တရုတ်စီးပွားရေး အကြပ်အတည်းက ကမ္ဘာကြီးပေါ် ဘယ်လို ရိုက်ခတ်နိုင်သလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘာ့စီးပွားရေးနဲ့ပတ်သက်လို့ ဆိုရိုးစကား တခု ရှိပါတယ်။
အမေရိကန်နိုင်ငံ နှာချေတာနဲ့ တကမ္ဘာလုံး ဖျားကုန်ရော ဆိုတာပဲ ဖြစ်ပါတယ်။ ဒါဆို အမေရိကန်မဟုတ်ပေမယ့် ဒုတိယ အကြီးဆုံး စီးပွားရေးကို ပိုင်ဆိုင်ထားတဲ့ တရုတ်ကြီး နေမကောင်းရင်ကော၊ ဘာတွေ ဖြစ်ကုန်မလဲ။
ဆိုခဲ့တဲ့ အတိုင်း တရုတ်ဟာ ကမ္ဘာ့ဒုတိယ အကြီးဆုံး စီးပွားရေး ဖြစ်ပါတယ်။ လူသန်းပေါင်း ၁.၄ ဘီလျံ နေထိုင်တဲ့ နိုင်ငံကြီးဖြစ်ပါတယ်။ လတ်တလော စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ကျဆင်းတာ၊ လူငယ်အလုပ်လက်မဲ့ အရေအတွက် မြင့်မားလာတာနဲ့ အိမ်ခြံမြေ ဈေးကွက် မတည်မငြိမ် ဖြစ်နေတာ စတဲ့ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။
အခုလည်း တရုတ်ပြည်က ကြွေးအကြီးအကျယ်တင်နေတဲ့ ကုမ္ပဏီကြီးဖြစ်တဲ့ Evergrande အိမ်ခြံမြေ လုပ်ငန်းရဲ့ ဥက္ကဋ္ဌကို ရဲရဲ့ စောင့်ကြည့်မှုအောက်မှာ ထားလိုက်ပြီ ဖြစ်သလို ကုမ္ပဏီရဲ့ အစုရှယ်ယာတွေကိုလည်း စတော့ခ်ဈေးကွက်ပေါ် ရောင်းဝယ်မှု ရပ်ဆိုင်းထားလိုက်ပြီ ဖြစ်ပါတယ်။
ဘေကျင်းအတွက် ဒီလို ပြဿနာကြီးတွေ တခုပြီး တခု တိုးလာနေတာဟာ ခေါင်းကိုက်စရာ ဖြစ်လာသလို ကမ္ဘာကြီး အတွက်ရော ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲ။
လေ့လာသူတွေကတော့ ကမ္ဘာ့စီးပွားပျက်ကပ်ကြီး ဆိုက်တော့မလောက် စိုးရိမ်နေကြတာက ပိုလွန်းတယ်လို့ ဆိုကြပါတယ်။
သို့သော် နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးတွေလို လုပ်ငန်းကြီးတွေမှာ လုပ်ကိုင်နေကြသူတွေအဖို့တော့ တရုတ်နဲ့ တိုက်ရိုက် ဆက်စပ်မှု ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ အနည်းနဲ့ အများ ရိုက်ခတ်မှုတွေနဲ့ ကြုံလာရဖွယ် ရှိတယ်လို့ ဆိုပါတယ်။
အဆုံးစွန်ပြောရရင် ကိုယ့်အနေထား ဘာလဲ ဆိုတာအပေါ်ပဲ မူတည်နေပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နိုင်သူ ရှုံးသူများ
စင်္ကာပူမှာ အခြေစိုက်တဲ့ အာရှ ကုန်သွယ်ရေး ဗဟိုဌာနရဲ့ အမှုဆောင် ညွှန်ကြားရေးမှုး ဖြစ်တဲ့ Deborah Elms က ဥပမာအနေနဲ့ တကယ်လို့ တရုတ်ပြည်သူတွေဟာ နေ့လယ်စာ ထွက်စားတာမျိုး သိပ်မလုပ်ကြတော့ဘဲ လျှော့ချလိုက်မယ်ဆိုရင် ကမ္ဘာ့စီးပွားရေးအပေါ် ထိခိုက်သွားနိုင်သလား လို့ မေးခွန်းထုတ်ပါတယ်။
အဖြေက ထင်သလောက်တော့ မဆိုးသွားပါဘူး။ ဒါပေမယ့် တရုတ်လူထုရဲ့ စားသုံးမှုအပေါ် အားကိုးရပ်တည်နေကြတဲ့ လုပ်ငန်းတွေမှာတော့ ထိခိုက်နိုင်ပါတယ်လို့ သူက ဆိုပါတယ်။
ကမ္ဘာတဝန်းမှာ လုပ်ငန်းလည်ပတ်နေကြတဲ့ ကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ Apple၊ Volkswagen နဲ့ Burberry တို့ဆိုရင် တရုတ် ဈေးကွက်ကနေ ဝင်ငွေ အများအပြား ရနေကြတာ ဖြစ်ပါတယ်။ တကယ်လို့သာ အဲဒီမှာ ဝယ်လိုအားကျဆင်းသွားရင် သူတို့ကိုလည်း ထိခိုက်လာစေမှာ ဖြစ်ပါတယ်။ အကျိုးဆက်ကို အဲဒီ ကုမ္ပဏီတွေကို မှီခိုနေကြတဲ့ ကုန်စည်တင်သွင်းတဲ့ ထောင်ပေါင်းများစွာသော လုပ်ငန်းတွေနဲ့ ကမ္ဘာတဝန်းက ကုမ္ပဏီဝန်ထမ်း လုပ်သားတွေပါ ခံစားကြရမှာ ဖြစ်ပါတယ်။
ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ ၃ ပုံ ၁ ပုံ ကျော်ဟာ တရုတ်နဲ့ မကင်းဘူးလို့ ဆိုကြတာကြောင့် တရုတ်စီးပွားကျတာရဲ့ အကျိုးဆက်ဟာ တရုတ်နယ်နိမိတ်စည်းတွေကို ကျော်ပြီး ကမ္ဘာ့ တခြား ဒေသတွေအထိပါ သက်ရောက်လာနိုင်ပါတယ်။
ပြီးခဲ့တဲ့ လထဲမှာပဲ အမေရိကန်က အကြွေးယူနိုင်ခွင့် သတ်မှတ်တဲ့ အေဂျင်စီ Fitch ကလည်း တရုတ် စီးပွားကျလာတာကြောင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှု အလားအလာတွေအပေါ် အရိပ်မည်းကြီး ထိုးနေပြီ ဖြစ်တယ်လို့ ဆိုလိုက်သလို လာမယ့် ၂၀၂၄ အတွက် သူတို့ရဲ့ ခန့်မှန်းမှုတွေကိုပါ အဆင့်လျှော့ချပစ်ခဲ့ပါတယ်။
ဒါပေမယ့် တချို့သော စီးပွားရေး ပညာရှင်တွေကတော့ တရုတ်ဟာ ကမ္ဘာ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုတွေရဲ့ အင်ဂျင်စက်ခန်းကြီးပါလို့ တင်စားနေတာတွေက ချဲ့ကားထားတာတွေပါလို့ ဆိုပြန်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အောက်စဖို့ဒ် တက္ကသိုလ်ရဲ့ တရုတ် စင်တာ က စီးပွားရေး ပညာရှင် George Magnus က သင်္ချာနဲ့ ကြည့်ရင်တော့ တရုတ်က ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုရဲ့ ၄၀ ရာခိုင်နှုန်း ရှိတယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမယ့် အဲဒီ ဖွံ့ဖြိုးမှုက ဘယ်သူ့ကို အကျိုးရှိစေတာလဲ၊ တရုတ်ဟာ ကုန်သွယ်ရေး ပိုငွေ အများကြီး ပြနေတာပါ။ သူတို့ တင်ပို့တာက သူတို့ တင်သွင်းနေတာထက် အများကြီး ပိုပါတယ်။
ဆိုတော့ တရုတ် တိုးတက်တာ၊ မတိုးတက်တာဟာ တကမ္ဘာလုံးနဲ့ ဆိုင်တာထက် တရုတ်နဲ့ပဲ ပိုသက်ဆိုင်တယ်လို့ ဆိုပါတယ်။
တရုတ်ဟာ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုပိုင်းမှာ အသုံးလျှော့လာတာမျိုး၊ အိုးအိမ်တည်ဆောက်မှုတွေ လျှော့လာတာမျိုးတွေ လုပ်လာတော့ အဲဒီအတွက် လိုအပ်တဲ့ ကုန်ကြမ်းနဲ့ တခြား ပစ္စည်းတွေမှာ ဝယ်လိုအား ကျလာတယ်၊ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကဆို တရုတ်ရဲ့ ကုန်စည် တင်သွင်းမှုဟာ အရင်နှစ် ကိုဗစ် သုည မူဝါဒ မရုပ်သိမ်းသေးတဲ့ အချိန်ကနဲ့ ယှဉ်ရင်တောင် ၉ ရာခိုင်နှုန်း လျော့သွားတာ တွေ့ရတယ်လို့ ဆစ်ဒနီမြို့ အခြေစိုက် Lowy Institute က Indo-Pacific Development Centre ရဲ့ ညွှန်ကြားရေးမှုး Roland Rajah က ပြောပါတယ်။
အဲဒါကြောင့်လည်း ဒီလို ပစ္စည်းတွေ အကြီးအကျယ် တင်ပို့ကြတဲ့ သြစတြေးလျ၊ ဘရာဇီးနဲ့ တခြား အာဖရိကက နိုင်ငံတွေ အထိနာစေနိုင်တယ်လို့ သူက ဆိုပါတယ်။
တရုတ်ပြည်မှာ ဝယ်လိုအားကျဆင်းနေတာကြောင့် ကုန်ဈေးတွေဟာလည်း ကျနေဆဲ ဖြစ်ပါတယ်။ အနောက်တိုင်းက ဝယ်ယူသုံးစွဲသူ တွေရဲ့ ရှုထောင့်ကနေ ကြည့်ရင်တော့ အတိုးနှုန်းမတက်ဘဲ ကုန်ဈေးနှုန်းကျအောင် လုပ်သလို ဖြစ်နေတာကြောင့် ကျေနပ်စရာ ဖြစ်စေပါတယ်။
Roland Rajah ကတော့ ငွေကြေးဖောင်းပွမှုကြောင့် ရုန်းကန်နေရတဲ့ လုပ်ငန်းတွေနဲ့ ပြည်သူတွေအတွက် သတင်းကောင်းလို့ ဆိုနိုင်ကြောင်း ပြောပါတယ်။
ရေတိုမှာ တရုတ်ရဲ့ စီးပွားရေး ကျလာတာကြောင့် သာမန် ဝယ်ယူစားသုံးသူတွေဘက်မှာ အကျိုးဖြစ်စေနိုင်တယ်၊ ဒါပေမယ့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေက လူတွေအတွက်တော့ ရေရှည်မှာ မေးခွန်းတွေ ရှိလာနိုင်ပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း တရုတ်ဟာ သူတို့ရဲ့ ပတ်လမ်းနဲ့ ရပ်ဝန်းစီမံကိန်းတွေမှာ လိုအပ်မယ့် အခြေခံ အဆောက်အအုံတွေ အတွက် ဒေါ်လာ ၁ ထရီလျံကျော် ရင်းနှီးမြှုပ်နှံခဲ့တယ်၊ နိုင်ငံပေါင်း ၁၅၀ ကျော်ဟာ လမ်းတွေ၊ လေဆိပ်နဲ့ ပင်လယ်ဆိပ်ကမ်းတွေ၊ တံတားတွေ တည်ဆောက်ဖို့ အတွက် တရုတ်ဆီက ဘဏ္ဍာရေးနဲ့ နည်းပညာပိုင်း အကူအညီတွေ ရရှိခဲ့ကြပါတယ်။ Roland Rajah ရဲ့ အဆိုအရ တရုတ်ပြည်မှာ စီးပွားကြပ်လာတာနဲ့ အမျှ ဒီစီမံကိန်းတွေအပေါ် တရုတ်ရဲ့ အားပေးကူညီမှုတွေမှာပါ ထိခိုက်လာနိုင်ပါတယ်။
အခုဆို တရုတ် ကုမ္ပဏီကြီးတွေနဲ့ ဘဏ်လုပ်ငန်းတွေဟာ ပြည်ပမှာ အရင်ကလို ငွေလမ်းခင်းပြီး ဝင်နိုင်တဲ့ အင်အားမျိုး မရှိတော့ဘူးလို့ သူက ဆိုပါတယ်။
ကမ္ဘာ့ဇာတ်ခုံပေါ်က တရုတ်
တရုတ်ရဲ့ ပြည်ရင်းနှီးမြှုပ်နှံမှုတွေ လျော့သွားလာနိုင်ပေမယ့် တရုတ် ပြည်တွင်း စီးပွားရေး အခြေအနေက သူတို့ရဲ့ နိုင်ငံခြားရေး မူဝါဒမှာ ဘယ်လောက်အထိ ရိုက်ခတ်လာနိုင်မလဲ ဆိုတာတော့ မပြောနိုင်သေးပါဘူး။
တချို့ကတော့ တရုတ်ဟာ အားနည်းလာတာနဲ့ အမျှ အမေရိကန်နဲ့ သူတို့ အကြားက ဆက်ဆံရေး မကျေလည်မှုတွေကို ပြုပြင်ဖာထေးဖို့ ကြိုးစားလာနိုင်တယ်လို့ ဆိုပါတယ်။
ဒီနှစ်ပထမ ၆ လပတ်မှာ တရုတ်ရဲ့ အမေရိကန်ဆီ ပို့ကုန်တွေ ၂၅ ရာခိုင်နှုန်း ကျဆင်းသွားရတဲ့ အကြောင်းရင်းတွေထဲမှာ အမေရိကန်ရဲ့ ကုန်သွယ်ရေး တင်းကြပ်မှုတွေလည်း ပါဝင်ပါတယ်။ တခါ အမေရိကန် ကုန်သွယ်ရေး ဝန်ကြီး Gina Raimondo ကလည်း တရုတ်ဟာ တချို့ သော အမေရိကန် ကုမ္ပဏီတွေအတွက် ရင်းနှီးမြှုပ်နှံဖို့ မဖြစ်နိုင်တဲ့ နိုင်ငံဖြစ်တယ်လို့ ပြောပါတယ်။
ဒီလို ဆိုပေမယ့် တရုတ်ဘက်က ချဉ်းကပ်ပုံတွေ ပျော့ပြောင်းလာတဲ့ အရိပ်အယောင်လည်း မတွေ့ရပါဘူး။ ဘေကျင်းဟာ သူတို့ အပေါ် တင်းကြပ်မှုတွေကို တဖန်ပြန်လည် တင်းကြပ်ခြင်းများနဲ့သာ တုံ့ပြန်ပါတယ်။
မကြာခဏ ဆိုသလိုလည်း အနောက်နိုင်ငံတွေကို စစ်အေး တိုက်ပွဲ စိတ်ဓာတ်နဲ့ လုပ်နေတယ်လို့ အပြစ်ဆိုသလို ကမ္ဘာက ပိတ်ဆို့အရေးယူ ခံထားရတဲ့ ရုရှားက ဗလာဒီမီယာ ပူတင်နဲ့ ဆီးရီးယားက ဘာရှာ အဲလ် အာဆတ်ဒ်တို့ရဲ့ အစိုးရတွေနဲ့လည်း ဆက်ဆံရေး ကောင်းအောင် ထိန်းထားပါတယ်။
တဖက်မှာလည်း အမေရိကန်နဲ့ အီးယူ ဘက်က ကိုယ်စားလှယ် တွေဟာ တရုတ်ပြည်ကို နှစ်ဦးနှစ်ဖက် အကျိုးဖြစ်စေမယ့် ကုန်သွယ်ရေး ဆွေးနွေးမှုတွေ လုပ်ဖို့ အတွက် လစဉ်ရောက်ရှိ လာနေကြပါတယ်။ သေချာတာက တရုတ်ရဲ့ ဟန်ဆောင်ပန်ဆောင်စကားတွေနဲ့ တရုတ်ရဲ့ မူဝါဒ အကြား ဘာကွာခြားသလဲ ဆိုတာ သိတဲ့သူက နည်းနည်းပဲ ရှိပါတယ်။
ဒီလို မရေမရာ အခြေအနေတွေကို သုံးသပ်ပြီး အမျိုးမျိုး ခန့်မှန်းနေကြတဲ့ အထဲမှာ ဝါရှင်တန်က အမြင်စူးရှတဲ့ နိုင်ငံရေး သုံးသပ်သူတချို့လည်း ပါဝင်ပါတယ်။
သူတို့ကတော့ တရုတ်စီးပွားရေး ကျလာတာက ထိုင်ဝမ်နဲ့ ပတ်သက်လို့ ဆက်ဆံပုံအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ ထိုင်ဝမ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ကိုယ်ပိုင် အစိုးရက အုပ်ချုပ်နေတဲ့ ကျွန်းဖြစ်ပေမယ့် ဘေကျင်းကတော့ သူတို့ပိုင် နယ်မြေသာ ဖြစ်တယ်လို့ ဆိုနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီလအစောပိုင်းမှာပဲ အမေရိကန် လွှတ်တော်ရဲ့ တရုတ်ပြည် ရေးရာ အထူးကော်မတီရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ ရစ်ပတ်ဘလစ်ကန် အမတ် Mike Gallagher က တရုတ်ပြည်တွင်း ပြဿနာတွေကြောင့် တရုတ်သမ္မတ ရှီကျင်ပင်း ဘာလုပ်နိုင်တယ် ဆိုတာကို ခန့်မှန်းရ ပိုခက်လာတယ်၊ ထိုင်ဝမ်နဲ့ ပတ်သက်လို့ မိုက်မဲတဲ့ လုပ်ရပ်မျိုးတွေ လုပ်လာနိုင်တယ်လို့ ဆိုပါတယ်။
Roland Rajah ကတော့ ဒီအဆိုကို လက်မခံပါဘူး။ သူက တရုတ်ရဲ့ အံ့သြစရာ စီးပွားရေး ဖွံ့ဖြိုးမှုကြီးက ပြီးဆုံးလုပြီဆိုတာ သိသာလာတဲ့ အတွက် ဒီအပေါ်မှာ ကွန်မြူနစ်ပါတီရဲ့ တုံ့ပြန်မှုဟာ အကျိုးဆက်တွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
အလားတူပဲ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်အပါအဝင် တော်တော်များများကလည်း လက်မခံပါဘူး။ သမ္မတ ဘိုင်ဒန်ကို ဘယ်လောက် ဖြစ်နိုင်ခြေရှိလဲလို့ မေးတဲ့အခါမှာ သူက မစ္စတာ ရှီအနေနဲ့ သူ့ တိုင်းပြည်ရဲ့ စီးပွားရေး ပြဿနာတွေနဲ့တင် လက်မအားတော့ဘူးလို့ ဆိုပါတယ်။
တရုတ်က ထိုင်ဝမ်ကို ဝင်သိမ်းတဲ့အထိ ဖြစ်လာမယ်လို့ သူမထင်ဘူး၊ တကယ်ဆို အဲဒါနဲ့ပြောင်းပြန်တောင် ဖြစ်နေနိုင်တယ်၊ တရုတ်မှာ အရင်က ရှိနေခဲ့တဲ့ အခြေအနေမျိုးမှာတောင် ရှိနေမယ်လို့ သူမထင်ဘူးလို့ မစ္စတာ ဘိုင်ဒန်က ပြောပါတယ်။
မမျှော်လင့်စရာတွေကို မျှော်လင့်ထားပါ
သမိုင်း သင်ခန်းစာတွေထဲမှာတော့ သင်ယူစရာ တခု ရှိပါတယ်။
ဒါက မမျှော်လင့်တာတွေကို မျှော်လင့်ထားဖို့ပဲ ဖြစ်ပါတယ်။ Deborah Elms က လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ် မတိုင်ခင် ကာလတွေက လာ့စ်ဗေးဂတ်စ် မြို့က အိမ်ကြွေးမပေးနိုင်မှု ပြဿနာတွေဟာ ကမ္ဘာ့စီးပွားရေးပါ တုန်လှုပ်သွားတဲ့ အထိ ရိုက်ခတ်သွားစေလိမ့်မယ်လို့ ကြိုတွေးခဲ့သူ နည်းနည်းပါးပါးပဲ ရှိလိမ့်မယ်လို့ ဆိုပါတယ်။ ၂၀၀၈ ရဲ့ ပဲ့တင်သံတွေကြောင့်ပဲ တချို့ လေ့လာသုံးသပ်သူတွေက ဘဏ္ဍာရေးဆိုင်ရာ ကူးစက်ရောဂါ ဖြစ်လာမှာကို စိုးရိမ်နေပါတယ်။ အဲဒီစိုးရိမ်မှုတွေထဲမှာ တရုတ် အိမ်ခြံမြေ လုပ်ငန်း အကြပ်အတည်းတွေကြောင့် တရုတ်စီးပွားရေး ပြိုလဲကျပြီး ကမ္ဘာတဝန်းမှာပါ ဘဏ္ဍာရေးအကြပ်အတည်းတွေ ကြုံလာနိုင်တယ်ဆိုတဲ့ မှန်းဆမှုတွေလည်း ပါဝင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန် ပြည်ထောင်စုမှာ ၂၀၀၈ခုနှစ်က အိမ်ကြွေးမပေးနိုင်တဲ့ အကြပ်အတည်းတွေက စခဲ့ပြီးနောက် Wall Street က ဘဏ္ဍာရေး ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးဖြစ်တဲ့ Lehman Brothers ပါ ပြိုလဲပြီးနောက် ကမ္ဘာ့စီးပွားရေး ကျဆင်းမှုတွေ ကြုံခဲ့ရတဲ့ အဖြစ်တွေနဲ့ လက်ရှိ တရုတ်ပြည်က အခြေအနေတွေက နှိုင်းယှဉ်စရာ ဖြစ်လို့ နေပါတယ်။ ဒါပေမယ့် စီးပွားရေး ပညာရှင် George Magnus ကတော့ လုံးဝ ထပ်တူကျ တူမနေပါဘူးလို့ ဆိုပါတယ်။
ဒီကိစ္စတွေမှာ Lehman Brothers ပြိုလဲရသလို အဖြစ်မျိုး ကြုံလာမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။ တရုတ်ဟာ သူ့ရဲ့ ဘဏ်ကြီးတွေကို ပြိုလဲခံမှာ မဟုတ်ဘူး၊ နောက်ပြီး အမေရိကန်မှာ ပြိုလဲသွားခဲ့တဲ့ ဒေသတွင်း ဘဏ်လုပ်ငန်းတွေနဲ့ စာရင် သူတို့က ပိုတောင့်တင်းပါတယ်လို့ ဆိုပါတယ်။
ဒီအဆိုကို Deborah Elms ကလည်း လက်ခံပါတယ်။ တရုတ် အိမ်ခြံမြေ ဈေးကွက် နဲ့ သူတို့ရဲ့ ဘဏ္ဍာရေး အခြေခံ အဆောက်အအုံက ဆက်နွှယ် လုပ်ကိုင်ပုံတွေက အမေရိကန်မှာတုန်းကလို အိမ်အကြွေးဝယ်ဖို့ အဆင့်သတ်မှတ်ချက် နိမ့်နေသူတွေကိုလည်း ငွေထုတ်ချေးပေးတဲ့ ပုံစံမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။ ပြီးတော့ တရုတ်ဘဏ္ဍာရေး စနစ်ကလည်း အမေရိကန်မှာ ၂၀၀၈ ခုနှစ်က ကြုံခဲ့ရသလို ကမ္ဘာကြီးကိုပါ ရိုက်ခတ်သွားစေလောက်တဲ့အထိ လွှမ်းမိုးထားနိုင်တာမျိုး မရှိပါဘူးလို့ ပြောပါတယ်။
တကမ္ဘာလုံးက ဆက်နွှယ်နေတဲ့ အခါ တနေရာက ဖွံ့ဖြိုးမှု ကျဆင်းတာ၊ အလုပ်မဖြစ်တော့တာမျိုး ကြုံတဲ့ အခါမှာ ကျန်နေရာတွေကိုလည်း ရိုက်ခတ်နိုင်တာကြောင့် မမျှော်လင့်ထားတဲ့ အခက်အခဲမျိုးတွေတော့ ကြုံလာနိုင်တဲ့ အကြောင်း သူက ပြောပါတယ်။
ဒီလို ကြုံလာနိုင်တယ် ဆိုပေမယ့် ၂၀၀၈ လို အဖြစ်မျိုး တခါထပ်ကြုံရမယ်လို့ မဆိုနိုင်ကြောင်း၊ သတိပြုသင့်တာက ဒေသတွင်း ပြဿနာ၊ စိုးရိမ်မှု တခုကြောင့် ကျန်နေရာတွေမှာလည်း သက်ရောက်မှုတွေ ရှိလာနိုင်တယ် ဆိုတာနဲ့ မမျှော်လင့်ထားတဲ့ အဖြစ်မျိုးတွေနဲ့လည်း ကြုံလာရနိုင်တယ် ဆိုတာပဲ ဖြစ်ပါတယ်လို့ Deborah Elms က ပြောပါတယ်။








