လူမြင်ကွင်းက ပျောက်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ရာထူးက ထုတ်ပယ်

ချင်းကန်

ဓာတ်ပုံ ရင်းမြစ်, Reuters

တရုတ် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ထားတာ ခုနစ်လမပြည့်သေးတဲ့ မစ္စတာ ချင်းကန်ကို ရာထူးက ဖယ်ရှားလိုက်ပါတယ်။

မစ္စတာချင်းကို သမ္မတ ရှီကျင့်ဖျင်နဲ့ နီးစပ်သူအဖြစ် အများက မြင်ကြပါတယ်။

အခုတော့ ဒီရာထူးကို တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံခြားရေးဌာန အကြီးအကဲ ဝမ်ယီက ရယူမှာ ဖြစ်ပါတယ်။

မစ္စတာချင်း လူမြင်ကွင်းကနေ အကြာကြီး ပျောက်နေပြီး အစိုးရကလည်း အဲဒါနဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေတဲ့အတွက် လူတွေကြားမှာ ထင်ကြေးပေးပြောဆိုမှုတွေ ဖြစ်ခဲ့ပါတယ်။

အသက် ၅၇ နှစ်အရွယ် မစ္စတာချင်းကို လူမြင်ကွင်းမှာ နောက်ဆုံး မြင်ခဲ့ရတာက ဇွန်လ ၂၅ ရက်မှာ ဖြစ်ပါတယ်။

သူ့ကို ရာထူးက ထုတ်ပယ်လိုက်ပေမဲ့ ဘာကြောင့်ဆိုတဲ့ အကြောင်းကို မပြောပါဘူး။

သူ့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ ရာထူးမှာ ခန့်ထားခဲ့တာပါ။

သူအခုလို ဖယ်ရှားခံရပြီးနောက် သူသီတင်းပတ်ချီ ပျောက်ကွယ်နေတာနဲ့ ပတ်သက်တဲ့ မရေရာမှုတွေ အဆုံးသတ်သွားခဲ့ပေမဲ့ မဖြေနိုင်တဲ့ မေးခွန်းပေါင်းများစွာ ကျန်နေပါသေးတယ်။

တရုတ်ရဲ့ ထိပ်တန်း ဥပဒေပြု အစည်းအဝေးက ဝမ်ယီကို နိုင်ငံခြားရေးအဖြစ် ခန့်အပ်ဖို့ မဲပေးရွေးချယ်ခဲ့တာလို့ နိုင်ငံပိုင် ဆင်ဟွာ သတင်းအေဂျင်စီက ပြောပါတယ်။

"ချင်းကန်ကို နိုင်ငံခြားရေးဝန်ကြီး ရာထူးက ဖယ်ရှားလိုက်ပါတယ်။"

အဲဒီရာထူးက ဖယ်ရှားတဲ့ အမိန့်ကို သမ္မတ ရှီကျင့်ဖျင်က လက်မှတ်ထိုးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ စနစ်အရ နိုင်ငံခြားရေး မူဝါဒကို အဆင့်မြင့်အရာရှိကြီးတွေက ချမှတ်ပြီး နိုင်ငံခြားရေးဝန်ကြီးက အကောင်အထည်ဖော်ရပါတယ်။

ဝမ်ယီက ၂၀၁၈ ကနေ ၂၀၂၂ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အခု ရာထူးကို ပြန်လည် ရယူတာ ဖြစ်ပါတယ်။

ဝမ်ယီဟာ အခုအခါ တောင်အာဖရိကနိုင်ငံက Brics နိုင်ငံများ လုံခြုံရေး အစည်းအဝေးမှာ ရောက်နေပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး (ဘယ်) နဲ့ တွေ့ဆုံစဥ်က ဝမ်ယီ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ရုရှားနိုင်ငံခြားရေးဝန်ကြီး (ဘယ်) နဲ့ တွေ့ဆုံစဥ်က ဝမ်ယီ

ချင်းကန်ဟာ တရုတ်အစိုးရရဲ့ လူတွေထဲက လူသိများသူတွေထဲက တစ်ဦးပါ။

သူအကြာကြီး ပျောက်နေခဲ့တာကို သံတမန်တွေကြားမှာသာမက တရုတ်ပြည်သူတွေကပါ သေချာ စောင့်ကြည့်ခဲ့ကြပါတယ်။

တစ်လကျော်ကြာက သူပုံမှန်တာဝန်တွေကနေ ပျောက်သွားပြီး အင်ဒိုနီးရှားမှာ ပြုလုပ်တဲ့ ထိပ်သီးအစည်းအဝေးကို တက်ဖို့ ပျက်ကွက်ခဲ့ပါတယ်။

အဲဒီအတွက် အတိအကျမဖော်ပြတဲ့ ကျန်းမာရေး ပြဿနာကြောင့်ဖြစ်တယ်လို့ အနည်းအကျဥ်းပဲ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ သူ့ဌာနက သေချာ ရှင်းမပြတဲ့အတွက် သူဟာ နိုင်ငံရေးကြောင့် အပြစ်ပေးခံရတာလား၊ အိမ်ထောင်ရေး အရှုပ်အရှင်းကြောင့် အပြစ်ပေးခံရတာလားဆိုတဲ့ ထင်ကြေးပေးမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။