အောက်လွှတ်တော်ဥက္ကဋ္ဌပလိုစီရဲ့ထိုင်ဝမ်ခရီးစဥ်ကို တရုတ်က အင်အားပြလာနိုင်တယ်လို့ ကန်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပလိုစီသာ ထိုင်ဝမ်ကို သွားရောက်မယ်ဆိုရင် တရုတ်ဘက်က စစ်ရေးရန်စမှုတွေနဲ့ တုံ့ပြန်လာနိုင်တယ်ဆိုပြီး အမေရိကန်သမ္မတအိမ်တော် အိမ်ဖြူတော်က သတိပေးပြောဆိုလာပါတယ်။
အဲဒီစစ်ရေးရန်စမှုတွေထဲမှာ ထိုင်ဝမ်ကျွန်းနားကို ဒုံးကျည်တွေ ပစ်လွှတ်တာ ဒါမှမဟုတ် ဝေဟင်နဲ့ရေပြင်မှာ အင်အားကြီးကြီးမားမား ပြတာတွေ ဖြစ်လာနိုင်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရသူ ဂျွန်ခါဘီက ပြောလာတာပါ။
အောက်လွှတ်တော်ဥက္ကဋ္ဌ မစ္စစ် ပလိုစီကတော့ သူ့ရဲ့ အာရှခရီးစဥ် တစ်စိတ်တစ်ပိုင်းအနေနဲ့ မလေးရှားနိုင်ငံကို ဒီနေ့ အင်္ဂါနေ့မှာ ရောက်နေပြီဖြစ်ပါတယ်။
မစ္စစ်ပလိုစီဟာ ထိုင်ဝမ်မြို့တော့ ထိုင်ပေကို ဒီနေ့ညပိုင်းမှာ သွားရောက်နိုင်တယ်လို့ ထိုင်ဝမ်နဲ့ အမေရိကန်သတင်းမီဒီယာတွေမှာဖော်ပြနေပေမဲ့ တရားဝင်သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။
ထိုင်ဝမ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းဖြစ်ပေမဲ့ တရုတ်ကတော့ ပြည်မကြီးနဲ့ကင်းကွာနေတဲ့ပြည်နယ်တစ်ခုအဖြစ် ရှုမြင်ပြောဆိုနေတာဖြစ်ပါတယ်။ မစ္စစ်ပလိုစီသာ ထိုင်ဝမ်ကို သွားမယ်ဆိုရင် ပြင်းထန်တဲ့အကျိုးဆက်တွေဖြစ်လာလိမ့်မယ်လို့ တရုတ်ဘက်က သတိပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ထိုင်ဝမ်နဲ့ တရားဝင်သဘောမျိုးမဟုတ်တဲ့ဆက်ဆံရေး ခိုင်ခိုင်မာမာရှိပေမဲ့ ပုံမှန်သံခင်းတမန်ခင်းဆက်ဆံရေးကို ထိုင်ဝမ်နဲ့မဟုတ်ဘဲ တရုတ်နိုင်ငံနဲ့သာ ထားရှိတာဖြစ်ပါတယ်။
ဒီနေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတော့ ထိုင်ဝမ်ဝန်ကြီးချုပ် ဆုဆန်ချမ်းက ထိုင်ဝမ်ကျွန်းဟာ ဘယ်နိုင်ငံခြားသားဧည့်သည်ကိုမဆို နွေးနွေးထွေးထွေးကြိုဆိုတယ်လို့ သတင်းထောက်တွေရဲ့မေးခွန်းကို ပြန်လည်ဖြေကြားထားပါတယ်။
ထိုင်ဝမ်အနေနဲ့ ဘယ်ဧည့်သည်အတွက်ကိုမဆို ''သင့်တင့်လျောက်ပတ်မှုအရှိဆုံးဖြစ်အောင် စီစဥ်ပေးသွားမယ်''လို့လည်း သူက ပြောပါတယ်။
အဲဒီခရီးစဥ်ဟာ အိမ်ဖြူတော်အတွက် သံခင်းတမန်ခင်းဆိုင်ရာခေါင်းခဲစရာကိစ္စအဖြစ်ရှိနေပါတယ်။ သမ္မတဂျိုးဘိုင်ဒန်ကတော့ ထိုင်ဝမ်ကို မစ္စစ်ပလိုစီသွားရောက်လည်ပတ်မယ့်ခရီးစဥ်ဟာ ''လက်တလောအတွက်ဆိုရင် စိတ်ကူးကောင်း'' မဟုတ်ဘူးလို့ အမေရိကန်စစ်တပ်က ယူထားတဲ့အကြောင်း ပြောထားပါတယ်။
အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရသူ ဂျွန်ခါဘီကတော့ မစ္စစ်ပလိုစီဟာ ''ထိုင်ဝမ်ကို သွားရောက်လည်ပတ်ပိုင်ခွင့်''ရှိပြီး ''ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်လည်းရှိတယ်''လို့ ပြောသလို အိမ်ဖြူတော်အနေနဲ့ အမေရိကန်လွှတ်တော်ရဲ့ သီးခြားလွတ်လပ်မှုကို လေးစားတဲ့အကြောင်းလည်း ထပ်လောင်းပြောဆိုထားပါတယ်။
အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်တဲ့ မစ္စစ်ပလိုစီဟာ အမေရိကန်ဖွဲ့စည်းပုံအရ ဒုတိယသမ္မတပြီးရင် သမ္မတရာထူးအတွက် ဦးဆုံးဆက်ခံခွင့်ရှိသူဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အဆင့်မြင့်ဒီခရီးစဥ်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ဆက်သွယ်ပြောဆိုနေသလို အမေရိကန်အစိုးရအနေနဲ့ ဒီခရီးစဥ်ရဲ့ အတိမ်းအစောင်းမခံမှုနဲ့ အတိုင်းအဆကို ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့ မျှော်လင့်တယ်ဆိုပြီး ပြောထားပါတယ်။
မစ္စစ်ပလိုစီဟာ ဒီမိုကရက်တစ်ပါတီက အကြီးပိုင်းပါတီဝင်တစ်ယောက်ဖြစ်သလို တရုတ်ပြည်တွင်းလူ့အခွင့်အရေးအခြေအနေကို ထုတ်ဖော်ပြောဆိုတတ်သူလည်းဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ဧပြီလကတည်းက ထိုင်ဝမ်ကို သွားရောက်ဖို့ စီစဥ်ခဲ့ပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရတာကြောင့် ခရီးစဥ်ကို ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။ အခုလအစောပိုင်းတည်းကလည်း ''ကျွန်မတို့အနေနဲ့ ထိုင်ဝမ်အတွက် ရှိနေတယ်ဆိုတာ ပြသဖို့အရေးကြီးလှတယ်'' ဆိုပြီး သူက ပြောထားပါတယ်။








