တရုတ်မှာ ကုန်စျေးနှုန်းတွေကျနေတာကို ဘာ့ကြောင့် စိုးရိမ်နေကြလဲ

China

ဓာတ်ပုံ ရင်းမြစ်, Getty Images

အန်မာဘဲလ် လီယန် နဲ့ နစ်ခ် မားရှ်

ဘီဘီစီ သတင်း၊ စင်ကာပူ

တရုတ်မှာ ၂နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဇူလိုင်လက စားသုံးသူ တွေ အမြဲသုံးစွဲနေတဲ့ ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေအတွက် စျေးနှုန်းတွေ ကျဆင်းသွားပြီး တရုတ်နိုင်ငံ စီးပွားရေးမှာ ငွေလည်ပတ်မှုနည်းနေကာ (ငွေဖောင်းပွတာနဲ့ ဆန့်ကျင်ဘက်) ငွေကျုံ့လာနေ ပါတယ်။

စားသုံးကုန်နဲ့ ဝန်ဆောင်မှု စျေးနှုန်း တရားဝင်ညွှန်းကိန်း က ဒီနှစ်အစနဲ့ နှိုင်းယှဉ်ရင် ၀.၃% ကျဆင်း နေပါတယ်။

ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေးကို ပိုင်ဆိုင်ထားတဲ့ တရုတ်နိုင်ငံမှာ စားသုံးသူ ဝယ်လိုအား ပြန်ပြီး တက်လာစေဖို့ လုပ်ဆောင်ပေးရမယ့်ဖိအား အစိုးရဆီမှာ တိုး လာနေပြီ ဆိုတာကို ဒီအချက်က ပြနေတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

တရုတ်မှာ သွင်းကုန်ကော၊ ပို့ကုန်ပါ ကျဆင်းခဲ့ပြီးတဲ့နောက် ဒီ ငွေကျုံ့တာ လိုက်လာ တာပါ၊ တချိန်တည်းမှာပဲ တရုတ်ရဲ့ ကိုဗစ်ကပ်အလွန် စီးပွားရေး ပြန်နာလန်ထူလာတဲ့ နှုန်းက နှေးကွေးနေတဲ့အပေါ် အမေးတွေ ထွက်လာပါတယ်။

နိုင်ငံတွင်းမှာ ဒေသဆိုင်ရာအစိုးရတွေရဲ့ အကြွေးက မြင့်တက်နေတာ၊ အိမ်ခြံမြေ စျေးကွက် မှာ စိန်ခေါ်မှုတွေ တိုးနေတာတွေကိုလည်း ဖြေရှင်းနေရပါတယ်။ လူငယ် အလုပ် လက်မဲ့နှုန်းက စံချိန်တင် မြင့်တက်နေသလို တက္ကသိုလ်ကျောင်းဆင်း လူငယ် ၁၁. ၅၈ သန်းက ဒီနှစ်အတွင်း အလုပ်စျေးကွက်ထဲမှာ အလုပ်ရှာကြတော့မယ့် အရေး ကိုလည်း အများက ဂရုတစိုက်ကြည့်နေကြပါတယ်။

စျေးနှုန်းတွေ ကျဆင်းလာတာက တရုတ်အဖို့ သူ့ရဲ့အကြွေးတွေကို လျှော့ချနိုင်ရေးမှာ ပိုခက်လာပါတယ်။ နောက်ပြီး အဲဒီ ငွေလည်ပတ်မှု ကျဆင်းလာတာ (ငွေကျုံ့တာ) ကနေ စီးပွားရေး တိုးတက်မှုနှုန်း ‌နှေးသွားမှာ အပါအဝင် တခြား ဆိုးကျိုးဆက်တွေ ရှိလာ မယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

“ငွေကြေးလည်ပတ်မှု ပြန်တက်လာစေဖို့ (တနည်းအားဖြင့် ငွေတွေပြန်သုံးစွဲကြဖို့) လုပ်ရမယ့်နည်းက လူမသိ သူမသိ လျှို့လျှို့ဝှက်ဝှက်နည်းတွေ မဟုတ်ပါဘူး” လို့ EFG Asset Management ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီက ဒန်နီရယ် မာ‌ရေးက ပြောရင်း “အစိုးရက ငွေတွေ ပိုသုံးစွဲပြီး အခွန်လျှော့ကောက်မယ်၊ ဘဏ္ဍာငွေကြေးဆိုင်ရာ ပေါ်လစီ တွေမှာ ပိုပြီး ရှင်းလင်းလွယ်ကူအောင် လုပ်မယ်၊ ဒါတွေ လုပ်ရမှာပါပဲ” လို့ အကြံပြု ပါတယ်။

စျေးနှုန်းတွေက ကျတာက ဘယ်အချိန်က စတာလဲ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဖွံ့ဖြိုးပြီး နိုင်ငံအများစုမှာ ကိုဗစ်ကပ်အတွက် ထိန်းချုပ်ကန့်သတ်တာတွေကို ရပ်ဆိုင်းလိုက်တဲ့ နောက်ပိုင်း စားသုံးသူတွေရဲ့ သုံးစွဲမှုတွေ ရုတ်ခြည်းထောင်တက် လာတာကို တွေ့ခဲ့ကြရပါတယ်။ ကပ်ကာလအတွင်း ငွေတွေစုထားခဲ့ရတဲ့ လူတွေဟာ ရုတ်တရက်ဆိုသလို ပြန်သုံးနိုင်ကြသလို၊ သုံးလည်းသုံးချင်ကြပါတယ်။ ဘယ် လောက်တောင်လဲ ဆိုရင် ကပ်ကြောင့် ရုန်းကန်ခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းတွေ အတွက် ဝယ်လိုအားနဲ့ အညီ လိုက်ပေးနိုင်အောင် ကြိုးပမ်းနေရပါတယ်။

ကုန်ပစ္စည်း ဝယ်လိုအားတက်လာပေမဲ့ ရုရှားက ယူကရိန်းကို ကျူးကျော်မှု နောက်ပိုင်းဖြစ်လာတဲ့ လောင်စာအပါအဝင် ကုန်ကြမ်းစျေးနှုန်း တက်လာမှုတွေ ကြောင့် ဝယ်လိုအား လိုက်သလောက် ရောင်းကုန်ထုတ်လုပ်ရေးတွေမှာ အကန့် အသတ်တွေ ဖြစ်ခဲ့ပါတယ်။

ဒါမျိုးတွေ တရုတ်မှာ မဖြစ်ခဲ့ပါဘူး၊ ကိုဗစ်ကာလက ကမ္ဘာမှာ အတင်းကျပ်ဆုံး စည်းမျဉ်းတွေ ချမှတ်ခဲ့တဲ့ တရုတ်မှာ ကိုဗစ်လွန်လာပေမဲ့ စျေးတွေက တက်မလာ ခဲ့ပါဘူး။ စားသုံးကုန်နဲ့ ဝန်ဆောင်မှု စျေးနှုန်းညွှန်းကိန်း ဒီမတိုင်မီ နောက်ဆုံးကျဆင်း ခဲ့တာက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာပါ။

တကယ်တော့ ဝယ်လိုအား အားပျော့လာတာကြောင့် ဒီနှစ်စပိုင်းကတည်းက စျေးတွေ ငြိမ်နေရာကနေ ကျဆင်းလာတာ လအတော် ရှိလာပါပြီ။ စက်ရုံအပေါက်ဝ စျေးနှုန်းလို့ ခေါ်တဲ့ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက သတ်မှတ်စျေးတွေတောင် ကျဆင်း နေပါတယ်။

“တကမ္ဘာလုံးက အထူးသဖြင့် အနောက်ကမ္ဘာနိုင်ငံတွေက စီးပွားရေး ပြန်နိုးထနေတဲ့ အချိန်မှာ တရုတ်မှာ ဝယ်လိုအား ကျဆင်းနေတာကို တွေ့ရသလောက် ပြောရရင် စိုးရိမ်စရာပါ”လို့ ဟောင်ကောင်တက္ကသိုလ် သိပ္ပံနဲ့ နည်းပညာ ဌာနက တွဲဖက် ပါမောက္ခ အလက်စီယာ ဂါစီယာ ဟာရာရိုက ပြောပါတယ်။

“ငွေကျုံ့လာတာက တရုတ်ကိုအထောက်အကူမဖြစ်ပါဘူး။ (ရင်းနှီးထားတဲ့) အကြွေးတွေက ဖိအား ပိုများလာမယ်။ ဒါတွေအားလုံးက သတင်းကောင်းတွေ မဟုတ်ပါဘူး” လို့ သူက ထပ်ဖြည့်ပြောပါတယ်။

ငွေကျုံ့တာက ဘာကြောင့် ပြဿနာ တခု ဖြစ်တာလဲ

ကမ္ဘာအနှံ့မှာ ရောင်းနေကြတဲ့ ကုန်ပစ္စည်းတွေကို ကြည့်ရင် ရာခိုင်နှုန်း အတော် များများက တရုတ်နိုင်ငံကနေ ထုတ်လုပ်တာပါ။

တရုတ် နိုင်ငံမှာ ငွေကျုံ့တာ တနည်းပြောရရင် ကုန်စျေးနှုန်းကျဆင်းတာက အချိန် အတိုင်းအတာ တခုလောက်အထိ တခြားကမ္ဘာ့နိုင်ငံတွေမှာ ကောင်းကျိုးဖြစ်ပါတယ်၊ ဘာလို့လဲဆိုတော့ အဲဒီနိုင်ငံတွေမှာ စျေးတွေ တက်နေတာတွေကို မတက်အောင် တစုံတရာ ထိန်းထားနိုင်တဲ့ အတွက်ပါ။

ဒါပေမဲ့ စျေးပေါတဲ့ တရုတ်ကုန်တွေ ကမ္ဘာ့စျေးကွက်ထဲကို ထိုးဝင်လာတဲ့ အခါဆိုရင် တော့ တခြားနိုင်ငံတွေက ကုန်ထုတ်လုပ်သူတွေ အပေါ် အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ဖြစ်လာတော့မှာပါ။ အဲဒီအခါကျ စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံကြတာ ကျဆင်းသွားပြီး အလုပ်ပေးနိုင်စွမ်းတွေလည်း လျော့ကျသွား ပါလိမ့်မယ်။

ဒီတော့ တရုတ်မှာ စျေးနှုန်းတွေကျဆင်းတာက ထုတ်ကုန် ကုမ္ပဏီတွေရဲ့ အမြတ်ကို ထိခိုက်သလို စားသုံးသူတွေရဲ့ သုံးစွဲနိုင်အားကိုလည်း ထိခိုက်ပါတယ်။ ဒီအရေးက အလုပ်လက်မဲ့နှုန်းကိုလည်း ပိုမြင့်မားလာစေပါတယ်။

တခါ တရုတ်မှာ ငွေကျုံ့လာတာက ကမ္ဘာမှာ အကြီးဆုံးသော စျေးကွက်နိုင်ငံကြီးမှာ စွမ်းအင်၊ ကုန်ကြမ်း၊ အစားအစာ စတဲ့ အရာတွေကို ဝယ်လိုအား ကျဆင်းလာမှာ ဖြစ်ပြီး ဒါက ကမ္ဘာ့ တင်ပို့မှုကို ထိခိုက်မှာပါ။

ငွေကျုံ့တဲ့ ဒီအရေးက တရုတ်စီးပွားရေးကို ဘယ်လို သက်ရောက်လဲ

တရုတ်စီးပွားရေးဟာ အခက်အခဲတွေနဲ့ အရင်ကတည်းက ရင်ဆိုင်နေရတာပါ။ အဲဒီထဲက တခုကတော့ ကပ်ကြောင့် ထိခိုက်ခဲ့တဲ့ စီးပွားရေး ပြန်နာလန်ထူတဲ့ နေရာမှာ ပြန်လည် ကောင်းမွန်တဲ့နှုန်းက မှန်းထားတာထက် နှေးနေပါတယ်။

အင်္ဂါနေ့က ထွက်လာတဲ့ စာရင်းဇယားတွေအရ ဇူလိုင်လ တရုတ်တင်ပို့မှုက အရင်နှစ် ဇူလိုင်လနဲ့ နှိုင်းယှဉ်ရင် ၁၄.၅% ကျဆင်းပြီး တင်သွင်းကုန်က ၁၂.၄% ကျပါတယ်။ ဒီစာရင်း တွေကို ကြည့်ပြီး ဒီနှစ်အတွင်း နိုင်ငံရဲ့ စီးပွားရေးတိုးတက်နှုန်း နောက်ထပ် ‌နှေးလာမှာကိုလည်း ပိုစိုးရိမ်လာကြပါတယ်။

တရုတ်မှာ အိမ်ရာ ဆောက်လုပ်ရေး ကုမ္ပဏီတွေထဲ အကြီးဆုံးဖြစ်တဲ့ အဲဗား ဂရန်း (Evergrande) ကုမ္ပဏီ ပြိုလဲလုမတတ် ဖြစ်သွားပြီးတဲ့နောက် အိမ်ခြံမြေ စျေးကွက် အကျပ်အတည်း ဆိုက်နေတာကို တရုတ်မှာ ရင်ဆိုင် ဖြေရှင်းနေရတုန်းပါ။

တရုတ်အစိုးရက အခြေအနေတွေကို ထိန်းထားနိုင်တယ်ဆိုတဲ့ သတင်းစကားတွေ ထုတ်လွှင့်နေတာကလွဲလို့ စီးပွားရေးတိုးတက်လာရေးကို အားပေးတဲ့ လုပ်ဆောင်မှု အကြီးအမား ဘာတခုမှ မလုပ်သေးပါဘူး။

တရုတ်စီးပွားရေး ပြန်နာလန်ထနိုင်ဖို့အတွက် အဓိကကျတာက ရင်းနှီးမြှုပ်နှံသူတွေနဲ့ စားသုံးသူတွေ အကြား ယုံကြည်မှု တည်ဆောက်တာ ဖြစ်တယ် လို့ ကော်နဲလ် တက္က သိုလ် ကုန်သွယ်‌‌ရေး မူဝါဒနဲ့ စီးပွားရေး ဘာသာ ပါမောက္ခ အက်စ်ဝါ ပရာဆက်က ပြောပါတယ်။

“တကယ့်အရေးကတော့ အစိုးရက ပုဂ္ဂလိက ကဏ္ဍပိုင်းဆီက ယုံကြည်မှုကို ပြန်ယူ နိုင်မလား ဆိုတာပါ၊ လူတွေက ငွေတွေစုထားမယ့်အစား အပြင်ထွက်ကြမယ်၊ သုံးကြမယ် စွဲကြမယ်ဆိုရင် ‌စီးပွားရေး လုပ်ငန်းတွေပိုင်းကလည်း ရင်းနှီးမြှုပ်နှံတာ တွေ စလုပ်ကြမှာပါ။ အခုအထိတော့ အဲလိုက ဖြစ်မနေသေးဘူး” လို့ ပါမောက္ခ ပရာဆက်က ပြောပါတယ်။

“အခွန်တွေ ဖြတ်တောက်ပေးတာ အပါအဝင် တခြား အဓိကကျပြီး ဆွဲဆောင်နိုင်တဲ့ မက်လုံးတွေပေးဖို့လည်း လိုတယ်လို့ ထင်တယ်။”