တရုတ်ထိုင်ဝမ် တင်းမာမှု-ထိုင်ဝမ်နဲ့ “ပြန်လည်ပေါင်းစည်းရေး” ဖြစ်အောင်လုပ်ရမယ်လို့ တရုတ်သမ္မတပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်-ထိုင်ဝမ် တင်းမာမှုတွေ ဆက်မြင့်တက်နေချိန်မှာပဲ တရုတ်သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်နဲ့ “ပြန်လည်ပေါင်းစည်းရေး” ဟာ ဖြစ်မြောက်အောင် လုပ်ရမယ့်ကိစ္စ ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
တရုတ်-ထိုင်ဝမ် ပေါင်းစည်းနိုင်ရေးကို ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖော်ဆောင်ရမှာဖြစ်ပေမဲ့ တရုတ်ပြည်သူတွေဟာ ခွဲထွက်ရေးဝါဒကို ဆန့်ကျင်တဲ့ “ အစဉ်အလာကောင်းကြီးတစ်ခု”ကို လက်ကိုင်ထားထားတယ်လို့ မစ္စတာ ရှီက သတိပေးခဲ့ပါတယ်။
ထိုင်ဝမ်အစိုးရကတော့ ထိုင်ဝမ်ရဲ့ အနာဂါတ်ဟာ သူတို့ပြည်သူတွေရဲ့ လက်ထဲမှာပဲ ရှိတယ်ဆိုပြီး ပြန်တုံ့ပြန်ခဲ့ပါတယ်။
ထိုင်ဝမ်ဟာ သူတို့ကိုယ်သူတို့ အချုပ်အချာ အာဏာပိုင်နိုင်ငံအဖြစ် ယူဆထားပေမယ့် တရုတ်အစိုးရကတော့ ထိုင်ဝမ်ကို ခွဲထွက်သွားတဲ့ ပြည်နယ်တခု အနေနဲ့သာ သတ်မှတ်ထားပါတယ်။
တရုတ်အစိုးရဟာ ထိုင်ဝမ်နဲ့ ပေါင်းစည်းနိုင်ဖို့ အင်အားသုံးကောင်း သုံးရေးကို ထည့်မတွက်ဘဲ နေမှာမဟုတ်ဘူးလို့ ပြေထားပြီး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထိုင်ဝမ် လေကြောင်းကာကွယ်ရေးဇုန်ထဲကို တရုတ်အစိုးရက စံချိန်တင် ရလောက်အောင် တိုက်လေယာဉ်အများအပြား စေလွှတ်ခဲ့အပြီးမှာ မစ္စတာရှီက အခုလို ထိုင်ဝမ်ကိစ္စကို ကိုယ်တိုင် ဝင်ရောက် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကျင်းပမယ့် ထိုင်ဝမ်အမျိုးသားနေ့ မတိုင်ခင်မှာ ထိုင်ဝမ်သမ္မတကို သတိပေးလိုတဲ့ သဘောနဲ့ တရုတ်အစိုးရက အခုလို တိုက်လေယာဉ်တွေ စေလွှတ်ခဲ့တာလို့ နိုင်ငံရေးသုတေသီတချို့က သုံးသပ်ပါတယ်။
ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးကတော့ တရုတ်နဲ့ ဆက်ဆံရေး တင်းမာမှုက အနှစ် ၄၀ အတွင်းမှာ အဆိုးဆုံး အနေအထား ဖြစ်နေတယ်လို့ ပြောဆိုထားပါတယ်။
ဒါပေမဲ့ မစ္စတာရှီရဲ့ ထိုင်ဝမ်နဲ့ ပတ်သက်ပြီး အခုလို ပြောကြားမှုဟာ ဇူလိုင်လတုန်းက ပြောဆိုခဲ့တာနဲ့ ယှဉ်ရင် ကြေအေး စေ့စပ်လိုတဲ့ သဘော ပိုပါနေတာ တွေ့ရမှာပါ။ ဇူလိုင်လတုန်းကတော့ ထိုင်ဝမ်ရဲ့ တရားဝင် လွတ်လပ်ရေးရဖို့ ကြိုးစားမှုမှန်သမျှကို “ချေမွှပစ်မယ်” ဆိုပြီး သူက ပြောခဲ့တာ ဖြစ်ပါတယ်။
ကြေအေး စေ့စပ်လိုတဲ့ သဘော ပိုပါတဲ့ ဒီပြောကြားမှုကို မစ္စတာရှီက ၁၉၁၁ ခုနှစ်က တရုတ်နိုင်ငံရဲ့ နောက်ဆုံး အင်ပါယာမင်းမျိုးဆက်ကို ဖြုတ်ချ တော်လှန်မှု အနှစ် ၁၁၀ ပြည့် အခမ်းအနားမှာ ပြောခဲ့တာပါ။
အခုလို ပြောကြားရာမှာ မစ္စတာ ရှီက တရုတ်-ထိုင်ဝမ် ပေါင်းစည်းရေး ကိစ္စ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ပေါ်လာဖို့ဆိုတာဟာ ထိုင်ဝမ်ပြည်သူတွေနဲ့တကွ တရုတ်ပြည်သူတွေအားလုံးရဲ့ အကျိုးစီးပွားနဲ့ တထပ်တည်း အကျဆုံး ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ တရုတ်ပြည်သူတွေရဲ့ နိုင်ငံ အချုပ်အချာအာဏာနဲ့ နယ်နမိတ် လုံခြုံရေးကို ကာကွယ်လိုတဲ့ တစိုက်မတ်မတ် စိတ်ပိုင်းဖြတ်မှု၊ ခိုင်မာတဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ သန်မာတဲ့ စွမ်းရည်တို့ကို ဘယ်သူမှ လျှော့မတွက်သင့်ဘူးလို့လည်း မစ္စတာ ရှီက ပြောသွားခဲ့ပါတယ်။
“တရုတ်နိုင်ငံတော် အမိမြေကြီး အပြည့်အဝ ပြန်လည်ပေါင်းစည်းရေး သမိုင်းပေးတာဝန်ဟာ မဖြစ်မနေ ဖြည့်ဆည်းရမယ့် တာဝန်ဖြစ်ပြီး ဖြည့်ဆည်းလာနိုင်ဖို့ သေချာတဲ့ ကိစ္စတခုလည်း ဖြစ်တယ်” လို့ မစ္စတာရှီက ထပ်မံ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
မစ္စတာရှီက ဒီပေါင်းစည်းရေးကိစ္စဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတခု ဖြစ်ပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် များများရတဲ့ ဟောင်ကောင်လိုပဲ စနစ်နှစ်သွယ် တနိုင်ငံ ဆိုတဲ့ မူဝါဒအောက်မှာ ဖြစ်ပေါ်လာတာကို သူ့အနေနဲ့ တွေ့မြင်လိုတယ်လို့လည်း ပြောခဲ့ပါတယ်။
ဒါပေမဲ့ ထိုင်ဝမ်သမ္မတ ရုံးကတော့ ထိုင်ဝမ်လူထု သဘောထားက စနစ်နှစ်သွယ် တနိုင်ငံ မူဝါဒကို ပြတ်ပြတ်သားသား ပယ်ချထားပြီး ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ်ရဲ့ တရုတ်ပြည်မကြီးဆိုင်ရာ ကောင်စီက သီးခြားထုတ်ပြန်တဲ့ ကြေညာချက်တခုမှာတော့ တရုတ်နိုင်ငံအနေနဲ့ သူတို့ရဲ့ ရန်လိုတဲ့ ကျူးကျော်မှု၊ ဖိအားပေး နှောင့်ယှက်မှုနဲ့ ဖျက်လိုဖျက်ဆီး လုပ်နေမှု အဆင့်ဆင့်တို့ကို လက်လျှော့ဖို့ တောင်းဆိုခဲ့ပါတယ်။
မြို့တော်ဘေဂျင်းမှာ မစ္စတာရှီ အခုလို ပြောဆိုတာတွေ မလုပ်ခင်ကလေးမှာပဲ ထိုင်ဝမ်အစိုးရအဖွဲ့ ခေါင်းဆောင် ဆူးကျန်းချန်က တရုတ်အစိုးရဟာ အင်အားတွေ ထုတ်ပြပြီး တင်းမာမှုတွေ လှုံ့ဆော်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

တရုတ်နဲ့ ထိုင်ဝမ်အခြေအနေ အခြေခံ အချက်အလက်
တရုတ်နဲ့ထိုင်ဝမ် ဘာ့ကြောင့် ဆက်ဆံရေး မကောင်းသလဲ…။
တရုတ်နဲ့ ထိုင်ဝမ်တို့ဟာ ၁၉၄၀ ပြည့်လွန်နှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်အပြီး ကွဲသွားကြရာမှာ တချိန်ချိန်မှာ ထိုင်ဝမ်ကျွန်းကို လိုအပ်ရင် အင်အားသုံးပြီးတော့ပါ ပြန်လည် သိမ်းယူမယ်လို့ တရုတ်ဘက်က ပြောကြားထားပါတယ်။
ထိုင်ဝမ်က ဘယ်လိုအုပ်ချုပ်ရပ်တည်နေသလဲ…။
ထိုင်ဝမ်မှာ ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေရှိပြီး ဒီမိုကရေစီနည်းကျ တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေ ရှိသလို အမြဲတမ်း စစ်သည်အင်အား သုံးသိန်းခန့် ရှိပါတယ်။
ထိုင်ဝမ်ကို ဘယ်နိုင်ငံတွေက အသိအမှတ်ပြုသလဲ…။
နိုင်ငံအနည်းငယ်ကသာ ထိုင်ဝမ်ကို နိုင်ငံအဖြစ် အသိအမှတ်ပြုပြီး နိုင်ငံအများစုက ဘေဂျင်း အခြေစိုက် တရုတ်နိုင်ငံကိုသာ အသိအမှတ်ပြုပါတယ်။ အမေရိကန်နိုင်ငံကလည်း ထိုင်ဝမ်နဲ့ တရားဝင် ဆက်သွယ်မှု မရှိဘူး ဆိုပေမယ့် ထိုင်ဝမ်းကျွန်းက ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့အတွက် လိုအပ်တဲ့အရာတွေကို ထောက်ပံ့ဖို့ လိုအပ်တယ်ဆိုတဲ့ ဥပဒေပြဌာန်းချက်တော့ ရှိနေပါတယ်။
အခုလို တရုတ်နဲ့ ထိုင်ဝမ် အခြေအနေ လတ်တလော တင်းမာမှုတွေ ဖြစ်နေပေမယ့် ၁၉၉၆ မှာ ဖြစ်ခဲ့တဲ့ နှစ်နိုင်ငံ ဆက်ဆံရေးလောက်တော့ မဆိုးဝါးသေးဘူးလို့ ဆိုနိုင်ပါတယ်။
အဲဒီအချိန်ကဆိုရင် တရုတ်နိုင်ငံဟာ ဒုံးကျည်တွေ စမ်းသပ်ပြပြီး ထိုင်ဝမ် ရွေးကောက်ပွဲတွေကို နှောင့်ယှက်ဖို့ ကြိုးစားခဲ့ပြီး အမေရိကန်က ဒီလို ဖြစ်လာတာတွေကို တားဆီးဖို့ ရည်ရွယ်ချက်နဲ့ လေယာဉ်တင် သင်္ဘောတွေ အဲဒီ ဒေသတဝိုက်ကို စေလွှတ်ခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ စစ်အင်အားပြမှုတွေအပေါ် စိုးရိမ်ကြောင်း အနောက်နိုင်ငံတွေက ပြောကြားလာတာ တွေ ရှိနေတဲ့အချိန်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ မစ္စတာရှီအနေနဲ့ “ထိုင်ဝမ် သဘောတူညီချက်” အတိုင်း လိုက်နာဖို့ သဘောတူထားတယ်လို့ ပြောဆိုခဲ့ပါတယ်။
မစ္စတာ ဘိုင်ဒန်က အခုလို ပြောကြားခဲ့တဲ့ သဘောတူညီချက် ဆိုတာဟာ အမေရိကန်နိုင်ငံက ရေရှည် ဖော်ဆောင်လာခဲ့တဲ့ ထိုင်ဝမ်အစား တရုတ်နိုင်ငံကိုသာ အသိအမှတ်ပြုတဲ့ တရုတ်တနိုင်ငံ မူဝါဒကို ရည်ညွှန်းပုံရပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒီ သဘောတူညီချက်အရ ထိုင်ဝမ်-အမေရိကန်အကြား တရားဝင်မဟုတ်တဲ့ ဆက်ဆံရေးကို ခိုင်ခိုင်မာမာ ထိန်းသိမ်းထားခွင့်လည်း ရှိနေပြီး ထိုင်ဝမ် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် အမေရိကန်က ကူညီရမယ် ဆိုပြီး ပြဌာန်းထားတဲ့ ထိုင်ဝမ် ဆက်ဆံရေး အက်ဥပဒေ ရဲ့ တစိတ်တပိုင်းအရ အမေရိကန်က ထိုင်ဝမ်ကို စစ်လက်နက်တွေလည်း ရောင်းချနေပါတယ်။
အမေရိကန်နိုင်ငံတော် လုံခြုံရေး အကြံပေး ဆူလီဗန်ကတော့ ထိုင်ဝမ်ရေလက်ကြားဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ယုတ်လျော့စေတဲ့ လုပ်ဆောင်မှု မှန်သမျှအတွက် အမေရိကန်နိုင်ငံက “ရပ်ခံ ပြောဆို” ပေးမှာ ဖြစ်တယ်လို့ ဘီဘီစီနဲ့ လတ်တလောပြုလုပ်ခဲ့တဲ့ မေးမြန်းခန်းတခုမှာ ပြောကြားထားပါတယ်။








