တရုတ်အမျိုးသမီးတွေ ဘာကြောင့်သူစိမ်းတွေနဲ့ အဖော်စပ်ငွေစုကြသလဲ

တရုတ်ရဲ့ စီးပွားရေးနှေးကွေးလာမှုက ရှောင်ကျွမ်းကိုငွေစုဖို့တွန်းအားဖြစ်လာစေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Handout

ဓာတ်ပုံ ပုံစာ, တရုတ်ရဲ့ စီးပွားရေးနှေးကွေးလာမှုက ရှောင်ကျွမ်းကိုငွေစုဖို့တွန်းအားဖြစ်လာစေပါတယ်။
    • ရေးသားသူ, ဆီဝေရာကျောင်း
    • ရာထူးတာဝန်, ဘီဘီစီတရုတ်၊ဟောင်ကောင်

'' ကျွန်မတို့မှာ တစ်နှစ်ထက်တစ်နှစ် ပိုက်ဆံက လက်ကျန်မရှိသလောက်ပဲ။ လက်ထဲငွေပါးရှားလာတော့ စိတ်ကလည်း မလုံခြုံဘူး။ ဘာလုပ်ရမလဲဆိုတာလည်း မသိခဲ့ဘူး'' လို့ ရှောင်ကျွမ်းက ပြောပါတယ်။

ရှောင်ကျွမ်းက တရုတ်နိုင်ငံအရှေ့တောင်ပိုင်း ရှာမန်းမှာ နေတဲ့ အသက် ၃၆ နှစ်အရွယ် ကလေးနှစ်ယောက်မိခင် ဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါကာလတုန်းက ရှောင်ကျွမ်းနဲ့ သူ့ခင်ပွန်းတို့နှစ်ယောက်လုံး သူတို့လစာရဲ့ ၅၀ ရာခိုင်နှုန်း ဖြတ်တောက်ခံခဲ့ရပါတယ်။ ဒီကြားထဲမှာပဲ ပြီးခဲ့တဲ့ ငါးနှစ်ကတည်း ကင်ဆာရောဂါသည် မိခင်ကြီးက တစ်ဖက်ဆိုတော့ ဒါက သူတို့အတွက် အကြီးအကျယ် ထိခိုက်ပါတယ်။

ဒီအခြေအနေမျိုးတွေကြောင့် အခုနောက်ပိုင်း တရုတ်လူငယ်လူရွယ်တွေကြားမှာ ကိုယ်ဝါသနာပါရာကိုအတူလုပ်ဖို့ "ဒါဇီ"လို့ခေါ်တဲ့ "အဖော်"စပ်တဲ့ အလေ့အထ ရေပန်းစားလာပါတယ်။ အဲဒါက အင်တာနက်ပေါ်မှာ စိတ်ဝင်စားတာတွေတူသူချင်း လိုက်ရှာတာပါ။ ရှောင်ကျွမ်းကတော့ တခြားသူတွေလို အတူခရီးသွားတာ၊ အားကစားအတူလုပ်ပေးတာမျိုးတွေမှာ အစား အတူငွေစုချင်တဲ့သူတွေကိုလိုက်ရှာပါတယ်။

ဒါက ရှောင်ကျွမ်း တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ "စုဆောင်းဖက် ရှာမယ်'' ဆိုတဲ့ အကြောင်းအရာဟာ ၂၀၂၃ ဖေဖော်ဝါရီကစပြီး တရုတ်နိုင်ငံရဲ့ ရှောင်ဟုန်းရှုး အပလီကေးရှင်းမှာ စတင်ရေပန်းစားသုံးလာတာ တစ်ခုဖြစ်ပါတယ်။

အဲဒီအချိန်ကစပြီး ဒါကို စိတ်ဝင်စားကြည့်ရှုသူ ၁ ဒသမ ၇ သန်းရှိတယ်လို့ အချက်အလက်ခွဲခြမ်းစိတ်ဖြာရေးကုမ္ပဏီ Newsrank ရဲ့ စစ်တမ်းအရ သိရပါတယ်။

တရုတ်နိုင်ငံတွင်းသုံး ရှောင်ဟုန်းရှုးဆိုတာက အင်စတာဂရမ်အစားထိုးသုံး အပလီကေးရှင်း ဖြစ်ပါတယ်။

နောက်ထပ် ဆိုရှယ်မီဒီယာ ဝေဘို မှာလည်းအလားတူအလေ့အထကို စိတ်ဝင်စားသူက သန်းနဲ့ချီရှိပါတယ်။ ကိန်းဂဏန်းအတိအကျရဖို့ ခက်ခဲပေမဲ့ ဆိုရှယ်မီဒီယာမှာ လေ့လာတွေ့ရှိချက်တွေအရ ဒီလို တွဲဖော်တွဲဖက် ထောင်ပေါင်းများစွာဟာ အွန်လိုင်း အုပ်စုတွေကနေ တွေ့သွားကြပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ အများစုက အသက် ၂၀ နဲ့ ၄၀ ကြား အမျိုးသမီးတွေ ဖြစ်ပြီး အဲဒီထဲကအတော်များများကလည်း ကလေးမိခင်တွေပါ။ သူတို့က ကလေးတွေရဲ့ ပညာရေးအတွက် ငွေကုန်ကြေးကျ ပိုများလာလို့ ငွေစုချင်ကြတာ ဖြစ်ပါတယ်။ တချို့က သူတို့ငွေကိုပဲ စုချင်တာက စတော့လို၊ အိမ်ခြံမြေလို ရင်းနှီးမြှုပ်နှံမှုတွေကနေ အမြတ်ပြန်ရတာမျိုးက နည်းနည်းပဲ ရှိလို့ပါ။ ဒါပေမဲ့ သူတို့တော်တော်များများဟာ အလုပ်လက်မဲ့ဖြစ်သွားရင် ဖြစ်ဖြစ် လစာလျှော့ခံရရင် ဖြစ်ဖြစ် စီးပွားအကျပ်အတည်းနဲ့ ကြုံရမှာမျိုးတွေအတွက် ပြင်ဆင်ထားကြတာပါ။

တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အိမ်ထောင်စုတွေရဲ့ ငွေစုဆောင်းမှုနှုန်း အမြင့်ဆုံးနိုင်ငံတွေထဲမှာ ပါပါတယ်။

ဒါပေမဲ့ မကြာသေးမီက စုဆောင်းမှုနှုန်းတိုးလာတာကတော့ တရုတ်ရဲ့ "အနာဂတ်စီးပွားရေးအပေါ် ယုံကြည်မှုနည်းပါးခြင်း"လို့ စင်္ကာပူ အမျိုးသားတက္ကသိုလ်၊ ပြည်သူ့မူဝါဒရေးရာဌာန ရဲ့ ပါမောက္ခလူစီက ပြောပါတယ်။

စျေးဝယ်နေတဲ့ တရုတ်အမျိုးသမီးတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စျေးဝယ်နေတဲ့ တရုတ်အမျိုးသမီးတစ်ဦး
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တရုတ်အိမ်ထောင်စုတွေရဲ့ ၂၀၂၃ ခုနှစ် ဘဏ်အပ်ငွေစုဆောင်းနှုန်းက တရုတ်ယွမ် ၁၃၈ ထရီလျံ (ဒေါ်လာ ၁၉.၁ ထရီလျံ၊ ပေါင် ၁၅.၁ ထရီလျံ) ရှိခဲ့ပြီး အရင်နှစ်ထက် ၁၄ ရာခိုင်နှုန်းနီးပါး တိုးလာတယ်လို့ တရားဝင်အချက်အလက်တွေအရ သိရပါတယ်။

တရုတ်ဟာ ခက်ခဲကြမ်းတမ်းတဲ့ ဇီးရိုးကိုဗစ် မူဝါဒကိုဖြတ်သန်းပြီးတဲ့နောက်မှာ တရုတ်စီးပွားရေး ပြန်နာလန်ထူလာမှုကလည်း သိပ်ကြာကြာ မခံပါဘူး။ အခုဆိုရင် တရုတ်နိုင်ငံထဲမှာ အိမ်ခြံမြေ အကျပ်အတည်း၊ ငွေဖောင်းပွမှု လျော့ကျရေး ဖိအား၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကျဆင်းလာတာနဲ့ ပြည်တွင်း အစိုးရ ကြွေးမြီတွေ တိုးလာတာနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

တရုတ်မှာ အမျိုးသမီးတွေက အိမ်ရဲ့ နေ့စဥ် အသုံးစရိတ်တွေကို စီမံခန့်ခွဲရတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ အိမ်ထောင်ရှင်အမျိုးသမီးတွေ စုဆောင်းငွေ ပိုတိုးဖို့ကြိုးစားနေကြတာက လူငယ်တွေကြားမှာပဲ အလုပ်လက်မဲ့နှုန်းတိုးလာတာမဟုတ်တာကိုပြနေတယ်လို့ ဒေါက်တာလူက ပြောပါတယ်။

နောက်ဆုံးရထားတဲ့ တရားဝင်အချက်အလက်တွေ အရ တရုတ်မှာ အလုပ်လက်မဲ့နှုန်းဟာ သုံးလဆက်တိုက်မြင့်တက်လာနေပါတယ်။

ဒီလို လူတစ်ဦးချင်းရဲ့ ငွေသားစုငွေတိုးလာတာက တရုတ်ရဲ့ စီးပွားရေးကို ပြန်ချိန်ညှိဖို့ ပိုပြီးခက်ခဲလာစေပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း တရုတ် မှာ ကုန်ကျစရိတ်သက်သာတဲ့ထုတ်လုပ်မှုတွေနဲ့ အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုတွေက ကြောက်စရာ အရှိန်အဟုန်နဲ့ မြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်အနေနဲ့ စီးပွားရေးပိုပြီးခိုင်မာရင့်ကျက်လာတာနဲ့အမျှ ပြည်တွင်း သုံးစွဲမှုတိုးတက်ရေးလည်း ထိန်းထားနိုင်ဖို့လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက ဆွေးနွေးမှုတွေ ရှိပါတယ်။

ဒေါက်တာလူကတော့ တရုတ်မှာ ဒီလိုငွေစုဆောင်းမှုပုံစံက တရုတ်နိုင်ငံအတွက် ငွေကြေးလှည့်ပတ်မှုကို ခက်ခဲသွားစေနိုင်ပြီး ဒါက ၁၉၉၀ နှစ်တွေအတွင်းက ဂျပန်ရဲ့ အတွေ့အကြုံက မြင်သာစေတယ်လို့ ဆိုပါတယ်။ သဘောကတော့ အတိုးနှုန်းတွေ အတော်နည်းတာတောင် လူတွေက ငွေမသုံးဘဲ ငွေတွေကို စုမြဲစုနေကြတာကြောင့် စီးပွားရေးတိုးတက်စေမယ့် ငွေကြေးမူဝါဒတွေ အလုပ်မဖြစ် ဖြစ်စေပါတယ်။

ပူပင်သောကနဲ့ ခင်မင်ရင်းနှီးမှု

ရှောင်ကျွမ်းကတော့ နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုအတွက်၄၀ ရာခိုင်နှုန်း ပံ့ပိုးပေးတဲ့ တိုးတက်နေတဲ့လုပ်ငန်းတစ်ခုဖြစ်တဲ့ သန့်ရှင်းသောစွမ်းအင်လုပ်ငန်းတစ်ခုမှာ အလုပ်လုပ်ခွင့်ရနေသေးတဲ့အတွက် ကံကောင်းတယ်လို့ ခံယူထားပါတယ်။

ဒါပေမဲ့ ဆေးရုံ၊ ကျောင်းတို့လို ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာလုပ်ကိုင်နေတဲ့ သူ့မိသားစုဝင်အချို့နဲ့ သူငယ်ချင်းတွေ အလုပ်ပြုတ်သွားတာကိုမြင်လိုက်ရတာကသူ့ကို "ဒီလို အန္တရာယ်အတွက် ပြင်ဆင်ထားဖို့ " ငွေစုရမယ်ဆိုတာကို တွန်းအားပေးလိုက်သလို ဖြစ်သွားပါတယ်။

ဖေဖော်ဝါရီလမှာ ရှောင်ကျွမ်းက အွန်လိုင်းငွေစုအဖွဲ့တွေထဲကို ဝင်ခဲ့ပါတယ်။ ဒီအုပ်စုတွေထဲက အဖွဲ့ဝင်တွေချင်း နေ့စဥ်ဘတ်ဂျက်သုံးစွဲမှုတွေကို စာရင်းတွေနဲ့ ပြောပြပြီးစိစစ်ဖို့ တိုင်ပင်ကြပါတယ်။ သူတို့အချင်းချင်းလည်း ငွေကိုဘယ်လိုစိစစ်သုံးမလဲဆိုတာနဲ့ မြင်သမျှလိုချင် ဝယ်ချင်တဲ့စိတ်ကို ထိန်းနိုင်ဖို့ လည်း တစ်ဦးနဲ့တစ်ဦး တိုက်တွန်းကြပါတယ်။

ရှောင်ကျွမ်းတို့အဖွဲ့ထဲကတစ်ယောက်ဆိုရင် ယွမ် ၅,၀၀၀ တန် တန်ဖိုးကြီးအိတ်တစ်လုံး အင်မတန်လိုချင်နေပေမဲ့ ‌အဖွဲ့ထဲကတစ်ယောက်နဲ့ စကားပြောပြီးတဲ့နောက်မှာ ယွမ် ၁,၀၀၀ အောက်ပဲရှိတဲ့ တစ်ပတ်ရစ်အိတ်ကို ဝယ်လိုက်ပြီး အသုံးစရိတ်ချွေတာ လိုက်ပါတယ်။

‌‌ရှောင်ကျွမ်းသုံးနေတဲ့ အသဲပုံပုံစံငွေစုရတဲ့ အပ်ပလီကေးရှင်းဇယား

ဓာတ်ပုံ ရင်းမြစ်, Handout

ဓာတ်ပုံ ပုံစာ, ‌‌ရှောင်ကျွမ်းသုံးနေတဲ့ အသဲပုံပုံစံငွေစုရတဲ့ အပ်ပလီကေးရှင်းဇယား

ရှောင်ကျွမ်းက ငွေစုဖို့ကြိုးစားသလို ငွေချွေတာစိစစ်တဲ့နည်းလမ်းတွေကိုလည်း ရှာဖွေခဲ့ပါတယ်။

ဥပမာ - ၁ ယွမ်ကနေ ၁၈၃ ယွမ်အထိ နေ့စဥ်ချွေတာနိုင်တဲ့ နည်းလမ်းကိုဖော်ပြတဲ့ အကွက်ပေါင်း ၃၆၅ ကွက်ပါတဲ့ အသဲပုံဇယားကွက်နဲ့မိုဘိုင်းအပ်ပလီကေးရှင်းအကြောင်းကို လေ့လာခဲ့ပါတယ်။

ဒီ အပ်ပလီကေးရှင်းရဲ့ ညွှန်ကြားချက်အတိုင်းလိုက်လုပ်မယ်ဆိုရင် တစ်နှစ်အကြာမှာ ယွမ် ၃၄,၀၀၀ နီးပါးကို စုနိုင်မှာ ဖြစ်ပါတယ်။

တခြားသူတွေက သူ့လိုပဲငွေစုချင်တာကိုသိလိုက်တဲ့အခါမှာ ရှောင်ကျွမ်းတစ်ယောက် တော်တော်ကို အံ့သြခဲ့ပါတယ်။ ငွေစုအဖွဲ့ဝင်တွေနဲ့ တစ်သွေးတစ်သားတည်း ခံစားလာရပြီး ''သူတစ်ယောက်တည်းဆို ကြာရှည်ဆက်စုဖို့ ခက်မယ်'' လို့ တောင် တွေးမိတယ်လို့ ဆိုပါတယ်။

ရှောင်ကျွမ်းဟာ အဲဒီငွေစုဖက်တွေထဲတစ်ယောက်နဲ့ သူငယ်ချင်းကောင်း ဖြစ်လာပါတယ်။ အဲဒီသူငယ်ချင်းက ဆရာမတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ပထမကလေးကိုယ်ဝန်ကို လွယ်ထားသူ ဖြစ်ပါတယ်။ ရှောင်ကျွမ်းတစ်ယောက်က သူ့ရဲ့လစဥ်စုဆောင်းငွေသတ်မှတ်ချက်ကိုရောက်ခဲ့ချိန်မှာ ကီလိုမီတာ ၂,၀၀၀ အကွာအဝေးရှိတဲ့ ဂန်ဆုက သူ့သူငယ်ချင်းဆရာမလေးအတွက် နှင်းဆီ ပန်းစည်းမှာပြီးတောင် ပို့ပေးလိုက်ပါတယ်။

ရှောင်ကျွမ်းရဲ့ မလိုအပ်ဘဲ လွယ်လွယ်လျှောက်ဝယ်တတ်တဲ့အကျင့် လျော့သွားပါပြီ။ အရင်တုန်းကတော့ စူပါမားကတ်မှာ သူကြိုက်တာမှန်သမျှကို တွန်းလှည်းထဲ ထည့်လိုက်တာပါပဲ။ အခုတော့ ကုန်စုံဆိုင်မှာ ဝယ်ဖို့ စာရင်းကို တို့မှတ်ထားပြီး အဲဒီအတိုင်းပဲ ဝယ်ပါတယ်။ သူ့မှာချွေတာရေးအတူလုပ်တဲ့ အပေါင်းအသင်းတွေ ရှိလာချိန် တစ်လအကြာမှာ သူ့ရဲ့ အသုံးစရိတ်ကို ၄၀ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ပါတယ်။ သူ့တွက်ကိန်းကတော့ တစ်နှစ်အကြာမှာ ယွမ်ငွေ တစ်သိန်း စုဆောင်းနိုင်ဖို့ဖြစ်ပြီး အရင်ထက် ဆယ်ဆတိုးလာဖို့ပါပဲ။

တခြားအမျိုးသမီးတွေကလည်း “အဖော်” ရှိတာက သူတို့ကို ပိုက်ဆံစုဖို့ အကူအညီဖြစ်တယ်လို့ ပြောကြပါတယ်။ အဖွဲ့ဝင်တစ်ဦးကဆိုရင် အခုဆို သူကိုယ်တိုင် ချက်ပြုတ်ပြီး မလိုအပ်တာကို မဝယ်ဘဲ အသုံးအစွဲကို လျှော့ချလိုက်တယ်လို့ ဆိုပါတယ်။ အခြားတစ်ယောက်ကတော့ သူ့မှာ လုပ်စရာတွေနဲ့ မအားလပ်အောင်နေပြီး များများစားစား စုဆောင်းတဲ့အလေ့အကျင့်နဲ့ ကုန်ကျစရိတ်နည်းတဲ့ဝါသနာတွေကို ဖန်တီးမယ်လို့ ဆိုပါတယ်။

မစ္စချန်ကတော့ သူ့မိသားစု အားလုံးအတွက်ယွမ် ၅ သန်းလိုတယ်လို့တွက်ချက်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Handout

ဓာတ်ပုံ ပုံစာ, မစ္စချန်ကတော့ သူ့မိသားစု အားလုံးအတွက်ယွမ် ၅ သန်းလိုတယ်လို့တွက်ချက်ထားပါတယ်။

ငွေက ဘုရင်

အမျိုးသမီးတချို့က အိမ်မှာ ငွေစုကြတဲ့ သမားရိုးကျနည်းကို ရွေးနေကြတုန်းပါပဲ။

ဒါက အချက်အလက်တွေအရ တစ်နိုင်ငံလုံးရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးတောင် မိုဘိုင်းငွေပေးချေမှုကို သုံးနေတဲ့ တရုတ်နိုင်ငံအတွက်ဆိုရင် ထူးဆန်းနေပါတယ်။

"ကျွန်မကတော့ ပိုက်ဆံထုပ်ကြီး ပိုကြီးကြီးလာတာကို တွေ့ရရင် စိတ်က ပိုလုံခြုံပြီး ကျေနပ်တယ်" လို့ ဟေနန်ပြည်နယ် အလယ်ပိုင်း အလှပြင်ဆိုင်တစ်ခုက အသက် ၃၂ ​​နှစ်အရွယ် မစ္စချန်က ပြောပါတယ်။

လစဉ်လတိုင်း သူရဲ့ ၀င်ငွေအများစုကို ဘဏ်ကနေ ထုတ်ယူပြီး ငွေသားကို သေတ္တာထဲမှာ ထည့်သိမ်းထားတာပါ။ ယွမ် ၅၀,၀၀၀ ရောက်မှ ပဲ စာရင်းသေအပ်ငွေကို သူပြောင်းလုပ်မယ်လို့ ဆိုပါတယ်။

အခုတော့ သူက စျေးဝယ်ရင် ငွေသားပဲ ထုတ်သုံးပါတယ်။ '' သိပ်တော့အဆင်မပြေပေမဲ့ ဒီနည်းလမ်းက အသုံးစရိတ်ကို တွက်ချက်ပြီး ချွေတာနိုင်တယ်'' လို့ ပြောပါတယ်။

စီးပွားရေးကျဆင်းလာတာကြောင့် မစ္စချန်ကိုယ်တိုင်လည်း ပုံမှန်ဖောက်သည်တွေ အတော်လျော့သွားပါတယ်။ သူ့ဖောက်သည်တွေလည်း အသုံးစရိတ် ချွေတာလာကြပါတယ်။

မောင်နှမမရှိ တစ်ဦးတည်းသော သားသမီးတွေ ဖြစ်ကျတဲ့ မစ္စချန်နဲ့ သူ့ခင်ပွန်းက သက်ကြီးရွယ်အို မိဘလေးပါးကို ပြုစုစောင့်ရှောက်ရဖို့တာဝန်ကလည်း ရှိနေပါတယ်။

သူ့ရည်မှန်းချက်က သူ့သားနှစ်ယောက်အတွက် တစ်ယောက်ကို အနည်းဆုံး ယွမ်တစ်သန်းစီ စုပေးထားချင်တာပါ။

တရုတ်နိုင်ငံမှာ အမျိုးသားတွေ အိမ်ထောင်ပြုတဲ့အခါ အိမ်တစ်လုံးတော့ ပါလာကြဖို့ မျှော်လင့်ချက်ရှိပါတယ်။ ဒါကြောင့် မိဘတွေက သူတို့သားတွေအတွက် အိမ်ခန်းဝယ်ပေးတတ်ကြပါတယ်။

သူ့ခန့်မှန်းကြည့်တော့ သူ့မိသားစုအတွက် အနည်းဆုံး ယွမ် ၅ မီလျံလောက် စုနိုင်ဖို့လိုပါတယ်။ ဒါပေမဲ့ အခု သူ့မှာ ကိုယ်ဝန်ရှိလာပြီဆိုတော့ ဒါနဲ့ မလောက်နိုင်လောက်တော့ပါဘူး။

"အရင်တုန်းက ကျွန်မမှာ ငွေစုတဲ့ အစီအစဉ်မရှိပေမယ့် ပိုက်ဆံနည်းနည်း အပိုရှိပါသေးတယ်။ အခုတော့ ငွေပိုငွေလျှံကျန်ဖို့က ခက်လာပါပြီ။ လက်ထဲမှာ ငွေသားရှိရင် ခေါင်းပူရတာ အတော်သက်သာပါတယ်။"