တရုတ်က ဆင်းရဲတဲ့ နိုင်ငံတွေကို အကြွေးထဲ ပိုနစ်အောင် လုပ်နေသလား

china

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်ဆီက ချေးငွေ ရယူမှုကြောင့် အကြွေးနဲ့ ပိတ်မိသွားတယ်ဆိုတဲ့ နိုင်ငံ တနိုင်ငံမှ မရှိဘူးလို့လည်း တရုတ်က ဆို

တရုတ်နိုင်ငံက ဆင်းရဲတဲ့ နိုင်ငံတွေကို ချေးငွေတွေ ပေးရာမှာ ပြန်လည် ပေးဆပ်ဖို့ ခက်ခဲတဲ့ အနေအထားမျိုးဖြစ်အောင်လုပ်ပြီး တရုတ်က တခြားဖိအားပေးတာတွေကို လက်ခံနေရတယ် ဆိုပြီး ဝေဖန်တာတွေ ခံနေရပါတယ်။

ဒါပေမဲ့ တရုတ်ကတော့ ဒီလို ဝေဖန်တာတွေကို ငြင်းပယ်ထားပြီး အနောက်နိုင်ငံတွေထဲက တချို့ဟာ တရုတ်ရဲ့ နိုင်ငံတကာ ပုံရိပ်ကို ပုံပျက်အောင် ဝါဒဖြန့်နေတာသာဖြစ်တယ်လို့ ပြန်လည် တုံ့ပြန်ထားပါတယ်။

တရုတ်ဆီက ချေးငွေ ရယူမှုကြောင့် အကြွေးနဲ့ ပိတ်မိသွားတယ်ဆိုတဲ့ နိုင်ငံ တနိုင်ငံမှ မရှိဘူးလို့လည်း တရုတ်က ဆိုပါတယ်။

တရုတ်ရဲ့ နိုင်ငံတကာကို ချေးငွေတွေ ပေးနေတဲ့ အခြေအနေ

တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ တနိုင်ငံချင်းအားဖြင့် တခြားနိုင်ငံတွေကို ငွေကြေးအများဆုံး ချေးတဲ့ နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်ပါတယ်။

ဝင်ငွေ နိမ့်တဲ့ နိုင်ငံတွေနဲ့ ဝင်ငွေ အလယ်အလတ်ရှိတဲ့ နိုင်ငံတွေကို တရုတ်နိုင်ငံက ချေးငွေ ထုတ်ပေးနေရာမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်ကာအတွင်း သုံးဆလောက် တိုးလာခဲ့တာကို တွေ့ရပါတယ်။

ပမာဏအားဖြင့် ဆိုရင်တော့ ၂၀၂၀ အဆုံးမှာ အဲဒီ နိုင်ငံတွေက တရုတ်က ချေးတဲ့ ပမာဏဟာ အမေရိကန်ဒေါ်လာ ဘီလျံ ၁၇၀ ( ပေါင်စတာလင်ငွေ ၁၂၅ ဘီလျံ) ဖြစ်ပါတယ်။

ဒီလို အခြေအနေ ရှိနေတဲ့ကြားက တရုတ်ရဲ့ စုစုပေါင်း ချေးငှားနေတဲ့ ပမာဏဟာ အဲဒီ စာရင်းဇယားတွေက ပြနေတဲ့ ပမာဏထက် သိသိသာသာ ပိုများနေနိုင်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

AidData အဖွဲ့ရဲ့ အဆိုအရ တရုတ်နိုင်ငံက ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ချေးငှားနေတဲ့ ပမာဏရဲ့ တဝက်လောက်ဟာ တရားဝင် ချေးငွေ စာရင်းဇယားထဲကို မဝင်ဘူးလို့ ဆိုပါတယ်။

AidData အဖွဲ့ ဆိုတာကတော့ အမေရိကန်နိုင်ငံက ဝီလျံအန် မယ်ရီ တက္ကသိုလ် အခြေစိုက် နိုင်ငံတကာ ဖွံ့ဖြိုးရေးဆိုင်ရာ သုတေသန အဖွဲ့တခု ဖြစ်ပါတယ်။

ဒီအဖွဲ့ရဲ့ အဆိုအရ အခုလို တရားဝင် စာရင်းဇယားထဲ မဝင်တာဟာ တရုတ်ချေးငွေတချို့က အစိုးရ အချင်းချင်း တိုက်ရိုက် ချေးငှားတဲ့ အချက်အလက် စာရင်းဇယားထဲ မဝင်ပဲ တရုတ်နိုင်ငံပိုင် ကုမ္ပဏီတွေ၊ ဘဏ်တွေ၊ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ငန်းတွေကတဆင့် သွားလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

AidData ရဲ့ အချက်အလက်တွေ အရ လက်ရှိအချိန်မှာ အခုလို ပုံစံမျိုးနဲ့ တရုတ်ဆီက ချေးငွေယူထားတဲ့ ဝင်ငွေနိမ့်နဲ့ ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံ ၄၀ ကျော်လောက် ရှိတယ်လို့ ဆိုပါတယ်။

အဲဒီစာရင်းမဝင်တဲ့ အကြွေးတွေဟာ အဲဒီ နိုင်ငံတွေရဲ့ တနှစ် စီးပွားရေး ထုတ်ကုန် တန်ဖိုး ၁၀ ရာခိုင်နှုန်းလောက်အထိကို ရှိနေတာ ဖြစ်တယ်လို့လည်း AidData က ဆိုပါတယ်။

အာဖရိကတိုက်က ဂျီဘူတီနဲ့ ဇမ်ဘီယာ၊ အာရှက လာအိုနဲ့ ကာဂျစ်စတန် နိုင်ငံတို့ဆိုရင် သူတို့ နှစ်စဉ် ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းလောက် အထိကို တရုတ်ကို အကြွေးတင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို တရုတ်ကိုတင်နေကြတဲ့ အကြွေးအများစုဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ရပ်ဝန်းတခု လမ်းတကြောင်း စီမံချက် အောက်မှာ ရှိတဲ့ ကားလမ်း၊ ရထားလမ်းနဲ့ ဆိပ်ကမ်းတို့လို အခြေခံ အဆောက်အအုံ စီမံကိန်းကြီးတွေနဲ့ ဆက်စပ်နေသလို သတ္ထုတွင်းနဲ့ စွမ်းအင် လုပ်ငန်းတွေနဲ့လည်း ဆက်စပ်နေပါတယ်။

china
ဓာတ်ပုံ ပုံစာ, AidData အဖွဲ့ရဲ့ အဆိုအရ တရုတ်နိုင်ငံက ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ချေးငှားနေတဲ့ ပမာဏရဲ့ တဝက်လောက်ဟာ တရားဝင် ချေးငွေ စာရင်းဇယားထဲကို မဝင်ဘူးလို့ ဆို

တရုတ်ကြောင့် အကြွေးထောင်ချောက်ထဲ ကျတာနဲ့ ပတ်သက်လို့ ဘာသက်သေရှိသလဲ

တရုတ်ကြောင့် တခြားနိုင်ငံတွေ အကြွေးထောင်ချောက်ထဲ ကျတယ် ဆိုတာနဲ့ ပတ်သက်လို့ ယူကေရဲ့ နိုင်ငံခြားထောက်လှမ်းရေး MI6 ရဲ့ အကြီးအကဲ ရစ်ချတ်မောက ဘီဘီစီကို ပြောဆိုခဲ့ဖူးတာ ရှိပါတယ်။

သူ့ရဲ့ အဆိုအရ တရုတ်ဟာ အခုလို အကြွေးထောင်ချောက်တွေကို အသုံးပြုပြီး တရုတ်အကျိုးအတွက် အသုံးကျစေမယ့် အခွင့်အရေးယူတာလို့ ဆိုပါတယ်။

တရုတ်ဟာ အကြွေးပြန်မဆပ်နိုင်တဲ့ နိုင်ငံတွေက အရေးပါတဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်သွားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ တရုတ်က ငြင်းဆိုနေခဲ့တာ ကြာပြီ ဖြစ်ပါတယ်။

အခုလို တရုတ်ကို အကြွေးနဲ့ ပတ်သက်လို့ ဝေဖန်သူတွေ ထောက်ပြကြတဲ့ နိုင်ငံကတော့ သီရိလင်္ကာ နိုင်ငံ ဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံဟာ ဟမ်ဘမ်တော့တာ မှာ တရုတ်ရင်းနှီးမြှုပ်နှံမှုကို အသုံးပြုပြီး အလွန်ကြီးမားတဲ့ ဆိပ်ကမ်း စီမံကိန်းကြီးကို စတင်လုပ်ဆောင်နေခဲ့တာ နှစ်ပေါင်း အတော် ကြာလာပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ တရုတ် ကန်ထရိုက်တာတွေ အသုံးပြုပြီး အမေရိကန်ဒေါ်လာ ဘီလျံနဲ့ ချီ ကုန်ကျတဲ့ ဒီစီမံကိန်းကြီးမှာ အကျိုးရှိတယ် ဆိုတဲ့ သက်သေပြမှု အငြင်းပွားစရာတွေ ရှိလာခဲ့ပြီး သီရိလင်္ကာနိုင်ငံကလည်း အကြွေးတွေနဲ့ ပိလာခဲ့ပါတယ်။

နောက်ဆုံး ၂၀၁၇ ခုနှစ်မှာတော့ သီရိလင်္ကာဟာ တရုတ်နိုင်ငံပိုင် China Merchants ကုမ္ပဏီကို အဲဒီ ဆိပ်ကမ်း ပိုင်ဆိုင်မှုရဲ့ ၇၀ ရာခိုင်နှုန်း ပေးခဲ့ရပါတယ်။

အခုလို ရသွားတဲ့ တရုတ်ကုမ္ပဏီဟာ ဒီဆိပ်ကမ်းကို ဦးစီး ထိန်းချုပ်ခွင့်လည်း ရသွားခဲ့ပြီး ၉၉ နှစ် ငှားရမ်းခွင့် ရသွားခဲ့ကာ အပြန်အလှန်အနေနဲ့ တရုတ်က သီရိလင်္ကာမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လုပ်ခဲ့ပါတယ်။

ယူကေအခြေစိုက် Chatham House မူဝါဒနဲ့ သုတေသန အဖွဲ့က အဲဒီ ဆိပ်ကမ်း စီမံချက်ကို လေ့လာ သုံးသပ်ရာမှာတော့ တရုတ်အကြွေးထောင်ချောက်ပိတယ် ဆိုတဲ့ ရှုမြင်မှုအပေါ် ပြန်လည် မေးခွန်းထုတ်လာခဲ့ပါတယ်။

ဒီသုတေသနအဖွဲ့ရဲ့ သုံးသပ်ချက်အရ အဲဒီဆိပ်ကမ်းစီမံကိန်း အနေအထားက အကြွေးထောင်ချောက် မိသွားတယ်လို့ ထထစ်ချ ယူဆလို့ မရဘူးလို့ ဆိုပြီး အကြောင်းကတော့ ဒီစီမံကိန်းက သီရိလင်္ကာ ဒေသတွင်း နိုင်ငံရေး လှုံ့ဆော်မှုကြောင့်လည်း ပေါ်လာရတာ ဖြစ်ပြီး တရုတ်ကိုယ်တိုင်ကလည်း အဲဒီ ဆိပ်ကမ်းကို တကယ်တမ်း တရားဝင် လွှဲပြောင်းယူလိုက်တာ မရှိဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် သီရိလင်္ကာနိုင်ငံက တင်နေတဲ့ နိုင်ငံတကာ အကြွေး စုစုပေါင်းရဲ့ ပမာဏ အများစုက တရုတ်မဟုတ်တဲ့ တခြားနိုင်ငံတွေကို တင်နေတာ ဖြစ်သလို တရုတ်က အကြွေးရှင် ဖြစ်နေ လို့ ဆိပ်ကမ်းကို စစ်ရေးဗျူဟာအရ အသုံးချတယ်ဆိုတဲ့ သက်သေလည်း မရှိဘူးလို့ ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ သီရိလင်္ကာမှာ တရုတ်ရဲ့ စီးပွားရေးဆိုင်ရာ ပတ်သက်မှုက တိုးလာတာတော့ အမှန်ပဲ ဖြစ်ပြီး အဲဒီ အခြေအနေကို တရုတ်က ဒေသတွင်း နိုင်ငံရေး ရည်ရွယ်ချက်အတွက် အသုံးချမှာကို စိုးရိမ်မှုတွေက ရှိနေဆဲ ဖြစ်ပါတယ်။

နိုင်ငံတကာက တခြားဒေသတွေမှာလည်း အငြင်းပွားဖွယ်ရာ တရုတ်ရဲ့ ချေးငွေ ထုတ်ပေးမှုတွေ ရှိနေပြီး အဲဒီ စာချုပ်တွေမှာ တရုတ်က အရေးကြီး ပိုင်ဆိုင်မှုတွေကို ထိန်းချုပ် သွားနိုင်ခြေ ရှိတဲ့ သတ်မှတ်ချက်တွေ ပါဝင်နေပါတယ်။

ဒါပေမဲ့လို့ AidData နဲ့ တကွ တခြား သုတေသီတွေက ရာနဲ့ချီတဲ့ နိုင်ငံတကာ ငွေချေးစာချုပ်တွေကို လေ့လာခဲ့ကြရာမှာတော့ တနိုင်ငံက အကြွေးမဆပ်နိုင်လို့ တရုတ်ရဲ့ နိုင်ငံပိုင် ကုမ္ပဏီ အဖွဲ့အစည်းတခုခုက အရေးကြီး ပိုင်ဆိုင်မှုတခုကို သိမ်းလိုက်တာမျိုး တခုမှ မရှိသေးတာကို တွေ့ရပါတယ်။

china
ဓာတ်ပုံ ပုံစာ, စက်မှုဖွံ့ဖြိုးပြီး နိုင်ငံကြီးအများစုကတော့ သူတို့ရဲ့ ချေးငွေ ပေးမှုဆိုင်ရာ အချက်အလက်တွေကို the Paris Club ဆိုတဲ့ အဖွဲ့ဝင် အချင်းချင်း ဝေငှကြတာကို တွေ့ရ

တရုတ်ချေးငွေနဲ့ တခြားနိုင်ငံချေးငွေ ဘာကွာသလဲ

တရုတ်နိုင်ငံဟာ သူတို့ နိုင်ငံတကာကို ချေးငှားတဲ့ စာချုပ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ထုတ်ပြန်လေ့ မရှိတဲ့အပြင် အဲဒီ စာချုပ် အများစုမှာလည်း ငွေကြေးယူသူက စာချုပ်ပါ အချက်အလက်တွေကို မထုတ်ဖော်ရဘူး ဆိုတဲ့ ကန့်သတ်ချက်တွေ ပါဝင်လေ့ရှိပါတယ်။

အခုလို အချက်အလက်မျိုးတွေကို မထုတ်ဖော်ပဲထားတာဟာ နိုင်ငံတကာ ငွေချေးစာချုပ်တွေမှာ လုပ်ရိုးလုပ်စဉ်သာ ဖြစ်တယ်လို့လည်း တရုတ်က ကာကွယ်ပြောဆိုထားပါတယ်။

တရုတ်ရဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ဘဏ္ဍာရေး လုပ်ငန်းစဉ် အများစုဟာ စီးပွားရေးနဲ့ ဆိုင်ပြီး နိုင်ငံတကာက စီးပွားရေးဆိုင်ရာ ချေးငွေ စာချုပ်တွေမှာလည်း အလားတူ အချက်အလက် မထုတ်ဖော်ပဲ ထားလေ့ရှိတယ်လို့ ကွင်းမယ်ရီ လန်ဒန်တက္ကသိုလ်က ပါမောက္ခ လီဂျုံးစ် က ဆိုပါတယ်။

စက်မှုဖွံ့ဖြိုးပြီး နိုင်ငံကြီးအများစုကတော့ သူတို့ရဲ့ ချေးငွေ ပေးမှုဆိုင်ရာ အချက်အလက်တွေကို the Paris Club ဆိုတဲ့ အဖွဲ့ဝင် အချင်းချင်း ဝေငှကြတာကို တွေ့ရပါတယ်။

တရုတ်က အဲဒီ the Paris Club အဖွဲ့မဝင်ပေမယ့် ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ဆိုရင် တရုတ်က တခြားသူတွေနဲ့ယှဉ်ရင် ချေးငွေ ထုတ်ပေးမှု ထိုးတက်လာတာကို တွေ့မြင်နိုင်ပါတယ်။

china

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်ကပေးတဲ့ ချေးငွေကို ပြန်ဆပ်ရမယ့် အချိန်အကန့်အသတ်မှာ ဆိုရင်လည်း ယေဘုယျအားဖြင့် တိုတောင်းလေ့ရှိပြီး ၁၀ နှစ်အောက် ဖြစ်လေ့ရှိ

တရုတ်ချေးငွေတွေက ပြန်ဆပ်ဖို့ ခက်လေ့ရှိသလား

တရုတ်ဟာ နိုင်ငံတကာ ချေးငွေတွေ ထုတ်ပေးရာမှာ အနောက်နိုင်ငံတွေက ထုတ်ချေးငွေတွေထက် အတိုးနှုန်းများတာကို တွေ့ရပါတယ်။

အတိုးနှုန်း လေးရာခိုင်နှုန်း လောက် ဆိုရင် စီးပွားရေး ဈေးကွက်အတွင်းက ချေးငွေ အတိုးနှုန်း ပေါက်ဈေးနဲ့ နီးစပ်သွားပြီး ကမ္ဘာ့ဘဏ် ဒါမှမဟုတ် ပြင်သစ်နဲ့ ဂျာမနီတို့ရဲ့ တနိုင်ငံချင်း ချေးငှားမယ့် အတိုးနှုန်းထက်တော့ လေးဆလောက် များသွားတာကို တွေ့ရပါတယ်။

တရုတ်ကပေးတဲ့ ချေးငွေကို ပြန်ဆပ်ရမယ့် အချိန်အကန့်အသတ်မှာ ဆိုရင်လည်း ယေဘုယျအားဖြင့် တိုတောင်းလေ့ရှိပြီး ၁၀ နှစ်အောက် ဖြစ်လေ့ရှိပါတယ်။

ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို အထူးအခွင့်အရေး အနေနဲ့ တခြားနိုင်ငံတွေက ချေးငှားတဲ့ အချိန်အကန့်အသတ်ကတော့ ၂၈ နှစ်လောက် ဖြစ်လေ့ရှိပါတယ်။

တဖက်မှာတော့ တရုတ်နိုင်ငံပိုင် အဖွဲ့အစည်းတခုခုဆီက ချေးငှားတဲ့ နိုင်ငံတွေ အနေနဲ့ နိုင်ငံခြားမှာ ပမာဏတခု အနည်းဆုံး ဘဏ်စာရင်းဖွင့်ထားရမယ် ဆိုတဲ့ လိုအပ်ချက်လည်း ရှိနေပါတယ်။

ဒီလို အနေအထားမှာ ချေးငှားသူက ပျက်ကွက်ခဲ့မယ်ဆိုရင် တရုတ်က တရားရေး လမ်းကြောင်းက သွားစရာ မလိုပဲ အဲဒီ ဘဏ်စာရင်းကနေ ဒီအတိုင်း ထုတ်ယူလိုက်လို့ ရတယ် ဆိုပြီး AidData အဖွဲ့က အမှုဆောင် ဒါရိုက်တာ ဘရက်ဒ် ပါ့ခ်စ် က ဆိုပါတယ်။

အခုလို ချေးငွေပြန်ရဖို့ လုပ်တဲ့ ချဉ်းကပ်မှုမျိုးကို အနောက်နိုင်ငံတွေရဲ့ ချေးငွေ ထုတ်ပေးမှုတွေမှာ မတွေ့ရဘူးလို့လည်း ဆိုပါတယ်။

လောလောဆယ်မှာ စက်မှုထိပ်သီး နိုင်ငံ ၂၀ G20 က အကြွေးတချို့ လျှော်ပေးခြင်းအားဖြင့် ကိုဗစ် ကပ်ရောဂါဒဏ်ခံရတဲ့ ဆင်းရဲတဲ့ နိုင်ငံတွေ သက်သာရာရအောင် လုပ်ပေးဖို့ စီမံချက် တခု ရှိနေပါတယ်။

အဲဒီ စီမံချက်ထဲမှာ တရုတ်လည်း ပါဝင်လာခဲ့ပြီး တခြားပါဝင်တဲ့ နိုင်ငံတွေ အားလုံးရဲ့ အကြွေးလျှော်ပေးတဲ ပမာဏထက် ပိုပြီး လျှော်ပေးခဲ့တယ်လို့ တရုတ်က ကြေညာခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ ပြီးခဲ့တဲ့ မေလ ၂၀၂၀ ကစပြီး စက်မှု ထိပ်သီး နိုင်ငံ ၂၀ က နိုင်ငံတကာ ချေးငွေ စုစုပေါင်း ၁၀.၃ ဘီလျံလောက် လျှော်ပေးခဲ့တယ်လို့ ကြေညာခဲ့ရာမှာ ဘယ်နိုင်ငံက ဘယ်လောက်အထိ လျှော်ပေးခဲ့သလဲ ဆိုတဲ့ အချက်ကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။