတောင်းဆိုချက်တွေအတွက် အင်ဖာထောင်တွင်း ထိန်းသိမ်းခံ မြန်မာနိုင်ငံသားအချို့ကိုယ်တိုင် အစာငတ်ခံဆန္ဒထုတ်ဖော်တာတွေလည်းရှိခဲ့ပါတယ်။

  10. နိုင်ငံပေါင်း ၇၀ ကျော်ကို ရွှေ့ပြောင်းဗီဇာ ထုတ်ပေးမှု အမေရိကန် အကန့်အသတ်မရှိ ဆိုင်းငံ့

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရှိရာလမ်းကို ပြတဲ့ဆိုင်းဘုတ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရှိရာလမ်းကို ပြတဲ့ဆိုင်းဘုတ်

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရဟာ ကမ္ဘာတလွှားနိုင်ငံပေါင်း ၇၀ ကျော်အတွက် ရွှေ့ပြောင်း ဗီဇာ ထုတ်ပေးတဲ့လုပ်ငန်းစဉ်ကို အကန့်အသတ်မဲ့ ဆိုင်းငံ့လိုက်ပြီလို့ သမ္မတ အိမ်တော် အိမ်ဖြူတော်က သတင်းထုတ်ပါတယ်။

    အဲဒီနိုင်ငံပေါင်း ၇၀ ကျော်ထဲမှာ မြန်မာစစ်ကော်မရှင်နဲ့ သံတမန်ဆက်ဆံရေး မပြတ်ရှိတဲ့ ရုရှား၊ အီရန်၊ နိုင်ဂျီးရီးယားနဲ့ ဆိုမာလီယာတို့အပြင် မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံလည်း ပါဝင်ပါတယ်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အမေရိကန်လူထုရဲ့ခံစားခွင့်နဲ့ စောင့်ရှောက်ခံခွင့်တွေကို ဖဲ့ယူဖို့ စနစ်ကို အလွဲသုံးနေတာတွေကို အဆုံးသတ်စေချင်တာကြောင့် အစိုးရဘက်က အခုလိုစီစဉ်လိုက်တာလို့ ဇန်န၀ါရီ ၁၄ ရက်မှာ ပြောပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အမေရိကန်ကို တရားမဝင်နည်းလမ်းနဲ့ရော၊ တရားဝင်နည်းလမ်းနဲ့ပါ ဝင်ရောက်တာတွေကို ကန့်သတ်မယ်လို့ အိမ်ဖြူတော်ကို ပြန်ရောက်ကတည်းက ပြောနေတာဖြစ်ပါတယ်။

    အခုအမိန့်ဟာ ဇန်နဝါရီလ ၂၁ ရက်ကလို့ စတင်အသက်ဝင်မှာဖြစ်ပေမဲ့ ကန့်သတ်ခံရတဲ့ ၇၅ နိုင်ငံ စာရင်းအတိအကျကိုတော့ မထုတ်ပြန်သေးပါဘူး။

    ဒီအတောအတွင်းမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ဗီဇာလုပ်ငန်းစဉ်အဆင့်ဆင့်ကို ပြန်လည် သုံးသပ်မယ်လို့လည်း ဝန်ကြီးဌာနပြောခွင့်ရသူက ပြောပါတယ်။

    အေပီသတင်းဌာနကတော့ အခုလိုဆိုင်းငံ့ခံလိုက်ရတဲ့နိုင်ငံတွေအတွက် ရွှေ့ပြောင်းဗီဇာ လျှောက်ထားတာတွေကို ဆိုင်းထားဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ကောင်စစ်အရာရှိတွေကို ညွှန်ကြားထားပြီးပြီလို့ သတင်းဖော်ပြပါတယ်။

    ဒါပေမဲ့ ယာယီခရီးသွားဗီဇာ၊ လုပ်ငန်းဗီဇာနဲ့ ရွှေ့ပြောင်းမဟုတ်တဲ့ ဗီဇာအမျိုးအစားတွေကိုတော့ ဆိုင်းငံ့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့လတွေအတွင်းမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ နိုင်ငံ့အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုလို့ဆိုပြီး သမ္မတထရမ့်ရဲ့မှတ်ယူခံရတဲ့ ရုရှား၊ အီရန်၊ အာဖဂနစ္စတန်နဲ့ အာဖရိက နိုင်ငံအတော်များများကို အမေရိကန်ကို ပြည်ဝင်ခွင့် ကန့်သတ်မှုတွေ တိုးလုပ်ထားပါတယ်။

  11. ဒီမနက် ရွှေဈေး ၉၉ သိန်းနဲ့ စဖွင့်

    ရန်ကုန်မြို့၊ တရုတ်တန်းက စိန်ရွှေရတနာဆိုင်တစ်ခုအတွင်း ရွှေရောင်းချနေတဲ့ အခြေအနေ(ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့၊ တရုတ်တန်းက စိန်ရွှေရတနာဆိုင်တစ်ခုအတွင်း ရွှေရောင်းချနေတဲ့ အခြေအနေ(ပုံဟောင်း)

    ရွှေတစ်ကျပ်သားကို သိန်း ၁၀၀ နားချဥ်းကပ်လာတဲ့ မြန်မာ့ပြည်တွင်း ရွှေဈေးဟာ ဇန်နဝါရီ ၁၅ ရက်မှာ ငွေကျပ် ၉၉ သိန်းအထိ ရောက်လာပြီလို့ ရွှေလုပ်ငန်းအသိုင်းအဝိုင်းဆီကနေ သိရပါတယ်။

    မနေ့က ပြင်ပဈေးကွက်မှာ ၁၆ ပဲရည် တစ်ကျပ်သားကို ၉၈ သိန်း ၇ သောင်းနဲ့ ဈေးဖွင့်ပြီး ၉၈ သိန်း ၉သောင်း နဲ့ ပိတ်ခဲ့တာပါ။

    ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဒီကနေ့ မနက်ပိုင်း တရားဝင် ပေါက်စျေးမှာတော့ အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၆၀ နဲ့ စျေးဖွင့်ထားပါတယ်။

    ကမ္ဘာ့ရွှေဈေးကတော့ တစ်အောင်စကို မနေ့က အမေရိကန်ဒေါ်လာ ၄၆၀၀ ကနေ ဒီနေ့မှာတော့ ၄၅၉၁ ဒသမ ၂၆ ဒေါ်လာ ဖြစ်နေပါတယ်။

    ကမ္ဘာ့ရွှေစျေးဟာ ဒေါ်လာအနည်းငယ် စျေးကျသွားပေမဲ့ မြန်မာ့ရွှေစျေးဟာ ဆက်တိုက်မြင့်တက်နေတာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့အပတ် စျေးကွက်ပိတ်ရက် သောကြာနေ့ ညနေမှာ တစ်ကျပ်သားကို ၉၄ သိန်းကျော်နဲ့ စျေးပိတ်ခဲ့တာဖြစ်ပြီး အခုအပတ်စျေးကွက်ဖွင့်ရက် ၃ ရက်အတွင်းမှာ ကျပ် ၄ သိန်းကျော် စျေးမြင့်လာတာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ၆ လအတွင်း မြန်မာမှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၈၀ ကျော် ရှိခဲ့ရာကနေအခုနှစ် နှစ်စပိုင်းမှာ ပြင်ပပေါက်စျေး ၁၆ ပဲရည် တစ်ကျပ်သားကိုကျပ်သိန်း ၁၀၀ နားကပ်လာပြီး စံချိန်တင်မြင့်တက်လာတာပါ။

  12. ထိုင်းမှာ ရထားပေါ် ကို ကရိန်းပြိုကျမှု သေဆုံးသူ ၃၂ ဦးအထိမြင့်တက်

    နခွန် ရက်ချာစီမာခရိုင်မှာဖြစ်ခဲ့တဲ့ ရထားမတော်တဆမှုမှာ ပျက်စီးသွားတဲ့ ရထားတွဲ တစ်တွဲကို ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့တွေက ကရိန်းနဲ့ နေရာရွှေ့နေတာဖြစ်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ နခွန် ရက်ချာစီမာခရိုင်မှာ ခုတ်မောင်းနေတဲ့ရထားတစ်စင်းပေါ်ကို အမြန်ရထားလမ်းဆောက်လုပ်ရေး လုပ်ငန်းခွင်သုံး ကရိန်းပြိုကျမှုမှာ သေဆုံးသူ ၃၂ ဦးအထိ မြင့်တက်လာတယ်လို့ သိရပါတယ်။

    ကရိန်းပြိုကျမှုဟာ မနေ့ ဇန်နဝါရီလ ၁၄ ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ခုတ်မောင်းနေတဲ့ရထားပြေးတဲ့ သံလမ်းနဲ့အပြိုင်မှာ ဆောက်လုပ်နေတဲ့ မိုးပျံအမြန်ရထားဆောက်လုပ်ရေးလုပ်ငန်းခွင်က ကရိန်း ပြိုကျခဲ့တာဖြစ်ပါတယ်။

    ဒီဖြစ်ရပ်မှာ နောက်ထပ် လူပေါင်း ၆၀ ကျော်လည်း ဒဏ်ရာရရှိထားပြီး အသက် ၈၅ နှစ်အရွယ် လူကြီးနဲ့ အသက် ၁ နှစ်အရွယ်ကလေးတစ်ဦးတို့လည်း ပါဝင်ပါတယ်။

    ကရိန်းကြောင့် ရထားလမ်းချော်ခဲ့ပြီး ရထားတွဲအချို့ပျက်စီးသလို အဲဒီထဲက ရထားတွဲ တစ်တွဲလည်း မီးလောင်ခဲ့ပါတယ်။

    လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးကြောင့်ဖြစ်တဲ့ အခုလိုမတော်တဆမှုတွေ ထိုင်းမှာ မကြာခဏ ဖြစ်လေ့ရှိပြီး အခုဖြစ်ရပ်ဟာ နောက်ဆုံးဖြစ်ထားတဲ့ ဖြစ်ရပ်ဖြစ်လာပါတယ်။

    ရထားဟာ ဘန်ကောက်ကနေ နိုင်ငံအရှေ့မြောက်ပိုင်းက ဥဘွန် ရက်ချာသာနီခရိုင်ကို ခုတ်မောင်းနေချိန် အခုဖြစ်ရပ်ကြုံရတာဖြစ်ပါတယ်။

    ပြိုကျခဲ့တဲ့ကရိန်းဟာ ဘန်ကောက်ကနေ လာအိုနိုင်ငံ၊ လာအိုကနေ တရုတ်နိုင်ငံအနောက်တောင်ပိုင်းအထိ ချိတ်ဆက်မယ့် တရုတ်ဆောက်လုပ်နေတဲ့ မြန်နှုန်းမြှင့်ရထားလမ်းစီမံကိန်းမှာ အသုံးပြုနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံး ကရိန်းဖြစ်ပါတယ်။

    ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကာကတော့ အခုဖြစ်ရပ်ကို အဖြစ်မှန်ပေါ် ပေါက်အောင်စုံစမ်းမယ်လို့ ပြောပါတယ်။

    ''ဒီလိုဖြစ်ရပ်တွေဟာ ပေါ့ဆမှု၊ အဆင့်အတိုင်းမလုပ်ဆောင်မှု၊ ဆောက်လုပ်မယ်လို့ပြောထားတဲ့ပုံစံကနေ ကွာဟဆောက်လုပ်မှု၊ သုံးစွဲတဲ့ပစ္စည်း မမှန်ကန်မှုတွေကြောင့် ဖြစ်လေ့ရှိတယ်'' လို့ မီးမောင်းထိုး ပြောထားပါတယ်။

  13. တောင်ကုတ်မြို့ပေါ်ရပ်ကွက် လူသတ်ဓားပြမှု တရားခံမမိသေး

    ၂၀၂၂ ခုနှစ်မှာ တွေ့ရတဲ့ တောင်ကုတ်မြို့ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, ၂၀၂၂ ခုနှစ်မှာ တွေ့ရတဲ့ တောင်ကုတ်မြို့ (ပုံဟောင်း)

    ရခိုင်ပြည်နယ်ထဲ အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့ပေါ်က ကံပိုင်ရပ်ကွက်မှာ လူသေဆုံးတဲ့ ဓားပြမှုတစ်ခု ဒီဇင်ဘာ ၁၃ ရက်မှာဖြစ်ခဲ့ပြီး ကျူးလွန်သူကို မမိသေးဘူးလို့ တောင်ကုတ်မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    သက်ကြီး ဇနီးမောင်နှံ ၂ ဦးနေထိုင်တဲ့အိမ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လည်ပင်းမှာ ဓားဒဏ်ရာနဲ့ သေဆုံးနေတဲ့အမျိုးသားဖြစ်သူ ရုပ်အလောင်းကို စျေးဝယ်ပြီး ပြန်လာတဲ့အမျိုးသမီးက နေအိမ်မှာ တွေ့ခဲ့ရတာလို့ သူက ပြောပါတယ်။

    ရုပ်အလောင်းကို တွေ့ရချိန် နေအိမ်မှာရှိတဲ့ မြန်မာငွေ ကျပ်သိန်း ၇၀ လည်း ပျောက်ဆုံးနေတာကြောင့် ကာယကံရှင်က ဒီဖြစ်စဉ်ကို လူသတ် ဓားပြမှုလို့ မှတ်ယူထားတယ်လို့လည်း သူက ဆိုပါတယ်။

    “တောင်ကုတ်မှာ အခုလိုရက်ရက်စက်စက် အသတ်ခံရတာက ပထမဆုံးဖြစ်စဥ်ပဲ”လို့ တောင်ကုတ်မြို့ခံက ပြောပါတယ်။

    အမှုကို အေအေရဲ့တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန(DLEPS)က စုံစမ်းစစ်ဆေးနေတယ်လို့ သူက ပြောပါတယ်။

    ရခိုင်ပြည်နယ်တွင်းသတင်းတွေကို ဖော်ပြနေတဲ့ သတင်းဌာန ၃ ခုလောက်မှာတော့ အေအေထိန်းချုပ်နယ်မြေအတွင်း ရဲဝန်ထမ်းလိုအပ်မှု၊ စစ်တပ်ရဲ့ပိတ်ဆို့မှုကြောင့် စားဝတ်နေရေးကျပ်တည်းမှုတွေကြောင့် ခိုးမှု၊ လုယက်မှုနဲ့ ဓားပြမှုတွေ များလာတယ်လို့ ဖော်ပြထားကြပါတယ်။

    ဒီလိုသတင်းဖော်ပြမှုတွေရှိနေချိန်မှာပဲ အခုဖြစ်ရပ်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

    ဒေသတွင်း သတင်းတွေကတော့ ဒီလိုအမှုတွေ ဖြစ်ပွားတဲ့အခါမှာ ကျူးလွန်တဲ့တရားခံကို ဖော်ထုတ်အရေးယူတဲ့ အပိုင်းလည်း အားနည်းတယ်လို့ ထောက်ပြကြပါတယ်။

    ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းကလည်း ကျောက်တော်မြို့နယ်၊ ပြိန်းချောင်းရွာမှာ လူသတ် ဓားပြတိုက်မှုကျူးလွန်မှုနဲ့ အေအေ အုပ်ချုပ်ရေးက ဖမ်းဆီးခဲ့တဲ့ တရားခံ ညီညီစိုးဆိုသူဟာ တခြားအကျဥ်းသားတစ်ဦးနဲ့အတူ အချုပ် ဖောက်ပြေးတဲ့ဖြစ်စဥ် ဖြစ်ခဲ့ပါသေးတယ်။

    ရခိုင်မှာ စစ်တပ်ကို တိုက်ခိုက်တဲ့ အေအေရဲ့ ပြီးခဲ့တဲ့နှစ်တိုက်ပွဲတွေအတွင်း အိုးအိမ်စွန့်ခွါ ထွက်ပြေးခဲ့ကြရသူတွေဟာ ကျန်ခဲ့တဲ့နေအိမ်တွေ ဖောက်ထွင်းခိုးယူခံနေရတယ်လို့ ခိုးယူခံရသူတွေက အစောပိုင်းကတည်းက ဘီဘီစီကို ရင်ဖွင့်ထားကြပါတယ်။

    ၂၀၂၅ ဇူလိုင်လထဲမှာတော့ စစ်ရှောင်သွားနေတဲ့ တောင်ကုတ်မြို့ခံတွေရဲ့ အိမ်ကို ဖောက်ထွင်းခိုးယူသူနဲ့ ပစ္စည်းလက်ခံသူ ၂၉ ဦးကို ဖမ်းဆီးရမိတယ်လို့ အေအေသတင်းတွေကို ဖော်ပြနေတဲ့ အာရက္ခမင်းသမီး သတင်းဌာနက ဖော်ပြပါတယ်။

  14. ရာမ ၂ လမ်းဆောက်လုပ်ရေး ကရိန်းပြိုကျမှု ၂ ဦးသေဆုံး

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နဲ့ စမွတ်စခွန်ခရိုင်ကို ဆက်ထားတဲ့ ဆောက်လက်စ ရာမ ၂ လမ်းလုပ်ငန်းခွင်က ကရိန်းပြိုကျမှုကြောင့် လူ ၂ ဦးသေဆုံးတယ်လို့ ကနဦးသိရတဲ့အကြောင်း ဘီဘီစီ ထိုင်းဘာသာစကားဌာနက ပြောပါတယ်။

    ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အသုံးပြုတဲ့ကရိန်းဟာ အောက်မှာ ရှိတဲ့ကားပေါ်ကို ပြိုကျခဲ့တာဖြစ်ပါတယ်။

    ဒီဖြစ်ရပ်မှာ နောက်ထပ် လူ ၅ ဦး ဒဏ်ရာရတယ်လို့လည်း ဆိုပါတယ်။

    ကရိန်းပြိုကျခဲ့တဲ့နေရာဟာ ဘန်ကောက်မြို့ကနေ စမွတ်စခွန်မြို့ကိုအသွား သာချင်မြစ်ကို ဖြတ်တဲ့တံတား ချဉ်းကပ်လမ်းပိုင်းမှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့နှစ်အတွင်း ရာမ ၂ လမ်း ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြန်မာရွှေ့ပြောင်းလုပ်သားအချို့ ထိခိုက်သေဆုံးတဲ့လုပ်ငန်းခွင် မတော်တဆမှု ၂ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။

    အခုဖြစ်ရပ်ဟာ ရာမ ၂ လမ်း ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အခုနှစ်အတွင်းဖြစ်တဲ့ ပထမဆုံး မတော်တဆမှုဖြစ်ရပ်ဖြစ်လာပါတယ်။

    ကရိန်းပြိုကျချိန်အခိုက်အတန့်

    ဓာတ်ပုံ ရင်းမြစ်, ศูนย์วิทยุพระราม 199

    ဓာတ်ပုံ ပုံစာ, ကရိန်းပြိုကျချိန်အခိုက်အတန့်
  15. မြင်းခြံ ပြည်သူ့စစ် ဒုခေါင်းဆောင်ကို ဖမ်းမိတယ်လို့ PDF တွေပြော

    မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ မြင်းခြံပြည်သူ့စစ် ဒုခေါင်းဆောင် ဦးစိန်လွင်

    ဓာတ်ပုံ ရင်းမြစ်, မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း

    ဓာတ်ပုံ ပုံစာ, မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ မြင်းခြံပြည်သူ့စစ် ဒုခေါင်းဆောင် ဦးစိန်လွင်

    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက ပြည်သူ့စစ် ဒုတိယခေါင်းဆောင်တစ်ဦးကို ဒီဇင်ဘာ ၁၄ ရက်၊ မနက်ပိုင်းမှာ မြင်းခြံ-ညောင်ဦးလမ်းပေါ်မှာ ဖမ်းဆီးရမိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

    ဒီဇင်ဘာ ၁၅ ရက်ထုတ်ပြန်ချက်အရ ဖမ်းမိတဲ့ ပြည်သူ့စစ် ဒုခေါင်းဆောင် ဦးစိန်လွင်ဟာ မြင်းခြံပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီတာယုမွန်ရဲ့အမျိုးသားဖြစ်တယ်လို့ ဆိုပါတယ်။

    “သူ့ရဲ့ထွက်ဆိုချက်အရ‌ရော၊ သတင်းပေးရဲ့ပြောပြချက်အရရော သီတာယုမွန်ရဲ့ယောက်ျားဖြစ်တယ်ဆိုတာကို အတည်ပြုထားပါတယ်” လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒေါ်သီတာယုမွန်ကတော့ အခုဖမ်းဆီးခံရတဲ့အမျိုးသားဟာ သူနဲ့ ကွာရှင်းထားတာ ၄ နှစ်ရှိပြီဖြစ်ပြီး သူနဲ့ ပတ်သက်မှုမရှိဘူးလို့ ဘီဘီစီကို ပြောပါတယ်။

    မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းကတော့ ဦးစိန်လွင်နဲ့အတူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ မူးယစ်ဆေးဝါးတချို့ကို ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    “ကျန် ၃ ယောက်က အရပ်သားလို့သိပါတယ်။ သူတို့ကို စစ်ဆေးပြီးရင် ပြည်သူ့စစ်နဲ့မဆက်စပ်ဘူးဆိုတာ သေချာရင်တော့ ပြန်လွှတ်ပေးမှာပါ” လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း တာဝန်ရှိသူကပြောပါတယ်။

    ဒေါ်သီတာယုမွန်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့ဟာ မြင်းခြံမြို့ပေါ် အမှတ် ၁၉ ရပ်ကွက်မှာ အထိုင်ချပြီး မြို့နယ်အတွင်းက PDF ထိုးစစ်တွေကို စစ်တပ်နဲ့ပေါင်းပြီး တိုက်နေတယ်လို့ PDF သတင်းအရင်းအမြစ်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

  16. ထိုင်းက ရာမ ၂ လမ်း ဆောက်လုပ်ရေး လုပ်ငန်းခွင်သုံး ကရိန်းပြိုကျမှု ၁ ဦးသေဆုံး

    ပြိုကျခဲ့တဲ့တံတားလမ်းပိုင်းအခြေအနေ

    ဓာတ်ပုံ ရင်းမြစ်, ศูนย์วิทยุพระราม 199

    ဓာတ်ပုံ ပုံစာ, ပြိုကျခဲ့တဲ့တံတားလမ်းပိုင်းအခြေအနေ

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နဲ့ စမွတ်စခွန်မြို့ကို ဆက်ထားတဲ့ ဆောက်လက်စ ရာမ ၂ လမ်းလုပ်ငန်းခွင်မှာ အသုံးပြုနေတဲ့ ကရိန်းပြိုကျမှုကြောင့် လူ ၁ ဦး သေဆုံးတယ်လို့ ကနဦးသိရတဲ့အကြောင်း ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

    ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အသုံးပြုတဲ့ကရိန်းဟာ အောက်မှာ ရှိတဲ့ကားပေါ်ကို ပြိုကျခဲ့တာဖြစ်ပါတယ်။

    ကရိန်းပြိုကျခဲ့တဲ့နေရာဟာ ဘန်ကောက်မြို့ကနေ စမွတ်စခွန်မြို့ကိုအသွား သာချင်မြစ်ကို ဖြတ်တဲ့တံတား ချဉ်းကပ်လမ်းပိုင်းမှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

    ကရိန်းပြိုကျမှုဟာ ဘန်ကောက်စံတော်ချိန် မနက် ၉ နာရီကျော်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားထဲမှာ ပိတ်မိနေသူအချို့ကို ကယ်ထုတ်ဖို့ ကြိုးစားနေတုန်းလို့ ထိုင်းအစိုးရပြန်ကြားရေးဌာနက သတင်းထုတ်ပါတယ်။

    ပြီးခဲ့တဲ့နှစ်အတွင်း ရာမ ၂ လမ်း ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြန်မာရွှေ့ပြောင်းလုပ်သားအချို့ ထိခိုက်သေဆုံးတဲ့လုပ်ငန်းခွင် မတော်တဆမှု ၂ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။

    အခုဖြစ်ရပ်ဟာ ရာမ ၂ လမ်း ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အခုနှစ်အတွင်းဖြစ်တဲ့ ပထမဆုံး မတော်တဆမှုဖြစ်ရပ်ဖြစ်လာပါတယ်။

    ပြီးခဲ့တဲ့နှစ် မတ်လ ၁၅ ရက် မနက်ပိုင်းမှာ ရာမ ၂ လမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မတော်တဆမှုဖြစ်လို့ မြန်မာရွှေ့ပြောင်းလုပ်သား ၄ ဦးအပါအဝင် လူ ၇ ဦးသေဆုံးခဲ့ပြီး နောက်ထပ် လူ ၃၀ နီးပါး ဒဏ်ရာရခဲ့တယ်လို့ မြန်မာလုပ်သားတွေအရေး ကူညီဆောင်ရွက်ပေးသူတွေက ပြောပါတယ်။

  17. ဗန်းမော်၊ ‌ထောက်ပို့တပ်ရဲ့ ခြေကုပ်စခန်းတစ်ခုကို KIA/PDF သိမ်းယူ

    ကေအိုင်အေ တပ်ဖွဲ့ဝင်တွေ(ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ကေအိုင်အေ တပ်ဖွဲ့ဝင်တွေ(ပုံဟောင်း)

    စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ် ( KIA) တို့ တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်အခြေစိုက် ထောက်ပံ့ပို့ ဆောင်ရေးတပ် ထပရ ၉၃၃ ရဲ့ အဝင်လမ်းက ခြေကုပ်စခန်းတစ်ခုကို KIA/PDF ပူးပေါင်းတပ်တွေက ဇန်နဝါရီ ၁၄ ရက်မှာ သိမ်းယူလိုက်တယ်လို့ ဗန်းမော်စစ်ရေးသတင်းအရင်းအမြစ်က ဘီဘီစီကို ပြောပါတယ်။

    တကျော့ပြန် ပြင်းထန်လာတဲ့ ဗန်းမော်ထိုးစစ်မှာ စစ်မျက်နှာပြင်အနှံ့ တိုက်ပွဲတွေရှိနေပြီး စစ်လက်နက်တပ်စု စ.န.ခ ၆၄၁ တပ်စခန်းနေရာအပြင် စကခ ၂၁ နဲ့ ခလရ ၄၇ တို့အနီးမှာပါ တိုက်ပွဲတွေပိုပြင်းထန်နေတာလို့ ဆိုပါတယ်။

    ကေအိုင်အေပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး‌နော်ဘူကတော့”စခန်းသိမ်းတဲ့သတင်းတော့ မရထားသေးပါဘူး။ ဒါပေမဲ့ မနေ့ကတော့ အရင်နေ့တွေကထက် ဗန်းမော်မှာ တိုက်ပွဲပြင်းထန်ပါတယ်” လို့ ပြောပါတယ်။

    ထိုးစစ် တစ်နှစ်ကျော်လာတဲ့ ကေအိုင်အေရဲ့ ဗန်းမော်ထိုးစစ်ဟာ ပြီးခဲ့တဲ့နှစ် ခရစ္စမတ်နေ့ကစလို့ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာတာ ဖြစ်ပါတယ်။

    ဗန်းမော်မြို့ဟာ စစ်တပ်ရဲ့ ရွေးကောက်ပွဲ အပိုင်း ၃ မှာပါဝင်တဲ့ မြို့ဖြစ်ပြီး ဗိုလ်မှူးကြီး နော်ဘူကတော့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ ၃ ပိုင်းလုံးပြီးစီးခဲ့ရင်လည်း ကချင်စစ်ရေးက ပိုပြီးပြင်းထန်လာဖို့ပဲရှိတယ်လို့ ပြောပါတယ်။

    ''စစ်ရေးအခြေအနေက ရပ်တန့်မှာမဟုတ်ဘူး။ ဆက်ပြင်းထန်ဖို့ပဲရှိပါတယ်'' လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

    ဗန်းမော်မြို့မှာ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁)၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်စု (စရဖ-စု)၊ အမှတ် (၉၃၃) ထောက်ပံ့ပို့ဆောင်ရေးတပ် (ထပရ-၉၃၃)၊ အမှတ် (၁၁) စစ်မြေပြင် ဆေးတပ် ရင်း (မဆရ-၁၁)၊ အမှတ် (၅) ဆက်သွယ်ရေးတပ် (ဆသရ-၅)၊ အမှတ် (၃၁၄) အမြောက်တပ်(အမတ-၃၁၄)၊ အမှတ် (၃၆၆) အမြောက်တပ် (အမတ-၃၆၆) တို့ အခြေစိုက်ထားတာ ဖြစ်ပါတယ်။

    လက်ရှိမှာ မြန်မာစစ်တပ်အနေနဲ့ အဲဒီက အခြေစိုက်စခန်းတွေထဲမှာ အဓိကခြေကုပ်ယူထားသလို လေကြောင်းကနေ ဖိအားပေးတိုက်ခိုက်နေတယ်လို့ ဗန်းမော်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

  18. မင်္ဂလာပါ ...

    ဇန်နဝါရီလ ၁၅ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

    ဆက်လက်ဖတ်ရှုကြဖို့ကိုလည်း ဖိတ်ခေါ်အပ်ပါတယ်။