ရထားတဲ့ဘွဲ့နဲ့မမျှတဲ့ လစာနည်းအလုပ်တွေ ဝင်လုပ်နေရတဲ့ ပညာတတ်တရုတ်လူငယ်တွေ

တရုတ်၊ ပညာတတ်လူငယ်၊ အလုပ်ရှားပါး

ဓာတ်ပုံ ရင်းမြစ်, BBC/Rachel Yu

ဓာတ်ပုံ ပုံစာ, အသက် ၂၅ နှစ်အရွယ် ဆွန်ဂျန်း ဟာ စီးပွားရေးပညာနဲ့ ဘွဲ့ရထားပေမဲ့ အခုအခါ နန်ဂျင်းမြို့က ဟော့ပေါ့ဆိုင်မှာ စားပွဲထိုး လုပ်နေရ
    • ရေးသားသူ, စတီဖန် မက်ဒေါနဲလ်
    • ရာထူးတာဝန်, တရုတ်ရေးရာ ဘီဘီစီ သတင်းထောက်

တရုတ်နိုင်ငံမှာ ရူပဗေဒဘာသာရပ်နဲ့ ဘွဲ့လွန်ဒီဂရီ ရထားသူက အထက်တန်းကျောင်းမှာ တောက်တို မယ်ရ လက်သမားဖြစ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရပ်နဲ့ ကျောင်းပြီးထားသူက သန့်ရှင်းရေး အလုပ်သမားဖြစ်၊ ဒဿနိကပညာရပ်နဲ့ ဘွဲ့ရထားသူက ပစ္စည်းလိုက်ပို့တဲ့ ကားမောင်းသမားဖြစ်၊ ချင်ကွားတက္ကသိုလ်ကျောင်းတော်ကြီးကနေ PhD ဘွဲ့ရထားသူက အရန်ရဲအရာရှိအလုပ် လာလျှောက်ရတဲ့အဖြစ်မျိုးတွေ ရောက်နေရပါတယ်။

စီးပွားရေးအကျပ်အတည်းနဲ့ ကြုံနေရတဲ့ အချိန်မျိုးမှာ ဒါတွေက တကယ့်ဖြစ်ရပ်မှန်တွေ ဖြစ်ပြီး အလားတူဖြစ်ရပ်မျိုးတွေ အများကြီးတွေ့ရမှာပါ။

"ကျွန်တော့်အိပ်မက်က ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းမှာ အလုပ်ရဖို့ပါ" လို့ တရုတ်နိုင်ငံတောင်ပိုင်း နန်ဂျင်းမြို့က ဟော့ပေါ့ဆိုင်မှာ စားပွဲထိုးလုပ်နေတဲ့ ဆွန်ဂျန်းက ပြောပြပါတယ်။

စီးပွားရေးပညာနဲ့ ဘွဲ့လွန်ဒီဂရီ ရပြီးခါစ အသက် ၂၅ နှစ်အရွယ် ဆွန်ဂျန်း ဟာ လစာကောင်းတဲ့ အလုပ်တစ်ခု ဝင်လုပ်ပြီး ငွေအများကြီး ရှာနိုင်မယ်လို့ မျှော်လင့်ထားခဲ့တာ ဖြစ်ပါတယ်။

"ဒါပေမဲ့ ဒီလိုအလုပ်မျိုး ဘယ်လိုမှ လိုက်ရှာလို့ မရခဲ့ပါဘူး"လို့ သူက ပြောပြပါတယ်။

တရုတ်နိုင်ငံဟာ ဘွဲ့ရပညာတတ် သန်းပေါင်းများစွာ နှစ်စဉ် မွေးထုတ်ပေးနေတာ ဖြစ်ပေမဲ့ တချို့ပညာရပ်နယ်ပယ်တွေမှာ ဘွဲ့ရတွေအတွက် အလုပ် လုံလုံလောက်လောက် မရှိပါဘူး။

တရုတ်နိုင်ငံဟာ လက်ရှိမှာ စီးပွားရေး အကျပ်အတည်းနဲ့ ကြုံနေရပြီး အိမ်ခြံမြေရောင်းဝယ်ရေးနဲ့ ကုန်ထုတ်လုပ်မှုပိုင်းတွေ အပါအဝင် အရေးပါတဲ့ အခန်းကဏ္ဍတွေ ရပ်ဆိုင်းနေပါတယ်။

အလုပ်လက်မဲ့ လူငယ်တွေရဲ့အခြေအနေကို ကြည့်ကောင်းအောင် အစိုးရက ပြင်ဆင်တိုင်းထွာမှုတွေ မလုပ်ခင်တုန်းက အလုပ်လက်မဲ့ လူငယ်ဦးရေက ၂၀ ရာခိုင်နှုန်း ရှိနေခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် သြဂုတ်လမှာ အလုပ်လက်မဲ့ လူငယ်အရေအတွက်က ၁၈ ဒသမ ၈ ရာခိုင်နှုန်းအထိ ရှိနေဆဲ ဖြစ်ပြီး နိုဝင်ဘာလက နောက်ဆုံးကိန်းဂဏန်းတွေအရတော့ ၁၆ ဒသမ ၁ ရာခိုင်နှုန်းကို ကျသွားခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တက္ကသိုလ်ဘွဲ့ရ လူငယ်အတော်များများဟာ သူတို့တတ်မြောက်ထားတဲ့ ပညာရပ်နယ်ပယ်တွေမှာ အလုပ်ရဖို့ ခက်ခဲခဲ့တာကြောင့် အခုဆိုရင် သူတို့ရဲ့အရည်အချင်းထက် အများကြီး နိမ့်တဲ့ အလုပ်တွေမှာ ဝင်လုပ်နေကြရပြီး မိသားစုဆွေမျိုးတွေရဲ့ ကဲ့ရဲ့ပြစ်တင်တာတွေကို ခံနေကြရပါတယ်။

စားပွဲထိုးအလုပ်ကို ဆွန်ဂျန်း ဝင်လုပ်ခဲ့တုန်းက သူ့မိဘတွေရဲ့ မြည်တွန်တောက်တီးတာကို ခံခဲ့ရပါတယ်။

"ကျွန်တော့်မိသားစုက ကျွန်တော့်အတွက် စိုးရိမ်လို့ ပြောကြတာပါ။ တကယ်တော့လည်း ကျွန်တော်က နှစ်ပေါင်းများစွာ ပညာသင်ယူခဲ့ပြီး ကျောင်းကောင်းကောင်း တက်ခဲ့တာပါ။" လို့ သူက ပြောပါတယ်။

သူရွေးချယ်ခဲ့တဲ့ အလုပ်ကြောင့် သူ့မိသားစု အရှက်ရခဲ့ကြပြီး သူ့ကို အစိုးရဝန်ထမ်း အလုပ်ရအောင် ကြိုးစားစေချင်ခဲ့ကြတယ်လို့ ဆွန်ဂျန်း က ပြောပြပါတယ်။ "ဒါပေမဲ့ ဒါက ကျွန်တော့် ရွေးချယ်မှုပါ" လို့ သူက ဆိုပါတယ်။

ဒါပေမဲ့လည်း သူ့မှာ လျှို့ဝှက်အစီအစဉ်တစ်ခုတော့ ရှိနေပါတယ်။ တချိန်မှာ သူ့ကိုယ်ပိုင်ဆိုင်ဖွင့်လာနိုင်ဖို့ စားသောက်ဆိုင်လုပ်ငန်း ပညာကို စားပွဲထိုး အလုပ်လုပ်ရင်းနဲ့ သင်ယူနေတာပါ။

အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု သူလုပ်နိုင်လာတဲ့အချိန်ကျရင် သူ့ကိုဝေဖန်ပြစ်တင်နေကြတဲ့ မိသားစုဆွေမျိုးတွေ လေသံပြောင်းသွားကြလိမ့်မယ်လို့ ဆွန်ဂျန်း က ယူဆနေပါတယ်။

"တရုတ်ပြည်မကြီးမှာ အလုပ်ရှာရတာက တကယ့်ကိုပဲ စိန်ခေါ်မှုကြီးပါပဲ။ လူငယ်အတော်များများအနေနဲ့ သူတို့ မျှော်မှန်းထားချက်တွေနဲ့ တကယ့်လက်တွေ့အခြေအနေ ကိုက်ညီအောင် အရမ်းကို ညှိယူနေရပါတယ်"လို့ ဟောင်ကောင် စီတီးတက္ကသိုလ်က ပါမောက္ခ ဂျန်းဂျွန်းက ပြောပါတယ်။

"ကျောင်းသားအတော်များများများက နောင်ရေး အလားအလာကောင်းဖို့ဆိုပြီး ဘွဲ့လွန် ဒီဂရီတွေ ရအောင် ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ ဘွဲ့လွန် ဒီဂရီတွေလည်း ရရော တကယ့်လက်တွေ့ ဖြစ်နေတဲ့ အလုပ်လက်မဲ့အခြေအနေနဲ့ သူတို့ ရင်ဆိုင်တွေ့ကြရပါတော့တယ်"လို့ ပါမောက္ခ ဂျန်းဂျွန်းက ဆိုပါတယ်။

"အလုပ်စျေးကွက်အခြေအနေက တကယ့်ကို ဆိုးဝါးလွန်းနေပါတယ်" လို့ ဒဏ်ရာရ အားကစားသမားတွေအတွက် နှိပ်နယ်ကုသပေးနေတဲ့ ရှန်ဟိုင်းမြို့က အနှိပ်ဆိုင်တစ်ဆိုင်မှာ အလုပ်သင်အနေနဲ့ ဝင်လုပ်နေတဲ့ အသက် ၂၉ နှစ်အရွယ် ဝူဒန် က ပြောပါတယ်။

"ဘွဲ့လွန်ဒီဂရီ ရထားကြတဲ့ ကျွန်မရဲ့ ကျောင်းနေဖက်သူငယ်ချင်း အတော်များများ ပထမဆုံးအကြိမ် အလုပ်လိုက်ရှာကြရာမှာ သူတို့တွေထဲက မဆိုစလောက်နည်းနည်းပါးပါးလောက်ပဲ အလုပ် ရခဲ့ကြပါတယ်။"

ဟောင်ကောင် သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်ကနေ စီးပွားရေးပညာ ဘွဲ့ရထားတဲ့ သူတစ်ဦးအနေနဲ့ သူလည်း ဒီလိုအလုပ်မျိုး ဝင်လုပ်ရလိမ့်မယ်လို့ ဝူဒန် က ထင်မထားခဲ့ပါဘူး။

ဒီ့မတိုင်ခင်က ရှန်ဟိုင်းမြို့က ကုန်သွယ်ရေးကုမ္ပဏီတစ်ခုမှာ စိုက်ပျိုးရေးထုတ်ကုန်တွေကို အထူးပြုလေ့လာတဲ့ အလုပ်ကို သူလုပ်ခဲ့ပါတယ်။

ဟောင်ကောင်မှာ ကျောင်းပြီးသွားခဲ့အပြီး တရုတ်ပြည်မကြီးဆီ ပြန်လာချိန်မှာ ဝူဒန် ဟာ ပုဂ္ဂလိက အစုရှယ်ယာ ကုမ္ပဏီတစ်ခုမှာ အလုပ်လျှောက်ခဲ့ပါတယ်။ ကုမ္ပဏီကနေ ကမ်းလှမ်းစာတစ်ချို့ရခဲ့ပေမဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို မကြိုက်တဲ့အတွက် လက်မခံခဲ့ပါဘူး။ အဲဒီ့အစား အားကစားဆေးပညာလုပ်ငန်းမှာ အလုပ်သင် စလုပ်ခဲ့ပါတယ်။ သူ့မိသားစုကတော့ သဘောမကျကြပါဘူး။

"ကျွန်မ အရင်အလုပ်က အရမ်းကောင်းတယ်၊ ကျွန်မရဲ့ ပညာရေးနောက်ခံက သူများထက် အတော်လေးသာတယ်လို့ သူတို့က ထင်ထားခဲ့ကြတာ။ လစာနည်းနည်းရပြီး ကိုယ်ကာယ စိုက်ထုတ်ရတဲ့ အလုပ်မျိုးကို ကျွန်မဘာကြောင့် ရွေးရတာလဲ ဆိုတာကို သူတို့ နားမလည်ကြဘူး။"

သူ့ရဲ့ လက်တွဲဖော်ကသာ အခုလို အိုးပိုင်အိမ်ပိုင် မဟုတ်ဘူးဆိုရင် သူ့ရဲ့ လက်ရှိဝင်ငွေနဲ့ ရှန်ဟိုင်းမြို့မှာ နေလို့မရဘူးဆိုတာကို ဝူဒန် က ဝန်ခံပါတယ်။

ပထမတော့ သူလက်ရှိသွားနေတဲ့ အလုပ်လမ်းကြောင်းကို အားပေးမယ့်သူ တစ်ဦးတလေမှ ရှိလာလိမ့်မယ်လို့ မထင်မိခဲ့ပါဘူး။ ဒါပေမဲ့ ခါးနာနေတဲ့ သူ့မိခင်ကို နှိပ်နယ်ကုသပေးခဲ့ရာမှာ ဝေဒနာ သိသိသာသာကြီး သက်သာသွားခဲ့အပြီး မိခင်ကြီးက သူ့ဆီကို အမြဲရောက်ရောက်လာပါတော့တယ်။

အခုဆိုရင် တစ်ခါက စီးပွားရေးပညာ ကျောင်းသူ ဖြစ်ခဲ့ဖူးသူ ဝူဒန် က သူ့အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကဏ္ဍမှာ အလုပ်လုပ်တာက တကယ်တန်း သူ့နဲ့ မကိုက်ညီဘူးဆိုတာကို သဘောပေါက်လာပြီ လို့ ဆိုပါတယ်။

ဒဏ်ရာရ အားကစားသမားတွေကို နှိပ်နယ်ကုသပေးရတဲ့အလုပ်ကို သူကြိုက်တယ်၊ တစ်နေ့နေ့ကျရင် သူ့ကိုယ်ပိုင် ဆေးခန်း ဖွင့်ချင်တယ်လို့ ဝူဒန် ကပြောပါတယ်။

တရုတ်၊ ပညာတတ်လူငယ်၊ အလုပ်ရှားပါး

ဓာတ်ပုံ ရင်းမြစ်, BBC/RachelYu

ဓာတ်ပုံ ပုံစာ, အသက် ၂၉ နှစ်အရွယ် ဝူဒန် က စီးပွားရေးလုပ်ငန်းနယ်ပယ်မှာ အလုပ်ကောင်းကောင်း မရနိုင်တာမို့ ဒဏ်ရာရ အားကစားသမားတွေကို နှိပ်နယ်ကုသပေးတဲ့ ဆေးခန်းတစ်ခုမှာ အလုပ်သင် ဝင်လုပ်နေရ

ရာထူးနေရာကောင်းအဖြစ် အရင်က ယူဆထားခဲ့ကြတဲ့ အလုပ်တွေအပေါ်မှာ တရုတ် ဘွဲ့ရပညာတတ်တွေ အမြင်ပြောင်းလာကြတာတွေ့ရတယ်လို့ ပါမောက္ခ ဂျန်းက ဆိုပါတယ်။

တရုတ်နိုင်ငံမှာ နည်းပညာကုမ္ပဏီတွေ အပါအဝင် ကုမ္ပဏီအတော်များများက သူတို့ရဲ့ဝန်ထမ်း အများအပြား ဖြုတ်ပစ်နေရပြီး ဒါကို သတိပေး အန္တရာယ်လက္ခဏာတစ်ခုအဖြစ် လူငယ်တွေက ရှုမြင်လာနေကြတယ်လို့ သူက ပြောပါတယ်။

အရင်က ဘွဲ့ရပညာတတ်လူငယ်တွေ အများကြီးကို အလုပ်ခန့်လေ့ရှိခဲ့တဲ့ စီးပွားရေးလုပ်ငန်းနယ်ပယ်မှာဆိုရင်လည်း လက်ခံနိုင်စရာမရှိတဲ့ လစာနည်းနည်းလေးနဲ့ အလုပ်ခေါ်နေကြသလို လစာအသင့် အတင့်ပေးတဲ့ အလုပ်တွေဆိုရင်လည်း ချက်ချင်း လူရသွားတာမျိုးတွေ ဖြစ်နေတယ်လို့ ပါမောက္ခ ဂျန်းက ပြောပါတယ်။

အနာဂတ်မှာ ဘာလုပ်ရမလဲဆိုတာ ဝေခွဲမရ ဖြစ်နေချိန်မှာ အလုပ်လက်မဲ့ ဘွဲ့ရလူငယ်တချို့က ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား လောကထဲ ဝင်လာနေကြပါတယ်။

ကုန်ကျစရိတ်နည်းနည်းနဲ့ ရိုက်တဲ့ ရုပ်ရှင်ကားတွေမှာ ဇာတ်ရံတွေ အများကြီး လိုနေတတ်တာကြောင့် ရှန်ဟိုင်းမြို့ အနောက်တောင်ဘက်က တရုတ်နိုင်ငံရဲ့ ရုပ်ရှင်ထုတ်လုပ်ရာမြို့ အဖြစ် နာမည်ကြီးတဲ့ ဟန်ဒီယန်မြို့မှာဆိုရင် သရုပ်ဆောင်အလုပ် လာလျှောက်ကြတဲ့ လူငယ်လေးတွေ အများကြီး တွေ့ရပါတယ်။

"ကျွန်တော်က အဓိကသရုပ်ဆောင်ရဲ့ဘေးမှာ ဖြတ်လျှောက်အဆင့် ဇာတ်ရံအနေနဲ့ပဲ ပါရလေ့ရှိပါတယ်။ မင်းသား၊ မင်းသမီးရဲ့ ဘေးမှာ ကျွန်တော့်ကို တွေ့ရမှာဖြစ်ပေမဲ့ စကားတစ်လုံးမှ မပြောရပါဘူး။" လို့ အီလက်ထရောနစ်နည်းပညာ အင်ဂျင်နီယာပညာရပ်နဲ့ ဘွဲ့ရထားပြီး ဒရာမာဇာတ်ကားတစ်ခုမှာ ကိုယ်ရံတော်အဖြစ် ဝင်သရုပ်ဆောင်နေတဲ့ ဝူ ရှင်ဟိုင်း က ပြောပြပါတယ်။

သူရုပ်ဖြောင့်လို့သာ ဇာတ်ရံအဖြစ် အလုပ်ရလာခဲ့တာဆိုတဲ့အကြောင်းကို အသက် ၂၆ နှစ်အရွယ် ဝူ ရှင်ဟိုင်းက ရယ်စရာလုပ် ပြောပြခဲ့ပါတယ်။

ဟန်ဒီယန်မြို့ကို ရောက်လာကြသူတွေက အလုပ်တစ်ခါလုပ်ရင် လအနည်းငယ်လောက်ပဲ လုပ်လေ့ ရှိကြတယ်လို့ သူက ပြောပြပါတယ်။ သူ့အတွက်လည်း ဒီအလုပ်က တခြား အမြဲတန်းအလုပ်မရခင် စပ်ကြား ယာယီအလုပ်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

"ကျွန်တော် ငွေများများ မရပါဘူး။ ဒါပေမဲ့ ဒီအလုပ်က ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် ရှိတယ်လေ။"

တရုတ်၊ ပညာတတ်လူငယ်၊ အလုပ်ရှားပါး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘွဲ့ရလူငယ် အတော်များများက ရုပ်ရှင်စတူဒီယိုတွေမှာ ဇာတ်ရံတွေ လုပ်ဖို့ ဟန်ဒီယန်မြို့ဆီ လာအလုပ်ရှာကြ

"ဒါက တရုတ်နိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေပါ။ ဘွဲ့ရပြီဆိုတာနဲ့ တစ်ပြိုင်နက် အလုပ်လက်မဲ့ ဖြစ်တော့တာပဲ။" လို့ လီ ဆိုတဲ့ လူငယ်လေးက ပြောပါတယ်။

သူဟာ ရုပ်ရှင်ရိုက်ကူးရေးနဲ့ ဇာတ်ညွှန်းရေးတဲ့ ပညာရပ်တွေကို အထူးပြုသင်ကြားခဲ့သူဖြစ်ပေမဲ့ သူလည်းပဲ ဇာတ်ရံအဖြစ် လအနည်းအပါးလောက် အလုပ်ဝင်လုပ်ဖို့ စဉ်းစားထားပါတယ်။

"ကျွန်တော် အသက်ငယ်တုန်း အလုပ်ရှာဖို့ ဒီကို လာခဲ့တာပါ။ အသက်နည်းနည်း ကြီးလာရင်တော့ ပုံမှန်လစာရတဲ့ အလုပ်မျိုး ရှာမှာပါ။"

ဒါပေမဲ့ ဘွဲ့ရလူငယ်အတော်များများက အလုပ်ကောင်းကောင်း တစ်ခု သူတို့ဘယ်တော့မှ ရနိုင်မယ့်ပုံမျိုး မရှိဘူး၊ သူတို့မျှော်မှန်းမထားတဲ့ အလုပ်မျိုးမှာပဲ တသက်လုံးလုပ်သွားရဖွယ် ရှိတယ်ဆိုပြီး စိုးရိမ်နေကြပါတယ်။

တရုတ် စီးပွားရေးလုပ်ငန်းနယ်ပယ်မှာ အလုပ်ရနိုင်ဖို့ ယုံကြည်စိတ်ချမှု နည်းပါးနေတဲ့အတွက် လူငယ်အတော်များများအနေနဲ့ သူတို့ရဲ့ အနာဂတ် ဘယ်လိုဖြစ်လာမလဲဆိုတာကို မသိကြပါဘူး။

အလုပ်ရှိနေတဲ့ သူ့သူငယ်ချင်းတွေတောင်မှ မျှော်လင့်ချက် လမ်းပျောက်နေကြတယ်လို့ ဝူဒန် ကပြောပြပါတယ်။

"သူတို့ဆိုရင်တော်တော့်ကို စိတ်ညစ်နေကြပြီး အနာဂတ်က မရေမရာ ဖြစ်နေကြပါတယ်။ ရထားတဲ့ အလုပ်တွေကလည်း သူတို့အတွက် ကျေနပ်စရာ မကောင်းကြဘူး။ သူတို့အလုပ်တွေကို သူတို့ ဘယ်လောက်ကြာကြာ ကိုင်ထားနိုင်မလဲဆိုတာလဲ မသိကြပါဘူး။ သူတို့ရဲ့ လက်ရှိအလုပ် ပြုတ်သွားရင် သူတို့ဘာလုပ်ရမလဲ။"

သူကတော့ လောလောဆယ် ဒီအတိုင်း အလိုက်သင့် နေသွားမှာ ဖြစ်ပြီး ကိုယ်ဘာလုပ်ချင်သလဲ ဆိုတာကို တဖြည်းဖြည်းချင်း စူးစမ်းသွားမယ် လို့ လီ ကပြောပါတယ်။