တရုတ်-ထိုင်ဝမ် ခြားနားမှု သမိုင်းကြောင်းနဲ့ အလားအလာ

ဓာတ်ပုံ ရင်းမြစ်, AFP
တရုတ်နိုင်ငံဟာ လတ်တလော လပိုင်းတွေ အတွင်းမှာ ထိုင်ဝမ်နယ်နမိတ်တစ်ဝိုက် စစ်ရေးလှုပ်ရှားမှုတွေ ပိုလုပ်လာတဲ့အတွက် တကမ္ဘာလုံးက စောင့်ကြည့်လာကြပါတယ်။
တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို သူတို့ပိုင်တဲ့ နယ်မြေတခုအဖြစ်သာ သတ်မှတ်ထားပေမဲ့ ထိုင်ဝမ်သားတွေကတော့ တရားဝင် လွတ်လပ်ရေး ကြေညာထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ ထိုင်ဝမ်ကို သီးခြား နိုင်ငံတစ်ရပ်ဖြစ်နေပြီးသား ဖြစ်တယ်လို့ ယူဆထားကြပါတယ်။
တရုတ်-ထိုင်ဝမ် တင်းမာမှုရဲ့ သမိုင်းကြောင်းအစ
ထိုင်ဝမ်ကျွန်းမှာ ပထမဦးဆုံး ရှေးဦး အခြေစိုက်စတင် နေထိုင်ကြသူတွေကတော့ အော်စရိုနီးရှန်း လူမျိုးစုတွေကို ယူဆထားကြပြီး သူတို့ဟာ တရုတ်တောင်ပိုင်းက ရောက်လာကြတာလို့ ဆိုပါတယ်။
ထိုင်ဝမ်ကျွန်းနဲ့ ပတ်သက်ပြီး အစောဆုံး တွေ့ရှိရတဲ့ တရုတ်မှတ်တမ်းကတော့ အေဒီ ၂၃၉ မှာဖြစ်ပြီး လက်ရှိတရုတ်နိုင်ငံက ထိုင်ဝမ်ကို သူတို့ပိုင်အဖြစ် ပြောဆိုရာမှာ ဒီအချက်ကိုလည်း ကိုးကားပါတယ်။
ထိုင်ဝမ်ကျွန်းဟာ ၁၆၂၄-၁၆၆၁ ကာလအတွင်းမှာ ဒတ်ချ်တွေရဲ့ ကိုလိုနီနယ် ဖြစ်ခဲ့ပေမဲ့ ၁၆၈၃ ကနေ ၁၈၉၅ ရောက်တဲ့အထိ တရုတ် ချင်မင်းဆက်က ကြီးကြပ် အုပ်ချုပ်ခဲ့ပါတယ်။
အဲဒီ ၁၇ ရာစု ကာလက စပြီး တရုတ်ပြည်မကြီးအတွင်းမှာ နိုင်ငံရေး အကျပ်အတည်း သို့မဟုတ် နေရေးထိုင်ရေး အခက်အခဲ ကြုံရသူတွေက ထိုင်ဝမ်ဘက်ကို ကူးလာကြသူတွေ များလာခဲ့ပါတယ်။
အဲဒီအထဲမှာ ဖူကျန်ပြည်နယ်က ဟိုကလို တရုတ်နဲ့ ဂွမ်ဒေါင်းပြည်နယ်က ဟာကာ တရုတ်တွေက အများစု ဖြစ်ပါတယ်။
လက်ရှိ ထိုင်ဝမ်လူဦးရေမှာ အဲဒီ တရုတ်အုပ်စုနှစ်ခုက ဆင်းသက်လာသူတွေက အများစု ဖြစ်နေပါတယ်။

ထိုင်ဝမ်ကျွန်းကို ချင်မင်းဆက်က ၁၈၉၅ အထိ ကြီးကြပ်ထားခဲ့ရာမှာ အဲဒီ ၁၈၉၅ မှာ တရုတ်ကို ဂျပန်ကို စစ်ရှုံးခဲ့တဲ့အတွက် ထိုင်ဝမ်ကျွန်းကို ဂျပန်ကို လွှဲပေးခဲ့ရပါတယ်။
ဂျပန်ဟာ ဒုတိယကမ္ဘာစစ်အပြီးမှာတော့ ထိုင်ဝမ်ကို အုပ်ချုပ်ထားမှုကို လက်လွှတ်ခဲ့ရပြီး တရုတ်အစိုးရက ယူကေနဲ့ အမေရိကန်တို့ရဲ့ သဘောတူညီချက်နဲ့အတူ ထိုင်ဝမ်ကို အုပ်ချုပ်ခဲ့ပါတယ်။
ဒါပေမဲ့ နှစ်အနည်းငယ် အတွင်းမှာပဲ တရုတ်ပြည်တွင်းစစ် ဖြစ်လာခဲ့ပြီး အဲဒီအချိန်က တရုတ်ခေါင်းဆောင် ချန်ကေရှိတ်နဲ့တကွ သူ့ရဲ့ စစ်တပ်တွေက မော်စီတုန်းရဲ့ ကွန်မြူနစ်တပ်တွေကို ရှုံးနိမ့်ခဲ့ပါတယ်။
ချန်ကေရှိတ်နဲ့တကွ သူ့ရဲ့ ကူမင်တန်အစိုးရ လက်ကျန် အဖွဲ့ဝင်တွေဟာ ၁၉၄၉ မှာ ထိုင်ဝမ်ကို ထွက်ပြေးခဲ့ကြပါတယ်။
အခုလို ထွက်ပြေးလာကြသူတွေရဲ့ အဆက်အနွယ်တွေကို ထိုင်ဝမ်မှာ ပြည်မကြီးက တရုတ်တွေလို့ ခေါ်ဆိုကြပြီး လက်ရှိ အချိန်မှာ အဲဒီ အဆက်အနွယ် လူဦးရေ ၁.၅ သန်းလောက် ရှိနေပါတယ်။
အဲဒီ လူဦးရေဟာ လက်ရှိ ထိုင်ဝမ် လူဦးရေရဲ့ ၁၄ ရာခိုင်နှုန်းလောက်သာ ရှိပေမယ့် ထိုင်ဝမ်နိုင်ငံရေးနယ်ပယ်မှာတော့ နှစ်ပေါင်းများစွာ လွှမ်းမိုးထားခဲ့ပါတယ်။
အခုလို ထိုင်ဝမ်ကို ချန်ကေရှိတ်တို့ ရောက်လာတဲ့ အချိန်မှာ အာဏာရှင် ပုံစံမျိုးနဲ့ အုပ်ချုပ်ခဲ့တဲ့အတွက် ဒေသခံတွေရဲ့ ဆန့်ကျင်မှုတွေ ခံခဲ့ရပါတယ်။
အခုလို ဒီမိုကရေစီရေး တောင်းဆိုမှုတွေကြောင့် ချန်ကေရှိတ်ရဲ့ သားဖြစ်သူ ချန်ချင်းကောင်က ထိုင်ဝမ်သားတွေကို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းစဉ် စလုပ်ခွင့် ပေးခဲ့ပါတယ်။
အဲဒီ လမ်းစဉ်ကနေပဲ ၂၀ဝ၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပထမဆုံး အနေနဲ့ ကူမင်တန် မဟုတ်တဲ့ သမ္မတ ဖြစ်တဲ့ ချန်ရွှီဗြန်း ရွေးကောက်ခံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Central Press
တရုတ်နဲ့ ထိုင်ဝမ်တို့ရဲ့ လတ်တလော သမိုင်းကြောင်း
တရုတ်နဲ့ ထိုင်ဝမ်တို့ရဲ့ ဆက်ဆံရေးဟာ ၁၉၈၀ နောက်ပိုင်းမှာ ကောင်းမွန်လာခဲ့ပြီး တရုတ်နိုင်ငံက တစ်နိုင်ငံ စနစ်နှစ်ခု ဆိုတာကို စတင် အဆိုပြုခဲ့ပါတယ်။
အဲဒီ အဆိုပြုချက်အရ ထိုင်ဝမ်ဟာ တရုတ်နဲ့ ပေါင်းစည်းရေးကို လက်ခံမယ်ဆိုရင် အတိုင်းအတာ တစ်ခုအထိ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိမယ်လို့ ဆိုပါတယ်။
ထိုင်ဝမ်အစိုးရက အဲဒီ အဆိုပြုချက်ကို ပယ်ချခဲ့ပေမဲ့ တရုတ်ပြည်မကို အလည်အပတ် သွားလာမှုနဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဥပဒေတွေကိုတော့ ဖြေလျော့ပေးခဲ့ပါတယ်။
၁၉၉၁ မှာ ဆိုရင်လည်း တရုတ်ပြည်မကြီးနဲ့ စစ်ဖြစ်နေတဲ့ အခြေအနေ ပြီးဆုံးပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
တရုတ်နဲ့ ထိုင်ဝမ်တို့ရဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိခဲ့ပေမဲ့ တရားဝင် ကိုယ်စားလှယ်တွေကတစ်ဆင့် တွေ့ဆုံခဲ့ကြတာ မဟုတ်ဘဲ အဓိကအားဖြင့် တရုတ်ဘက်က ထိုင်ဝမ်အစိုးရက တရားမဝင်ဘူးဆိုတဲ့ သတ်မှတ်ချက်ကြောင့် အစိုးရချင်း တရားဝင်တွေ့တယ်ဆိုပြီး လုပ်လို့ မရတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀ဝ၀ ခုနှစ်မှာတော့ ထိုင်ဝမ်မှာ ကူမင်တန် မဟုတ်တဲ့ ချန်ရွှီဗြန်း သမ္မတဖြစ်လာတဲ့အပြင် ချန်က ထိုင်ဝမ် လွတ်လပ်ရေးကို ပွင့်ပွင့်လင်းလင်း ထောက်ခံသူလည်း ဖြစ်တဲ့အတွက် တရုတ်ပြည်မ အစိုးရဘက်က စိုးရိမ်လာခဲ့ပါတယ်။
ချန်ရွွှီဗြန်းဟာ ၂၀ဝ၄ ခုနှစ် ရွေးကောက်ပွဲမှာလည်း နောက်တကြိမ် အနိုင်ရခဲ့ပြီးချိန်မှာတော့ တရုတ်ပြည်မအစိုးရက ၂၀ဝ၅ ခုနှစ်မှာ ခွဲမထွက်ရေး ဥပဒေလို့ ဆိုနိုင်တဲ့ ဥပဒေကို ပြဌာန်းလိုက်ပါတယ်။
အဲဒီ ဥပဒေမှာ ထိုင်ဝမ်က တရုတ်ပြည်မကြီးကနေ ခွဲထွက်သွားခဲ့ရင် ငြိမ်းချမ်းရေး နည်းလမ်းမဟုတ်တဲ့ နည်းတွေနဲ့ တရုတ်ပြည်မအစိုးရက အသုံးပြုပြီး တားဆီးခွင့် ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
၂၀ဝ၈ ခုနှစ် ထိုင်ဝမ်ရွေးကောက်ပွဲမှာတော့ မာရင်းကျိုက သမ္မတ ဖြစ်လာခဲ့ပြီး သူကတော့ တရုတ်နဲ့ စီးပွားရေး သဘောတူညီချက်တွေ ရယူခြင်းအားဖြင့် တရုတ်နဲ့ ဆက်ဆံရေးကောင်းအောင် ပြန်လည် ကြိုးစားခဲ့ပါတယ်။
မာရင်းကျို သမ္မတ နှစ်ဆက် ဖြစ်အပြီးမှာတော့ လက်ရှိလည်း သမ္မတ ဖြစ်နေဆဲ ဖြစ်တဲ့ ချိုင်အင်ဝမ်က ၂၀၁၆ ရွေးကောက်ပွဲမှာ တိုးတက်သော ဒီမိုကရက် ပါတီ DPP နဲ့ အတူ အရွေးခံခဲ့ရပါတယ်။
DPP ပါတီကတော့ တရုတ်ပြည်မကြီးကနေ ခွဲထွက်ပြီး တရားဝင် လွတ်လပ်ရေး ကြေညာဖို့ဘက်ကို ယိမ်းတဲ့ ပါတီဖြစ်နေပါတယ်။
၂၀၁၆ အမေရိကန်ရွေးကောက်ပွဲမှာ သမ္မတ ဖြစ်လာတဲ့ ဒေါ်နယ်ထရမ့်ဟာ ချိုင်အင်ဝမ်ကို လက်ခံ စကားပြောခြင်းအားဖြင့် ၁၉၇၉ ကတည်းက ချမှတ်ထားတဲ့ အမေရိကန်ရဲ့ တရုတ်တစ်ပြည်ထောင် မူဝါဒကို သွေဖီခဲ့တဲ့အတွက်လည်း တရုတ်ပြည်မကြီးဘက်က စိုးရိမ်စရာ ဖြစ်လာခဲ့ပြန်ပါတယ်။
အမေရိကန်ကလည်း ထိုင်ဝမ်နဲ့ တရားဝင် ဆက်ဆံမှု ရှိမထားတဲ့ကြားက ထိုင်ဝမ်ကို ကာကွယ်ရေး လက်နက်တွေ ထောက်ပံ့ဖို့ သဘောတူခဲ့ပြီး တရုတ်ဘက်က ဘယ်လို တိုက်ခိုက်လာမှုမျိုးမဆို သူတို့အတွက်လည်း အကြီးအကျယ် စိုးရိမ်စရာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
တရုတ်ပြည်မကြီး အစိုးရဘက်ကလည်း ၂၀၁၈ ခုနှစ်လောက်ကစပြီး နိုင်ငံတကာ ကုမ္ပဏီတွေ အနေနဲ့ ထိုင်ဝမ်ကို တရုတ်ပြည်မကြီးရဲ့ အစိတ်အပိုင်းတစ်ခု ဆိုတာကို ကုမ္ပဏီ ဝက်ဆိုဒ်တွေမှာ ဖော်ပြပေးဖို့ ဖိအားပေးလာခဲ့ပြီး ဒီလို မလုပ်ရင် တရုတ်ပြည်မှာ စီးပွားရေး လုပ်ခွင့် မပေးဘူးဆိုပြီး ပြောဆိုတဲ့အထိလည်း ခြိမ်းခြောက်လာခဲ့ပါတယ်။
မစ္စ ချိုင်အင်ဝမ်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ထပ်မံ အနိုင်ရခဲ့ပြီး အဲဒီကာလတစ်ဝိုက်မှာ ဟောင်ကောင်ကို တရုတ်ပြည်မကြီးက ပိုပြီး တိုက်ရိုက်ထိန်းချုပ်ဖို့ လုပ်လာတာ၊ ဟောင်ကောင်ဘက်ကလည်း လပေါင်းများစွာ ဆန္ဒပြပွဲတွေနဲ့ တုံ့ပြန်ခဲ့တာကို ထိုင်ဝမ်ဘက်က အနီးကပ် စောင့်ကြည့်လာခဲ့ပါတယ်။
အခုလို ဖြစ်လာတဲ့ အခြေအနေမှာ အမေရိကန်ကလည်း ထိုင်ဝမ်နဲ့ ဆက်ဆံရေး အရှိန်မြှင့်လာပြီး ၂၀၂၀ အတွင်းမှာ ထိုင်ဝမ်ကို လက်နက်ရောင်းချမှုနဲ့အတူ ၂၀၂၀ စက်တင်ဘာလမှာ အစိုးရအဖွဲ့ဝင် စေလွှတ်တာတွေလည်း လုပ်လာခဲ့ပါတယ်။
တရုတ်ဘက်ကလည်း အမေရိကန်အနေနဲ့ တရုတ်-အမေရိကန် ဆက်ဆံရေး ဆိုးဆိုးဝါးဝါး မထိခိုက်စေချင်ရင် ထိုင်ဝမ် လွတ်လပ်ရေးကိစ္စ လမ်းကြောင်းမမှားဖို့ သတိပေးလာခဲ့ပါတယ်။
အမေရိကန်က သူတို့ရဲ့ အစိုးရ အဖွဲ့ဝင်တစ်ဦးကို ထိုင်ဝမ်ကို စေလွှတ်လိုက်တဲ့ ကာလအတွင်းမှာလည်း တရုတ်ကလည်း ထိုင်ဝမ်နဲ့အကြား ပင်လယ်ပြင်မှာ ကျည်အစစ်တွေ သုံးတဲ့ စစ်ရေးလေ့ကျင့်မှုလည်း လုပ်လာခဲ့ပါတယ်။
ထိုင်ဝမ်မှာ လွတ်လပ်ရေးကြေညာဖို့ဘက်ကို ယိမ်းတဲ့ ချိုင်အင်ဝမ် သမ္မတဖြစ်လာသလိုပဲ ထရမ့်အပြီး ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲမှာ သမ္မတ ဖြစ်လာတဲ့ ဂျိုးဘိုင်ဒန်ကလည်း ထိုင်ဝမ်နဲ့ ပတ်သက်ပြီး ခိုင်ခိုင်မာမာ ဆက်လက် ရပ်တည်သွားမယ်လို့ ၂၀၂၁ ထဲမှာပဲ ကြေညာခဲ့ပြန်ပါတယ်။
ဂျိုးဘိုင်ဒန် သမ္မတ ဖြစ်လာပြီး ရက်ပိုင်းအတွင်းမှာပဲ တရုတ်စစ်လေယာဉ်တွေ ထိုင်ဝမ်နယ်နမိတ်အတွင်း သိသိသာသာ ကျူးကျော်ခဲ့ကြောင်း ထိုင်ဝမ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
လတ်တလော ဧပြီလ ၁၂ ရက်နေ့မှာတော့ တရုတ်ပြည်မအစိုးရရဲ့ တိုက်လေယာဉ် အစီး ၂၀ ကျော် အပါအဝင် နျူးကလီးယားဗုံးကြဲနိုင်တဲ့ လေယာဉ်တွေက ထိုင်ဝမ်နယ်နမိတ်ထဲ ကျူးကျော်ခဲ့ပြီး တနှစ်အတွင်း အများဆုံးဖြစ်တယ်လို့လည်း ကြေညာခဲ့ပါတယ်။
ဒီဖြစ်ရပ်အပေါ် အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်ရဲ့ အင်ဒို-ပစိဖိတ်ဒေသ ရေတပ်ဗိုလ်ချုပ်ကြီး ဂျွန်အကွီလီနိုက တရုတ်ရဲ့ ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်လာနိုင်ခြေဟာ အများထင်ထားတာထက် ပိုနီးစပ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ထိုင်ဝမ်ကို အသိအမှတ်ပြုမှု အခြေအနေ
ထိုင်ဝမ်ဟာ ဒီမိုကရေစီ နည်းကျ တင်မြှောက်ထားတဲ့ ကိုယ်ပိုင် အစိုးရသာမက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အတူ အမြဲတမ်း စစ်သားအင်အားလည်း ၃၀ဝ၀ဝ၀ ရှိပါတယ်။
ထိုင်ဝမ်ကို ထွက်ပြေးခဲ့ရတဲ့ ချန်ကေရှိတ် အစိုးရဟာ အစပိုင်းမှာ သူတို့အစိုးရကသာလျှင် တရုတ်တစ်နိုင်ငံလုံးကို ကိုယ်စားပြုတယ်လို့ ကြေညာထားပြီး ကုလသမဂ္ဂမှာလည်း တရုတ်အစိုးရ နေရာကို ယူထားခဲ့တာ ဖြစ်ပါတယ်။
အခုလို ယူထားခဲ့တဲ့ အခြေအနေကိုလည်း အဲဒီအချိန်က အနောက်နိုင်ငံ အစိုးရတွေက အသိအမှတ် ပြုခဲ့ကြပါတယ်။
ဒါပေမဲ့ အဲဒီကာလက အမေရိကန် အစိုးရရဲ့ ဆိုဗီယက်ကို ဖိအားပေးဖို့ ဦးစားပေးတဲ့ မူဝါဒနဲ့ အတူ တရုတ်ပြည်မအစိုးရရဲ့ တရားဝင်မှုနဲ့အတူ တစ်ပြည်ထောင်မူဝါဒကို အမေရိကန်က ကျင့်သုံးပေးရင် တရုတ်ဘက်ကလည်း ဆိုဗီယက်ကို ဖိအားပေးတဲ့ဘက်မှာ ရပ်တည်ပေးမယ် ဆိုတဲ့ သဘောတူညီချက်တွေကြောင့် အမေရိကန်နဲ့ ဆက်ဆံရေး အဆင်ပြေလာတဲ့အပြင် ကုလသမဂ္ဂမှာလည်း ထိုင်ဝမ်ယူထားတဲ့ နေရာကို ရလာခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ထိုင်ဝမ်ကို သီးခြားလွတ်လပ်တဲ့ နိုင်ငံအဖြစ် အသိအမှတ်ပြုတဲ့ ကမ္ဘာ့နိုင်ငံ ၁၅ နိုင်ငံ သာကျန်ရှိပါတော့တယ်။
အဲဒီနိုင်ငံတွေကတော့ ဘယ်လိဇ်၊ ဂွာတီမာလာ၊ ဟေတီ၊ ဟိုလီဆီး၊ ဟွန်ဒူးရပ်စ်၊ မာရှယ်ကျွန်း၊ နူရူး၊ နီကာရာဂွာ၊ ပါလူး၊ ပါရာဂွေး၊ စိန့် လူစီယာ၊ စိန့်ကစ်နဲ့နက်ဗက်စ်၊ စိန့်ဗင်းဆင့်နဲ့ ဂရက်နဒင်းစ်၊ ဆွာဇီလန်၊ တူဗားလူး တို့ ဖြစ်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
ထိုင်ဝမ် လွတ်လပ်ရေး အလားအလာ
ထိုင်ဝမ် လွတ်လပ်ရေး အတွက် နိုင်ငံရေးတိုးတက်မှု နှေးကွေးတယ်လို့ ဆိုနိုင်တဲ့အခြေအနေမှာ တရုတ်ပြည်မကြီးနဲ့ ထိုင်ဝမ်က လူထုအကြား ဆက်ဆံရေးကတော့ သိသိသာသာ တိုးတက်လာနေပါတယ်။
တရုတ်ပြည်မကြီးမှာ ထိုင်ဝမ်သားတွေရဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ဘီလျံ ၆၀ အထိ ရှိနေပြီး ထိုင်ဝမ်သား တစ်သန်းလောက် တရုတ်ပြည်မကြီးမှာ နေထိုင်နေကြပါတယ်။
ဒီလို အခြေအနေကို ကြည့်ပြီး ထိုင်ဝမ်ရဲ့ စီးပွားရေးက တရုတ်ပြည်မကြီးကို မှီခိုသလို ဖြစ်လာမှာကို စိုးရိမ်နေတဲ့ ထိုင်ဝမ်သားတွေလည်း ရှိလာခဲ့ပါတယ်။
ဒါပေမဲ့ တစ်ဖက်မှာလည်း တရုတ်နဲ့ စီးပွားရေး နီးကပ်လာတဲ့အတွက် တရုတ်ဘက်က စစ်ရေးကျူးကျော်မှု လုပ်ရင် တရုတ်စီးပွားရေး ထိခိုက်မှာ ဖြစ်တဲ့အတွက် ဒီလို ဖြစ်နိုင်ခြေ နည်းလာတယ်လို့ တွေးသူတွေလည်း ရှိနေပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ထိုင်ဝမ်-တရုတ် နီးစပ်မှုတွေ ရှိလာတာနဲ့ ပတ်သက်လို့ ထိုင်ဝမ်ဘက်က ပိုပြီး မှီခိုရသလို ဖြစ်နေတဲ့ အခြေအနေကို မလိုလားသူတွေ များလာခဲ့ပါတယ်။
၂၀၁၄ မှာဆိုရင် အဲဒီအချိန်က အငြင်းပွားဖွယ်ရာ တရုတ်နဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေကြောင့် ထိုင်ဝမ် ကျောင်းသားနဲ့ တက်ကြွလှုပ်ရှားသူတွေက နေကြာပန်း လှုပ်ရှားမှု အနေနဲ့ ထိုင်ဝမ် ပါလီမန် အဆောက်အအုံအတွင်း ထိုင်သပိတ် ဆန္ဒပြတဲ့အထိ ဖြစ်ခဲ့ပါသေးတယ်။
လက်ရှိ အာဏာရ ပါတီ DPP ဟာ နောက်ဆုံး လွတ်လပ်ရေး ကြေညာချက်အထိ သွားမယ့် လမ်းကြောင်းကို လိုလားနေဆဲဖြစ်ပြီး ကူမင်တန် အဆက်အနွယ် ပါတီကတော့ တရုတ်ပြည်မကြီးနဲ့ ပြန်လည် ပေါင်းစည်းရေးကို လိုလားကြပါတယ်။
ထိုင်ဝမ်သားတွေ အနေနဲ့ တရုတ်အပေါ် မှီခိုရမှုကို စိုးရိမ်ကြပေမဲ့လည်း လုံးဝ လွတ်လပ်ရေး ကြေညာလိုက်တဲ့ ဘက် ကိုရော တရုတ်ပြည်မကြီးနဲ့ လုံးဝပေါင်းစည်းလိုက်တဲ့ နှစ်ဘက်လုံးကိုပါ ထောက်ခံသူကတော့ လူနည်းစုဖြစ်နေသေးပြီး လက်ရှိအနေအထားအတိုင်း မယုတ်မလွန် သွားနေတဲ့ အနေအထားကို မဖျက်လိုသူက လူအများစု ဖြစ်နေတာကို လူထုသဘောထား ကောက်ခံမှုတွေမှာ တွေ့ရပါတယ်။








