နယူကလီယာ ဗုံးကြဲလေယာဥ်တွေပါ ထိုင်၀မ်နားထိ တရုတ်စေလွှတ်

J15

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်လေယာဥ်တင်စစ်သင်္ဘော လျောင်နင်းပေါ်က J15 ငါးမန်းပျံ တိုက်လေယာဥ်တွေ (ပုံဟောင်း)

တရုတ်ပြည်မကြီးစစ်တပ်ရဲ့ လေယာဥ်တွေ ထိုင်၀မ် လေကြောင်း ကာကွယ်ရေးဇုံ (ADIZ) ထဲ မနေ့ တနင်္လာနေ့၊ ဧပြီလ ၁၂ ရက်နေ့က ပျံသန်း ၀င်ရောက် လာပြန်တာမှာ အစင်းရေအားဖြင့် စံချိန်တင် ဖြစ်တဲ့ အထိ အရေအတွက် များပြားလှတယ်လို့ ထိုင်၀မ်က ပြောပါတယ်။

တိုက်လေယာဥ်တွေ၊ အနုမြူ နယူကလီယာဗုံးပါ တင်ဆောင်နိုင်တဲ့ ဗုံးကြဲလေယာဥ်တွေ ပါ၀င်တဲ့ ပြည်မကြီး စစ်လေယာဥ်ပေါင်း ၂၅ စင်း အစုလိုက် ၀င်ရောက်ခဲ့တာ ဖြစ်တယ်ဆိုပြီး ထိုင်၀မ်ကာကွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဲဒီထုတ်ပြန်ချက်အရ အခု နောက်ဆုံး ကျုးကျော်လာပြန်တဲ့ ဘေဂျင်းအစိုးရရဲ့ လေယာဥ်အုပ်စုထဲမှာ ဂျက်တိုက်လေယာဥ် ၁၈ စင်း၊ နယူကလီယာ လက်နက် တပ်ဆင်နိုင်တဲ့ ဗုံးကြဲလေယာဥ် ၄ စင်း၊ ရေငုပ်သင်္ဘောဖျက် စစ်ယာဥ်ပျံ ၂ စင်းနဲ့ ဘက်စုံ ထောက်လှမ်း တင်ကြို သတိပေးနိုင်စွမ်း ရှိတဲ့ ရေဒါစနစ်တပ် ကွပ်ကဲရေး ယာဥ် ၁ စင်း တို့ ပါ၀င်တယ်လို့ ဆိုပါတယ်။

ဒေသတွင်းမှာ တရုတ်ပြည်မကြီး အစိုးရဟာ ရန်လိုမှု ပြင်းထန်လာနေတယ်လို့ အမေရိကန်က သတိပေးနေချိန်မှာပဲ ပြည်မကြီး အစိုးရဟာ ဒီနှစ်အတွင်း အင်အား အကြီးမားဆုံး သုံးပြီး ထိုင်၀မ်ဘက်က သတ်မှတ်ထားတဲ့ လေကြောင်းကာကွယ်ရေးဇုံထဲ ၀င်ရောက်တာ ဖြစ်ပါတယ်။

F16

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်၀မ်မှာရှိတဲ့ အမေရိကန်လုပ် F16 တိုက်လေယာဥ်တွေ (ပုံဟောင်း)

ထိုင်၀မ်က ဘယ်လို တုံ့ပြန်လဲ

ADIZ လို့ အတိုကောက်ခေါ်ကြတဲ့ လေကြောင်း ကာကွယ်ရေးဇုံဟာ နိုင်ငံတကာ သဘောတူ စာချုပ်တွေ အရ ဖော်ဆောင်ထားတာမျိုး မဟုတ်ပါဘူး။

တနိုင်ငံချင်းစီအလိုက် ကိုယ့်ရဲ့ နိုင်ငံကို အကာအကွယ် ဖြစ်စေဖို့ ရည်မှန်းချက်နဲ့ ၀ေဟင်ဇုံ သတ်မှတ် ဖော်ဆောင်ထားတာ ဖြစ်ပြီး၊ အဲဒီဇုံထဲ ခွင့်ပြုချက် မရှိပဲ ၀င်လာရင် ကျုးကျော်မှုအဖြစ် သတ်မှတ်တာ ဖြစ်ပါတယ်။

ထိုင်၀မ်ကလည်း အဲဒီလို ADIZ ဖော်ဆောင် ထားရှိတာ ဖြစ်ပါတယ်။

ပြည်မကြီး ဘေဂျင်းအစိုးရကတော့ ထိုင်၀မ်ကို သီးခြားနိုင်ငံ အဖြစ် အသိအမှတ် မပြုပဲ၊ လက်ရှိ ကင်းကွာ နေပေမယ့် ပြည်မကြီးရဲ့ ပိုင်နက်နယ်မြေ တစ်ခုသာ ဖြစ်တယ် ဆိုပြီး ရှုမြင်ထားပါတယ်။ ထိုင်၀မ်ကတော့ လွတ်လပ်တဲ့ အချုပ်အခြာပိုင် နိုင်ငံတစ်ခု အဖြစ် ခံယူထားပါတယ်။

ပြည်မကြီး စစ်လေယာဥ် အုပ်စုကို သတိပေးဖို့ ထိုင်၀မ် တိုက်လေယာဥ်လည်း ပျံတက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လေကြောင်း ကာကွယ်ရေး ဒုံးကျည်စနစ်ကို အသင့်အနေအထား ပြင်ပြီး ပြည်မကြီး လေယာဥ်အုပ်စုကို တောက်လျှောက် စောင့်ကြည့်နေခဲ့တယ်လို့လည်း ထိုင်၀မ် ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ထိုင်၀မ်ရဲ့ တောင်ဘက်ပိုင်းနဲ့ တောင်တရုတ်ပင်လယ်ထဲက ထိုင်၀မ်ထိန်းချုပ်ထားရာ ပရားတပ်စ် ကျွန်းစုအကြား နိုင်ငံတကာ ရေပိုင်နက် အပေါ်ကနေ တရုတ်ပြည်မကြီး အစိုးရဟာ သူတို့ရဲ့ လေယာဥ်တွေကို အခု လပိုင်းတွေအတွင်း မှန်မှန် ဖြတ်ပျံပြတာမျိုးတွေ ပြုလုပ်နေပါတယ်။

အခုတစ်ကြိမ်လည်း ထပ်ပြီး လုပ်ဆောင်ခဲ့တာမှာ အရင်အခေါက်တွေကထက် ပိုပြီး စစ်လေယာဥ် အများအပြားသုံး အင်အားပြခဲ့တာ ဖြစ်ပါတယ်။

ထိုင်၀မ်သီးသန့်ရပ်တည်ရေးကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး အာမခံပြောကြား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်၀မ်သီးသန့်ရပ်တည်ရေးကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး အာမခံပြောကြား

အမေရိကန်ရဲ့ အခန်းကဏ္ဍ

ထိုင်၀မ်အပေါ် ဘေဂျင်းအစိုးရက ပိုပြီး ရန်လိုပြလာနေတဲ့ အတွက် စိုးရိမ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး အန်တိုနီ ဘလင်ကင်က NBC အန်ဘီစီ ရုပ်သံသတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောခဲ့အပြီး နောက်တစ်ရက်မှာပဲ ပြည်မကြီး စစ်လေယာဥ်တွေ အလုံးအရင်းနဲ့ ၀င်ရောက်ပြတာ ဖြစ်ပါတယ်။

အမေရိကန် အနေနဲ့ စစ်ရေးနည်းသုံးပြီး ထိုင်၀မ်ကို ကာကွယ်ဖို့အထိ ပြင်ဆင်ထားလား ဆိုပြီး အန်ဘီစီသတင်းဌာနက ၀န်ကြီး ဘလင်ကင်ကို မေးခဲ့ပါတယ်။

ထိုင်၀မ်နဲ့ ပတ်သက်ရင် အမေရိကန် အနေနဲ့ ဥပဒေကြောင်းအရကို လုပ်ဆောင်ပေးရမယ့် တာ၀န်တွေ ရှိတယ်၊ ထိုင်၀မ် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်စွမ်း ရှိနေစေရမယ်၊ လက်ရှိ အနေအထားကို (ထိုင်၀မ် သီးသန့် ရပ်တည်နေမှုကို ဆိုလို) ဘယ်သူမဆို အင်အားသုံး ပြောင်းလဲဖို့ ကြိုးစားမယ်ဆိုရင် မှားလိမ့်မယ်" ဆိုပြီး ၀န်ကြီး ဘလင်က တုံ့ပြန် ဖြေဆိုခဲ့ပါတယ်။

တရုတ်လေတပ်ရဲ့ ငါးမန်းပျံ နာမည်ရ J15 တိုက်လေယာဥ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်လေတပ်ရဲ့ ငါးမန်းပျံ နာမည်ရ J15 တိုက်လေယာဥ်

တရုတ်ရဲ့ အပြုအမူအပေါ် သုံးသပ်ချက်

နယူကလီယာဗုံး တင်နိုင်တဲ့ ဗုံးကြဲလေယာဥ်တွေကိုပါ တကြိမ်ထက်တကြိမ် စင်းရေ ပိုများများ သုံးပြီး ထိုင်၀မ်နဲ့ ကပ်ရက် ဖြတ်ပျံပြလေတိုင်း ဘေဂျင်း အစိုးရ ဘယ်လို သဘောနဲ့ လုပ်ဆောင်နေတာလဲ၊ ဘာတွေများ လုပ်ဆောင်လာတော့မလဲ ဆိုပြီး နိုင်ငံတကာက ရင်တမမ ဖြစ်ရတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။

ခြိမ်းခြောက် ပျံသန်းပြတယ်ဆိုတဲ့ အမြင်မျိုးတင်မက၊ တကယ် တိုက်ခိုက်ဖို့ တင်ကြို လေ့ကျင့် နေတယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ရှိနေပါတယ်။

အမေရိကန်က ထိုင်၀မ်နဲ့ကြား ပိုပြီး ဆက်ဆံရေး တိုးမြှင့်ပြလေလေ၊ အဲဒီလို ထိုင်၀မ်ကို သီးခြားနိုင်ငံသဖွယ် ဆက်ဆံတာကို လုံး၀ သည်းမခံကြောင်း အမေရိကန် ကိုယ်ရှိန်သတ်သွားအောင် ဘေဂျင်း အစိုးရက ပိုရန်လိုပြနေတာ ဖြစ်တယ်ဆိုတဲ့ အမြင်မျိုးလည်း ရှိပါတယ်။

ဆိုလိုတာကတော့ ထိုင်၀မ်ကို တကယ်တိုက်ခိုက်တာ အထိတော့ တရုတ်က လုပ်မှာမဟုတ်ပဲ၊ အမေရိကန် ကိုယ်ရှိန်သတ် နောက်ဆုတ်သွားတာမျိုးကို ရည်မှန်း လုပ်ဆောင်နေတာ ဖြစ်တယ်ဆိုတဲ့ အမြင်ဖြစ်ပါတယ်။

J10

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်၀မ်ဇုံထဲ ၀င်လာတဲ့ တရုတ် တိုက်လေယာဥ် အမျိုးအစား J10

အမေရိကန်နောက်ဆုတ်သွားတာမျိုး ဆိုတာ ထိုင်၀မ်နဲ့ကြား သံတမန် ဆက်ဆံရေး သက်သက်ကို ပြောတာမျိုးတော့ မဟုတ်ပါဘူး။ အဲဒီ ဒေသတွင်းမှာ အမေရိကန် ရေတပ်အင်အားတွေ နေရာချ လှည့်ပတ် သွားလာနေတာကိုပါ တရုတ်ပြည်မကြီး အစိုးရက မလိုလားတာ ဖြစ်ပါတယ်။

ပြည်မကြီး အစိုးရရဲ့ လေယာဥ်တွေဟာ တစ်ကြိမ်ထက်တစ်ကြိမ် ထိုင်၀မ်နဲ့ ပိုပြီး နီးနီးထိ ၀င်လာနေပြီး၊ သူတို့ရဲ့ အပြုအမူဟာ ထိုင်၀မ်ဘက်က တိုက်ခိုက်တာတွေ မလုပ်လုပ်လာအောင်၊ စစ်ပွဲ တကယ် ပေါ်ပေါက်လာအောင် တွန်းပို့နေတာမျိုး ဖြစ်တဲ့ အတွက် စိုးရိမ်စရာ အကောင်းဆုံး အခြေအနေကို ရောက်နေပြီလို့ အကဲခတ်တွေက ဆိုကြပါတယ်။

သူပုန်ကျွန်း နိုင်ငံပေါ်က ရန်သူတွေ ဆိုပြီး ထိုင်၀မ်ဆန့်ကျင်ရေး ၀ါဒဖြန့် ပြောဆိုမှုတွေ တရုတ်ပြည်မကြီးထဲမှာ အရှိန်မြှင့်လုပ်နေပြီး၊ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (ပြည်မကြီးတပ်နီတော်) ရဲ့ လေတပ်အင်အား ကြီးမားလှကြောင်းလည်း အမွှမ်းတင်နေပါတယ်။

ထိုင်၀မ်ကို တကယ်သိမ်းပြီ ဆိုရင်တောင် အဲဒီလို လုပ်ဆောင်လာနိုင်တယ်ဆိုတဲ့ အချက်ကို လူတွေနဲ့ ယဥ်ပါးနှင့်ပြီး ဖြစ်နေအောင် ပြည်မကြီး အစိုးရဘက်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာလို့ စစ်ဖြစ်နိုင်ကြောင်း ပိုအလေးပေး ခန့်မှန်းကြသူတွေက ဆိုပါတယ်။