တရုတ်ရဲ့ထိုင်ဝမ်ကျွန်းစစ်ရေးလေ့ကျင့်မှု

ဆွန်ယက်ဆင်ပုံနဲ့ ထိုင်ဝမ်အလံရှေ့မှာ အမေရိကန်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီနဲ့ ထိုဝမ်သမ္မတဆိုင်းအင်ဝမ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဆွန်ယက်ဆင်ပုံနဲ့ ထိုင်ဝမ်အလံရှေ့မှာ အမေရိကန်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီနဲ့ ထိုဝမ်သမ္မတဆိုင်းအင်ဝမ်

တရုတ်နိုင်ငံသမိုင်းမှာ အကြီးဆုံးစစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်အနီးအနားပင်လယ်ပြင်တဝိုက်မှာ စတင်လိုက်ပါပြီ။ ကျည်အစစ်တွေသုံးပြီးပြုလုပ်တဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုကို ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီတိတိမှာ စတင်ပါတယ်။ ထိုင်ဝမ်ကျွန်းနဲ့ ၁၂ မိုင်ပတ်လည်နေရာ ၆ နေရာမှာ ပြုလုပ်ခဲ့တာပါ။

တရုတ်နိုင်ငံဟာ လက်ရှိတည်ဆဲအခြေအနေကို ပြောင်းလဲဖို့ကြိုးစားနေတယ်လို့ ထိုင်ဝမ်ကဆိုပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီဟာ အငြင်းပွားဖွယ်ရာ ထိုင်ဝမ်ခရီးကို သြဂုတ်လ ၂ ရက်နေ့မှာ စတင်ခဲ့ပါတယ်။ တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန်တားမြစ်တဲ့ကြားက သွားခဲ့တာပါ။ အဲဒီခရီးစဉ်ပေါ်ပေါက်ခဲ့ပြီးနောက် အခုလို စစ်ရေးလေ့ကျင့်မှုကို စတင်လိုက်တာ ဖြစ်ပါတယ်။

တရုတ်က ထိုင်ဝမ်ကို တရုတ်ပြည်မကြီးရဲ့ ခွဲထွက်ဒေသတခုလို့ အစဉ်အမြဲ သဘောထားပါတယ်။ ၁၉၄၉ ခုနှစ် ဒီဇင်ဘာလမှာ စစ်ရှုံးနိမ့်ခဲ့တဲ့ တရုတ်ဖြူကူမင်တန်ပါတီဟာ အဲဒီတုန်းကဖော်မိုဆာကျွန်းလို့ခေါ်တဲ့ ထိုင်ဝမ်ကို ထွက်ပြေးပြီး တရုတ်သမ္မတနိုင်ငံနာမည်နဲ့ သီးခြားထူထောင်ခဲ့ပါတယ်။ ချန်ကေရှိတ်ခေါင်းဆောင်တဲ့ ကူမင်တန်ပါတီဝင်တွေ၊ ကူမင်တန်စစ်သားတွေ၊ ကူမင်တန်ပါတီကိုထောက်ခံသူ ထိပ်သီးစီးပွားရေးသမားတွေနဲ့ ပညာတတ်တချို့ဟာ စုစုပေါင်းအရေအတွက် ၂ သန်းလောက်ရှိပါတယ်။ အရင်ကတည်းက ကျွန်းပေါ်မှာနေထိုင်ကြတဲ့ ဒေသခံတွေက ၆ သန်းလောက်ရှိပြီး စုစုပေါင်း လူ ၈ သန်းလောက်နဲ့ ထိုင်ဝမ်ကိုစခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက ကူမင်တန်ကို အမေရိကန်ပြည်ထောင်စုက ထောက်ခံအားပေးခဲ့ပြီး တရုတ်ကလည်း ထိုင်ဝမ်ကို တရုတ်ပြည်ရဲ့ အစိတ်အပိုင်းတခုလို့ပဲ အမြဲတမ်း သဘောထားခဲ့ပါတယ်။

တရုတ်ရဲ့စစ်ရေးလေ့ကျင့်ပစ်ခတ်မှုတွေကို ထိုင်ဝမ်ကမ်းခြေမှာထိုင်ကြည့်နေသူ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, တရုတ်ရဲ့စစ်ရေးလေ့ကျင့်ပစ်ခတ်မှုတွေကို ထိုင်ဝမ်ကမ်းခြေမှာထိုင်ကြည့်နေသူ

မစ္စပလိုစီခရီးစဉ်နောက်မှာ တရုတ်ဟာ ထိုင်ဝမ်နဲ့ ကုန်သွယ်ရေးတချို့ကို ပိတ်ဆို့ဖြတ်တောက်လိုက်ပါတယ်။ ဒါပေမဲ့ အဓိကအကျဆုံး တုံ့ပြန်မှုကတော့ အခုစစ်ရေးလေ့ကျင့်မှုပါ။

အသွားအလာစည်ကားတဲ့ ပင်လယ်ရေကြောင်းလမ်းပေါ်မှာပဲ အခုစစ်ရေးလေ့ကျင့်ခန်းကို လုပ်ခဲ့တာဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်ခန်းထဲမှာ တာဝေးပစ်လက်နက်ကြီးတွေကို ကျည်အစစ်တွေနဲ့အသုံးပြု လေ့ကျင့်တာတွေလည်းပါဝင်မယ်လို့ တရုတ်ကဆိုပါတယ်။ အခုစစ်ရေးလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်ဟာ လက်နက်တွေရဲ့ တိကျမှုကို စမ်းသပ်တာလို့လည်း ဆိုပါတယ်။ တရုတ်နိုင်ငံပြန်လည်ပေါင်းစည်းရေး စစ်ပွဲအတွက် ဒါဟာအစမ်းလေ့ကျင့်ခန်းလို့လည်း ဆိုပါတယ်။

ပင်လယ်နဲ့ လေကြောင်းလိုင်းတွေကို ပိတ်ဆို့ဟန့်တားတာတွေလည်း ပါဝင်တယ်လို့ ထိုင်ဝမ်ကဆိုပါတယ်။ သင်္ဘောလိုင်းတွေနဲ့ လေကြောင်းလိုင်းတွေကို အသွားအလာရပ်တန့်ထားကြဖို့လည်း ထိုင်၀မ်က သတိပေးချက် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ အမေရိကန်ကတော့ တရုတ်ရဲ့ အခုစစ်ရေးလေ့ကျင့်မှုဟာ တာဝန်မဲ့တဲ့ လုပ်ရပ်ဖြစ်ပြီး အခြေအနေဟာ ထိန်းကွပ်မှုအောက်ကနေ လွတ်ထွက်ကုန်နိုင်တယ်လို့ဆိုပါတယ်။

ထိုင်ဝမ်ကို ကူမင်တန်ပါတီကထူထောင်ပြီး ပါတီအလံကို နိုင်ငံတော်အလံအဖြစ်သတ်မှတ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်ဝမ်ကို ကူမင်တန်ပါတီကထူထောင်ပြီး ပါတီအလံကို နိုင်ငံတော်အလံအဖြစ်သတ်မှတ်ခဲ့

ထိုင်ဝမ်ဘက်က သတိထားပြီးတုံ့ပြန်မှာဖြစ်ပေမဲ့ ထိပ်တိုက်ရင်ဆိုင်တိုးမိတာမျိုးဖြစ်နိုင်တဲ့ အန္တရာယ်တော့ မကင်းဘူးလို့ သုံးသပ်သူ ဘွန်နီလင်းက ဘီဘီစီကို ပြောပါတယ်။

"ဥပမာ တရုတ်က ထိုင်ဝမ်လေပိုင်နက်ပေါ် ဖြတ်ပြီးပျံသန်းခဲ့ရင် ထိုင်ဝမ်က တားဆီးဟန့်တားဖို့ ကြိုးစားတာမျိုး ဖြစ်လာနိုင်ပါတယ်။ လေကြောင်းတိုက်ပွဲမျိုးကို မြင်ကောင်းလည်း မြင်ရနိုင်တယ်။ တခြားအဖြစ်အပျက်မျိုးတွေလည်း ဖြစ်ချင်ဖြစ်လာနိုင်ခြေရှိတယ်" လို့ သူက ဆိုပါတယ်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက သူ့တပ်တွေကို တပ်လှန့်နှိုးဆော်ထားပြီး တရုတ်စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

တရုတ်စစ်ရေးလေ့ကျင့်တဲ့မြေပုံ

ထိုင်ဝမ်ဟာ "ပဋိပက္ခကိုအရှိန်မမြှင့်၊ အငြင်းပွားမှုကို မတိုးပွားစေဘူး"ဆိုတဲ့ သဘောထားရှိတယ်လို့လည်း ဆိုပါတယ်။ စစ်တိုက်ဖို့အကြောင်းရှာမနေပေမဲ့ စစ်ဖြစ်လာရင် ရင်ဆိုင်ဖို့ ပြင်ဆင်ထားတယ်လို့လည်း ဆိုပါတယ်။

ဂျပန်ကလည်း တရုတ်ရဲ့ စစ်ရေးလေ့ကျင့်ခန်းဟာ ဂျပန်အထူးစီးပွားရေးဇုန် EEZ ပေါ်ကိုကျရောက်လာနိုင်တဲ့အတွက် စိုးရိမ်ပူပန်တယ်လို့ ဆိုပါတယ်။ တရုတ်အစိုးရရဲ့ ပြောခွင့်ရအမျိုးသမီး ဟွာချွန်းရင်ကတော့ ဂျပန်ရဲ့အထူးစီးပွားရေးဇုန်ကို တရုတ်ကလက်မခံဘူးလို့ ဆိုပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီဟာ ၂၅ နှစ်အတွင်းမှာ ထိုင်ဝမ်ကို ပထမဆုံးရောက်လာတဲ့ အဆင့်မြင့်အမေရိကန်နိုင်ငံရေးခေါင်းဆောင် တယောက် ဖြစ်ပါတယ်။

ဇူလိုင် ၄ ရက်မှာ ပင်တန်ကျွန်အနီးမှာ တွေ့ရတဲ့ တရုတ် စစ်တပ်က ရဟတ်ယာဥ်တစ်စင်း

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဇူလိုင် ၄ ရက်မှာ ပင်တန်ကျွန်အနီးမှာ တွေ့ရတဲ့ တရုတ် စစ်တပ်က ရဟတ်ယာဥ်တစ်စင်း

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကတော့ ဒါဟာဒီမိုကရေစီအရေခြုံပြီး တရုတ်အချုပ်အခြာအာဏာကို ဖောက်ဖျက်တာလို့ စွပ်စွဲပါတယ်။ မီးနဲ့ကစားတဲ့လူဟာဇာတ်သိမ်းကောင်းမှာမဟုတ်သလို တရုတ်ရဲ့ အပြစ်ပေးအရေးယူခံရမယ်လို့လည်း ဆိုပါတယ်။ မစ္စပလိုစီကတော့ ထိုင်ဝမ်ရဲ့အောင်မြင်တဲ့ဒီမိုကရေစီကို လေးစားဂုဏ်ပြုဖို့သွားတဲ့ ဘယ်ကမ္ဘာ့ခေါင်းဆောင်ကိုမှ တရုတ်ဟာ ဟန့်တားလို့ မရနိုင်ဘူးလို့ဆိုပါတယ်။

ထိုင်ဝမ်ကနေထွက်ခွာပြီးနောက် မစ္စပလိုစီဟာ တောင်ကိုရီးယားကို ခရီးဆက်ခဲ့ပြီး တောင်ကိုရီးယား လွှတ်တော်ဥက္ကဋ္ဌ ကင်ဂျင်ပြိုးနဲ့တွေ့ဆုံခဲ့ပါတယ်။ တောင်ကိုရီးယားသမ္မတယွန်းဆောက်ယိုးဟာ မစ္စပလိုစီကို လက်ခံမတွေ့ဆုံခဲ့ပါဘူး။ ဒါဟာတရုတ်ကိုနှစ်သိမ့်ဖို့ တမင်ရှောင်ရှားတာဆိုပြီး ဝေဖန်မှုတွေ ရှိပါတယ်။

မစ္စပလိုစီဟာ ကိုရီးယားနှစ်နိုင်ငံနယ်စပ် အမေရိကန်ဦးဆောင်တဲ့ ကုလသမဂ္ဂတပ်ဖွဲ့တွေ စောင့်ကြပ်နေတဲ့နေရာကိုပါ သွားရောက်ဖို့ စီစဉ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ထိုင်ဝမ်မူဝါဒနဲ့ပတ်သက်ပြီး သံတမန်ရေးဆိုင်ရာကြိုးတန်းလမ်းလျှောက်တဲ့ စွန့်စားခန်းကို ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့တခြားတဖက်မှာတော့ တရုတ်တနိုင်ငံတည်း ပေါ်လစီကို လက်ခံတယ်လို့လည်း ဆိုပါတယ်။ တခြားတဖက်မှာလည်း ထိုင်ဝမ်နဲ့ ဆက်ဆံရေးရှိနေပြီး ထိုင်ဝမ်ကာကွယ်ရေး အတွက် လက်နက်ရောင်းချပေးနေပါတယ်။

တရုတ်ဟာ စစ်ရေးလေ့ကျင့်ခန်းကို တနင်္ဂနွေနေ့မွန်းတည့်အချိန်အထိ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။