တရုတ်က အေအိုင် မာရသွန် ပြိုင်ပွဲမှာ အမေရိကန်ကို ကျော်တက်နိုင်မလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းက ကျင်းပခဲ့တဲ့ ဂျီ ၇ ထိပ်သီးဆွေးနွေးပွဲမှာ အကြောင်းအရာပေါင်း များစွာကို ဆွေးနွေးခဲ့ကြတဲ့ အထဲမှာ အေအိုင်လို့ ခေါ် ဉာဏ်ရည်တုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကလည်း အလေးပေး ဆွေးနွေးစရာ ဖြစ်ခဲ့ပါတယ်။ အေအိုင်ရဲ့ ဆိုးကျိုးနဲ့ ပတ်သက်လို့ စိုးရိမ်လာကြစဉ်မှာပဲ အမေရိကန်ကလည်း ဒီ နည်းပညာကို တရုတ်မရနိုင်ဖို့ ကန့်သတ်မှုတွေ လုပ်ဖို့ ကြိုးစားပါတယ်။
လက်ရှိအချိန်မှာတော့ အမေရိကန်က အေအိုင် ပြိုင်ပွဲကို ဦးဆောင်နေတာ ဖြစ်ပါတယ်။ နောက်ပြီး တရုတ်ကို ဆီမီးကွန်ဒတ်တာ တင်ပို့မှုတွေအပေါ် ကန့်သတ်မှုတွေ ပြဋ္ဌာန်းထားတာကလည်း ဘေကျင်းရဲ့ နည်းပညာပိုင်း တိုးတက်မှုတွေကို ဖင့်နှေးနေစေပါတယ်။
ဒါပေမဲ့ လေ့လာသူတွေကတော့ အေအိုင် နည်းပညာကို အကောင်းဆုံး ဖြစ်အောင် လုပ်ဖို့နှစ်ပေါင်းများစွာ ကြာနိုင်တဲ့ အတွက် တရုတ်က အမီလိုက်နိုင်လိမ့်မယ်လို့ ပြောပါတယ်။ ကိုယ်တိုင်းတာတဲ့ အပေါ်မှုတည်ပြီး တရုတ် အင်တာနက် ကုမ္ပဏီတွေဟာ အမေရိကန် အင်တာနက် ကုမ္ပဏီတွေထက် ရှေ့ကို ရောက်နေတယ်လို့ ဆိုနိုင်ကြောင်း Trivium China ရဲ့ နည်းပညာ မူဝါဒ လေ့လာရေး ဌာနရဲ့ အကြီးအကဲ ဖြစ်တဲ့ Kendra Schaefer က ပြောပါတယ်။
ဒါပေမဲ့ တကယ် အဆင့်အတန်းမြင့်တဲ့ ပစ္စည်းတွေ ထုတ်လုပ်မှုပိုင်းမှာတော့ တရုတ်ဟာ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေရဲ့ နောက်မှာ ၁၀ နှစ် ၁၅ နှစ်လောက် ကျန်နေဆဲ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဆီလီကွန် ဗယ်လီ အားသာချက်
အမေရိကန်ဘက်က အဓိက အကျဆုံး အားသာချက်က ဆီလီကွန် ဗယ်လီ တနည်းအားဖြင့် ဆီလီကွန်တောင်ကြားလို့ ခေါ်ကြတဲ့ ကမ္ဘာ့ ထိပ်တန်း စွန့်ဦးတီထွင် ကုမ္ပဏီကြီးတွေ ရှိနေတဲ့ နေရာပဲ ဖြစ်ပါတယ်။ အဲဒီ နေရာကနေပဲ ကမ္ဘာ့ ခေတ်သစ် လူနေမှု ပုံစံကို ဖော်ဆောင်ပေးခဲ့ကြတဲ့ နည်းပညာကုမ္ပဏီကြီးတွေ ဖြစ်တဲ့ ဂူဂဲလ်နဲ့ အက်ပဲလ်နဲ့ အင်တဲလ်တို့မွေးဖွားလာခဲ့တာ ဖြစ်ပါတယ်။
ဟောင်ကောင် တက္ကသိုလ် သိပ္ပံနဲ့ နည်းပညာ ဌာနက ဉာဏ်ရည်တု လေ့လာရေးစင်တာရဲ့ ညွှန်ကြားရေးမှူး ဖြစ်သူ ပါစကယ် ဖုန်း က အဲဒီမှာ တမူထူးခြားတဲ့ လေ့လာသုတေသနမှု အားကောင်းတာကလည်း ဒီလို ဖန်တီး တီထွင်လိုသူတွေအတွက် များကြီး အထောက်အပံ့ရစေတယ်လို့ ပြောပါတယ်။ မစ္စ ဖုန်း က ပညာရှင်တွေဟာ ဘယ်လိုပစ္စည်းမျိုး ထုတ်မယ်ဆိုတာ ကြိုတွေးထားတာမျိုး မရှိဘဲ နည်းပညာပိုင်းကိုသာ ကောင်းသည်ထက် ကောင်းအောင် လုပ်ကြ လေ့လာကြတာလို့ ဆိုပါတယ်။
OpenAI ဆိုရင် အကျိုးအမြတ်ထက် Transformers လို့ခေါ်တဲ့ စက်ရဲ့ သင်ယူနိုင်စွမ်းနဲ့ ပတ်သက်လို့ လေ့လာမှုတွေ လုပ်ခဲ့တာ ဖြစ်ပြီး အဲဒီကနေ တဆင့် ChatGPT အတွက်ပါ လမ်းဖောက်ပေးသလို ဖြစ်လာခဲ့ပါတယ်။
တရုတ်ကုမ္ပဏီတွေ အများစုမှာ ဒီလို လုပ်နိုင်တဲ့ ပတ်ဝန်းကျင်မျိုး မရှိဘူး။ ထိုးထွင်းလေ့လာတဲ့ စနစ်တွေ၊ ဘာသာစကားနဲ့ပတ်သက်တဲ့ မော်ဒယ်မျိုးတွေ ကျော်ကြားလာတာ တွေ့ရင်တော့ သူတို့လည်း နောက်က လိုက်လုပ်တတ်ကြတယ်၊ ဒါဟာ တရုတ် အေအိုင်အတွက် အဓိက စိန်ခေါ်ချက်ပဲ ဖြစ်တယ်လို့ မစ္စ ဖုန်းက ပြောပါတယ်။
အမေရိကန် ပြည်ထောင်စုမှာကတော့ အဲဒီလို သုတေသန လုပ်တဲ့ အဖွဲ့တွေကို ရင်းနှီးမြှုပ်နှံသူတွေကလည်း ထောက်ပံ့ပေးကြတာတွေ ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ထဲမှာ မိုက်ခရိုဆော့ဖ်က OpenAI အတွက် ဒေါ်လာ ၁ ဘီလျံ ထည့်ဝင်ပေးမယ်လို့ ပြောခဲ့ပါတယ်။
မိုက်ခရိုဆော့ဖ်ရဲ့ အမှုဆောင်အရာရှိချုပ် ဆတ်တယ နာဒဲလ်လာက အေအိုင်ဟာ ဒီနေ့ခေတ် ကမ္ဘာကြီးမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတော်တော်များများကို ဖြေရှင်းပေးနိုင်လောက်တဲ့ အဆင့်အမြင့်ဆုံး နည်းပညာတွေထဲက တခု ဖြစ်တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တရုတ်ရဲ့ အားသာချက်
လူဦးရေ ၁.၄ ဘီလျံရှိပြီး ကမ္ဘာပေါ်မှာ ဒုတိယ လူဦးရေ အများဆုံး တရုတ်ကလည်း ဝယ်ယူသုံးစွဲသူ ပိုများတဲ့ ဈေးကွက်ကို ပိုင်ဆိုင်ထားတဲ့ အားသာချက်ရှိနေပါတယ်။ Race Capital ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရဲ့ အကြီးအကဲ တယောက် ဖြစ်တဲ့ အီဒစ်သ် ယူန်းက တရုတ်မှာ အင်တာနက်နဲ့ ပတ်သက်လို့လည်း တော်တော် တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြတယ်လို့ ဆိုပါတယ်။ နိုင်ငံတွင်းမှာ လူတိုင်းနီးပါးက WeChat ဆိုတဲ့ အက်ပ်ကို သုံးကြတယ်။ မက်ဆေ့ချ်ပို့တာကအစ ဆရာဝန်နဲ့ တွေ့ဖို့ လုပ်တာနဲ့ အခွန်ဆောင်တာအဆုံး ဘာလုပ်လုပ် အဲဒီ စူပါအပ်ကို သုံးကြပါတယ်။
အကျိုးကတော့ ကိုယ့် ပစ္စည်းတွေကို ကောင်းသည်ထက် ကောင်းအောင်လုပ်ဖို့ လိုအပ်တဲ့ သတင်းအချက်အလက်တွေ အများကြီး ရနေနိုင်တာဖြစ်တယ်၊ အေအိုင် မော်ဒယ် ဆိုတာကလည်း သူ့အတွက် လေ့လာသင်ယူလို့ ရမယ့် ဒေတာ အချက်အလက်တွေ များရင် များသလောက် ကောင်းတာမျိုး ဖြစ်တယ်လို့ မစ္စယူန်းက ပြောပါတယ်။
ကောင်းတာလား ဆိုးတာလားတော့ မသိဘူး၊ တရုတ်မှာက ကိုယ်ပိုင် လွတ်လပ်မှုနဲ့ ပတ်သက်လို့ စည်းမျဉ်းစည်းကမ်းတွေက သိပ်မရှိသလို အမေရိကန်ပြည်ထောင်စုနဲ့ စာရင် အချက်အလက်တွေကလည်း အများကြီး ပိုရှာလို့ ရနိုင်သလို စီစီတီဗီ ကင်မရာတွေနဲ့ ဘယ်သူလဲ ဆိုတာ မျက်နှာ မြင်တာနဲ့ ပြောနိုင်တယ်၊ ဒီလို အရာတွေက အေအိုင်နဲ့ ပုံဖော်ဖန်တီးမှုတွေအတွက် ဘယ်လောက် အသုံးဝင်သလဲလို့ သူက ပြောပါတယ်။
တဖက်မှာ တရုတ် နည်းပညာ လောကက အမေရိကန်နောက်မှာ ကျန်နေတယ် ဆိုနိုင်ပေမယ့် သူတို့ရဲ့ ဖန်တီးတီထွင်သူတွေမှာ အားသာချက်တွေ ရှိတယ်လို့ AI Superpowers: China, Silicon Valley, and the New World Order ဆိုတဲ့ စာအုပ်ကို ရေးသားသူ ကလောင်ရှင် လီကိုင်ဖူ က သူ့စာအုပ်ထဲမှာ ရေးသားထားပါတယ်။
မြန်လေ ကောင်းလေဖြစ်နေပြီး သူများဆီက ပုံတူကူးတာလိုမျိုးကိုလည်း လက်ခံထားသလို ဈေးကွက်ကို လွှမ်းမိုးဖို့ ဘာမဆို လုပ်မယ်ဆိုတဲ့ နိုင်ငံမှာ နေကြသူတွေလို့ တရုတ်အင်တာနက် လောကမှာ သြဇာရှိသူ အရင် တရုတ်အခြေစိုက် ဂူဂဲလ်ရဲ့ အကြီးအကဲ မစ္စတာလီက ပြောပါတယ်။
ဒီလို ရေကြမ်း မြေကြမ်းနဲ့ မူလ အကြံကောင်းတခုကို အခြေခံပြီး လိုက်ဖန်တီးတာမျိုး လုပ်နိုင်ပေမဲ့ ပုံတူကူး ခိုးချတာမျိုး လုံးဝမရတဲ့ ဆီလီကွန် ဗယ်လီနဲ့ ကျ တော်တော် ပြောင်းပြန်လို ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။
တရုတ်ပြည်က ပုံတူကူးခိုးချတဲ့ ကိစ္စတွေကလည်း ဉာဏပစ္စည်း မူပိုင်ခွင့်လို ကိစ္စတွေအပါအဝင် ပြဿနာတွေနဲ့ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ထက်မြက်မာကြောတဲ့ စွန့်ဦးလုပ်ငန်းတွေဟာ ပြိုင်ဆိုင်ဖို့ အသင့် ဖြစ်နေကြရတဲ့ အကြောင်း သူ့စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။
၁၉၈၀ ပြည့်နှစ်တွေကစလို့ တရုတ်ဟာ နည်းပညာထက် ကုန်ပစ္စည်း ထုတ်လုပ်မှုတွေကို အခြေခံပြီး သူ့ စီးပွားရေးကို ချဲ့ထွင်လာခဲ့တာ ဖြစ်တယ်လို့ ပါစကယ်လ် ဖုန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာတော့ တရုတ်ပြည်မှာ ဈေးကွက်ဝယ်လိုအားကို အခြေခံပြီး အင်တာနက် ကုမ္ပဏီတွေနဲ့ အဆင့်မြင့် တရုတ် ဒီဇိုင်းမျိုးတွေလို ဖန်တီးမှုတွေကိုပါ မြင်လာရပြီလို့ သူက ဆိုပါတယ်။
တရုတ် အမီလိုက်နိုင်မလား
တရုတ်ကုမ္ပဏီတွေမှာ ထူးခြားတဲ့ အားသာချက်တွေ ရှိနေတယ်လို့ ဆိုနိုင်ပေမဲ့ တဖက်မှာလည်း တရုတ်အစိုးရရဲ့ အာဏာရှင်ဆန်မှုက မှန်းဆရ ခက်နေပြန်ပါတယ်။
တရုတ်ရဲ့ စိစစ်မှုတွေ ဆင်ဆာတွေကြောင့် တရုတ်ရဲ့ အေအိုင် ချက်ဘော့တ် တွေ ဖန်တီးရေးမှာ အကန့်အသတ်တွေ ဖြစ်လာစေမလား၊ သမ္မတ ရှီကျင်ပင်းနဲ့ ပတ်သက်တဲ့ ထိရှလွယ်တဲ့ မေးခွန်းမျိုးတွေကို မေးလာရင်ရော အဖြေပေးနိုင်မလားဆိုတာတွေ စတဲ့ မေးခွန်းတွေ ရှိနေပါတယ်။
မစ္စ ယူန်းကတော့ တရုတ်ပြည်မှာ Baidu ရော Ernie ရောက ဆင်ဆာမလွတ်တော့ ဘယ်သူကမှ ဒီလို ပြဿနာဖြစ်မယ့် မေးခွန်းမျိုးတွေ မေးလာကြမယ် မထင်ပါဘူးလို့ ဆိုပါတယ်။ ထိရှလွယ်တဲ့ ကိစ္စတွေကို မီဒီယာတွေကသာ အာရုံစိုက်တာ များတယ်၊ အင်တာနက် သုံးသူတွေထဲ သိပ် ပြောကြတာ မတွေ့ဘူးလို့ ဆိုပါတယ်။
ပိုပြီး စိုးရိမ်စရာကောင်းတာက အမေရိကန်က ဒီအဆင့်မြင့်နည်းပညာနဲ့ ပတ်သက်လို့ တရုတ်အပေါ်မှာ ကန့်သတ်ဖို့ လုပ်နေတာတွေကြောင့် တရုတ်ရဲ့ အေအိုင်လုပ်ငန်းတွေအပေါ် အတားအဆီးတွေ ဖြစ်လာစေမှာကိုပါ။ စွမ်းအားမြင့် ကွန်ပျူတာချစ်ပ် တွေ၊ ဆီမီးကွန်ဒတ်တာတွေဟာလည်း ဝါရှင်တန်နဲ့ ဘေကျင်းအကြား တင်းမာမှုတွေ အတော်များများရဲ့ မြစ်ဖျားခံရာ ဖြစ်လာနေပါတယ်။ အဲဒီ အရာတွေဟာ လက်ပ်တော့ပ်တွေ စမတ်ဖုန်းတွေလို နေ့စဉ်သုံး ပစ္စည်းတွေမှာသာ မကဘဲ စစ်ဘက်ပစ္စည်းတွေမှာပါ သုံးစွဲနေတာ ဖြစ်ပါတယ်။ နောက်ပြီး အေအိုင် သင်ယူမှုတွေ လုပ်ဖို့ အတွက်သုံးတဲ့ ဟာ့ဒ်ဝဲ ပစ္စည်းတွေမှာလည်း ဒီအရာတွေက အင်မတန် အခရာကျနေပြန်ပါတယ်။
အေအိုင် ချစ်ပ်စ် တွေနဲ့ ပတ်သက်လာရင် Nvidia လို အမေရိကန် ကုမ္ပဏီတွေက ရှေ့က ပြေးနေတယ်၊ ChatGPT နဲ့ ပြိုင်နိုင်တဲ့ တရုတ် ကုမ္ပဏီ နည်းနည်းပဲ ရှိတယ်လို့ မစ္စ ဖုန်းက ပြောပါတယ်။ ဒီလို ကန့်သတ်မှုတွေကြောင့် တရုတ်ရဲ့ အဆင့်မြင့် နည်းပညာသုံး အေအိုင် လုပ်ငန်းတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပေမယ့် မိုဘိုင်းလ် ဖုန်းနဲ့ လက်ပ်တော့ပ်တွေလို နေ့စဉ်သုံး နည်းပညာသုံး ပစ္စည်းတွေ ထုတ်လုပ်ရေးမှာတော့ ဘာမှ အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး။ အကြောင်းက တရုတ်ကို အေအိုင်ကို စစ်ဘက်မှာ သုံးလို့ မရအောင် ထုတ်ကုန် တင်ပို့မှုကို ထိန်းချုပ်ထားတဲ့ အတွက် ဖြစ်တယ်လို့ Kendra Schaefer က ပြောပါတယ်။
ဒါကို ကျော်ဖြတ်နိုင်ဖို့ ဆိုရင်တော့ တရုတ်အနေနဲ့ကိုယ်ပိုင် ဆီလီကွန် ဗယ်လီ ရှိဖို့ လိုမယ်။ နေရာစုံက ကျွမ်းကျင်သူတွေကို ဆွဲဆောင်နိုင်မယ့် သုတေသန လုပ်ငန်းမျိုးတွေ လိုမယ်လို့ မစ္စတ ဖုန်းက ပြောပါတယ်။ လက်ရှိအချိန်အထိ ပြည်တွင်းက ကျွမ်းကျင် ပညာရှင်တွေနဲ့ တရုတ်သွေးပါတဲ့ ပြည်ပက ပညာရှင်တွေသာ အားကိုးနေရတုန်း ဖြစ်တယ်။ ဒါကြောင့် တွေးခေါ်ပုံက အစ ထပ်တူကျနေတဲ့ ယဉ်ကျေးမှုမျိုး ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဘေကျင်းကလည်း အဲဒီ ကွာဟချက်ကို ထေမိဖို့ ချစ်ပ် ထုတ်တဲ့ ကုမ္ပဏီတွေအတွက် ငွေအများကြီး သုံးပြီး မက်လုံးတွေ ပေးနေပါတယ်။ ဒါပေမယ့် တဖက်မှာလည်း ဒီလုပ်ငန်းတွေအပေါ် ပိုပြီး ထိန်းချုပ်ဖို့လည်း လုပ်လာပါတယ်။ ပြီးခဲ့တဲ့ မတ်လ အတွင်းက နည်းပညာ လုပ်ငန်း သူဌေးကြီး တဦးဖြစ်တဲ့ ကျောက်ဝေ့ကော်ကို အဂတိ လိုက်စားတယ်ဆိုပြီး အာဏာပိုင်တွေက စွပ်စွဲခဲ့ပါတယ်။
ဘေကျင်းက တချို့ လုပ်ငန်းတွေကို ကူငွေတွေ ထည့်ပေးပြီး ကြိုးနီစနစ်ကို လျှော့ပေးတာတွေ ရှိပေမဲ့ ပိုပြီး စိစစ်တာမျိုးတွေလုပ်လာ တာကြောင့် စိုးရိမ်မှုတွေနဲ့ မရေရာမှုတွေလည်း ပိုများလာနေပါတယ်။
ကျောက်ဝေ့ကော်ကို ဖမ်းဆီးလိုက်တာက ဘာကိုပြသလဲ ဆိုရင် အစိုးရပိုင် ကုမ္ပဏီတွေကို နိုင်ငံ့ ဘဏ္ဍာကို မဖြုန်းကြဖို့ ၊ အထူးသဖြင့် ချစ်ပ်လုပ်ငန်းတွေမှာ တလွဲမသုံးကြဖို့ သတင်းစကားပါး သတိပေးလိုက်တာ ဖြစ်တယ်၊ လုပ်စရာရှိတာတွေကို ဖြောင့်ဖြောင့်တန်းတန်း ဆက်လုပ်သွားကြဖို့ပဲ လိုပါတယ်လို့ Kendra Schaefer က ပြောပါတယ်။ ဒီသတင်းစကားက တရုတ် အေအိုင် လုပ်ငန်းတွေရဲ့ အနာဂတ်ကို ဘယ်လောက်အထိ ရိုက်ခတ်သွားမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။








