တရုတ်စီးပွားရေးကိုအခက်ကြုံစေတဲ့အကြောင်းရင်း ၅ ခု

ဓာတ်ပုံ ရင်းမြစ်, EPA
တရုတ်နိုင်ငံရဲ့ ကိုဗစ်အကြွင်းမဲ့ကင်းစင်ရေး ဇီးရိုးကိုဗစ်ဗျူဟာနဲ့ ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားကျဆင်းမှုတွေကြောင့် တရုတ်စီးပွားရေးဟာ နှေးကွေးကျဆင်းလာပါတယ်။
ဇူလိုင်ကနေ စက်တင်ဘာ ၃ လအတွက် တရားဝင်ကိန်းဂဏန်းတွေဟာ မကြာခင်ထွက်ပေါ်လာပါတော့မယ်။ တကယ်လို့များ အဲဒီလိုထွက်ပေါ်လာမဲ့ ကိန်းဂဏန်းဟာ တရုတ်အစိုးရက အဖြစ်မှန်ကို လျှော့လျှော့ပေါ့ပေါ့ပြောဆိုနေပေမဲ့ ဒီနှစ်အတွက် တရုတ်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ နှစ်စဉ်ဖွံ့ဖြိုးမှုနှုန်း ၅.၅ ရာခိုင်နှုန်းကို မီဖို့ဆိုတာ အလှမ်းကွာဝေးနေပါပြီ။ ပြီးခဲ့တဲ့ ဧပြီကနေ ဇွန်ကာလအတွက် စီးပွားရေးဖွံ့ဖြိုးမှုဟာ အနည်းငယ်ကျုံ့သွားတာတွေ့ရပါတယ်။ ဒီနှစ်အဖို့ရာ တရုတ်ပြည်မှာ ဒီ့ထက်စီးပွားရေးဖွံ့ဖြိုးတိုးတက်လာဖွယ်ရာ မရှိတော့ဘူးလို့ စီးပွားရေးပညာရှင်တွေက မှန်းဆထားကြပါတယ်။
တရုတ်ဟာ အမေရိကန်တို့ ဗြိတိန်တို့လို ငွေဖောင်းပွမှုကို အသည်းအသန်တိုက်ခိုက်နေရတာမျိုး မရှိပါဘူး။ ဒါပေမဲ့ သူ့မှာကလည်း သူ့ပြဿနာနဲ့သူပါ။ ကမ္ဘာ့စက်ရုံကြီးလို့ခေါ်တဲ့ တရုတ်ပြည်ဟာ သူ့ပစ္စည်းကိုဝယ်မဲ့ဖောက်သည်တွေ ဝယ်လိုအားတွေ ပြည်တွင်းမှာရော ပြည်ပမှာပါ ရုတ်တရက် ထိုးကျသွားတာကို ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် အမေရိကန်လို အဓိက စီးပွားရေးအင်အားစုကြီးနဲ့ ကုန်သွယ်ရေးတင်းမာနေတဲ့ အခြေအနေဟာလည်း ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေပါတယ်။
ယွမ်ငွေနဲ့ ဒေါ်လာလဲလှယ်နှုန်းဟာလည်း ဆယ်စုနှစ်များစွာအတွင်းမှာ အဆိုးဆုံးအနေအထားကို ရောက်နေပါတယ်။ ငွေကြေးအားပျော့နေတာဟာ ရင်းနှီးမြှုပ်နှံသူတွေကို အားပျက်စေပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ယွမ်ငွေစျေးကွက်အပေါ်မှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ရင် မသေချာမရေရာမှုတွေကို ရင်ဆိုင်ရမယ်ဆိုတဲ့စိတ်က ခြောက်လှန့်နေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တရုတ်အစိုးရ ဗဟိုဘဏ်က စျေးကွက်ထဲကို ယွမ်ငွေတွေပုံအောမြှုပ်နှံလိုက်ဖို့ဆိုတာ ပိုခက်ပြန်ပါတယ်။ စျေးကွက်ထဲကို ယွမ်ငွေတွေ ထပ်ဖြည့်လိုက်ရင် ယွမ်ငွေဟာ ပိုအားပျော့သွားမှာပါ။
ဒီလိုအဖြစ်အပျက်တွေ ဖြစ်ပျက်နေချိန်ဟာ သမ္မတရှီကျင်းဖျင်အတွက် နိုင်ငံရေးအရ အရေးကြီးတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ သမ္မတရှီဟာ အောက်တိုဘာလ ၁၆ ရက်နေ့မှာလုပ်မဲ့ ကွန်မြူနစ်ပါတီ ညီလာခံမှာ တတိယအကြိမ်မြောက် ခေါင်းဆောင်သက်တမ်းအဖြစ် အရွေးကောက်ခံရဖို့ မျှော်လင့်နေချိန်ဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီက ခေါင်းဆောင်တယောက်ကို သက်တမ်း ၃ ကြိမ်ရွေးချယ်မှုမျိုးဟာ အရင်က မရှိခဲ့ဖူးပါဘူး။
တရုတ်စီးပွားရေးဘာတွေဖြစ်နေပါသလဲ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁။ ဇီးရိုးကိုဗစ်ပေါ်လစီ
ကိုဗစ်ရောဂါဟာ မြို့ကြီးတွေမှာ ရိုက်ခတ်ခဲ့ပါတယ်။ အဓိကကုန်ထုတ်လုပ်ရေးဇုန်ကြီးတွေ ဖြစ်ကြတဲ့ ရှန်ကျန်း၊ တီယန်ကျင်းတို့မှာရှိတဲ့ စက်မှုလုပ်ငန်းအခြေစိုက်စီးပွားရေးဟာကိုဗစ်ကြောင့် အထိနာခဲ့ကြရပါတယ်။
လူတွေဟာ သွားရည်စာ၊ အဖျော်ယမကာ၊ အလှအပပစ္စည်း၊ အပန်းဖြေခရီးဆိုတာတွေမှာ ငွေမသုံးစွဲကြတော့ပါဘူး။ ဒါဟာ ဝန်ဆောင်မှုလုပ်ငန်းတွေကို အကျပ်ရိုက်စေပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ထုတ်လုပ်မှုအပိုင်းမှာလည်း စက်တင်ဘာလမှာ စက်ရုံတွေရဲ့ဆောင်ရွက်ချက်တွေဟာ နောက်ပြန်ဆုတ်သွားတာကို တရုတ်နိုင်ငံတော်စာရင်းအင်းဗျူရိုရဲ့ ကိန်းဂဏန်းတွေအရ တွေ့မြင်ရပါတယ်။ ဒါဟာ အစိုးရက လမ်းပန်း၊ တံတား၊ မီးရထား၊ မော်တော်ကား၊ လျှပ်စစ် အစရှိတဲ့ အခြေခံအဆောက်အအုံတွေဖက်မှာ ငွေပိုစိုက်ထုတ်အသုံးပြုလို့လည်း ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ ၂ လကြာမြင့်လာသည့်တိုင် စီးပွားရေးဟာ ပြန်လည်မကြီးထွားလာပါဘူး။ အဲသလို မကြီးထွားလာတာဟာ ဝယ်လိုအားကျဆင်းလာလို့ဖြစ်မယ်လို့ ပုဂ္ဂလိကသုတေသနပြုချက်တွေက ဖော်ပြပါတယ်။ ဝယ်လိုအားကျဆင်းမှုဟာ ကုန်ထွက်နှုန်း၊ အော်ဒါအသစ်တွေနဲ့ အလုပ်နေရာခန့်ထားမှုတွေ အပေါ်မှာပါ အကျိုးသက်ရောက်မှုရှိလာပါတယ်။
အမေရိကန်လို အဓိကဝယ်လိုအားရှိတဲ့တိုင်းပြည်ကြီးတွေဟာလည်း ယူကရိန်းစစ်ပွဲဖြစ်ပြီးနောက် ငွေတိုးနှုန်းတွေတက်၊ ငွေဖောင်းပွမှုတွေမြင့်လာတော့ ဝယ်လိုအားကျလာပါတယ်။
ဒီလိုအချိန်မျိုးမှာ တရုတ်အစိုးရဟာ သူ့စီးပွားရေးကို နိုးကြားလာအောင် နှိုးဆွပေးတဲ့ အလုပ်တွေလုပ်ဖို့ သင့်တယ်လို့ သဘောရကြပါတယ်။ ဒါပေမဲ့ ဇီးရိုးကိုဗစ်ဆောင်ရွက်ချက်တွေဟာ စီးပွားရေး ပြန်လည် နိုးကြားလာရေးအတွက် အဓိက အဟန့်အတားတွေ ဖြစ်စေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂။ အစိုးရရဲ့ဆောင်ရွက်ချက်မလုံလောက်ခြင်း
လုပ်ငန်းသေးတွေ၊ အခြေခံအဆောက်အအုံတွေ၊ အိမ်ခြံမြေလုပ်ငန်းတွေအတွက် ယွမ်ငွေ ၁ ထရီလျံ တိုးမြှင့်သုံးစွဲမယ်လို့ သြဂုတ်လထဲမှာ အစိုးရက ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ ဖွံ့ဖြိုးကြီးထွားမှုမှန်းချက်နဲ့ လိုက်လျောညီထွေဖြစ်မဲ့ သုံးစွဲမှုတွေ ပေါ်ပေါက်လာဖို့ဆိုရင် အစိုးရပိုင်းက လုပ်နိုင်တာတွေဟာ ဒီ့ထက်မက ရှိပါတယ်။ ဥပမာဆိုရင် အခြေခံအဆောက်အအုံတွေမှာ ဒီ့ထက်ပိုပြီး ရင်းနှီးမြှုပ်နှံတာ၊ အိမ်ဝယ်မဲ့သူတွေအတွက် အိုးအိမ်ဆောက်လုပ်သူတွေ အတွက် အောက်ခြေနယ်မြေအစိုးရတွေ အတွက် ငွေချေးငှားရေးအကန့်အသတ်တွေကို လျှော့ချပေးတာမျိုးတွေပါ။ အိမ်ထောင်စုတွေအတွက် အခွန်ပေးဆောင်ရမဲ့ကာလကို ဆိုင်းငံ့ပေးတာမျိုးလည်း လုပ်လို့ ရပါတယ်။
၃။ အိမ်ခြံမြေစျေးကွက် အကျပ်အတည်း
အိမ်ခြံမြေစျေးကွက်ကျဆင်းလာတာ၊ အိုးအိမ်ကဏ္ဍအပေါ် လူတွေစိတ်အားထက်သန်မှုလျော့နည်း ကျဆင်းလာတာဟာ ဖွံ့ဖြိုးမှုကို ကျဆင်းစေတဲ့ အကြောင်းတရားဆိုတာ သံသယဖြစ်စရာမရှိပါဘူး။
အိမ်ခြံမြေလုပ်ငန်းဟာ တရုတ်ဂျီဒီပီရဲ့ ၃ ပုံ ၁ ပုံအထိရှိတဲ့အတွက် အိမ်ခြံမြေလုပ်ငန်းကျဆင်းတာဟာ တခြားစီးပွားရေးကဏ္ဍတွေကိုပါ ကျွဲကူးရေပါ ထိခိုက်စေပါတယ်။
အိမ်ခြံမြေလုပ်ငန်းအပေါ်မှာ ယုံကြည်မှုအားပျော့လာတဲ့ အခါ စီးပွားရေးတခုလုံးအပေါ်မှာ လူတွေအနေနဲ့ မသေချာမရေရာဘူးလို့ ခံစားလာကြရပါတယ်လို့ S&P Global Rating ရဲ့ စီးပွားရေးပညာရှင်အကြီးအကဲ မစ္စတာလူဝီကုဂျ်က ဆိုပါတယ်။
အိမ်ဝယ်သူတွေဟာ ဆောက်လုပ်ဆဲအိမ်ရာတွေအတွက် ချေးငွေ Mortgage ကို ဆက်မပေးဖို့ ငြင်းဆန်ကြပါတယ်။ အဲဒီအိမ်ရာတွေဟာ ဘယ်တော့မှ ဆောက်လုပ်ပြီးစီးအောင်မြင်တော့မှာ မဟုတ်ဘူးလို့ တချို့က သံသယဝင်ကြပါတယ်။ အိမ်သစ်တွေအတွက် ဝယ်လိုအားကျလာပါတယ်။ ဒီတော့ အိမ်ဆောက်ပစ္စည်းတွေရဲ့ ဝယ်လိုအားတွေလည်း ကျဆင်းပါတယ်။ အိမ်ဆောက်ပစ္စည်းတင်သွင်းတဲ့ လုပ်ငန်းတွေလည်း ကျဆင်းပါတယ်။
အိမ်ခြံမြေစျေးကွက် ပြန်ထူထောင်လာဖို့ အစိုးရကကြိုးစားပေမဲ့လည်း မြို့ကြီးဆယ်ဂဏန်းတချို့မှာရှိတဲ့ အိမ်စျေးနှုန်းတွေဟာ ဒီနှစ်ထဲမှာ ၂၀ ရာခိုင်နှုန်းကျော်အထိကျသွားခဲ့ပါတယ်။
အိမ်ခြံမြေလုပ်ငန်းကျဆင်းချိန်မှာ အစိုးရအနေနဲ့ ဒီလုပ်ငန်းအပေါ် ပိုမိုယုံကြည်မှုရှိအောင် ဒီ့ထက်ပိုလုပ်သင့်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။
၄။ ရာသီဥတုပြဿနာကြောင့်ပိုအခက်တွေ့
အစွန်းရောက်ရာသီဥတုပျက်ပြားမှုတွေက တရုပ်စက်မှုလုပ်ငန်းတွေအပေါ် သက်ရောက်မှုဖြစ်ပေါ်စေပါတယ်။ စီချွမ်ပြည်နယ် အနောက်တောင်ပိုင်းနဲ့ ချုံကျင်းမြို့တွေမှာ သြဂုတ်လအတွင်းက ကျရောက်တဲ့ ပြင်းထန်အပူလှိုင်းတွေကြောင့် မိုးခေါင်ခြောက်သွေ့မှု ဖြစ်ပွားခဲ့ပါတယ်။ အဲယားကွန်ဒီးရှင်းနင်း လေအေးပေးစက်တွေ ဝယ်လိုအား အဆမတန် မြင့်တက်ခဲ့ပါတယ်။ ရေအားလျှပ်စစ်အပေါ်မှာသာ မှီခိုအားထားရတဲ့ဒေသမှာ လျှပ်စစ်ဓာတ်အား သုံးစွဲမှုလည်း များပြားသွားခဲ့လို့ စီးပွားရေးလုပ်ငန်းတွေ အခက်အခဲကြုံခဲ့ရပါတယ်။
အဓိက ကုန်ထုတ်လုပ်ငန်းကြီးတွေဖြစ်တဲ့ အိုင်ဖုန်းထုတ်လုပ်တဲ့ ဖောက်စ်ကွန်း ကုမ္ပဏီ၊ တက်စ်လာကုမ္ပဏီတို့ဟာ အလုပ်ချိန်ဖြတ်တောက်ရတာတွေ စက်ရုံတွေ ပိတ်ရတာတွေ ဖြစ်ခဲ့ပါတယ်။
သံနဲ့သံမဏိလုပ်ငန်းတခုတည်းရဲ့ အမြတ်တခုတည်းဟာ ၂၀၂၂ ခုနှစ်ရဲ့ ပထမ ၇ လအတွင်းမှာ ၈၀ ရာခိုင်နှုန်းကျော်အထိကျဆင်းခဲ့တယ်လို့ သြဂုတ်လထုတ် တရုတ် စာရင်းအင်းဗျူရိုရဲ့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။
နောက်ဆုံးမှာ တရုတ်အစိုးရဟာ စွမ်းအင်ကုမ္ပဏီကြီးတွေနဲ့ လယ်သမားတွေကို ကယ်တင်ဖို့အတွက် ဒေါ်လာဘီလျံ ဆယ်ဂဏန်းနဲ့ချီပြီး အသုံးပြုခဲ့ပါတယ်။
၅။ တရုတ်နည်းပညာသုံးလုပ်ငန်းကြီးတွေကနေ ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာ
တရုတ်နည်းပညာသုံးလုပ်ငန်းကဏ္ဍ ပြိုကျဆင်းနေတာဟာ ၂ နှစ်လောက်ကြာပေမဲ့ ကူသူကယ်သူမဲ့နေပါတယ်။
တန်းဆင့် နဲ့ အလီဘာဘာ တို့ရဲ့ဝင်ငွေဟာ ပြီးခဲ့တဲ့ ၃ လပတ်မှာ ကျဆင်းလာပါတယ်။ တန်းဆင့်ရဲ့ အမြတ်ငွေဟာ ၅၀ ရာခိုင်နှုန်းအထိကျဆင်းသလို အလီဘာဘာရဲ့ ဝင်ငွေဟာလည်း ထက်ဝက်ကျဆင်းခဲ့ပါတယ်။
လုပ်ငန်းကြီးတွေ ကျဆင်းမှုကြောင့် သောင်းချီတဲ့ လူငယ်အလုပ်သမားတွေ အလုပ်ဆုံးရှုံးကြပါတယ်။ အသက် ၁၆ နှစ်ကနေ ၂၄ နှစ်အတွင်း လူငယ် ၅ ယောက်မှာ ၁ ယောက်နှုန်းဟာ အလုပ်လက်မဲ့ ဖြစ်နေပါတယ်။ ဒီအခြေအနေဟာ တရုတ်ရဲ့ ကုန်ထုတ်လုပ်မှုနဲ့ ဖွံ့ဖြိုးမှုကို ရေရှည်မှာ ကျဆင်းစေနိုင်ပါတယ်။
သမ္မတရှီရဲ့ အာဏာပိုမိုကြီးထွားလာတာနဲ့ အမျှ အောင်မြင်တဲ့ တရုတ်ပုဂ္ဂလိကကုမ္ပဏီကြီးတွေအပေါ် စိစစ်မှုတွေပိုတိုးလာတယ်လို့လည်း ရင်းနှီးမြှုပ်နှံသူတွေက ရှုမြင်ကြပါတယ်။
အစိုးရပိုင်ကုမ္ပဏီတွေကို ပိုမိုဦးစားပေးလာပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဟာလည်း ဘေးဖယ်ထုတ်ခံရတဲ့ အခြေအနေကို တဖြည်းဖြည်း ကြုံတွေ့လာရပါတယ်။
အလီဘာဘာကုမ္ပဏီထဲက ရင်းနှီးမြှုပ်နှံမှုတွေကို ဂျပန် Softbank ကရုပ်သိမ်းသွားသလို BYD လျှပ်စစ်ကား ကုမ္ပဏီမှာ မြှုပ်နှံထားတဲ့ ဝါရင်းဘာ့ဖတ်ရဲ့ ရှယ်ယာတွေလည်း ပြန်ရုပ်သိမ်းသွားပါတယ်။ တန်းဆင့်ကုမ္ပဏီထဲမှာ ရင်းနှီးမြှုပ်နှံထားတာတွေကိုလည်း ဒီနှစ် ဒုတိယနှစ်ဝက်ကာလအတွင်းမှာ ဒေါ်လာ ၇ ဘီလျံကျော်အထိ ရုပ်သိမ်းခံခဲ့ရပါတယ်။
အမေရိကန် စတော့စျေးကွက်က တရုတ်ကုမ္ပဏီတွေကိုလည်း အမေရိကန်အစိုးရက စာရင်းကနေ ဖြုတ်ချခဲ့ပါတယ်။
အခုလောလောဆယ် ဆယ်စုနှစ်အတွင်း သမ္မတရှီကျင်းဖျင်လက်ထက်မှာ တရုတ်နိုင်ငံဟာ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အရင်တုန်းကလောက် ဖွင့်လှစ်ပွင့်လင်းမှု မရှိတော့ဘူးလို့လည်း ကမ္ဘာ့စီးပွားရေးလုပ်ငန်းရှင်တွေက ထင်မြင်ယူဆလာကြတာဟာလည်း တရုတ်စီးပွားရေးအပေါ် ကြီးကြီးမားမားအကျိုးသက်ရောက်တဲ့ အချက်တချက်ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images








