လူ့ ဦးနှောက်နဲ့ ချိတ်ဆက်ခိုင်းစေနိုင်မယ့် တိုက်လေယာဉ်ပေါ်လာတော့မလား

BAE Systems ကုမ္ပဏီကတော့ လန်ကက်ရှိုင်းယားဒေသက သူတို့ရဲ့ ဝါတန်စက်ရုံမှာ အဲဒီလေယာဉ်အမျိုးကို ၂၀၂၇ မှာ စမ်းသပ်မှာ ဖြစ်တယ်လို့ ဖန်းဘရာ လေကြောင်းပြပွဲမှာ ထုတ်ပြန်ပြောဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, BAE Systems ကုမ္ပဏီကတော့ လန်ကက်ရှိုင်းယားဒေသက သူတို့ရဲ့ ဝါတန်စက်ရုံမှာ အဲဒီလေယာဉ်အမျိုးကို ၂၀၂၇ မှာ စမ်းသပ်မှာ ဖြစ်တယ်လို့ ဖန်းဘရာ လေကြောင်းပြပွဲမှာ ထုတ်ပြန်ပြောဆို

ဒုတိယကမ္ဘာစစ်ကာလမှာ Spitfire အမျိုးအစား တိုက်လေယာဉ်မောင်းတွေဟာ သူတို့ လေယာဥ်ကို မောင်းနှင် ပစ်ခတ်ရတာ ချောမွေ့ အသားကျလွန်းတဲ့အတွက် လေယာဉ်ကို သူတို့ ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုအဖြစ် ခံစားမိတဲ့အထိပါပဲလို့ ဆိုခဲ့ကြဖူးပါတယ်။

လာမယ့် ၂၀၃၀ ပြည့်လွန်နှစ်တွေမှာ တိုက်လေယာဉ်ကို မောင်းနှင်ရမယ့် လေယာဉ်မှူးတွေကတော့ သူတို့ မောင်းရတဲ့ တိုက်လေယာဉ်တွေနဲ့ ပိုပြီး တစ်သားတည်းဖြစ်တဲ့ ခံစားမှုမျိုး ရလာနိုင်စရာ ရှိပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်မှာ ပေါ်လာမယ့် တိုက်လေယာဉ်အမျိုးအစားတွေက လူ့စိတ်ကို ဖတ်နိုင်ခြေ ရှိတဲ့အထိ ဖြစ်လာနိုင်လို့ပဲ ဖြစ်ပါတယ်။

ဘယ်အတိုင်းအတာအထိ စိတ်နဲ့ လေယာဉ်ထိန်းချုပ်နိုင်မှာလဲ

ယူကေနိုင်ငံက BAE Systems၊ ရိုးရွိုက်စ်၊ European missiles group၊ MBDAနဲ့ အီတလီက Leonardo ကုမ္ပဏီတွေဟာ အခုလို စွမ်းဆောင်ရည် ရှိလာနိုင်တဲ့ Tempest jet အမျိုးအစားကို တီထွင် ဖန်တီးနေကြပြီ ဖြစ်ပါတယ်။

အဲဒီ တိုက်လေယာဉ်မှာ ပါဝင်တဲ့ စွမ်းဆောင်ရည်တစ်ခုကတော့ တိုက်လေယာဉ်မှူးကို အထောက်အကူပေးမယ့် စက်အသိဉာဏ် artificial intelligence ဖြစ်ပြီး လူသားလေယာဉ်မောင်းက မနိုင်မနင်း ဖြစ်လာရင် ဒါမှမဟုတ် ဖိအားအရမ်းများလာရင် ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။

အခုလို ကူညီပေးနိုင်ဖို့အတွက် လေယာဉ်မှူးဆောင်းမယ့် ဦးထုပ်မှာ ဦးနှောက်အတွင်း လှုပ်ရှားမှုတွေနဲ့ တကွ အခြား ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို ဖမ်းယူနိုင်မယ့် စက်တွေ တပ်ထားမယ်လို့ ဆိုပါတယ်။

အခုလို တိုက်လေယာဉ်ကို မောင်းနှင်သူက အကြိမ်ကြိမ် မောင်းနှင်လာရင်း သူ့ရဲ့ ဇီဝဗေဒနဲ့ စိတ္တဗေဒဆိုင်ရာ အချက်အလက်တွေကို စက်အသိဉာဏ်က တောက်လျှောက် တိုးမြှင့်စုဆောင်းနေမှာ ဖြစ်ပါတယ်။

ဒီလေယာဉ်ရဲ့ စက်အသိဉာဏ်ဟာ အခုလို အချက်အလက်တွေ စုဆောင်းလာရင်း သက်ဆိုင်ရာ လေယာဉ်မောင်းတစ်ဦးချင်းရဲ့ မတူခြားနားတဲ့ ဇီဝစိတ္တ အခြေအနေကိုလိုက်ပြီး အကူအညီလိုအပ်လာတဲ့ အချိန်မှာ သိရှိ လုပ်ဆောင်ပေးဖို့ စီမံထားပါတယ်။

ဥပမာအားဖြင့် တိုက်လေယာဉ်မောင်းသူက ကမ္ဘာ့ဆွဲအားမြင့်မားတဲ့ အခြေအနေမှာ သတိလစ်သွားမယ်ဆိုရင် စက်အသိဉာဏ်က ဝင်ရောက် ထိန်းကျောင်းပေးနိုင်မယ့် ပုံစံမျိုး ဖြစ်ပါတယ်။

Tempest လေယာဉ် ထုတ်လုပ်မယ့် လုပ်ငန်းစဉ်

BAE Systems ကုမ္ပဏီကတော့ လန်ကက်ရှိုင်းယားဒေသက သူတို့ရဲ့ ဝါတန်စက်ရုံမှာ အဲဒီလေယာဉ်အမျိုးကို ၂၀၂၇ မှာ စမ်းသပ်မှာ ဖြစ်တယ်လို့ ဖန်းဘရာ လေကြောင်းပြပွဲမှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

အခုလို ထုတ်လုပ်လာမယ့် Tempest တိုက်လေယာဉ်ရဲ့ ပုံစံဟာ ၂၀၁၈ ခုနှစ်ကတည်းက ထွက်ပေါ်လာခဲ့တာဖြစ်ပြီး လက်ရှိအဆင့်မှာတော့ အဲဒီအချိန်က ပုံစံကို ပါးလျစေပြီး အလေးချိန်လျော့အောင် ပြုပြင်ထားတယ်လို့ ဆိုပါတယ်။

ဒီတိုက်လေယာဉ်တွေကို ဝေဟင်မှာ စတင်အသုံးပြုနိုင်ပြီဆိုရင် လူမပါတဲ့ မောင်းသူမဲ့ တိုက်လေယာဉ်တွေနဲ့ အများအားဖြင့် ယှဉ်တွဲအသုံးပြု အဆင်ပြေစေဖို့ စီမံထားတယ်လို့လည်း ဒီ Tempest လေယာဉ်ကို ထုတ်လုပ်မယ့် ကုမ္ပဏီစုပေါင်းအဖွဲ့က ဆိုပါတယ်။

အခုလို နောက်ဆုံးပေါ် တိုက်လေယာဉ် စုဖွဲ့ မှု ပုံစံတွေ လုပ်ငန်းလည်ပတ်နိုင်ဖို့ဆိုရင် ပြန်လည်ထိန်းကျောင်း စောင့်ကြည့်တဲ့စနစ်အသစ်တွေနဲ့ ထိန်းချုပ်ရေး စနစ်သစ်တွေကို အစအဆုံး ပြန်လည် ပုံစံထုတ်ရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Tempest လေယာဉ်ထုတ်လုပ်ရေးဆိုင်ရာ စီးပွားဖွံ့ ဖြိုးရေး ဒါရိုက်တာ ဂျွန်စတော့ကာ ကတော့ သူတို့အနေနဲ့ နည်းပညာ ပြောင်းလဲနေတဲ့ ပုံစံနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ကြိုးစားနေရတယ်လို့ ဆိုပါတယ်။

ယခင်ကဆိုရင် အစိုးရတွေရဲ့ ကာကွယ်ရေးအသုံးစရိတ်ကြောင့် နည်းပညာတိုးတက်မှုကို တွန်းအားပေးလေ့ရှိပြီး စီးပွားဖြစ်အခြေပြုတဲ့ နည်းပညာနယ်ပယ်က နောက်က လိုက်လေ့ရှိပေမယ့် နောက်ပိုင်းမှာတော့ စီးပွားဖြစ် အခြေပြုတဲ့ နည်းပညာနယ်ပယ်က ပိုပြီး အဆင့်မြင့်လာပြီလို့လည်း သူက ဆိုပါတယ်။

မစ္စတာ စတော့ကာ အနေနဲ့ ဒီတိုက်လေယာဉ်သစ်စနစ်ကို ထူထောင်ရာမှာ အဆင့်မြှင့်တင်တဲ့အပိုင်းကို စမတ်ဖုန်း အက်ပ်တွေ ဒေါင်းလုပ် လုပ်သလောက်အထိ လွယ်ကူအောင် လုပ်ဖို့ မျှော်မှန်းကြံစည်နေပါတယ်။

အခုလို လေယာဉ်ပုံစံပေါ်လာအောင် ဆောက်လုပ်ရာမှာ အလိုအလျောက် တပ်ဆင်ပေးတဲ့ စက်ရုပ်တွေကို အသုံးပြုမှာဖြစ်ပါတယ်။

အခုလို စက်ရုပ်တွေ အသုံးပြုမှာ ဖြစ်တဲ့အတွက် လေယာဉ်မှာ ပါဝင်ပစ္စည်း အစိတ်အပိုင်းတွေ တင်သွင်းမယ့် ကုမ္ပဏီတွေကိုလည်း မြန်မြန်ဆန်ဆန် ပေးပို့ပေးနိုင်အောင် အဲဒီ တပ်ဆင်စက်ရုပ် အချက်အလက်တွေကို ဝေမျှမယ်လို့ ဆိုပါတယ်။

Photo 2. ရှုပ်ထွေးနက်နဲတဲ့ ဒီတိုက်လေယာဉ်အတွင်း အလုပ်လုပ်မယ့်ပုံစံအတွက် ရိုးရွိုက်စ် ကုမ္ပဏီက အင်ဂျင်ပုံစံအသစ် ထုတ်ရမှာဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရှုပ်ထွေးနက်နဲတဲ့ ဒီတိုက်လေယာဉ်အတွင်း အလုပ်လုပ်မယ့်ပုံစံအတွက် ရိုးရွိုက်စ် ကုမ္ပဏီက အင်ဂျင်ပုံစံအသစ် ထုတ်ရမှာဖြစ်

Tempest တိုက်လေယာဉ်ကို ဘယ်လို ပူးပေါင်း ထုတ်လုပ်ကြမှာလဲ

Tempest တိုက်လေယာဉ်ကို ထုတ်လုပ်ရာမှာ BAE Systems၊ ရိုးရွိုက်စ်၊ European missiles group၊ MBDA နဲ့ အီတလီက Leonardo ကုမ္ပဏီတွေ ပါဝင်တဲ့အထဲက BAE Systems နဲ့ Leonardo ကုမ္ပဏီတို့ဟာ ဂျပန်က မစ်ဆူဘီရှီ ကုမ္ပဏီနဲ့လည်း ပူးတွဲ လုပ်ဆောင်မယ့် အစီအစဉ် ရှိနေပါတယ်။

ဂျပန် မစ်ဆူဘီရှီ ကုမ္ပဏီဟာ F-X လို့ အမည်ပေးထားတဲ့ အနာဂတ် တိုက်လေယာဉ်စီမံကိန်းတစ်ခုကို ဖော်ဆောင်နေရာမှာ Tempest စီမံကိန်းနဲ့ ထပ်တူကျတဲ့ အပိုင်း အတော်များများရှိနေတဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။

အခုလုပ်နေတဲ့ Tempest တိုက်လေယာဉ် စီမံကိန်းမှာ လက်တွေ့ ပစ္စည်းတွေထက် ဒစ်ဂျစ်တယ်မူဘောင်ထဲမှာ ဖန်တီးတည်ဆောက်ရမှု များတဲ့အတွက် ဂျပန်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဂျပန်နဲ့ ယူကေက ဝါတန်စက်ရုံတို့ လူးလာခေါက်တုံ့ သွားစရာမလိုဘဲ ကျယ်ကျယ်ပြန့် ပြန့် လုပ်ဆောင်လို့ ရနေကြောင်း မစ္စတာ စတော့ကာက ပြောပါတယ်။

အခုလို ပူးပေါင်းဆောင်ရွက်ရာမှာ ဘာသာပြန်တွေသာမက၊ ဂျပန် အင်္ဂလိပ် နှစ်ဘာသာစလုံး ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေကိုလည်း အသုံးပြုပြီး နည်းပညာပိုင်း နက်နဲတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်နေနိုင်တယ်လို့ သူက ဆိုပါတယ်။

Leonardo ကုမ္ပဏီကတော့ တိုက်လေယာဉ်အတွက် ရေဒါအပိုင်းကို ယူကေနိုင်ငံ အက်ဒင်ဘရာမြို့မှာ အခြေစိုက် ဖော်ဆောင်နေပြီး မစ်ဆူဘီရှီနဲ့လည်း ပူးပေါင်း ဆောင်ရွက်နေပါတယ်။

အခုလို ရေဒါဖန်တီးရာမှာ လည်ပတ်နေတဲ့ ရေဒါအပြားပုံစံ လုပ်နေပြီး လေယာဉ်အနီးနားကို လာနေတဲ့ အရာဝတ္ထုတွေကို ခံစားဖမ်းယူကာ signal တွေ တန်ပြန်နိုင်ဖို့ ဖန်တီးနေတာ ဖြစ်ပါတယ်။

အခုလို ရေဒါမျိုးကနေ အချက်အလက်တွေ အများကြီးရရှိပြီး တွက်ချက်ရမှာ ဖြစ်ပေမယ့် Tempest တိုက်လေယာဉ်ရဲ့ စက်အသိဉာဏ်က လေယာဉ်မှူးက လေ့လာသုံးသပ်ရမယ့် အချက်အလက်တွေကို ထိန်းကျောင်း ကိုင်တွယ်ပေးပြီး ကူညီ ဆုံးဖြတ်ပေးနိုင်ဖို့ကိုပါ ဒီစီမံကိန်းက ရည်မှန်းထားတာ ဖြစ်ပါတယ်။

Tempest တိုက်လေယာဉ်ရဲ့ လက်နက်အပိုင်းကိုတော့ MBDA ကုမ္ပဏီက တာဝန်ယူ ဖန်တီးဆောင်ရွက်ပေးနေပြီး ဒီတိုက်လေယာဉ်နဲ့ တွဲသုံးရမယ့် မောင်းသူမဲ့ တိုက်လေယာဉ်တွေနဲ့ပါ လွှမ်းခြုံ ဆက်စပ် တည်ဆောက်နေပါတယ်။

Tempest တိုက်လေယာဉ်အနေနဲ့ တိုက်ပွဲဝင်ချိန်မှာ ဒုံးကျည်တွေကို ကိုယ်တိုင်လည်း တိုက်ရိုက်ပစ်ခတ်နိုင်သလို တွဲတိုက်မယ့် မောင်းသူမဲ့ လေယာဉ်တွေကနေလည်း အရေးပေါ် ဖြစ်သွားတဲ့ ပစ်မှတ်တွေကို လမ်းကြောင်းပြောင်း ပစ်ခတ်နိုင်အောင် အမိန့်ပေးနိုင်မယ်လို့ ဆိုပါတယ်။

ဒီလေယာဉ်မှာ တပ်ဆင်မယ့် လက်နက်တွေထဲမှာ လေဆာစွမ်းအင် လက်နက်လည်းပါဝင်ပြီး အခြားတိုက်လေယာဉ်တွေကိုသာမက ပစ်ခတ်လာတဲ့ ဒုံးကျည်တွေကိုပါ လေဆာနဲ့ ပြန်လည် ချေဖျက်နိုင်မယ့် ပထမဆုံး ဗြိတိန် ပုံစံထုတ် တိုက်လေယာဉ် ဖြစ်လာမှာ ဖြစ်ပါတယ်။

အခုလို ရှုပ်ထွေးနက်နဲတဲ့ ဒီတိုက်လေယာဉ်အတွင်း အလုပ်လုပ်မယ့်ပုံစံအတွက် ရိုးရွိုက်စ် ကုမ္ပဏီက အင်ဂျင်ပုံစံအသစ် ထုတ်ရမှာဖြစ်ပါတယ်။

ရိုးရွိုက်စ်ရဲ့ Tempest အင်ဂျင်အနေနဲ့ ပျံသန်းဖို့ အတွက်သာမဟုတ်ပဲ ဒစ်ဂျစ်တယ်စနစ်တခုလုံးအတွက် စွမ်းအင်ပေးရာမှာ လေယာဉ်အနေနဲ့ လည်း အချက်အလက်တွေ အမြောက်အမြား တွက်ချက်ရမှုကြောင့် စွမ်းအင်ကုန်သုံးနေရတဲ့ လက်ပ်တော့ ကွန်ပျူတာတစ်လုံးလို အပူချိန် တက်မယ့် အခြေအနေလည်း ရှိနေပါတယ်။

အခုလို တိုက်လေယာဉ် မောင်းနေစဉ် တက်လာမယ့် အပူချိန်ကို လျှော့ချ လည်ပတ်ပေးနိုင်မယ် အင်ဂျင်ပုံစံကို ရိုးရွိုက်စ်က အင်ဂျင်နီယာတွေ ကြိုးစားပုံထုတ်နေရဆဲဖြစ်ပြီး တစ်ဖက်မှာလည်း လေယာဉ်မှာပါမယ့် စနစ်တိုင်းကို စွမ်းအင်အပြည့်ပေးနိုင်ဖို့ စဉ်းစားနေတယ်လို့ ရိုးရွိုက်စ်ရဲ့ အနာဂတ်စီမံကိန်း ဒါရိုက်တာ ဂျွန်ဝါဒဲလ်က ဆိုပါတယ်။

Photo 3. စီမံကိန်းအသစ်အရ ဖော်ဆောင်လိုက်တဲ့ ပျံသန်းရေးစနစ်သစ်၊ လက်နက်အသစ်နဲ့ ရေဒါအသစ်တွေကို တိုင်ဖွန်း လေယာဉ်တွေမှာလည်း အဆင့်မြှင့်တင်ပေးနိုင်မယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စီမံကိန်းအသစ်အရ ဖော်ဆောင်လိုက်တဲ့ ပျံသန်းရေးစနစ်သစ်၊ လက်နက်အသစ်နဲ့ ရေဒါအသစ်တွေကို တိုင်ဖွန်း လေယာဉ်တွေမှာလည်း အဆင့်မြှင့်တင်ပေးနိုင်မယ်

Tempest စီမံကိန်း ရန်ပုံငွေနဲ့ ဖော်ဆောင်မှု အနေအထား

ယူကေအစိုးရဟာ Tempest တိုက်လေယာဉ်စီမံကိန်းအတွက် ပေါင်စတာလင်ငွေ နှစ်ဘီလျံ ကတိပြုထားပြီး ဖြစ်ပါတယ်။

ဒီ စီမံကိန်းကနေ စမ်းသပ်အောင်မြင်တဲ့ လေယာဉ် အကောင်အထည်ပေါ်လာပြီး စတင်အသုံးပြုနိုင်ပြီဆိုရင်တော့ ဒီပမာဏထက်ပိုပြီး ယူကေ ကာကွယ်ရေးသုံးငွေ ပိုများလာမှာဖြစ်ပါတယ်။

ယူကေအစိုးရအနေနဲ့ ဒီစီမံကိန်းအတွက် အခုလို ကာကွယ်ရေးအသုံးစရိတ် ကတိပြုရာမှာ ဒါကို ရင်းနှီးမြှုပ်နှံမယ့်အစား လက်ရှိ အသင့်ဖြစ်ပြီးသား BAE Systems ရဲ့ တိုင်ဖွန်း တိုက်လေယာဉ်တွေပဲ အရေအတွက် တိုးမထုတ်သင့်ဘူးလားဆိုတဲ့ မေးခွန်းထုတ်စရာ ရှိခဲ့ပါတယ်။

BAE Systems ကတော့ ၂၀၄၀ ကာလမရောက်ခင်မှာ ယူကေနဲ့တကွ မဟာမိတ်နိုင်ငံတွေဟာ ခြိမ်းခြောက်မှု အသစ်တွေနဲ့အတူ ပိုပြီး ခေတ်မီလာတဲ့ လက်နက်အသစ်တွေကို တန်ပြန်နိုင်ဖို့ လိုအပ်လာမှာကြောင့်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အခုလို အနေအထားမှာ Tempest ကို ပြင်ဆင် ပုံစံထုတ်တာက သင့်လျော်ပြီး Tempest တိုက်လေယာဉ်ဟာ လာမယ့် ၂၁ ရာစု နောက်ပိုင်း ရာစုနှစ်ဝက် ဒစ်ဂျစ်တယ်ခေတ်နဲ့ သင့်လျော်တဲ့ တိုက်လေယာဉ်ဖြစ်လာလိမ့်မယ်လို့လည်း ဆိုပါတယ်။

BAE Systems ရဲ့ တိုင်ဖွန်း တိုက်လေယာဉ် စီမံကိန်းအပြီး ပြည်ပကို တင်ပို့ ရောင်းချမှု အောင်မြင်ခဲ့တာကလည်း လာမယ့် Tempest တိုက်လေယာဉ် စီမံကိန်းမှာ ယူကေအစိုးရက အားကျိုးမာန်တက်ရှိရတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်တယ်လို့ ဘီဘီစီ စီးပွားနည်းပညာ သတင်းထောက် မိုက်ကယ် ဒမ်ဆေက သုံးသပ်ပါတယ်။

တိုင်ဖွန်း တိုက်လေယာဉ် စီမံကိန်းကို ယူကေအစိုးရက ပေါင်စတာလင် ၁၂ ဘီလျံ ထည့်ဝင် အကုန်အကျခံအပြီးမှာ ယူကေနိုင်ငံစီးပွားရေးကို ပေါင်စတာလင် ၂၁ ဘီလျံဖိုး အကျိုးဖြစ်ထွန်းစေခဲ့ပြီး အလုပ်အကိုင်ပေါင်း ၂၀ဝ၀ဝ ဖန်တီးပေးနိုင်ခဲ့တယ်လို့ BAE Systems က ပြောဆိုထားတာလည်း ဖြစ်ပါတယ်။

BAE Systems ရဲ့ အမှုဆောင်အရာရှိချုပ် ချားလ်စ် ဝုဒ်ဘန်းကလည်း လာမယ့် တိုက်လေယာဉ်သစ် ကိုယ်ထည်အတွင်း အလုပ်လုပ်မယ့် ပုံစံမျိုးကို လက်ရှိ ဥရောပရဲ့ ကာကွယ်ရေးအုတ်မြစ်တစ်ခု ဖြစ်နေပြီ ဖြစ်တဲ့ တိုင်ဖွန်းလေယာဉ် ကိုယ်ထည်အတွင်းမှာ စတင် စမ်းသပ်မှာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောဆိုခဲ့ဖူးပါတယ်။

အခုလို တစ်ဆင့်ချင်း ရှိနေပြီးသား တိုက်လေယာဉ်စနစ်နဲ့ တွဲဖက်ပြီး ဖြည်းဖြည်းချင်း ဖော်ဆောင်သွားမှာ ဖြစ်တဲ့အတွက် စီမံကိန်းအသစ်အရ ဖော်ဆောင်လိုက်တဲ့ ပျံသန်းရေးစနစ်သစ်၊ လက်နက်အသစ်နဲ့ ရေဒါအသစ်တွေကို တိုင်ဖွန်း လေယာဉ်တွေမှာလည်း အဆင့်မြှင့်တင် ပေးသွားနိုင်ဖို့ရှိတယ်လို့လည်း မစ္စတာ ဝုဒ်ဘန်းက ဘီဘီစီကို ပြောဆိုထားခဲ့ပါတယ်။