တရုတ်နိုင်ငံခြားရေး ဝန်ကြီး ပျောက်ကွယ်နေ

တရုတ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံစဉ်

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ချင်ဂန်း လူမြင်ကွင်းကနေ ကွယ်ပျောက်နေတဲ့အတွက် တရုတ်ပြည်တွင်းက အွန်လိုင်းရေးသားသူတွေအကြား ကောလာဟလ တွေထွက်ပေါ်နေပြီး တရုတ်ရဲ့ လျှို့ဝှက် လုပ်ဆောင်မှုတွေကို လူတွေက မီးမောင်းထိုးပြနေကြပါတယ်။

အသက် ၅၇ အရွယ် နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူဟာ လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာ ၂၃ ရက် ရှိနေပါပြီ။ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့မှာ သူ့ကို နောက်ဆုံး တွေ့မြင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီဇင်ဘာလမှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် မစ္စတာ ချင်ကို ခန့်အပ်ခဲ့ပြီးနောက်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင် ယုံကြည်စိတ်ချရတဲ့ အနီးကပ်လူအဖြစ် အများက ရှုမြင်ခဲ့ကြပါတယ်။

တရုတ်အစိုးရအတွက် မျက်နှာဖုံးအဖြစ် လူတွေ သိထားကြတဲ့ မစ္စတာချင်ဟာ စောင့်ကြည့်သူတွေရဲ့ ဝေဖန်မှုတွေနဲ့ သာမန်လူတွေရဲ့ ပြောဆိုမှုတွေကနေ ကင်းလွတ်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

တနင်္လာနေ့က နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ မစ္စ မော်နင်းကို မစ္စတာ ချင် ဘယ်မှာရှိနေသလဲ ဆိုတဲ့ မေးမြန်းမှုတွေကိုလည်း သူ့မှာ ပြန်လည်ဖြေကြားဖို့ အဖြေမရှိဘူး ဆိုပြီး တုံ့ပြန်ထားပါတယ်။

တရုတ်ရဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ ထုံးစံအရ ထိပ်တန်း အရာရှိတစ်ဦး လူမြင်ကွင်းကနေ ရုတ်တရက် ပျောက်ကွယ်သွားတာဟာ အခက်အခဲတစ်ခုနဲ့ ရင်ဆိုင်နေရတဲ့ လက္ခဏာ ဖြစ်ပါတယ်။

မစ္စ မော်ရဲ့ တုံ့ပြန်ချက်အရ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ဂန်း ပျောက်ဆုံးနေမှုဟာ လူတွေကို သံသယဖြစ်ပေါ်စေခဲ့ပါတယ်။

တရုတ်နိုင်ငံက ဝေဘို လူမှုကွန်ရက်မှာ တင်ထားတဲ့ သတင်းစာရှင်းလင်းပွဲ ဗီဒီယိုမှာ “ဒီကိစ္စကို ဘယ်လို တုံ့ပြန်ရမလဲဆိုတာ သူမသိဘူး လား” ဆိုတဲ့ မှတ်ချက်ကို လူတစ်ယောက်က ရေးခဲ့ပါတယ်။ နောက်ထပ်တစ်ယောက်ကလည်း သူ့ရဲ့ တုံ့ပြန်ချက်က စိတ်ပူစရာပဲ ဆိုပြီး ရေးသားပါတယ်။

ဇွန်လတုန်းက မစ္စတာချင်ဂန်းဟာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင် နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါသေးတယ်။

တရုတ်နိုင်ငံမှာ ထိပ်တန်း အစိုးရ အရာရှိတွေ လူမြင်ကွင်းက ပျောက်ကွယ်ပြီး ဘာသတင်းမှ မသိရတာက ပြည်တွင်းမှာ ထုံးစံလိုလိုတောင် ဖြစ်နေပါပြီ။ ကာလအတန်ကြာမှ ရာဇဝတ်မှုတွေနဲ့ စုံစမ်းစစ်ဆေးနေတယ် ဆိုတဲ့ သတင်းတွေပေါ်ထွက်လာတာတွေကလည်း ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ လူမြင်ကွင်းကနေ ပျောက်ကွယ်နေပြီးမှ ဘာဖြေရှင်းချက်မှ မရှိဘဲ ပြန်ပေါ်လာတာတွေလည်း ရှိဖူးပါတယ်။

မစ္စတာ ရှီကျင့်ဖျင် ကိုယ်တိုင်လည်း တရုတ်ခေါင်းဆောင် မဖြစ်ခင် ၂၀၁၂ တုန်းက ရက်သတ္တပတ် နှစ်ပတ်ကြာ လူမြင်ကွင်းကနေ ပျောက်ကွယ်သွားပြီးနောက်မှာ ကျန်းမာရေး မကောင်းဘူး ဆိုတဲ့ ကောလဟလတွေ အပြင်၊ ကွန်မြူနစ်ပါတီအတွင်းက အားပြိုင်မှုတွေကြောင့် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

မစ္စတာ ချင် ပျောက်ကွယ်နေမှုဟာ တရုတ် ကွန်မြူနစ်ပါတီတွင်းက ထိပ်တန်းခေါင်းဆောင် တစ်ယောက် ကာလရှည်ကြာ လူမြင်ကွင်းက ပျောက်ကွယ်နေမှု တစ်ခုဖြစ်လာခဲ့ပါပြီ။

မတ်လ အတွင်းမှာ မစ္စတာချင်ကို သတင်းစာရှင်းလင်းပွဲမှာ တွေ့မြင်ရစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မတ်လ အတွင်းမှာ မစ္စတာချင်ကို သတင်းစာရှင်းလင်းပွဲမှာ တွေ့မြင်ရစဉ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပြီးခဲ့တဲ့ တစ်ပတ်တုန်းက အင်ဒိုနီးရှားမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးကို မစ္စတာချင် ကျန်းမာရေး မကောင်းတဲ့အတွက် တက်ရောက်မှာမဟုတ်ဘူး ဆိုပြီးတော့လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ ကျန်းမာရေး မကောင်းဘူး ဆိုတဲ့ စာသားကိုတော့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ တရားဝင် ဝက်ဆိုက်ဒ် စာမျက်နှာမှာ ဖယ်ရှားသွားပါတယ်။ မစ္စတာ ချင်ဂန်း ကိုယ်စား တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးရာ ကော်မရှင်အဖွဲ့ ခေါင်းဆောင် မစ္စတာ ဝမ်ယီက အာဆီယံ အစည်းအဝေးကို ကိုယ်စား တက်ရောက်ခဲ့ပါတယ်။

ဥရောပ နိုင်ငံခြားရေး မူဝါဒရေးရာ အကြီးအကဲ ဂျိုးဇက် ဘိုရဲလ်နဲ့ တွေ့ဆုံ ဆွေးနွေးမယ့် အစီအစဉ် ကိုလည်း တရုတ်ဘက်က ၂ ပတ်ကြာ ရွှေ့ဆိုင်းခဲ့ပြီးမှ ဖျက်သိမ်းခဲ့သလို၊ ဖြေရှင်းချက် ထုတ်ပြန်တာ မျိုးလည်း မရှိသေးပါဘူး။

မစ္စတာ ဘိုရဲလ် ဘေဂျင်းကို သွားခါနီး ၂ရက် အလိုမှာ တရုတ်ဘက်က အကြောင်းကြားလာတာ ဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က တရုတ်သမ္မတ ရှီကျင့်ဖျင် ဟာ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး နဲ့ တွေ့ဆုံခဲ့ရာမှာလည်း မစ္စတာ ချင်ဂန်းကို တွေ့မြင်ခဲ့ရခြင်း မရှိခဲ့ပါဘူး။

တရုတ်အစိုးရ သတင်းဌာနတွေက ထုတ်ပြန်တဲ့ ဗီဒီယိုတွေထဲမှာ မစ္စတာ ချင်ဂန်း အစား မစ္စတာ ဝမ်ယီ နဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက တခြား ထိပ်တန်း အရာရှိတွေကိုသာ တွေ့မြင်ခဲ့ရပါတယ်။ ဒါကြောင့် မစ္စတာချင်ဂန်း ပျောက်ကွယ်နေမှုဟာ လူတွေရဲ့ ကြားမှာ ထင်ကြေးပေးမှုတွေ ပိုများလာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၇ ရက်အတွင်း တရုတ်နိုင်ငံက အကြီးဆုံး အွန်လိုင်း ရှာဖွေရေး ဝက်ဆိုက်ဒ် ဘိုင်ဒူးမှာ မစ္စတာ ချင်ဂန်းရဲ့ နာမည်ကို ရှာဖွေမှုတွေလည်း မြင့်တက်ခဲ့ပါတယ်။ ဘိုင်ဒူးရဲ့ စာရင်းဇယား တွေအရ တစ်ပတ်အတွင်းမှာ ချင်ဂန်း ဆိုတဲ့ နာမည်ကို ရှာဖွေမှု ရာခိုင်နှုန်း ၅၀၀၀ အထိရှိ ခဲ့ပြီး ဒါဟာ တရုတ်နိုင်ငံက လူသိထင်ရှားရှိသူတွေရဲ့ ကြားမှာ အကြီးမားဆုံး ရှာဖွေမှု ဖြစ်ခဲ့ပါတယ်။

အွန်လိုင်းမှာတော့ လူအများအပြားက မစ္စတာချင်ဟာ အိမ်ထောင်ရေးကိစ္စတွေကြောင့် စုံစမ်း စစ်ဆေးခံနေရတယ်ဆိုပြီး ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။ ဒီအခြေအနေကို တနင်္လာနေ့ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မေးမြန်းခဲ့ရာမှာတော့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ မော်နင်းက မသိကြောင်း ငြင်းဆိုသွားခဲ့ပါတယ်။

မစ္စတာ ဝမ်ယီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂျာကာတာမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို မစ္စတာ ဝမ်ယီသာ တက်ရောက်ခဲ့

ကြိုတင်မှန်းဆချက်တွေ ကြားမှာ နိုင်ငံခြားရေး ဝန်ကြီးပျောက်ကွယ်နေတဲ့ သတင်းက လူတွေကြားမှာ သို့လောသို့လော ပြောဆိုမှုတွေ ပိုများလာခဲ့ပါတယ်။

တရုတ် ကွန်မြူနစ် ပါတီရဲ့ နောက်ကွယ် ကန့်လန့်ကာ မှာ ဘာတွေဖြစ်နေသလဲ ဆိုတာကို လူတွေက သိချင်နေကြတယ်လို့ ဘေဂျင်းအခြေစိုက် နိုင်ငံရေး လေ့လာသူ ဝူကျင်းက ပြောပါတယ်။

မစ္စတာချင်ဂန်း ပျောက်ကွယ်နေမှုက တရုတ်ရဲ့ သံတမန် ဆက်သွယ်ရေး နဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ အက်ကြောင်းတွေ ရှိနေတယ် ဆိုတာကို မီးမောင်းထိုးပြနေတာလို့ လည်း သူက ဆိုပါတယ်။

မာမာကျောကျော တုံ့ပြန်တတ်တဲ့ သံတမန် တစ်ဦးအဖြစ် လူသိများခဲ့ပေမဲ့ စ္စတာချင်ဟာ တရုတ်ရဲ့ ဝံပုလွေ သူရဲကောင်း သံတမန်ရေးရာ နည်းလမ်းတွေနဲ့ ခပ်ကင်းကင်းနေနေသူ အဖြစ်လည်း လူတွေက သိထားကြပါတယ်။

သူဟာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရမှုနဲ့ တစ်ရှိန်ထိုး ကျော်ကြားလာသူလည်း ဖြစ်ပါတယ်။ နိုင်ငံရဲ့ သမိုင်းမှာ အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်တန်း အရာရှိ အဖြစ် ခန့်အပ်ခံရသူတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး အဖြစ် ၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာမှာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာခဲ့သူပါ။

အဲဒီမတိုင်ခင်တုန်းကတော့ သူဟာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သမ္မတ ရှီကျင့်ဖျင် ရဲ့ ပြင်ပ ခရီးစဉ်တွေကို စီစဉ်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီမှာ သူ့ရဲ့ လုပ်ကိုင် ဆောင်ရွက်မှုတွေကို မစ္စတာရှီက သဘောကျခဲ့ပြီး သမ္မတရဲ့ ယုံကြည်ကိုးစားမှုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံတွင်းက တင်းကျပ်တဲ့စနစ်ကြောင့် မစ္စတာချင်ဟာ တကယ်ပဲ ဒုက္ခရောက်နေသလား၊ ဒါမှမဟုတ် မကြာခင် လူမြင်ကွင်းမှာ ပြန်ပေါ်လာမလား ဆိုတာ ပြောရခက်တယ်လို့ စင်္ကာပူ အမျိုးသား တက္ကသိုလ်က နိုင်ငံရေးလေ့လာသူ အီယန် ချောင်က ပြောကြားပါတယ်။

ဒါပေမဲ့လည်း တရုတ်နိုင်ငံက အင်တာနက်စာမျက်နှာတွေမှာ ထိပ်တန်း အရာရှိ တစ်ဦး ပျောက်ဆုံးနေမှုအကြောင်း ပြောဆိုနေတာတွေကို ဆင်ဆာ ဖြတ်တောက်ခြင်းမရှိဘဲ ဖော်ပြနေတာတွေက အလွန်ထူးခြား နေတယ်လို့လည်း သူက ထောက်ပြ ပြောဆိုပါတယ်။

ဆင်ဆာ ဖြတ်တောက်ခြင်း မရှိဘဲနဲ့ ဖော်ပြနေတဲ့ သတင်းတွေကြောင့် အာဏာလွန်ဆွဲမှုကြောင့်လား၊ အကျင့်ပျက်ခြစားမှုကြောင့်လား၊ အချစ်ရေးဆိုင်ရာ ကောလာဟလတွေဟာ အမှန်ပဲလား ဆိုပြီးတော့ လူတွေက သိချင်နေကြတယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်နေပါတယ်။