ရှီကျင့်ဖျင် တရုတ်သမ္မတ ရာထူး သက်တမ်း ၃ ကြိမ် မြောက် စတင်
စတီဖင် မက်ဒေါနယ် နဲ့ ဂျိုဝယ် ဂင်တို
ဘေဂျင်းနှင့် စင်ကာပူမှ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အထက်က အဆိုပြုသမျှ သဘောတူပေးတဲ့ လွှတ်တော်ကတဆင့် တရုတ် ခေါင်းဆောင် ရှီကျင့်ဖျင် သမ္မတရာထူးမှာ သမိုင်းဝင် ၃ ကြိမ်မြောက် ထမ်းဆောင် နိုင်ခွင့် ရသွားပါပြီ။
ခေတ်အဆက်ဆက်မှာ တရုတ်တို့ရဲ့ အထင်ရှားဆုံးခေါင်းဆောင်ဖြစ်တဲ့ အသက် ၆၉ နှစ်အရွယ် မစ္စတာ ရှီဟာ အာဏာကို သူတဦးတည်းက တဖြည်းဖြည်းထိန်းချုပ် လာခဲ့ ပြီးတဲ့နောက် အခုအခြေအနေကို ရောက်ခဲ့တာပါ။
တရုတ်နိုင်ငံရဲ့ အုပ်ချုပ်မှု စနစ်မှာ သမ္မတရာထူးဟာ ထုံးတမ်းစဉ်လာအရ ဂုဏ်ပုဒ်သာ ဖြစ်ပြီး အများအားဖြင့် လုပ်ပိုင်ခွင့်အာဏာ သိပ်မရှိလှပါဘူး။
မစ္စတာရှီရဲ့ အာဏာက ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူးနေရာ၊ ဗဟို စစ်ကော်မရှင်ရဲ့ ဥက္ကဋ္ဌ ရာထူးတွေက လာတာပါ။
ပြီးခဲ့တဲ့အောက်တိုဘာက လုပ်ခဲ့တဲ့ ပါတီကွန်ဂရက်ကနေ ဒီရာထူးတွေ သူရခဲ့ ပါတယ်။
သူ တတိယအကြိမ် သမ္မတ သက်တမ်း လုပ်ခွင့်ရမယ်ဆိုတာကို အများက မှန်းဆ ထားကြပြီးသားပါ။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လာမယ့်ရက်ပိုင်းမှာဖြစ်လာမယ့် ဝန်ကြီးချုပ်သစ်နဲ့ ဝန်ကြီးတွေက ဘယ်သူ ဘယ်ဝါ ဆိုတာက ပိုပြီး စိတ်ဝင်စားစရာ ကောင်းပါလိမ့်မယ်။
ရှီကျင့်ဖျင်ကို သစ္စာစောင့်သိသူတွေ ဒီရာထူးသစ်တွေကို ရလာလိမ့်မယ်လို့ မှန်းဆ နေကြပါတယ်။ အဲဒီသူတွေထဲမှာ လီချန်း ပါဝင်ပြီး သူဟာ မစ္စတာ ရှီရဲ့ နံပတ် ၂ အဖြစ် ဆောင်ရွက်လိမ့်မယ်လို့ ထင်ကြေးပေးကြပါတယ်။
သောကြာနေ့မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရာထူး နောက်ထပ် သက်တမ်းကိုလည်း မစ္စတာ ရှီ ရခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ဗဟို စစ်ကော်မရှင်က ၂ ခုရှိပါတယ်။ တခုက ပါတီရဲ့ အဖွဲ့အစည်းဖြစ်ပြီး တခုက အစိုးရ အဖွဲ့အစည်းပါ။ ဒါပေမယ့် သူတို့ကို ဖွဲ့စည်းထားမှုက အတူတူ ပါပဲ။
အစိုးရ ဆန့်ကျင်ရေးကို ဖြစ်စေခဲ့တဲ့ ကိုဗစ် ဇီးရိုး ပေါ်လစီကို ဖျက်သိမ်းပြီး နိုင်ငံကို ပြန်ဖွင့်ပေးနေချိန်မှာ မစ္စတာ ရှီက သူ့အုပ်ချုပ်မှုအာဏာကို ပိုခိုင်မြဲအောင်လုပ် လိုက်တာပါ။ နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု အင်ဂျင်စက်ကို ခြိမ်းခြောက်လာတဲ့ မွေးဖွားမှုနှုန်း ကျဆင်းနေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
မိုးပျံပူဖောင်းတွေနဲ့ သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အတူ ဘေဂျင်းနဲ့ ဝါရှင်တန်ကြား ဆက်ဆံရေးကလည်း အဖုအထစ်တွေ ဖြစ်နေပါတယ်။
“ရှီကို အားဖြည့်ပေးလိုက်တာ၊ ဗဟိုက ချုပ်ကိုင်တဲ့ အာဏာကို တိုးမြှင့်ပေးလိုက်တာတွေက ဒီ ပြဿနာတွေကို ကျော်လွှားသွားနိုင်မလား၊ ဒါမှမဟုတ် ပိုဆိုးရွားသွားစေ မလား ဆိုတာက မသိနိုင်ပါဘူး။ လောလောဆယ်မှာ မသိနိုင်ပါဘူး” လို့ စင်ကာပူ အမျိုးသား တက္ကသိုလ် က နိုင်ငံရေး သိပ္ပံပညာရှင် အီယန် ချောင်က ဘီဘီစီကို ပြောပါတယ်။
“ကြည့်ရတာကတော့ ပါတီရဲ့ ဗဟိုထိန်းချုပ်မှုကို သူ့လက်ထဲမှာ ထားပြီး ဒီကွဲပြားလှတဲ့ အရေးအရာတွေကို အဖြေထုတ်ဖို့ ရှီက အလောင်းအစား လုပ်တာပါပဲ” လို့ သူက ပြောပါတယ်။
အမျိုးသားပြည်သူ့ကွန်ဂရက် အစည်းအဝေး၊ တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ညီလာခံ အစည်းအဝေး စတဲ့ အစည်းအဝေး ၂ ခု ဒီသီတင်းပတ်အတွင်းမှာ ကျင်းပဖို့ ရှိပြီး အဲဒီက ဆုံးဖြတ်ချက်တွေက လာမယ့်နှစ်တွေမှာ တရုတ်သွားမယ့် လားရာကို အရိပ်အမြွက် သိနိုင်တာမို့ အများက စောင့်ကြည့် နေကြပါတယ်။
မော်စီတုန်းကာလ နောက်ပိုင်းကတည်းက တရုတ်မှာ ခေါင်းဆောင်တွေက ရာထူးမှာ သက်တမ်း ကာလ ၂ ကြိမ်သာ ယူနိုင်ခဲ့ကြတာပါ။ ၂၀၁၈ မှာ မစ္စတာ ရှီက အဲဒီ အကန့် အသတ်ကို ပြောင်းလဲလိုက်ပြီး ဥက္ကဋ္ဌ မော် နောက်ပိုင်း ဘယ်သူမှ မတွေ့ခဲ့ ဖူးတဲ့ ခေါင်းဆောင်ပုဂ္ဂိုလ် ဖြစ်လာပါတယ်။
သောကြာနေ့မှာပဲ အသက် ၆၈ နှစ်အရွယ် အရင် ပေါလစ်ဗျူရို အမြဲတမ်း ကော်မီတီဝင် ဟန်ကျန်းက ဒုတိယ သမ္မတ အဖြစ် ခန့်အပ်ခံရပါတယ်။
ဒု သမ္မတ တာဝန်တွေက အသေအချာ သတ်မှတ်ထားတာ မရှိတဲ့ အတွက် ဒီရာထူးရဲ့ အရေးပါမှုက အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အရင် ဒုတိယ သမ္မတ ဝန် ချီရှန်း ကတော့ မစ္စတာရှီရဲ့ အဂတိတိုက်ဖျက်ရေး အစီအစဉ်ကို ဦးဆောင်တဲ့သူ ဖြစ်ခဲ့တယ် လို့ ချောင်က ပြောပါတယ်။
မစ္စတာ ဟန်အနေနဲ့ မစ္စတာ ရှီရဲ့ ညွှန်ကြားမှုတွေကို အနီးကပ် လိုက်ပါဆောင်ရွက်မှာ ဖြစ်ပြီး လိုအပ်ရင် သမ္မတက ချမှတ်မယ့် မူဝါဒတွေကို အသက်ဝင်အောင် လုပ်မှာ လို့ သူက ထပ်ဖြည့်ပြောပါတယ်။








