ထိုင်ဝမ်အကွက်ရွှေ့အပြီး တရုတ်ဆုံးဖြတ်ရမယ့် အလှည့်ကျပြီ
စတီဗင် မက်ဒေါ်နယ်လ်
ဘီဘီစီသတင်း၊ ဘေကျင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နဲ့ ထိုင်ဝမ်အရေး တင်းမာမှုတွေက နောက်ပြန်ဆုတ်လို့ မရမယ့် အခြေအနေကို ရောက်လာခဲ့ပါပြီ။
အခုဆိုရင် အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီက ထိုင်ဝမ်ကို ရောက်ဖြစ်အောင် ရောက်လာခဲ့ပြီး ပြန်လည်ထွက်ခွာသွားပါပြီ။ ဒါဟာ နှစ်ပေါင်း ၂၅ နှစ်အတွင်းမှာ အမေရိကန်က ရာထူးအဆင့်မြင့်ဆုံးသူ တစ်ဦး ရောက်လာတာ ဖြစ်ပါတယ်။ ဒါဆိုရင် နောက်ပိုင်း တခြားသူတွေရော ဒါမျိုး ရောက်လာနိုင်ဦးမလား။
တရုတ်ကလည်း အခုဆိုရင် လက်နက်ခဲယမ်းအစစ်တွေနဲ့ အကြီးအစား စစ်ရေးလေ့ကျင့်မှုကြီးတွေကို ထိုင်ဝမ်နဲ့ အတော်နီးနီးမှာ လုပ်နေပါတယ်။ ဒါဆို ဒါမျိုးတွေ နောက်ထပ် ဘာလို့ ထပ်မလုပ်နိုင်ရမှာလဲ။
တရုတ် ဂျက်တိုက်လေယာဥ်တွေ ထိုင်ဝမ်ကျွန်းနား ပိုနီးနီးနဲ့ အစင်းရေ များများ ပျံတာကလည်း ပုံမှန်ဆိုသလို ဖြစ်လာနေပါတယ်။
တကယ်လို့ နောက်တစ်ခါ တရုတ်စစ်တပ်က လေယာဥ်တွေ ဒီလို နီးနီး မပျံဘူးဆိုရင်ရော ဒါက ဘာကို ပြောချင်တာ ဖြစ်မလဲ။
တကယ်က သိပ်မကြာသေးခင်က တရုတ်ရဲ့ အစီအစဥ်ထဲမှာ ထိုင်ဝမ်နဲ့ ထိတွေ့ဆက်ဆံရေး ရှိခဲ့ပါတယ်။
တရုတ်ရဲ့ ပိုင်နက် ခွဲထွက်နယ်မြေလို့ တရုတ်ဘက်က ပြောနေတဲ့ ထိုင်ဝမ်ကျွန်းပေါ်မှာ ပြည်မကြီးက တရုတ်လူငယ်တွေ ကျောပိုးအိတ်တွေနဲ့ လှည့်လည်သွားလာနေကြသလို ထိုင်ဝမ်ဘက်က စီးပွားရေးလုပ်ငန်းတွေကလည်း တရုတ်ပြည်အနှံ့ အလျှိုလျှို ပေါ်ပေါက်နေခဲ့တာပါ။
ဒါပေမဲ့ ရှီကျင့်ဖျင်လက်ထက် ချဥ်းကပ်ပုံကတော့ ပိုကြမ်းလာပါတယ်။ ထိုင်ဝမ်အစိုးရကို ဖိအားတွေတောင် ပိုပေးလာပါတယ်။
ဒါကြောင့် အခု မစ္စပလိုစီရဲ့ ခရီးစဥ်ကို တရုတ်ခေါင်းဆောင်ပိုင်းထဲက စစ်ရေးဘက်ပိုအားသန်သူတွေက တိတ်တိတ်ကျိတ်ပြီး ထောက်ခံနေကြမှာပါ။
ဒါက ထိုင်ဝမ်ကို မလွှဲမရှောင်သာဘဲ အင်အားသုံး သိမ်းပိုက်ရမယ့်နေ့အတွက် ပြင်ဆင်ဖို့ ဆိုပြီး ထိုင်ဝမ်တစ်ဝိုက် စစ်ရှိန်မြှင့်ဖို့ အကောင်းဆုံး အကြောင်းပြချက် ဖြစ်သွားစေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, TAIWAN PRESIDENTIAL OFFICE/HANDOUT VIA REUTERS
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒေသတွင်း တည်ငြိမ်မှုအတွက် အကြီးဆုံး စိန်ခေါ်ချက်ကတော့ ထိုင်ဝမ်အပေါ်ကို သဘောထား ချပြထားကြပုံတွေပဲ ဖြစ်ပါတယ်။
ဒါက သိသာသိစေ မမြင်စေနဲ့ဆိုသလို တစ်ယောက်နဲ့ တစ်ယောက် မမြင်ချင်ယောင်ဆောင်တမ်းကစားကြတဲ့၊ ထိန်းချုပ်ရခက်တဲ့ ကစားပွဲကြီးလိုပါပဲ။
ထိုင်ဝမ်က သူ့အခွန်သူကောက်၊ သူ့အစိုးရသူရွေး၊ သူ့ နိုင်ငံကူးလက်မှတ်သူထုတ်၊ သူ့ကိုယ်ပိုင်စစ်တပ်နဲ့သူ ရှိနေတာတောင် တရုတ်က ထိုင်ဝမ်ဟာ သူ့ပိုင်နက်နယ်မြေလို့ ဟန်လုပ်နေတာပါ။
ထိုင်ဝမ်ကို နည်းပညာအဆင့်မြင့် လက်နက်တွေ ရောင်းပေးနေပြီး အခါအားလျော်စွာ အဆင့်မြင့် နိုင်ငံရေးသမားတွေက တရားဝင်ခရီးစဥ်တွေအတိုင်း သွားလာနေတာတွေ ရှိတဲ့ အမေရိကန်ကလည်း သူတို့ကတော့ ထိုင်ဝမ်ကို သီးခြားလွတ်လပ်တဲ့ နိုင်ငံလို မဆက်ဆံပါဘူးလို့ ဟန်ဆောင်ပြန်ပါတယ်။
ဒါကြောင့် အခြေအနေကို ထိန်းထားရုံ လုပ်ထားတဲ့ ဒီဟန်လုပ်ပွဲက ဘာမှ မထူးခြားပါဘူး။
အားလုံးအတွက် အန္တရယ်များတာက အဲဒါကို ပြိုပျက်သွားတာမြင်ချင်နေတဲ့ တရုတ်အစိုးရထဲကလူတွေပါ။
ဆယ်စုနှစ်ပေါင်းများစွာကြာအောင် တရုတ်ကွန်မြူနစ်ပါတီ ထိန်းချုပ်ထားတဲ့ မီဒီယာတွေက ထိုင်၀မ်နဲ့ ပတ်သက်ပြီး ဒါမျိုးတွေ ပြောနေခဲ့ပေမဲ့ ထိုင်ဝမ်ကို ပြန်သိမ်းဖို့ စစ်ဆင်မယ်ဆိုတာအထိတော့ ရောက်မလာခဲ့ပါဘူး။
ဒါပေမဲ့ အခုက အဲဒါက အကြောင်းမဟုတ်ပါဘူး။
လူအတော်များများက ရှီကျင့်ဖျင်က သူ့လက်ထက်မှာ ထိုင်ဝမ်ကို ပြန်လိုချင်တယ်၊ ဒါကြောင့် အမိမြေ ပြန်ပေါင်းစည်းရေးခေါင်းဆောင်အဖြစ် အဆုံးမရှိ အာဏာသက်တမ်းကို အရယူထားတာလို့ ယူဆထားကြပါတယ်။
တရုတ်ပြည်မကြီးက ထိန်းချုပ်ဖို့ပိုခက်လာခဲ့တဲ့ ဟောင်ကောင်ကိုတော့ သူက စောစောစီးစီး ကောင်းကောင်းပြန်ထိန်းချုပ်ပြီးနေပါပြီ။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒါ့အပြင် သမ္မတရှီဟာ လပိုင်းအတွင်းမှာ သမိုင်းတွင်မယ့် တတိယ သက်တမ်းကို ရယူတော့မှာမို့ ဒါက ဖိအားတွေကို နည်းနည်းတော့ လျော့သွားစေမှာပါ။
ဘာကြောင့်လဲဆိုတော့ မော်စီတုန်းကစလို့ ပြီးခဲ့တဲ့ ခေါင်းဆောင်တွေဟာ ရာထူးသက်တမ်း နှစ်ကြိမ်သာ ရယူခဲ့ကြပေမဲ့ အခုဆိုရင် သူကတော့ သူ့စိတ်ကြိုက် ထိန်းချုပ်ဖို့ အချိန်ရသွားပါပြီ။ ဒါကြောင့် ထိုင်ဝမ်ကျွန်းကို အရေးတကြီး တိုက်ခိုက်ဖို့ မလိုတော့ပါဘူး။
ဒါပေမဲ့ နေ့တိုင်းက ငြိမ်းချမ်းရေးနဲ့ ပိုအလှမ်းဝေးလာနေပြီး စစ်ရေးနဲ့ ပိုရောက်လာနေပါတယ်။
တရုတ်လော်ဘီတွေကတော့ စစ်ရေးနည်းလမ်း ထောက်ခံမှုတွေကို လူကြိုက်များလာအောင် ပုံဖော်နေပြီး ပထမကမ္ဘာစစ်တုန်းက အခြေအနေမျိုးလို စစ်ဆိုတာဘယ်လိုမျိုးကြုံရမယ်ဆိုတာကို ပြနေပါတယ်။
တင်းတင်းကျပ်ကျပ် ဆင်ဆာလုပ်ထားတဲ့ ယူကရိန်း ပဋိပက္ခကို ကြည့်ပြီး တရုတ်ပြည်သူတွေဟာ သွေးထွက်သံယို ပဋိပက္ခထဲ ကိုယ့်နိုင်ငံသာ ပါဝင်ရရင်ဆိုပြီး တွန့်ဆုတ်သွားနိုင်ပါတယ်။

ဒါပေမဲ့ အမျိုးသားရေးဝါဒဆိုတာက အားကောင်းတဲ့ လက်နက်ဖြစ်ပြီး အမြင်လွဲမှားမှုတွေကနေ လူတွေကို လွယ်လွယ်ကူကူ ကိုင်တွယ်သွားနိုင်စေနိုင်ပါတယ်။
တရုတ်ကသာ ထိုင်ဝမ်ကို တရုတ်ပြည်သူ့တပ်မတော်ရဲ့ အင်အားနဲ့ တကယ်တိုက်မယ်ဆိုရင် အန္တရာယ်အပြည့်နဲ့ ရေလက်ကြားကို စစ်အင်အားအကြီးအကျယ်နဲ့ ကျော်ဖြတ်ဝင်ရောက်ရမှာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ သူတို့ရဲ့ လွတ်လပ်တဲ့ဘဝတွေကို ကာကွယ်ဖို့အတွက် ရွပ်ရွပ်ချွန်ချွန် ခုခံမယ့် ရန်သူကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဒီလို စစ်ပွဲမျိုးက ကြာရှည်နိုင်တဲ့အပြင် တရုတ်နိုင်ငံလည်း အချိန်အတော်ကြာ အပယ်ခံဘဝ ရောက်သွားနိုင်တာကြောင့် တရုတ်စီးပွားရေးကိုလည်း ဖျက်ဆီးလိုက်သလို ဖြစ်သွားပါလိမ့်မယ်။
တရုတ်တပ်မတော်က စစ်နိုင်သွားရင်တောင်မှ တရုတ်အာဏာပိုင်တွေကို လူသန်းပေါင်းများက စက်ဆုပ်မုန်းတီးသွားကြမှာပါ။
အဲဒါကမှ မဟာကျရှုံးမှုကြီး ဖြစ်သွားနိုင်ပြီး ဥာဏ်ကြီးတဲ့ တရုတ်ခေါင်းဆောင်တွေက ဒါကို သဘောပေါက်ကြပါတယ်။








