တရုတ် နဲ့ ထိုင်ဝမ်ကြားက စစ်ရေး - ရိုးရှင်းလွယ်ကူတဲ့ ရှင်းပြချက်

- ရေးသားသူ, ဒေးဗစ် ဘရောင်း
- ရာထူးတာဝန်, BBC News
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ထိုင်ဝမ်ကို ကာကွယ်ရေးအတွက် အင်အားသုံးကောင်းနိုင်တယ်လို့ ပြောပေမဲ့ အိမ်ဖြူတော်က အရာရှိတွေကတော့ အမေရိကန်ဟာ သူ့ရဲ့ ရပ်တည်မှုအနေအထားကို ပြောင်းလဲမှာမဟုတ်ကြောင်းလည်း အခိုင်အမာ ဆိုပါတယ်။
တရုတ်ကနေ ထိုင်ဝမ်ကို တိုက်ခိုက်ပြီဆိုရင် စစ်ရေးအရ ဝင်စွက်ဖက်မလားဆိုတဲ့ အပေါ် အမေရိကန်အနေနဲ့ "သေနင်္ဂဗျူဟာအရ မရေရာ မပြတ်သား" ဖြစ်နေခဲ့တာ ကြာလှပါပြီ။
တရုတ် သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်နဲ့ "ပြန်လည်ပေါင်းစည်းရေး" ဟာ "ပြည့်စုံတဲ့ ကျေနပ်မှုရ ရမယ်" လို့ ပြောထားပြီး အဲဒီ အရေး အောင်မြင်နိုင်ဖို့ အတွက် လိုအပ်တယ်ဆိုရင် အင်အားသုံးရမယ်ဆိုတဲ့ နည်းလမ်းကို ဖယ်ထုတ်မထားပါဘူး။
ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို သူတို့ဆီကနေ ခွဲထွက်သွားတဲ့ ပြည်နယ်တခုလို့သာ တရုတ်က သဘောထားပြီး တချိန်ချိန်မှာ နိုင်ငံရဲ့ အစိတ်အပိုင်းတခုအဖြစ် ပြန်ဖြစ်လာမယ်လို့ပဲ ခံယူပါတယ်။
ဒါပေမယ့် ထိုင်ဝမ်ကတော့ သူ့ကိုယ်ပိုင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သူတို့ ဘာသာ ဒီမိုကရေစီနည်းကျ တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေနဲ့ အတူ လွတ်လပ်တဲ့ နိုင်ငံတခုအဖြစ်ပဲ ခံယူထားပါတယ်။
ထိုင်ဝမ် ဘယ်မှာရှိလဲ
ထိုင်ဝမ်က တရုတ် အရှေ့တောင်ဘက် ကမ်းခြေကနေ မိုင် ၁၀၀ လောက်သာ ကွာဝေးတဲ့ ကျွန်းတကျွန်းပါ။
သူက "ပထမ ကျွန်းစဉ်ဆက်တန်း (First Island Chain)"ထဲမှာ ပါဝင်ပါတယ်။ အဲဒီ ကျွန်းစဉ်ဆက်တန်းထဲက ကျွန်းတွေ ထဲမှာ အမေရိကန် နိုင်ငံခြားရေးမူဝါဒအတွက် အရေးပါတဲ့ အမေရိကန် မိတ်ဆွေနိုင်ငံတွေ ပါဝင်ပါတယ်။
တကယ်လို့သာ တရုတ်က ထိုင်ဝမ်ကို တရုတ်ပြည်မထဲ သွတ်သွင်းလိုက်ပြီဆိုရင် သူတို့ရဲ့ ပစ်လွှတ်နိုင်အားကို အနောက်ပစိဖိတ် ဒေသထဲမှာ ပိုမို လွတ်လပ်စွာ ထူထောင်လာနိုင်တယ်၊ အမေရိကန် စစ်စခန်းတွေ ရှိနေတဲ့ ခပ်လှမ်းလှမ်းက ဂူအမ်နဲ့ ဟာဝိုင်ယီ ကျွန်းတွေ အထိ ခြိမ်းခြောက်လာနိုင်မယ်လို့ အနောက်နိုင်ငံတွေက ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

ထိုင်ဝမ်ဟာ ဘာကြောင့် တရုတ်ပြည်မနဲ့ ကွဲနေလဲ
သူတို့ ကွဲသွားကြတာဟာ ဒုတိယကမ္ဘာစစ်ကြီး အပြီးမှာ ဖြစ်ပါတယ်။ အဲဒီတုန်းက တရုတ်ပြည်မထဲမှာ အမျိုးသားရေး အစိုးရနဲ့ တရုတ် ကွန်မြူနစ်ပါတီတို့ရဲ့ တပ်တွေ အကြား တိုက်ခိုက်မှုတွေ အပြီး အဲဒီလို ကွဲသွားကြတာပါ။
၁၉၄၉ မှာ မော်စီတုန်းခေါင်းဆောင်တဲ့ ကွန်မြူနစ်တွေ အနိုင်ရပြီး ဘေကျင်းကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ကူမင်တန်လို့ ခေါ်ကြတဲ့ အမျိုးသားရေးပါတီကတော့ အနီးက ထိုင်ဝမ်ကျွန်းဆီ ပြေးခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဲဒီအချိန်ကတည်းက ကိုမင်တန်ပါတီဟာ ထိုင်ဝမ်မှာ အထင်ရှားဆုံးနိုင်ငံရေးပါတီထဲက တပါတီ ဖြစ်လာပြီး ထိုင်ဝမ်ကျွန်းရဲ့ သမိုင်း တလျောက်က ကာလအတော်များများမှာ သူတို့ကပဲ အုပ်ချုပ်ခဲ့တာပါ။
လက်ရှိအချိန်မှာ ထိုင်ဝမ်ကို အချုပ်အခြာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုထားတဲ့ နိုင်ငံတွေက ဗာတီကန် အပါအဝင် ၁၃ နိုင်ငံ ရှိပါတယ်။
ထိုင်ဝမ်ကို နိုင်ငံအဖြစ် အသိအမှတ်မပြုဖို့၊ အဲဒီလိုမျိုး အသိအမှတ်ပြုတဲ့ အလားတူ ပြုမူဆောင်ရွက်ချက်တွေ တခုမှ မလုပ်ဖို့ တခြား နိုင်ငံတွေကို တရုတ်က သံတမန်ရေးနည်းအရ ဖိအားတွေ အများအပြားပေးပါတယ်။
နှစ်ပေါင်း ၄၀ ကြာကာလအတွင်း တရုတ်နဲ့ ဆက်ဆံရေး အဆိုးဆုံးအဆင့်ကို ဖြစ်နေတယ်လို့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးက ပြော ပါတယ်။
ထိုင်ဝမ်ဟာ သူ့ဘာသာသူ ကာကွယ်နိုင်လား
တရုတ်ဟာ စီးပွားရေး ဆိုင်ရာ ဆက်နွှယ်ပေါင်းစည်းမှုတွေကို အားဖြည့်တဲ့နည်းလို စစ်ရေးမပါဝင်တဲ့ နည်းလမ်းတွေကတဆင့် ပြန်လည် ပေါင်းစည်းရေး လုပ်နိုင်ပါတယ်။
ဒါပေမယ့် စစ်ရေးအရ ထိပ်တိုက်တွေ့ပြီဆိုရင်တော့ တရုတ်ရဲ့ လက်နက်ကိုင်အင်အားက ထိုင်ဝမ်ထက် အဆမတန် သာလွန်များပြား ပါတယ်။
တရုတ်ရဲ့ စစ်ရေး အသုံးစားရိတ်က ကမ္ဘာမှာ အမေရိကန်က လွဲရင် အများဆုံးဖြစ်ပြီး စစ်ရေးစွမ်းဆောင်နိုင်ရည် အပိုင်းမှာလည်း တရုတ်စစ်တပ်က မစ်ဇိုင်း နည်းပညာတွေ၊ တိုက်လေယာဉ်တွေ၊ ရေတပ်အင်အားတွေ၊ ဆိုင်ဘာ တိုက်ခိုက်မှုတွေ အစုံအလင်နဲ့ပါ။
တရုတ်စစ်ရေးစွမ်းအားတွေက ဖြန့်ချထားရတာဖြစ်ပေမယ့် အမြဲတမ်း စစ်ရေးတာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်အရေအတွက်ချင်း ယှဉ်ရင်တောင် တရုတ်က ထိုင်ဝမ်ထက် အများကြီး ပိုများပါတယ်။

အနောက်နိုင်ငံတွေက ကျွမ်းကျင်သူတချို့ကတော့ အကယ်၍သာ တိုက်ကြခိုက်ကြနဲ့ ဖြစ်လာကြပြီဆိုရင် ထိုင်ဝမ်အနေနဲ့ လုပ်နိုင်တာ ဆိုလို့ တရုတ်ရဲ့ စစ်ဆင်ရေးကို နှေးသွားအောင် တရုတ်ရဲ့ ကမ်းတက်တပ်ဖွဲ့တွေ တက်မလာနိုင်အောင် ကာကွယ်တာမျိုးတော့ လုပ်နိုင်မယ်လို့ ပြောပါတယ်။ အဲဒီနောက် ပြင်ပက အကူအညီတွေ မရသေးခင်စပ်ကြား ပြောက်ကျား စစ်နဲ့ တိုက်ခိုက်ရမယ်လို့ ဆိုပါတယ်။
အဲဒီ ပြင်ပ အကူအညီဆိုတာက ထိုင်ဝမ်ကို လက်နက်ရောင်းပေးနေတဲ့ အမေရိကန်ဆီကပဲ ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ ဝါရှင်တန်ဘက်က တရားဝင် ချမှတ်ထားတဲ့ မဟာဗျူဟာ မူဝါဒက လိုသလို အဓိပ္ပာယ်ဆွဲလို့ ရနေပြန်ပါတယ်။
အဲဒါက ဘာလဲဆိုရင် တကယ်လို့ ထိုင်ဝမ် အတိုက်ခိုက် ခံရပြီဆိုရင် အမေရိကန်ဘက်က ဘာလုပ်မလဲ၊ ဘယ်ပုံဘယ်နည်းနဲ့ ကာကွယ် ပေးမလဲ ဆိုတာကို သဲသဲကွဲကွဲ မရှိဖြစ်နေတာပါ။
သံတမန်ရေးအရ အမေရိကန်ဟာ "တရုတ်အစိုးရ တခုတည်း"ဆိုတဲ့ မူဝါဒကို လတ်တလောမှာ လက်ခံထားပါတယ်။ ဘေကျင်းက အစိုးရ တခုတည်းကိုသာ တရုတ်အစိုးရ အဖြစ် အသိအမှတ်ပြုပြီး တရားဝင် ဆက်ဆံရေးကိုလည်း ထိုင်ဝမ်နဲ့ ထူထောင်ထားတာမျိုး မရှိဘဲ တရုတ်နဲ့ ထူထောင်ထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် တနင်္လာနေ့က သမ္မတ ဂျိုးဘိုင်ဒန် ဟာ အမေရိကန်အစိုးရရဲ့ ရပ်တည်မှု မာကြောကြောင်း ပြလိုပုံရပါတယ်။
ထိုင်ဝမ်ကို စစ်ရေးသုံးပြီး ကာကွယ်မလားဆိုပြီး မေးရမှာ မစ္စတာ ဘိုင်ဒန်က "ဟုတ်တယ်" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်မယ်ဆိုရင် ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်တာနဲ့ တူညီသွားနိုင်တယ်ဆိုတာကို သူက နှိုင်းယှဉ်ပြခဲ့ ပါတယ်။ "ထိုင်ဝမ်ကို အင်အားသုံးပြီး ယူမယ်ဆိုတဲ့ အတွေးက မသင့်တော်တာ တင်မကပါဘူး။ နယ်မြေတခုလုံးကို ကမောက်ကမ ဖြစ် သွားစေပါလိမ့်မယ်၊ အဲဒီလို လုပ်လိုက်တာဟာ ယူကရိန်းမှာ ဖြစ်နေတာတွေမျိုးတွေ ဖြစ်လာအောင် လုပ်တာနဲ့ အတူတူပါပဲ။"
အခြေအနေတွေ ပိုဆိုးလာနေသလား
ပြီးခဲ့တဲ့ ၂၀၂၁ အတွင်းက တရုတ်ဘက်က ဖိအားတိုးတဲ့ သဘောနဲ့ စစ်လေယာဉ်တွေကို ထိုင်ဝမ်ရဲ့ လေကြောင်း ကာကွယ်ရေး ဇုန်ထဲကို ဖြတ်ကျော်ပျံသန်းစေ ခဲ့ပါတယ်။ ဒီဇုန်ဟာ ထိုင်ဝမ်ရဲ့ အမျိုးသား လုံခြုံရေးအတွက် ပြည်ပနိုင်ငံတွေက လေယာဉ်ပျံတွေကို အမျိုး အမည်သတ်မှတ်၊ စောင့်ကြည့်ပြီး ထိန်းချုပ်မှုတွေ လုပ်ဖို့ သတ်မှတ်ထားတဲ့ ဧရိယာ ဖြစ်ပါတယ်။
အဲဒီ ဖြတ်ကျော် ပျံသန်းတဲ့ လေယာဉ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ထိုင်ဝမ်ဘက်က ပြီးခဲ့တဲ့ ၂၀၂၀ မှာကတည်းက အများ ပြည်သူသိနိုင်ဖို့ ချပြ ပေးထားပါတယ်။
၂၀၂၁ အောက်တိုဘာလ ထဲမှာ ဒီလို ဖြတ်ကျော်ပျံသန်းမှုတွေဟာ အမြင့်ဆုံးကို တက်လာခဲ့ပြီး တရက်တည်းမှာတင် ၅၆ ကြိမ်အထိ ပျံသန်းမှု လုပ်ခဲ့တာကို တွေ့ရပါတယ်။

ကမ္ဘာ့တခြားနိုင်ငံတွေအကြား ထိုင်ဝမ်ရဲ့ အရေးပါမှု
ဘာတွေက အရေးပါသလဲ ဆိုရင် ထိုင်ဝမ် စီးပွားရေးပဲ ဖြစ်ပါတယ်။ အင်မတန် အရေးပါပါတယ်။
ကမ္ဘာပေါ်က နေ့စဉ်သုံး အီလက်ထရောနစ် ပစ္စည်းတွေ ဖြစ်တဲ့ ဖုန်းတွေ၊ လက်ပ်တော့ပ် ကွန်ပျူတာတွေ၊ နာရီတွေနဲ့ ဂိမ်းစက်တွေ အများစုက ထိုင်ဝမ်မှာ ထုတ်တဲ့ ကွန်ပျူတာချစ်ပ် တွေနဲ့ အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။
ထိုင်ဝမ်ရဲ့ Taiwan Semiconductor Manufacturing Company ခေါ် TSMC ကုမ္ပဏီ တခုတည်းကတင် ကမ္ဘာ့ဈေးကွက်ရဲ့ ထက်ဝက်ကျော်ကို ထိန်းထားတာ ဖြစ်ပါတယ်။
TSMC ဟာဆိုရင် အရပ်ဘက် နဲ့ စစ်ဘက် ဝယ်သူတွေက ဒီဇိုင်းထုတ်ပြီး ပေးလိုက်တဲ့ ဘယ်လို ချစ်ပ်မျိုးကို မဆို အကုန်ထုတ်လုပ် ပေးနိုင်ပါတယ်။
ဒီလုပ်ငန်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ အတွင်း လည်ပတ်မှု တန်ဖိုး ဒေါ်လာ ဘီလျံ ၁၀၀ နီးပါး ရှိတဲ့ အင်မတန်ကြီးမားတဲ့ လုပ်ငန်းခွင်ကြီး ဖြစ်ပါတယ်။
ဆိုတော့ တရုတ်ကများ ထိုင်ဝမ်ကို ထိန်းချုပ်လိုက်နိုင်ပြီ ဆိုရင် ကမ္ဘာပေါ်က အရေးကြီးဆုံး လုပ်ငန်းခွင်ကြီး တခုကိုပါ ဘေကျင်းက ချုပ်ကိုင်လုပ်ကိုင် သွားနိုင်မှာ ဖြစ်ပါတယ်။

ထိုင်ဝမ်ပြည်သူတွေ စိုးရိမ်နေသလား
မကြာသေးခင်က စပြီး တရုတ်နဲ့ ထိုင်ဝမ်အကြား တင်းမာမှုတွေ တိုးလာခဲ့ပေမယ့် ထိုင်ဝမ်ပြည်သူတွေကတော့ သိပ်ပြီး မစိုးရိမ်ကြတာ ကို လေ့လာမှု တခုမှာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလအတွင်းက ထိုင်ဝမ်ရဲ့ ပြည်သူ့ သဘောထား ဖောင်ဒေးရှင်း Taiwan Public Opinion Foundation က တရုတ်နဲ့ စစ်ဖြစ်လာနိုင်မလား လို့ လူထုကို မေးမြန်း စစ်တမ်းကောက်ယူကြည့်ခဲ့ပါတယ်။
ရလာတဲ့ အဖြေကတော့ သူတို့ မေးခဲ့တဲ့ သူတွေ အထဲက ၃ ပုံ ၂ ပုံနီးပါး၊ ရာခိုင်နှုန်းနဲ့ဆိုရင် ၆၄.၃ ရာခိုင်နှုန်းက မထင်ပါဘူးလို့ ဖြေခဲ့ကြ ပါတယ်။

နောက် သီးခြားလေ့လာမှု တခုအရ ထိုင်ဝမ်မှာ နေထိုင်သူ အများစုဟာ သူတို့ကိုယ်သူတို့ ထိုင်ဝမ်လူမျိုးအဖြစ် ရှုမြင်လာ ကြတာကို တွေ့ရ ပါတယ်။

ချန်ချီ အမျိုးသား တက္ကသိုလ်က ၁၉၉၀ ပြည့်နှစ်တွေရဲ့ အစောပိုင်းမှာ လုပ်ခဲ့တဲ့ လေ့လာမှု တခုမှာလည်း သူတို့ကိုယ်သူတို့ တရုတ် လူမျိုး ဒါမှမဟုတ် တရုတ်နဲ့ ထိုင်ဝမ် လူမျိုး ၂ မျိုးစလုံးလို့ လက်ခံသတ်မှတ်ထားတဲ့ လူဦးရေက ကျဆင်းသွားပြီး အများစုက ထိုင်ဝမ် လူမျိုး အဖြစ်သာ ကိုယ့်ကိုယ်ကို သတ်မှတ်ကြတော့တာကို တွေ့ရှိခဲ့ပါတယ်။








