မြန်မာ့ဒီမိုကရေစီနဲ့ ပထဝီနိုင်ငံရေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာရယူခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ဖမ်းဆီးခဲ့သလို လွှတ်တော်အသီးသီးနဲ့ အရပ်သားအစိုးရတို့လည်း ပျက်ပြားသွားခဲ့ပါတယ်။ လွှတ်တော်အမတ်၊ အစိုးရအဖွဲ့ဝင်နဲ့ နိုင်ငံရေးလှုပ်ရှားတက်ကြွသူအများအပြားလည်း အဖမ်းဆီးခံခဲ့ကြရပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ အုံကြွမှုတွေဖြစ်ပေါ်ခဲ့သလို ကမ္ဘာ့သတင်းတွေအားလုံးထဲမှာလည်း မြန်မာသတင်းဟာ ထိပ်ဆုံးကိုရောက်သွားပါတယ်။
ဖေဖော်ဝါရီ ၁ ရက် အာဏာလွှဲပြောင်းရယူမှုဟာ မြန်မာ့နိုင်ငံရေးသာမက ကမ္ဘာ့နိုင်ငံရေးမှာပါ အရေးပါထင်ရှားခဲ့ပါတယ်။
အမေရိကန်၊ တရုတ်၊ ကုလသမဂ္ဂ၊ ဥရောပ၊ အာဆီယံနိုင်ငံတွေလို မြန်မာ့နိုင်ငံရေး အတွက် အရေးပါအရာရောက်သူတွေဟာ နည်းအမျိုးမျိုးနဲ့ တုံ့ပြန်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
အမေရိကန်အစိုးရရဲ့ ရပ်တည်ချက်
မြန်မာနိုင်ငံမှာ ပုံမှန်မဟုတ်တဲ့ထူးထူးခြားခြားနိုင်ငံရေးဖြစ်ရပ်ကြီး ဖြစ်ပွားနေစဉ် အမေရိကန်နိုင်ငံမှာတော့ သမ္မတဂျိုးဘိုင်ဒန်အစိုးရဟာ သက်တမ်းတစ်လတောင် မပြည့်သေးပါဘူး။
အမေရိကန်အခြေစိုက် RAND think tank အဖွဲ့က စစ်ရေးနဲ့ အင်ဒိုပစိဖိတ်အရေး အကဲဖြစ်ပုဂ္ဂိုလ် ဒဲရက်ဂရော့စ်မန်းက “သမ္မတဘိုင်ဒန်အစိုးရဟာ ပထမဆုံး အင်ဒိုပစိဖိတ်ပြဿနာကို ရင်ဆိုင်လိုက်ရပြီ။ အဲဒါဟာ တရုတ်နဲ့ပတ်သက်တဲ့ အရေးတော့မဟုတ်ဘူး။ မြန်မာနဲ့ပတ်သက်တဲ့ အရေးပါ။” လို့တွစ်တာမှာ ရေးသားခဲ့ပါတယ်။
အမေရိကန်အစိုးရက ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့တကွ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ချက်ချင်းလွှတ်ပေးဖို့ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ ဗြိတိန်တို့နဲ့အတူ တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ သမ္မတဂျိုးဘိုင်ဒန်ဟာ သမ္မတဟောင်းဒေါ်နယ်ထရမ့်လိုမဟုတ်ဘဲ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ပြန်လည်တည်ဆောက်ပါမယ်လို့ ကတိပေးထားသူဖြစ်တဲ့အတွက် ဒီ့ထက်ပိုတဲ့ဆောင်ရွက်ချက်မျိုးကို မျှော်လင့်သူတွေရှိနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အမေရိကန်အစိုးရက မြန်မာအပေါ် ပိတ်ဆို့အရေးယူမှု အသစ်တွေ ချမှတ်ခဲ့ပါတယ်။ အဲဒီအရေးယူမှုတွေထဲမှာ မြန်မာပြည်ကပို့ကုန်အပေါ် ကန့်သတ်ချက်တွေ ပါဝင်သလို မြန်မာအစိုးရရဲ့ ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ သန်းတစ်ထောင်လောက်ကို ထိန်းချုပ်လိုက်တာလည်း ပါဝင်ပါတယ်။
အရင်သမ္မတထရမ့်လက်ထက်ကတည်းက ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်နဲ့ ပိတ်ဆို့အရေးယူထားပြီးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့အပေါ်မှာလည်း ထပ်ဆင့် ပိတ်ဆို့အရေးယူပါတယ်။ အခုယာယီသမ္မတဦးမြင့်ဆွေအပေါ် ပိတ်ဆို့အရေးယူမှုလည်း ပါဝင်ပါတယ်။
ပိတ်ဆို့အရေးယူတဲ့အထဲမှာ တပ်မတော်နဲ့ ဆက်စပ်တဲ့ ကျောက်မျက်ရတနာကုမ္ပဏီကြီး ၃ ခုလည်းပါဝင်ပေမဲ့ တပ်မတော်ရဲ့ အဓိက စီးပွားရေး အဆောက်အဦကြီးတွေဖြစ်တဲ့ ဦးပိုင်နဲ့ MEC တို့တော့ မပါပါဘူး။
အခုချိန်ဟာ အမေရိကန်အစိုးရအနေနဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို ပိုပြီးဇောင်းပေးမလား၊ ဒါမှမဟုတ် ပထဝီနိုင်ငံရေးအကျိုးစီးပွားကို ကြည့်ပြီး မြန်မာကို တရုတ်နဲ့ပိုနီးစပ်မသွားဘဲ အမေရိကန်နဲ့ပိုနီးစပ်လာအောင် ကြိုးစားမလားဆိုတာ ရွေးချယ်ရမဲ့အချိန်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အိုဘားမားပေါ်လစီရဲ့အဆက်ဖြစ်လာမလား
သမ္မတဂျိုးဘိုင်ဒန်ဟာ အိုဘားမားလက်ထက်က ဒုတိယသမ္မတဖြစ်ပါတယ်။ သူ့လက်ထက် နိုင်ငံခြားရေးပေါ်လစီဟာ အိုဘားမားပေါ်လစီရဲ့ အဆက်ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းချက်တွေရှိပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်ပြီး အရပ်သားလွှတ်တော်၊ အရပ်သားအစိုးရပေါ်ပေါက်လာတာဟာ သမ္မတအိုဘားမားရဲ့ အာရှဆိုင်ရာ နိုင်ငံခြားရေးပေါ်လစီအောင်ပွဲတစ်ခုအဖြစ် ဂုဏ်ယူလေ့ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အိမ်ကို ဂျွန်ယက်ထော ရေကူးဝင်ရောက်မှုကြောင့် အပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက်မှာ အမေရိကန် ထိပ်တန်းနိုင်ငံရေးသမားတွေဖြစ်တဲ့ ဒဲရက်မစ်ချယ်၊ ဂျင်မ်ဝက်ဘ်တို့ မြန်မာနိုင်ငံကို သွားရောက်ခဲ့ကြပါတယ်။ အဲဒီတုန်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီဟာ မှတ်ပုံတင်၊ ရွေးကောက်ပွဲဝင်ပြီး မြန်မာ့နိုင်ငံရေးမှာ အသွင်သဏ္ဍန်သစ်တွေ ဖြစ်ထွန်းလာပါတယ်။
သမ္မတအိုဘားမားကိုယ်တိုင် ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံကို သွားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ မြန်မာအပေါ်ပိတ်ဆို့အရေးယူမှုတွေကို ဖွင့်ပေးခဲ့ပါတယ်။
ဒါပေမဲ့ အနောက်တိုင်းရဲ့လူလို့ နိုင်ငံရေးလောကမှာ ပြောဆိုသမုတ်ခြင်းခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ထက်မှာလည်း မြန်မာနိုင်ငံဟာ တရုတ်နဲ့ကင်းကွာပြီး အမေရိကန်နဲ့ပိုနီးစပ်တာမျိုး ဖြစ်မလာပါဘူး။

ဓာတ်ပုံ ရင်းမြစ်, POOL
၂၀၁၇ ခုနှစ်မေလမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘေဂျင်းကိုသွားရောက်ပြီး တရုတ်ရဲ့ ရပ်ဝန်းတစ်ခု၊ လမ်းတစ်ခု စီမံကိန်းအတွက် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလလယ်ကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်းယီဟာ ရပ်ဝန်းတစ်ခု၊ လမ်းတစ်ခုစီမံကိန်းနဲ့ပတ်သက်ပြီးလာရောက်ဆွေးနွေးခဲ့ပါတယ်။ တရုတ်မြန်မာစီးပွားရေးစင်္ကြန်၊ တရုတ်မြန်မာနယ်စပ်စီးပွားရေးဇုန်၊ ရန်ကုန်မြို့သစ်စီမံကိန်း၊ ကျောက်ဖြူရေနက်စီမံကိန်းတို့နဲ့ ပတ်သက်ပြီးပြောဆိုဆွေးနွေးဖို့ရှိကြောင်းလည်း အစည်းအဝေးအာဂျင်ဒါထဲမှာ ဖော်ပြထားခဲ့ပါတယ်။
ဒါတွေကိုကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာရယူလိုက်တာဟာ အမေရိကန်အကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်မှု မရှိလှဘူးလို့ဆိုရပါမယ်။ ဒါပေမဲ့ ဒီမိုကရေစီနည်းကျရွေးကောက်ပွဲတွေကို အားပေးပြီး စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အမေရိကန်ရဲ့ ယေဘုယျနိုင်ငံခြားရေးမူဝါဒနဲ့တော့ ကဏ္ဍကောစဖြစ်နေပါတယ်။
အင်ဒိုပစိဖိတ်ပထဝီနိုင်ငံရေးပြဿနာ
မြန်မာနိုင်ငံမှာ ပြဿနာပေါင်းစုံတက်နေချိန်မှာပဲ တရုတ်၊ အမေရိကန်ဆက်ဆံရေးကလည်း တင်းမာနေပါတယ်။
သမ္မတထရမ့်လက်ထက်မှာ အမေရိကန်အစိုးရနဲ့ တရုတ်အစိုးရဆက်ဆံရေးဟာ ဆိုးဝါးခဲ့ပါတယ်။ ဘိုင်ဒန်အစိုးရတက်လာရင် အားလုံးအသစ်ပြန်စနိုင်ဖို့ တရုတ်ဘက်က မျှော်လင့်ချက်ရှိပုံရပါတယ်။
ဒါပေမဲ့ မစ္စတာဂျိုးဘိုင်ဒန်ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲမှာကတည်းက အဆင်မပြေမှု စတင်ခဲ့ပါတယ်။ သမ္မတဂျိုးဘိုင်ဒန်ရဲ့ ကျမ်းကျိန်ပွဲမှာ ထိုင်ဝမ်ကိုမဖိတ်စဖူး ဖိတ်ကြားခဲ့တဲ့ အတွက် တရုတ်ကပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။
တရုတ်က ထိုင်ဝမ်ကို တရုတ်နိုင်ငံရဲ့အစိတ်အပိုင်းအဖြစ် အစဥ်အမြဲ သတ်မှတ်သဘောထားပါတယ်။ အမေရိကန်ကတော့ ထိုင်ဝမ်ကို ချန်ကေရှိတ်လက်ထက်ကတည်းက တရုတ်ရဲ့ပြိုင်ဘက်အဖြစ် ထောက်ခံအားပေးလာခဲ့တာပါ။
အဲဒီနောက်မှာ တရုတ်စစ်လေယာဉ်တွေဟာ ထိုင်ဝမ်လေကြောင်းပိုင်နက်ထဲ ဝင်ရောက်ခဲ့ပါတယ်။
တရုတ်၊ ထိုင်ဝမ်၊ အမေရိကန်ဆက်ဆံရေးတင်းမာလာပြီး “ထိုင်ဝမ်လွတ်လပ်ရေးကိုပြောရင်စစ်ပွဲဖြစ်မှာပဲ”လို့ တရုတ်ကပြောဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်မှာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်တို့နဲ့ ရေပိုင်နက် အငြင်းပွားမှုပြဿနာတွေရှိပါတယ်။ အငြင်းပွားနေရာကို တရုတ်က သူ့ပိုင်နက်လို့ယူဆတဲ့အတွက် အမေရိကန်ဝင်ရောက်တာကို အစဥ်တစိုက်တားမြစ်ကန့်ကွက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အမေရိကန် စစ်သင်္ဘောတစ်စီး အဲဒီဧရိယာမှာ ဖြတ်သန်းသွားတဲ့အတွက် တရုတ်၊ အမေရိကန်ဆက်ဆံရေးဟာ အလွန်တင်းမာနေပါတယ်။ သီတင်းပတ် ၂ ပတ် အတွင်းမှာ အမေရိကန်စစ်သင်္ဘောဟာ ဒုတိယအကြိမ်မြောက်ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။ အဲဒီဧရိယာနယ်ပယ်အတွင်းမှာ နိုင်ငံခြားသင်္ဘော၊ လေယာဉ်ဝင်ရောက်လာရင် တရုတ်ကပစ်ခတ်မယ်လို့ သတိပေးခြိမ်းခြောက်ထားတဲ့ကြားက အမေရိကန်က စိန်ခေါ်ဝင်ရောက်လာတာ ဖြစ်တဲ့အတွက် အလွန်အန္တရာယ်ကြီးတဲ့ အခြေအနေပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်ရဲ့မြန်မာနိုင်ငံဆိုင်ရာရပ်တည်ချက်
စစ်တပ်က အာဏာရယူပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ အဖမ်းဆီးခံထားရသူတွေ အားလုံးကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုတဲ့ ကြေညာချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။
ထူးခြားတာက အရင်စစ်အစိုးရလက်ထက်တုန်းက မြန်မာနဲ့ပတ်သက်တဲ့ အနောက်နိုင်ငံတွေရဲ့အဆိုပြုချက်တွေကို အမြဲတန်းကန့်ကွက်လေ့ရှိတဲ့ တရုတ်နဲ့ ရုရှားကပါ အခုကြေညာချက်ကို သဘောတူခဲ့တဲ့ အချက်ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တပ်မတော်ဘက်ကတော့ တရုတ်ရဲ့ထောက်ခံမှုကို လိုလားပုံရပါတယ်။
မြန်မာပြည်သူတွေကြားမှာတော့ တရုတ်နဲ့ပတ်သက်တဲ့ ကောလာဟလ အများအပြား ထွက်ပေါ်နေပြီး မယုံသင်္ကာစိတ်တွေ တိုးပွားနေပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက်ဖြတ်တောက်ပြီး လူမှုကွန်ရက်တွေ၊ အီးမေးလ်တွေကို ကြားဖြတ်စစ်ဆေးကြည့်ရှုနိုင်မဲ့ Firewall စနစ်တည်ဆောက်နိုင်ဖို့အတွက် တရုတ်က စက်ပစ္စည်းတွေရောင်းပေးခဲ့တယ်ဆိုတဲ့ သတင်းဟာ တော်တော်ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် တရုတ်ရဲတွေတောင် မြန်မာနိုင်ငံထဲရောက်လာပြီး လူထုဆန္ဒပြပွဲတွေကိုဖြိုခွဲနှိမ်နင်းရာမှာ ပါဝင်တယ်လို့ သတင်းတွေဖြစ်ပေါ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Shwe Inn Thar
တရုတ်ဘက်ကတော့ အဲဒီကောလာဟလတွေဟာ အခြေအမြစ်မရှိဘူးလို့ ငြင်းဆိုပါတယ်။ တရုတ်သံရုံး အင်တာနက်စာမျက်နှာမှာတင်ထားတဲ့ တရုတ်အသံအမတ် မစ္စတာ ချန်ဟိုင်းနဲ့ မြန်မာမီဒီယာတချို့ရဲ့ အင်တာဗျူးမှာ အဲသလို ငြင်းဆိုထားတာဖြစ်ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုတဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ ကြေညာချက်မှာ တရုတ်ဟာလည်း တနိုင်ငံအပါအဝင်ဖြစ်တယ်ဆိုတဲ့ အချက်ကို တရုတ်သံအမတ်ကြီးက သူ့ရဲအင်တာဗျူးမှာ အလေးအနက်ထားပြောဆိုပါတယ်။
ဒါပေမဲ့ အာဏာသိမ်းမှုကို ကန့်ကွက်တာမျိုးတော့ မပြောပါဘူး။ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မြန်မာ့တပ်မတော် အဖွဲ့အစည်းနှစ်ရပ်စလုံးဟာ တရုတ်နိုင်ငံနဲ့ရင်းနှီးတဲ့ မိတ်ဆွေတွေ”လို့သာဆိုပါတယ်။
သူ့နယ်ပယ်အတွင်းမှာ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးကိုလိုလားတဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ ဘယ်အစိုးရတက်လာတက်လာ တည့်အောင်ပေါင်းမယ်ဆိုတဲ့ မူဝါဒကို ဆက်လက်ဆုပ်ကိုင်ထားပုံရပါတယ်။ တောင်တရုတ်ပင်လယ်အတွင်းမှာ အမေရိကန်နဲ့ တင်းမာတဲ့အခြေအနေ ဖြစ်ပေါ်နေတဲ့ တရုတ်နိုင်ငံအတွက် မြန်မာပြည်မှာ အာဏာရှိနေသူနဲ့ သင့်မြတ်ပြေလည်ရေးဟာ ခါတိုင်းအချိန်ထက်တောင် ပိုအရေးပါနေပုံရပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ အခုဖြစ်ပေါ်နေတာတွေဟာ “တရုတ်နိုင်ငံကမြင်တွေ့ချင်တဲ့ အခြေအနေတွေမဟုတ်ပါဘူး”လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် ဟွာချွန်းရင်က ပုံမှန်နေ့စဥ် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ညှိနှိုင်းဆောင်ရွက်လို့ ရနေတဲ့အတွက် မြန်မာနိုင်ငံမှာ အခုလို မငြိမ်မသက်ဖြစ်နေတာကို တရုတ်ကမလိုလားဘူးဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တရုတ်ဟာ ဘယ်အစိုးရနဲ့ဖြစ်ဖြစ် သင့်တင့်အောင် ဆက်ဆံပေါင်းသင်းမယ့် လက္ခဏာရှိပါတယ်။
မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တရုတ်ရဲ့ အကျိုးစီးပွားဟာ သိပ်ကြီးမားပါတယ်။ အထူးသဖြင့် တရုတ်ရဲ့ အမြွှာပိုက်လိုင်းဟာ ပထဝီနိုင်ငံရေးအရ အလွန်အရေးပါပါတယ်။ တရုတ်ဟာ အရှေ့အလယ်ပိုင်းကရေနံတွေကို ရှေးယခင်က သယ်ယူတဲ့အခါ သင်္ဘောနဲ့တင်ပြီး မလက္ကာရေလက်ကြားကိုဖြတ်ရပါတယ်။ မလက္ကာရေလက်ကြားအနီး စင်္ကာပူမှာ အမေရိကန်စစ်စခန်းရှိပါတယ်။ မလက္ကာရေလက်ကြားကို သုံးနေရသမျှမှာ တရုတ်ရဲ့ရေနံလုံခြုံရေးဟာ အမေရိကန်နဲ့ အမှီခိုမကင်းပါဘူး။ အခုအမြွှာပိုက်လိုင်းကနေ ရေနံနဲ့ဓာတ်ငွေ့တင်ပို့တဲ့အခါ တရုတ်ဟာ မလက္ကာရေလက်ကြားကို ဖြတ်သန်းစရာမလိုတော့ပါဘူး။ လုံခြုံရေးအတွက်ပိုစိတ်ချရသလို ကုန်ကျစရိတ်လည်း အမြောက်အမြားသက်သာသွားပါတယ်။
ဒါ့ကြောင့် ဘယ်အစိုးရပဲတက်လာတက်လာ အဆင်ပြေအောင်ပေါင်းနိုင်ရင် တရုတ်အတွက် အကျိုးအရှိဆုံးဖြစ်မှာပါ။

ဓာတ်ပုံ ရင်းမြစ်, UNHCR
အခြားနိုင်ငံတကာ အခြေအနေ
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုပြိုပျက်သွားအောင် လုပ်နိုင်သမျှနည်းလမ်းအားလုံးကို အသုံးပြု ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
ဂျပန်ဟာ ဂျီဆဲဗင်းနဲ့အတူ မြန်မာအာဏာသိမ်းမှုကို ကန့်ကွက်ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုအရေးယူပိတ်ဆို့မှုကိုမှ လုပ်ချင်တဲ့ဆန္ဒရှိပုံမပြသပါဘူး။
အမြဲလိုလိုနှုတ်ဆိတ်နေလေ့ရှိတဲ့ အာဆီယံက စောစောစီးစီး အသံထွက်လာတာကတော့ ထူးခြားမှုတခုပါ။ အာဆီယံရဲ့ လက်ရှိဥက္ကဋ္ဌဖြစ်တဲ့ ဘရူနိုင်းက ဖေဖော်ဝါရီ ၁ ရက်မှာကတည်းက စာထုတ်ပြီး တွေ့ဆုံဆွေးနွေးဖို့၊ ညှိနှိုင်းဖို့၊ အခြေအနေအားလုံးပုံမှန်ပြန်ရောက်အောင် ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးကတော့ အားလုံးသိမ်းကျုံးပြီး ပိတ်ဆို့အရေးယူတဲ့နည်းဟာ မြန်မာပြည်သူတွေကို ထိခိုက်နစ်နာစေမှာမို့ မလုပ်သင့်ဘူးလို့ ဆိုပါတယ်။ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးရဲ့စကားဟာ အဓိပ္ပာယ်နှစ်ခွထွက်နေပါတယ်။ မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှုမလုပ်ပါနဲ့လို့ ပြောတဲ့အဓိပ္ပာယ်လို့လည်း ယူဆနိုင်ပါတယ်။ သက်ဆိုင်သူစစ်ခေါင်းဆောင်တွေကိုသာ ပစ်မှတ်ထားအရေးယူပါလို့ ပြောတဲ့အဓိပ္ပာယ်လည်း ဖြစ်နိုင်နေပါတယ်။
အိန္ဒိယက မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် အမြန်ဆုံးပြန်လည် အကောင်အထည်ဖော်ဖို့ အမေရိကန်၊ ဂျပန်၊ သြစတြေးလျတို့နဲ့ အတူတိုက်တွန်းပါတယ်။
ဗြိတိန်ကတော့ စစ်အစိုးရမှာ ထိပ်တန်းတာဝန်တွေယူထားတဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်တို့ကို ထပ်မံပိတ်ဆို့အရေးယူခဲ့ပါတယ်။ ဗြိတိန်ဟာ ထိပ်ဆုံးစစ်ဗိုလ်ချုပ်ကြီး ၁၆ ဦးကိုအရင်ကတည်းက ပိတ်ဆို့အရေးယူထားပြီးသားပါ။
ဥရောပသမဂ္ဂကလည်း ထပ်မံပြီး ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုတွေလုပ်ဦးမယ်လို့ ကြေညာပါတယ်။
စီးပွားရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေကို နိုင်ငံပေါင်းစုံက ညီညီညာညာ ပြုလုပ်လာရင် မြန်မာ့စီးပွားရေးမြင်ကွင်းတစ်ခုလုံးဟာ တမျိုးတဖုံပြောင်းလဲသွားနိုင်ပါတယ်။ နိုင်ငံခြားကုမ္ပဏီအများအပြား မြန်မာနိုင်ငံကနေ ထွက်ခွာသွားနိုင်ပါတယ်။ တပ်မတော်ခေါင်းဆောင်တွေရဲ့ မိသားစုစီးပွားရေးတွေ အပါအဝင် မြန်မာနိုင်ငံက ချမ်းသာကြွယ်ဝသူတွေရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ အရင်ဆုံးထိခိုက်နစ်နာမှု ကြုံတွေ့ရနိုင်ပါတယ်။ အဲသလို အခြေအနေမျိုးဖြစ်ပေါ်လာရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အစိုးရ အပေါ်မှာလည်း နိုင်ငံရေးအရ အကျိုးသက်ရောက်မှုရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အာဏာသိမ်းအစိုးရဟာ မြန်မာနိုင်ငံကဆန္ဒပြပွဲတွေကို ကိုင်တွယ်ရာမှာ အဲဒီအချက်ကို ထည့်သွင်းစဥ်းစားမှုရှိနိုင်ပါတယ်။
နိုင်ငံတကာတိုင်းပြည်အသီးသီးဟာလည်း အကဲဆတ်လှတဲ့ ကမ္ဘာ့နိုင်ငံရေးရာသီဥတုအောက်မှာ မိမိတို့ရဲ့ပြည်တွင်းနိုင်ငံရေး အကျိုးစီးပွားနဲ့ ချင့်ချိန်ပြီး တုံ့ပြန်ကြတာကိုတွေ့ရပါတယ်။
နိုင်ငံရေးမှာ ထာဝရမိတ်ဆွေ၊ ထာဝရရန်သူမရှိ၊ မိမိတို့ရဲ့ အကျိုးစီးပွားကိုသာ ပထမဦးစားပေးကြည့်ပြီးဆောင်ရွက်ကြတယ်ဆိုတဲ့စကားဟာ မှန်ကန်နေဆဲဖြစ်ပါတယ်။








