ရာထူးဖြုတ်ချမှုတွေက တရုတ်သမ္မတ ရှီကျင့်ဖျင့်အတွက် အခက်တွေ့လာမလား

အရာရှိကြီးတွေ ပျောက်နေတာက မစ္စတာရှီရဲ့ခေါင်းဆောင်မှုမှာ မတည်ငြိမ်မှုလက္ခဏာတစ်ရပ်လား၊ ပိုအားကောင်းလာစေမှုလား။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အရာရှိကြီးတွေ ပျောက်နေတာက မစ္စတာရှီရဲ့ခေါင်းဆောင်မှုမှာ မတည်ငြိမ်မှုလက္ခဏာတစ်ရပ်လား၊ ပိုအားကောင်းလာစေမှုလား။
    • ရေးသားသူ, တက်ဆာ ဝမ်း
    • ရာထူးတာဝန်, ဘီဘီစီအာရှဒီဂျစ်တယ်ဌာနသတင်းထောက်

သူတို့ဟာ ရှီကျင့်ဖျင် ယုံကြည်စိတ်ချရတဲ့သူတွေပါ။ အခုတော့ သူတို့ လူမြင်ကွင်းက ပျောက်ကွယ်နေကြပါပြီ။

ပြီးခဲ့တဲ့လပိုင်းတွေအတွင်း တရုတ်အဆင့်မြင့်အရာရှိကြီးတွေ ပျောက်နေတာနဲ့ပတ်သက်ပြီး ဒါဟာ သမ္မတ ရှီက အပြောင်းအလဲတွေ စလုပ်နေပြီလား၊ အထူးသဖြင့် စစ်တပ်နဲ့ဆက်နွှယ်သူနေသူတွေကို အပြောင်းအလဲလုပ်နေသလားဆိုပြီး လူတွေကြား ပြောဆိုဆွေးနွေးစရာ ဖြစ်လာပါတယ်။

အဲဒီအရာရှိကြီးတွေထဲမှာ သီတင်းပတ်အတော်ကြာ လူမြင်ကွင်းက ပျောက်နေတဲ့ ကာကွယ်ရေးဝန်ကြီး လီရှန်းဖူလည်း ပါဝင်ပါတယ်။ သူပျောက်နေတဲ့အကြောင်း အမေရိကန်ထိပ်တန်းသံတမန်တစ်ဦး ထုတ်ပြောခဲ့ပြီးနောက် ပိုပြီး အာရုံစိုက်စရာ ဖြစ်လာပါတယ်။

သူပျောက်နေတာနဲ့ပတ်သက်လို့ နောက်ပိုင်းမှာ ရိုက်တာသတင်းထဲမှာတော့ တရုတ်စစ်တပ် PLA အတွက် လက်နက်ဝယ်ယူမှုကို ကြီးကြပ်ခဲ့သူ ဗိုလ်ချုပ်ကြီးဟာ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ဝယ်ယူမှုနဲ့ပတ်သက်လို့ စစ်ဆေးခံနေရတာလို့ ဖော်ပြပါတယ်။

တရုတ်အစိုးရဘက်က “ကျန်းမာရေးအခြေအနေ” ကြောင့်လို့ ဖော်ပြတာကလွဲလို့ တရားဝင်ရှင်းလင်းတာမျိုးတော့ မရှိပါဘူး။ ဒါကြောင့် လူတွေကြား ပိုပြောဆိုစရာ ဖြစ်ခဲ့ပါတယ်။

အဓိကဖြစ်နိုင်ခြေတစ်ခုကတော့ အာဏာပိုင်တွေဟာ PLA အတွင်းက အကျင့်ပျက်ချစားမှုတွေကို တိုက်ဖျက်တဲ့အနေနဲ့ ဖယ်ရှားတာပါ။

ဇူလိုင်လတုန်းက စစ်တပ်ဘက်က ထူးခြားတဲ့ကြေညာချက်တစ်ခု ထုတ်ခဲ့ပါတယ်။ အဲဒါကတော့ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း အကျင့်ပျက်ချစားမှုတွေ တွေ့ခဲ့ရင် ဆက်သွယ်သတင်းပေးဖို့ လူထုကို ပန်ကြားခဲ့ပါတယ်။

သမ္မတရှီကိုယ်တိုင်လည်း စစ်အခြေစိုက်စခန်းတွေဆီ အကြိမ်ကြိမ်သွားရောက်စစ်ဆေးတာ ဧပြီကလတည်းကဆို ငါးကြိမ် ရှိခဲ့တယ်လို့ BBC Monitoring အဖွဲ့က လေ့လာသိရှိခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တရုတ်စစ်တပ်ထဲမှာ အဂတိလိုက်စားမှု ကာလတာရှည်ဖြစ်နေတာဟာ တရုတ်ပြည် စီးပွားရေးဖွင့်ပေးခဲ့တဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေကတည်းက ဖြစ်တယ်လို့ စင်္ကာပူရဲ့ နန့်ယန်းနည်းပညာတက္ကသိုလ်က တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်စစ်တပ်ကြားဆက်ဆံရေးကို လေ့လာနေသူ သုတေသီ ဂျိမ်းစ် ချားက ပြောပါတယ်။

နှစ်စဥ် တရုတ်စစ်တပ်ထဲမှာ ယွမ် ၁ ထွီလျံ (ဘီလျံ တစ်ထောင်) ကျော်ဖိုး သုံးစွဲပြီး အဲဒီထဲက တချို့က စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ဝယ်ယူတာ ဖြစ်ပါတယ်။ အဲဒီဝယ်ယူမှုတွေကို နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်နဲ့ လျှို့ဝှက်ထားကြပါတယ်။ ဒီလို ပွင့်လင်းမြင်သာမှုမရှိတာက တရုတ်နိုင်ငံရဲ့ တစ်ပါတီ ဗဟိုချုပ်ကိုင်မှုစနစ်ကြောင့် ပိုပြီး ဆိုးရွားစေပါတယ်။

တခြားနိုင်ငံတွေရဲ့ စစ်တပ်တွေမှာတော့ ဒီလိုဝယ်ယူမှုတွေလုပ်ရင် လူထုရဲ့ စောင့်ကြည့်စစ်ဆေးမှုတွေကို ခံကြရပါတယ်။ တရုတ်စစ်တပ်ကိုတော့ တရုတ်ကွန်မြူနစ်ပါတီကပဲကြီးကြပ်တယ်လို့ ဒေါက်တာချားက ထောက်ပြပါတယ်။

မစ္စတာရှီဟာ စစ်တပ်အတွင်း အဂတိလိုက်စားမှုကို တိုက်ဖျက်ရာမှာ အောင်မြင်မှုတချို့ရခဲ့ပြီး စစ်တပ်ရဲ့ဂုဏ်သိက္ခာကို အတိုင်းအတာတစ်ခုထိ ဆည်ယူနိုင်ခဲ့ပေမဲ့ “အဂတိလိုက်စားမှုကို မြေလှန်ပစ်ဖို့ဆိုရင် မဖြစ်နိုင်တဲ့အလုပ်မဟုတ်ရင်တောင် အတော်ကြီး ခက်ခက်ခဲခဲ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အာဏာကို အကြွင်းမဲ့ချုပ်ကိုင်ထားတဲ့နိုင်ငံတစ်ခုမှာ သူတို့ မလုပ်ချင်တဲ့ စနစ်တကျ ပုံစံပြောင်း လုပ်ဆောင်မှုတစ်ခု လိုအပ်နေတဲ့အတွက် ဖြစ်တယ်” လို့ ဒေါက်တာ ချားက ပြောပါတယ်။

“တရုတ်ကွန်မြူနစ်ပါတီအစိုးရက သူတို့ကိုယ်တိုင် ပိတ်ဆို့ထားတဲ့ မှန်ကန်သင့်တော်တဲ့ ဥပဒေစနစ်တစ်ရပ် ပေါ်ထွက်လာဖို့ ဆန္ဒမရှိမချင်း ဒီလို ရာထူးက ဖယ်ရှားမှုတွေ ဆက်ရှိနေမှာပဲ။”

ဗိုလ်ချုပ်ကြီး လီရှန်းဖူကို လူမြင်ကွင်းမှာ မတွေ့တာ သီးတင်းပတ်အတော်ကြာနေပြီ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်ကြီး လီရှန်းဖူကို လူမြင်ကွင်းမှာ မတွေ့တာ သီးတင်းပတ်အတော်ကြာနေပြီ။

အမေရိကန်နဲ့ ဆက်ဆံရေး ခက်ခဲရှုပ်ထွေးနေချိန်မှာ ဒီလို တရုတ်အရာရှိကြီးတွေ လူမြင်ကွင်းက ပျောက်သွားနေတာတွေက တရုတ်အစိုးရအတွင်း သံသယလွန်ကဲမှု ကြီးထွားလာတာကြောင့်လို့ ပြောကောင်းပြောနိုင်ပါတယ်။

ဇူလိုင်လတုန်းက တရုတ်နိုင်ငံမှာ တိုးချဲ့ထားတဲ့ တန်ပြန်သူလျှိုထောက်လှမ်းရေးဆိုင်ရာဥပဒေ အသက်ဝင်ခဲ့ပါတယ်။ ဒီဥပဒေကြောင့် အာဏာပိုင်တွေဟာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ လုပ်ပိုင်ခွင့်အာဏာတွေ ပိုရလာပါတယ်။ သူလျှိုလုပ်တာတွေကို နိုင်ငံသားတွေကပါ ကူညီတိုက်ဖျက်ပေးဖို့ တရုတ်လုံခြုံရေးဝန်ကြီးဌာနက လူသိရှင်ကြား ပြောဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး လီ ပျောက်နေမှုနဲ့အတူ ဇူလိုင်လတုန်းက ရာထူးက ဖယ်ရှားခံရတဲ့ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းအကြောင်းကြောင့်လည်း လူတွေကြား ပိုမိုပြောဆိုစရာ ဖြစ်ခဲ့ပါတယ်။

ဝေါလ်စထရိ ဂျာနယ်က ဖော်ပြမှုတော့ သူဟာ အခြားအမျိုးသမီးတစ်ဦးနဲ့ ချစ်ကြိုက်ခဲ့ပြီး အဲဒီအမျိုးသမီးဟာ အမေရိကန်မှာ ကလေးမွေးဖွားခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ သူ့ကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

“အိမ်ထောင်ရေးဖောက်ပြန်တာက တရုတ်ရေပေါ်ဆီအလွှာ (ကွန်မြူနစ်ပါတီ) မှာတော့ အရည်အချင်းပျက်ယွင်းမှု မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီတစ်ယောက်က နိုင်ငံခြားတိုင်းပြည်ရဲ့ ထောက်လှမ်းရေးနဲ့ ဆက်နွှယ်နေတယ်လို့ သံသယရှိခံရမယ်၊ နောက်ပြီး ပထဝီနိုင်ငံရေးအရ ရန်သူမဟုတ်ရင်တောင် ပြိုင်ဘက်ဖြစ်နေတဲ့ နိုင်ငံရဲ့ နိုင်ငံကူးလက်မှတ်ကိုင်ထားပြီး ကလေးမွေးရင်တော့ အရည်အချင်းပျက်ယွင်းမှု ဖြစ်နိုင်ပါတယ်” လို့ တရုတ်အရေးကျွမ်းကျင်သူ ဘေလ် ဘစ်ရှော့ပ်က ပြောပါတယ်။

နောက်တစ်ချက်အနေနဲ့တော့ မစ္စတာရှီအနေနဲ့ အကျင့်ပျက်ချစားမှုတွေကို ရှင်းလင်းတိုက်ဖျက်ဖို့ ပါတီတွင်းကနေလည်း သူ့အပေါ် ဖိအားပေးမှုတွေ ရင်ဆိုင်နေရတယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိပါတယ်။

တရုတ်နိုင်ငံမှာက ကိုဗစ်အလွန်စီးပွားရေးက နှေးကွေးနေပြီး လူငယ်အလုပ်လက်မဲ့နှုန်းက ကြီးထွားလာနေပါတယ်။ တရုတ်နိုင်ငံရေးစနစ်အရ မစ္စတာရှီဟာ နိုင်ငံရဲ့ သမ္မတသာမကဘဲ စစ်တပ်အကြီးအကဲလည်း ဖြစ်ပါတယ်။

တစ်ဖက်ကကြည့်ရင် အခုလို အရာရှိကြီးတွေ ပျောက်နေတာက မစ္စတာရှီရဲ့ခေါင်းဆောင်မှုအောက်မှာ မတည်ငြိမ်မှု လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး လီရော မစ္စတာ ချင်ပါ ဝန်ကြီးတွေဖြစ်ရုံသာမကဘဲ မစ္စတာရှီက မျက်နှာသာပေးခြင်းခံရတဲ့ နိုင်ငံတော်တိုင်ပင်ခံတွေ ဖြစ်ကြတဲ့ အချက်ကိုလည်း အကဲခတ်တွေက အလေးပေးပြောကြပါတယ်။ ဒီလို ရုတ်တရက်ဖြုတ်ပစ်လိုက်တာတွေက တရုတ်သမ္မတရဲ့ လူရွေးဆုံးဖြတ်ချက်မှားယွင်းမှုအဖြစ် မြင်နိုင်ပါတယ်။

တကယ်လို့ ဒါဟာ နိုင်ငံရေးအရဖယ်ရှားမှုဖြစ်တယ်ဆိုရင် ပြီးခဲ့တဲ့နှစ်က ပါတီညီလာခံမှာ မစ္စတာရှီဟာ သူ့ရဲ့ အာဏာတွေကို ပိုအားကောင်လာအောင် လုပ်ပြီးနောက် ပြိုင်ဖက်ဖြစ်လာနိုင်သူတွေကို ချောင်ထိုးခဲ့ပြီး သူ့ရဲ့မဟာမိတ်တွေနဲ့ အဓိကကော်မတီတွေ ဖွဲ့ခဲ့တာက အကျည်းတန်ရုပ်ဆိုးစေပါတယ်။

တချို့ကလည်း အခုလို လုပ်တာတွေက မစ္စတာရှီကို ပိုအားကောင်းလာစေတယ်လို့လည်း မြင်ပါတယ်။

သူကိုယ်တိုင်လည်း ဖယ်ရှားခံခဲ့ရတဲ့ တရုတ်ကွန်မြူနစ်ပါတီအရာရှိရဲ့ သားတစ်ဦးဖြစ်တဲ့ မစ္စတာရှီဟာ အကျင့်ပျက်ချစားမှုတွေကို လူသိရှင်ကြား တိုက်ဖျက်ရာမှာ နာမည်ကြီးပါတယ်။ ဒီလိုလုပ်တာက သူ့ရဲ့နိုင်ငံရေးရန်သူတွေကို ရှင်းလင်းရာလည်း ရောက်တယ်လို့ အကဲခတ်တွေက ပြောပါတယ်။

မော်စီတုန်းနောက်ပိုင်း တရုတ်နိုင်ငံမှာ မစ္စတာရှီလို ရှင်းလင်းဖယ်ရှားမှု အမြောက်အမြားလုပ်တဲ့ ခေါင်းဆောင် မရှိသေးပါဘူး။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကေဒါတွေ ထောင်နဲ့ချီပြီး အရေးယူခံရသလို ၂၀၁၃ ခုနှစ် သူအာဏာရပြီးကာစက စခဲ့တဲ့ “ကျားများနှင့် ယင်ကောင်များ” စီမံချက်အောက်မှာ အောက်ခြေရော ထိပ်ပိုင်းအရာရှိတွေကိုပါ ပစ်မှတ်ထား အရေးယူခဲ့ပါတယ်။

အဂတိလိုက်စားမှုမှာ စစ်တပ်တွင်းကိုလည်း ပစ်မှတ်ထားခဲ့ပြီး ၂၀၁၇ လောက်အရောက်မှာ စုစုပေါင်း အဆင့်မြင့်အရာရှိ ၁၀၀ ကျော်ကို ဖယ်ရှားပြီးခဲ့ပါတယ်။

အဲဒီအချိန်တုန်းက တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဆောင်းပါးတစ်ပုဒ်မှာ အခုရှင်းလင်းတဲ့အရေအတွက်ဟာ “တရုတ်နိုင်ငံသစ်ဖြစ်လာဖို့ စစ်အတွင်း ကျဆုံးခဲ့တဲ့ ဗိုလ်ချုပ်တွေအရေအတွက်ထက် များကြောင်း” ဖော်ပြခဲ့ပါတယ်။

မစ္စတာချင်ဟာ တစ်ချိန်ကတော့ မစ္စတာရှီရဲ့ မျက်နှာသာပေးမှု ခံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, POOL

ဓာတ်ပုံ ပုံစာ, မစ္စတာချင်ဟာ တစ်ချိန်ကတော့ မစ္စတာရှီရဲ့ မျက်နှာသာပေးမှု ခံခဲ့ရပါတယ်။

အခုချိန်မှာ အရေးကြီးတဲ့မေးခွန်းတစ်ခုကတော့ အခုနောက်ဆုံး ဖယ်ရှားမှုတွေက ဘယ်လိုအချက်ပြသတင်းစကား ပေးချင်တာလဲ ဆိုတာနဲ့ သူတို့ရဲ့ အန္တိမရလဒ်က ဘာဖြစ်လာမလဲဆိုတာပါ။

အကဲခတ်တွေကတော့ လက်ရှိဖြစ်ရပ်တွေကြောင့် စစ်တပ်အတွင်းရော အစိုးရအတွင်းမှာပါ အကြောက်တရားတွေ ဖြစ်ပေါ်လာမယ်လို့ သုံးသပ်ကြပါတယ်။

လူတွေ စည်းမျဥ်းလိုက်နာလာအောင် ဒီလိုလုပ်တာ ဖြစ်နိုင်ပေမဲ့ တစ်ဖက်မှာလည်း လူတွေကြေား စိတ်ဓာတ်ကျဆင်းမှုတွေ ဖြစ်နိုင်ပါတယ်။

နှစ်ပေါင်းများစွာ သူနဲ့ပလဲနံပ မသင့်သူတွေကို စနစ်တကျဖယ်ရှားပြီး သူ့နောက်လိုက်တွေကိုတော့ ရာထူးကြီးကြီးတွေ ပေးခဲ့တဲ့ မစ္စတာရှီအနီးမှာ သူပြောသမျှ ခေါင်းညိမ့်မယ့်သူတွေနဲ့သာ ပြည့်နှက်နေပါတယ်။

ဒီလို ထောက်ပြဆင်ခြင်သုံးသပ်မှုမရှိဘဲ အုပ်စုဖွဲ့တွေးခေါ်မှုတွေက သမ္မတရှီခေါင်းဆောင်မှုရဲ့ “အမှန်တကယ် မတည်ငြိမ်မှု” ဖြစ်ပြီး ဒါက တရုတ်ရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကိုပါ ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်တယ်လို့ ဒေါက်တာချားက ပြောပါတယ်။

အခုဖယ်ရှားမှုတွေက ထိုင်ဝမ်ရေလက်ကြားမှာ တင်းမာနေတဲ့အချိန်မှာဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း တရုတ်ဘက်က စစ်သင်္ဘောတွေနဲ့ စစ်လေယာဥ်တွေ စေလွှတ်ခဲ့ချိန် ဖြစ်ပါတယ်။

နိုင်ငံခြားရေးမူဝါဒနဲ့ ကာကွယ်ရေးဆိုင်ရာသံတမန်ဆက်သွယ်မှုတွေမှာ ဘယ်အနှောင့်အယှက်မဆို စိုးရိမ်စရာဖြစ်တယ်၊ အထူးသဖြင့် “မတော်တဆမှုတွေ ဖြစ်နိုင်သလို တင်းမာမှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ပိုပြီး ခက်ခဲလာတတ်တယ်”လို့ ကာနက်ဂျီချိုင်းနား ပညာရှင်အဖွဲ့က အီယံ ချုံးက ပြောပါတယ်။

ဒါပေမဲ့ တချို့ကလည်း တရုတ်စစ်တပ်တွင်းမှာ ထိပ်ပိုင်းအရာရှိတွေကို အပြောင်းအလဲလုပ်နိုင်ဖို့ ခိုင်မာတဲ့ ခေါင်းဆောင်မှုရှိပြီး စစ်မဖြစ်အောင် သတိထားလုပ်ဆောင်နိုင်တဲ့အနေအထား ရှိတယ်လို့ ထောက်ပြကြပါတယ်။

တချို့ကလည်း ဒီလိုဖယ်ရှားမှုတွေက မစ္စတာရှီရဲ့ခေါင်းဆောင်မှုအပေါ် ရေရှည်ထိခိုက်နိုင်ဖွယ် မရှိဘူးလို့ ယူဆကြပါတယ်။ ပစ်မှတ်ထားခံရတဲ့ ကေဒါတွေဟာ မစ္စတာရှီရဲ့ အတွင်းစည်းက လူတွေ မဟုတ်သေးဘူးလို့ အေးရှား ဆိုဆိုက်တီ ပေါ်လစီ အင်စတီကျုက တရုတ်နိုင်ငံရေးကျွမ်းကျင်သူ နေးလ် သောမတ်စ်က ပြောပါတယ်။

နိုင်ငံရေးအကဲခတ်အများစုကြား ဘုံသဘောတူနိုင်တဲ့အချက်တစ်ခုကတော့ ဒီအဖြစ်အပျက်တွေဟာ တရုတ်ရဲ့ စနစ်အတွင်း ဖုံးပိတ်ထားမှုကို မီးမောင်းထိုးပြနေတာပဲ ဖြစ်ပါတယ်။

“ဒီကနေ နောက်ထပ်မေးခွန်းတွေကတော့ မူဝါဒအကောင်အထည်ဖော်ရေး ဘယ်လို ဆက်လုပ်ဆောင်မလဲဆိုတာနဲ့ လက်တွေ့အလုပ်လုပ်နေကြတဲ့အဆင့်မှာ ကတိတွေ၊ အာမခံချက်တွေက ဘယ်လောက် ယုံကြည်စိတ်ချရမလဲ ဆိုတာပါ” လို့ ဒေါက်တာချုံးက ပြောပါတယ်။

နောက်ဆုံးမှာတော့ အခုလို အရာရှိကြီးတွေ ပျောက်နေတာက မပြေလည်မှုရလဒ်တစ်ခုအဖြစ် မြင်တွေ့ရပါတယ်။

ဒီသတင်းကို ဘီဘီစီ မော်နီးတားရင်း အဖွဲ့နဲ့ ပူးတွဲရေးသားပါတယ်။