တရုတ်-ထိုင်ဝမ် စစ်ရေးတင်းမာမှု နှစ်ပေါင်း ၄၀ အတွင်း အဆိုးဆုံး အခြေအနေရောက်နေ

တရုတ်၊ ထိုင်ဝမ်၊ စစ်လေယာဉ်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, တရုတ်ဘက်က စစ်အင်အား ပြတဲ့အနေနဲ့ လတ်တလော ရက်ပိုင်းတွေအတွင်း စစ်လေယာဉ် အတော်များများ စေလွှတ်ခဲ့

တရုတ်နဲ့ ထိုင်ဝမ်အကြား တင်းမာမှုတွေဟာ နှစ်ပေါင်း ၄၀ အတွင်း အဆိုးဆုံး အခြေအနေကို ရောက်နေပြီလို့ ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီး ချူးကောင်ချန်းက ထုတ်ဖော်ပြောကြားလိုက်ပြီး နှစ်ဘက်အကြား မတော်တဆ ရင်ဆိုင်တိုက်ပွဲတစ်ခု ဖြစ်လာနိုင်တဲ့ အန္တရာယ် ရှိနေတယ်ဆိုပြီး သတိပေးလိုက်ပါတယ်။

ထိုင်ဝမ်ရဲ့ လေကြောင်းကာကွယ်ရေး ဇုန်ထဲ စံချိန်တင်ရတဲ့အထိ တရုတ်စစ်လေယာဉ်အများအပြား လေးရက်ဆက်တိုက် ဖြတ်ကျော်ပျံသန်းခဲ့အပြီးမှာ ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးက အခုလို သတိပေးလိုက်တာပါ။

ထိုင်ဝမ်က သူတို့ကိုယ်သူတို့ အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံအဖြစ် ယူဆထားပေမဲ့ တရုတ်အစိုးရကတော့ ထိုင်ဝမ်ကို တရုတ်ပြည်မကြီးကနေ ခွဲထွက်တဲ့ ပြည်နယ်တခုအဖြစ် သတ်မှတ်ထားပါတယ်။

တရုတ်ပြည်မကြီးထဲ ထိုင်ဝမ်ကို ပြန်သွင်းဖို့ အင်အားသုံး တိုက်ရမယ်ဆိုရင်လည်း တိုက်မယ်လို့ တရုတ်ဘက်က ပြောထားပြီး ဖြစ်ပါတယ်။

တရုတ်စစ်လေယာဉ်တွေက ထိုင်ဝမ်ကျွန်းထဲအထိ ဝင်လာတာ မရှိသေးပေမဲ့ မှားယွင်း ပစ်ခတ် တာမျိုး ဖြစ်လာနိုင်တယ်လို့ မစ္စတာ ချူကောင်ချန်းက သတိပေးထားပါတယ်။

ထိုင်ဝမ်ရဲ့ လေကြောင်းကာကွယ်ရေးဇုန်ဟာ ထိုင်ဝမ် ရေလက်ကြားပေါ်က နေရာတခုနဲ့ တရုတ်ပြည်မကြီးရဲ့ နေရာကျယ်ကြီးတခုပေါ်မှာ ရှိပါတယ်။

တရုတ်နဲ့ ထိုင်ဝမ်အကြား အလွတ်သဘော စည်းခြား သတ်မှတ်ထားတဲ့ မျဉ်းတခုကို တရုတ်တိုက်လေယာဉ်တွေ ဖြတ်ကျော် ပျံသန်းတာဟာ ကျူးကျော်ဝင်ရောက်မှု ဖြစ်တယ်လို့ ထိုင်ဝမ်ဘက်က ယူဆပါတယ်။

ဒါ့အပြင် ၂၀၂၅ ခုနှစ်မတိုင်ခင် ထိုင်ဝမ်ကို တရုတ်က အင်အားအပြည့် သုံးပြီး ဝင်ရောက် ကျူးကျော်လာနိုင်စွမ်း ရှိလာလိမ့်မယ်လို့လည်း မစ္စတာ ချူးက သတိပေးခဲ့ပါတယ်။

မစ်ဆိုင်းဒုံးတွေနဲ့ စစ်သင်္ဘောတွေ တည်ဆောက်နိုင်အောင် ကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ ဘီလျံပေါင်းများစွာ သုံးစွဲရေးနဲ့ ပတ်သက်လို့ တိုင်ပေမြို့ ပါလီမန် ကော်မတီတခုမှာ သုံးသပ် ဆွေးနွေးစဉ် သူက အခုလို ပြောခဲ့တာပါ။

ထိုင်ဝမ်ကို ကျူးကျော်သိမ်းပိုက်ဖို့ တရုတ်မှာ အားအပြည့် ရှိတယ်ဆိုတာကို သူက ထုတ်ဖော် ဝန်ခံရင်း လာမယ့်နှစ်ပိုင်းအတွင်း ဒီလိုကျူးကျော်သိမ်းပိုက်ဖို့ ပိုလွယ်ကူလာလိမ့်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ ထုတ်မပြောခဲ့ပါဘူး။

တရုတ်၊ ထိုင်ဝမ်၊ စစ်လေယာဉ်
ဓာတ်ပုံ ပုံစာ, ထိုင်ဝမ်ရဲ့ လေကြောင်းကာကွယ်ရေးဇုံ မြေပုံ
Presentational grey line

၁၉၄၉ ခုနှစ်မှာ ကွန်မြူနစ် အစိုးရတက်လာချိန်မှာ တရုတ်ပြည်မကြီးကနေ ထိုင်ဝမ် ခွဲထွက်ခဲ့တာပါ။

ထိုင်ဝမ်ကို တရားဝင် လွတ်လပ်ရေး ကြေညာဖို့ ထိုင်ဝမ် အစိုးရက ရှေ့တိုးလုပ်လာနေတယ် ဆိုပြီး တရုတ်အစိုးရက တနေ့တခြား စိုးရိမ်လာနေပြီး အဲဒီလမ်းကြောင်းအတိုင်း ထိုင်ဝမ်သမ္မတ ဆိုင်း အင်ဝမ် လုပ်မှာကို တားဆီးချင်နေတယ်လို့ အကဲခတ်တွေက သတိပေးထားပါတယ်။

လတ်တလော တရုတ်ရဲ့ ပြောင်ပြောင်တင်းတင်း စစ်အင်အားပြနေမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မိကြောင်းကို ထိုင်ဝမ်ရဲ့ အနောက်အုပ်စု မဟာမိတ်နိုင်ငံ အတော်များများကလည်း ထုတ်ဖော်ပြောထားပါတယ်။

ဒါပေမဲ့လည်း ထိုင်ဝမ် သဘောတူချက်အတိုင်း လိုက်နာဆောင်ရွက်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင် က သဘောတူထားတယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။

တရုတ်၊ ထိုင်ဝမ်၊ စစ်လေယာဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်သမ္မတ ရှီ ကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်

ဒီသဘောတူချက်ဆိုတာဟာ အမေရိကန်အစိုးရ ကာလတာရှည် လက်ခံလာခဲ့တဲ့ တရုတ် တနိုင်ငံတည်း ဆိုတဲ့ မူဝါဒကို သမ္မတဘိုင်ဒန်က ရည်ညွှန်း ဆိုလိုပုံ ရပါတယ်။ အဲဒီမူဝါဒအရ အမေရိကန်အစိုးရဟာ ထိုင်ဝမ်အစား တရုတ်အစိုးရကို အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီသဘောတူချက်အရ အမေရိကန်အစိုးရအနေနဲ့ ထိုင်ဝမ်နဲ့ အလွတ်သဘော ရင်းနှီးတဲ့ ဆက်ဆံရေး ဆက်ထားနိုင်ခွင့် ရှိပါတယ်။ ထိုင်ဝမ်အစိုးရ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် အမေရိကန်အစိုးရက အကူအညီပေးရမယ် ဆိုတဲ့ အမေရိကန်-ထိုင်ဝမ် ဆက်ဆံရေး အက်ဥပဒေပါ အချက်တွေအရ ထိုင်ဝမ်ကို အမေရိကန်က လက်နက်ရောင်းချနိုင်ခွင့် ရှိပါတယ်။

သမ္မတ ဘိုင်ဒန်နဲ့ သမ္မတ ရှီကျင့်ဖျင် တို့ ရည်ညွှန်းပြောခဲ့တယ်လို့ ယူဆရတဲ့ "တခုတည်းသော တရုတ်ပြည်" မူဝါဒဟာ တရုတ် အမေရိကန် ဆက်ဆံရေးရဲ့ အရေးပါတဲ့ အုတ်မြစ်တခု ဖြစ်ပါတယ်။ ဒါပေမဲ့ ထိုင်ဝမ်ဟာ တရုတ်ပြည်မရဲ့ အစိတ်အပိုင်းတခု ဖြစ်တာမို့ တချိန်ချိန်မှာ တရုတ်ပြည်မကြီးထဲ ပြန်သွင်းရမယ်လို့ တရုတ်အစိုးရက အခိုင်အမာ ပြောနေတဲ့အတွက် သူတို့ ပြောနေတဲ့ မူဝါဒနဲ့ ကွဲထွက်နေပါတယ်။

"မစ္စတာ ရှီကျင့်ဖျင်နဲ့ စကားပြောခဲ့ပြီးပါပြီ။ ထိုင်ဝမ်သဘောတူချက်အတိုင်းလိုက်နာဖို့ ကျွန်တော်တို့ သဘောတူထားပါတယ်" လို့ သမ္မတဘိုင်ဒန်က ပြောပါတယ်။

"ဒီသဘောတူချက်ကို လိုက်နာတာမျိုးကလွဲလို့ တခြားဘာမှ သူလုပ်မှာ မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြောထားကြပြီးသားပါ"

တရုတ်နဲ့ ထိုင်ဝမ်အကြား တင်းမာမှုတွေ တိုးလာနေပေမဲ့ ၁၉၉၆ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ အနေအထားလောက် အထိတော့ အခြေအနေ မဆိုးသေးဘူးလို့ အကဲခတ်တွေက သုံးသပ်ပါတယ်။ အဲဒီတုန်းက ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲကို အနှောင့်အယှက်ပေးတဲ့အနေနဲ့ တရုတ်က မစ်ဆိုင်းဒုံး စမ်းသပ် ပစ်လွှတ်မှုတွေ လုပ်ခဲ့တဲ့အတွက် အမေရိကန်က ဒေသတွင်းကို လေယာဉ်တင် စစ်သင်္ဘောတွေ စေလွှတ်ခဲ့ရပါတယ်။

တရုတ်၊ ထိုင်ဝမ်၊ စစ်လေယာဉ်
Presentational grey line
Presentational grey line

တရုတ်နဲ့ ထိုင်ဝမ်အကြား သိထားသင့်တဲ့ အခြေခံအချက်များ

တရုတ်နဲ့ ထိုင်ဝမ်အကြား ဆိုးဝါးတဲ့ ဆက်ဆံရေးတွေ ဘာကြောင့်ဖြစ်နေတာလဲ

၁၉၄၀ ပြည့်လွန်နှစ်ပိုင်းမှာ ပြည်တွင်းစစ်ကြောင့် တရုတ်နဲ့ ထိုင်ဝမ် နှစ်ခြမ်း ကွဲသွားပါတယ်။ ဒါပေမယ့် တရုတ်အစိုးရဘက်က တချိန်ချိန်မှာ ထိုင်ဝမ်ကျွန်းကို ပြန်သိမ်းမယ်၊ လိုအပ်ရင် အင်အားသုံးပြီး ပြန်ရအောင် လုပ်မယ်လို့ အခိုင်အမာ ပြောထားပါတယ်။

ထိုင်ဝမ်ရဲ့အုပ်ချုပ်ရေးက ဘယ်လို ပုံစံမျိုးလဲ

ထိုင်ဝမ်ကျွန်းမှာ ကိုယ်ပိုင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ဒီမိုကရေစီနည်းအရ ရွေးကောက် တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေ ရှိပြီး စစ်တပ်ထဲမှာ လက်နက်ကိုင်တပ်ဖွဲ့ အင်အား သုံးသိန်းလောက် ရှိပါတယ်။

ထိုင်ဝမ်ကို ဘယ်နိုင်ငံတွေက အသိအမှတ်ပြုထားလဲ

ထိုင်ဝမ်ကို အသိအမှတ်ပြု လက်ခံတဲ့ နိုင်ငံက နည်းနည်းပဲရှိပါတယ်။ အများစုက တရုတ်အစိုးရ ဘက်ကိုပဲ ပို အသိအမှတ် ပြုထားကြပါတယ်။

အမေရိကန်နဲ့ ထိုင်ဝမ်အကြားမှာ တရားဝင် ဆက်ဆံရေး မထားရှိပေမဲ့ ထိုင်ဝမ်မှာ ကိုယ်ပိုင် ကာကွယ်ခွင့် ရှိတယ်ဆိုတဲ့ အချက်ကိုတော့ ဥပဒေအရ အသိအမှတ်ပြုထား ပါတယ်။