ယူကရိန်းစစ်ဟာ တင့်ကားခေတ် ကုန်သွားပြီလို့ ပြဆိုနေတာလား

People inspect abandoned Russian tank near Irpin

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုရှားတွေ ဒီနှစ် အတွင်း တင့်ကားပေါင်း ၇၀၀ ဆုံးရှုံးခဲ့တယ်လို့ ခန့်မှန်းနေကြ
    • ရေးသားသူ, ဖရန့် ဂတ်နာ
    • ရာထူးတာဝန်, လုံခြုံရေးဆိုင်ရာ ဘီဘီစီ သတင်းထောက်

ယူကရိန်းစစ်ပွဲအတွင်း ပေါ်ပေါ်လွင်လွင်ထွက်လာတဲ့ ပုံရိပ်တွေထဲမှာ ပျက်စီးသွားတဲ့ ရုရှားတင့်ကားပုံတွေက နေရာယူ ထားပါတယ်၊ တင့်ကား ကိုယ်ထည်မွကြေနေတာတွေ၊ အမြောက်ဆုံလည်နေရာမှာ ပျက်စီးနေတာတွေ၊ အမြောက်ပြောင်းကြီး မီးလောင် ထားလို့ မဲညစ်နေတာတွေ အစုံတွေ့ရပါတယ်။ ဒီတော့ ခေတ်မီ တင့်ကားဖျက် လက်နက်တွေက စစ်မြေပြင်မှာ တင့်ကားတွေ အသုံးချလို့ မရအောင် လုပ်နိုင်နေပြီလား ဆိုတဲ့ အမေးပေါ်လာပါတော့တယ်။

တင့်ကားတွေ စုဆောင်းပြသထားတဲ့နေရာမှာ ကမ္ဘာမှာ အကြီးဆုံးလို့ ဆိုကြတဲ့ ဒေါဆက်မြို့၊ ဘော့ဗင်တန် တင့်ကားပြတိုက်က ပြတိုက်မှူး တယောက်ဖြစ်တဲ့ ဒေးဗစ် ဝယ်လီက "တင့်ကား တစီး အချခံလိုက်ရရင် ဒီလို ဇာတ်လမ်းတွေက ထွက်လာတတ်တာ ပါပဲဗျာ" လို့ ဆိုပါတယ်။ "ဘာလို့လဲဆိုတော့ တင့်ကားဆိုတာက အင်အားကြီးခြင်းရဲ့ ပြယုဂ်တခုပဲလေ၊ တင့်ကားတစီး ကျရှုံး သွားရင် တင့်ကားခေတ်ကုန်ပြီလို့ လူတွေက အမြန် ကောက်ချက်ချကြတော့တာပါပဲ။"

ဆိုဗီယက်ထုတ် T-72 တင့်ကား တစီးက စက်ရှိန်ပြင်းပြင်း၊ သံထည်အမာတို့ ရိုက်ခတ်သံတွေ ဆူဆူ ညံညံနဲ့ လောင်စာဆီ ထည့်တဲ့ နေရာဆီ သွားနေတာကို ကျွန်တော်တို့ကြည့်နေ ကြပါတယ်။ ပြီးရင် ဒီတင့်ကားက သရုပ်ပြပွဲအတွက် လေ့ကျင့်ဖို့ သွားပါလိမ့်မယ်။ ဖေဖော်ဝါရီလတုန်းက နယ်စပ်ကို ကျော်ပြီး ယူကရိန်းထဲဝင်သွားကြတဲ့ တင့်ကားတွေနဲ့ ဒီတင့်ကားဟာ မိုဒယ်အမျိုးအစား အတူတူပါပဲ။

ယူကရိန်းမှာ ဒရုမ်း ဒါမှမဟုတ် ဂျက်ဗဲလင် (Javelin) လို၊ Nlaws(Next Generation Light Anti-tank Weapons) တို့လို တင့်ကားဖျက် လက်နက်တွေ ကိုင်ထားတဲ့ ယူကရိန်း ခြေလျင်တပ်ဖွဲ့ငယ်တွေက ဒီတင့်ကားမျိုးတွေ ရာနဲ့ချီပြီး ပျက်စီးကိန်းဆိုက်အောင် လုပ်နိုင်ခဲ့ပါတယ်။

"ပြီးခဲ့တဲ့ လပိုင်းတွေမှာ ကျွန်တော်တို့တွေ့ခဲ့ရတာကိုကြည့်ပြီး နိဂုံးချုပ်ချက် အမှားတွေကို မချမိဖို့ သိပ်အရေးကြီးပါတယ်" လို့ သိပ်မကြာခင်လေးကမှ အငြိမ်းစားယူထားတဲ့ ဗိုလ်ချုပ် ဘန် ဟော့ချ်က ပြောပါတယ်။

"မေးစရာဖြစ်နေတဲ့ ရုရှားတင့်ကားတွေကို ကြည့်ရင် နေရာချတဲ့နေရာမှာ ညံ့တယ်၊ ခြေလျင်တပ်က မကူနိုင်တာတွေ ဖြစ်ခဲ့တယ်၊ အရန်တပ်က တပ်ဖွဲ့ဝင်တွေက ခိုင်ခိုင်မာမာ စွမ်းရည် မရှိဘူး စတာတွေကြောင့် ယူကရိန်းကို ခုခံကာကွယ်တဲ့ တပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ တင့်ကားတွေ အလွယ်တကူ ချေမှုန်းခံခဲ့ရတာပါ။"

T-72 at Bovington
ဓာတ်ပုံ ပုံစာ, ဒီ T-72 က တင့်ကားပြတိုက်ကို ပိုလန် စစ်တပ်က ပေးထားတဲ့ လက်ဆောင်ဖြစ်

ဗြိတိန်စစ်တပ်က အငြိမ်းစားယူပြီး အခုတော့ International Institute for Strategic Studies က ကြည်း ကြောင်း စစ်ရေးဘက်မှာ သုတေသီတယောက်အဖြစ် လုပ်နေတဲ့ ဗိုလ်မှူးချုပ် ဘန် ဘယ်ရီကလည်း အဲဒီအမြင်ကို သဘောတူပါတယ်။

"ကိယက်ဗ်ကို စစ်ဆင်တဲ့ ရုရှားတွေ အရှုံးတွေ့ခဲ့ရပုံကို ကြည့်ရင် တင့်ကားတွေကို နေရာချပုံ မကျွမ်းကျင်တာကိုတွေ့ရတယ်၊ သူတို့ကို တခြား တပ်တွေ (ခြေလျင်တပ်၊ အမြောက်တပ်၊ လေကြောင်းအကူ) စတာတွေနဲ့ တွဲပြီး နေရာချတာမျိုး မလုပ်ခဲ့သလို ထောက်ပို့ရေး လမ်းကြောင်းကလည်း အားနည်းတာကို တွေ့ရတယ်။ တင့်ကားတွေကို ကိုင်တဲ့ တပ်ဖွဲ့ရဲ့ အားနည်းချက်ပဲ။ "

"အရည်အချင်းပြည့်တဲ့ နေတိုး တပ်ဖွဲ့ဆိုရင် တင့်ကားတွေ ခြုံခိုတိုက်ခံရတဲ့ ဘေးက ကင်းဝေးအောင် ခြေလျင်တပ်တွေကို ထုတ်ပြီး တိုက်လိမ့်မယ်။"

ခေတ်မီ စစ်လက်နက်ပစ္စည်းတွေထဲမှာ သင်္ကေတ ပြယုဂ်တခုဖြစ်နေတဲ့ တင့်ကား အပေါ် ဝေဖန်ကြသူလည်းရှိသလို၊ ကာကွယ်ကြသူ တွေလည်း ရှိပါတယ်။

၂၀၂၀ တုန်းကဖြစ်ခဲ့တဲ့ နဂိုနို ကာရာဘတ် စစ်ပွဲမှာ အဇာဘိုင်ဂျန် တပ်တွေက တူရကီလုပ် ဒရုမ်းတွေနဲ့ အာမေးနီးယား တင့်ကားတွေ အခြေမလှအောင် ဖြိုခွင်းနိုင်ခဲ့ပါတယ်။ လစ်ဗျားမှာ အဲဒီ TB2 Bayraktar ဒရုမ်းတွေကြောင့်ပဲ ဗိုလ်ချုပ် ဟက်ဖ်တာရဲ့ တပ်တွေ မရှုမလှ ရှုံးခဲ့ပါတယ်။ ဆီးရီးယားမှာလည်း ဒီ တူရကီ ဒရုမ်းတွေက ဆီးရီးယား အစိုးရတပ်ရဲ့ တင့်ကားတွေကို ချေမှုန်းခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲရဲ့ အစောပိုင်းအဆင့်တွေမှာ ဗြိတိန်၊ အမေရိကန်နဲ့ တခြားနိုင်ငံတွေက ထောက်ပံ့ကူညီခဲ့တဲ့ တင့်ကားပစ် ပဲ့ထိန်း မစ်ဇိုင်း တွေဟာ မြို့တော် ကိယက်ဗ်မြောက်ဘက်အထိ ရောက်လာတဲ့ ရုရှားတင့်ကားတပ် နောက်ပြန်ဆုတ်သွားရတဲ့အထိ အပြောင်းအလဲ ဖြစ်အောင် လုပ်နိုင်တယ်ဆိုတာကို ပြနိုင်ခဲ့ပါတယ်။

စစ်ပွဲ ဒုတိယအဆင့်ဖြစ်တဲ့ ဒွန်းဘတ်စ် တိုက်ပွဲမှာတော့ ရုရှားတွေရဲ့ အမြောက်တွေက အဆုံးအဖြတ်ဖြစ်ခဲ့ပြီး ဖျက်ဆီးနိုင်အား ပြင်းတဲ့ ကျည်တွေကို သုံးခဲ့ပါတယ်။

အခုအချိန်အထိ ယူကရိန်းစစ်ပွဲမှာ ရုရှား တင့်ကား အစီး ၇၀၀ ကျော် ဆုံးခဲ့ (တချို့ လုံးဝပျက်စီးသွား၊ တချို့ စွန့်ပစ်ထားခဲ့)ပြီလို့ ခန့်မှန်း ကြပါတယ်။ ဒီတင့်ကားတွေရဲ့ ကိုယ်ထည်မှာ လေးထောင့်ပုံးတွေနဲ့ သဏ္ဍန်တူတဲ့ သံချပ်အကာတွေနဲ့ ထပ်ပိုး ကာရံထားတာကို တွေ့ရ ပါတယ်။ တကယ်လို့ မစ်ဇိုင်းလာမှန်ရင် အဲဒီအကာတွေက အပေါက်ကွဲမှု အသေးစားတခု ဖြစ်သွားပြီး မစ်ဇိုင်းရဲ့ ပြင်းအားကို လျော့သွားဖို့ ရည်ရွယ်တာပါ။

ဒါပေမဲ့ အနောက်အုပ်စုကထောက်ပံ့တဲ့ ဒရုမ်းနဲ့ တင့်ကားပစ် မစ်ဇိုင်းတွေက အဲဒီ အကာအရံတွေကို ပတ်ကွင်းနိုင်ပြီး သံချပ်ကာ အထူ အနည်းဆုံးဖြစ်တဲ့ တင့်ကား အပေါ်က အမြောက်ဆုံလည်နေရာကို မှန်အောင် များသောအားဖြင့် ပစ်နိုင်ကြပါတယ်။

"ဒီစစ်ပွဲက ဒရုမ်းရဲ့ အစွမ်းတွေကို ပြသွားတဲ့ စစ်ပွဲပဲ"လို့ ဗိုလ်မှူးချုပ် ဘယ်ရီက ပြောပါတယ်။ "ကိုယ့်အနောက်ကနေ ရန်သူက ဒရုမ်းတွေနဲ့ လာပြီး မတိုက်နိုင်အောင် ကာကွယ်ဖို့အတွက် ဒရုမ်းတွေ လိုတယ် ဆိုတာကို ပြနေတယ်။ လေဆာတွေ၊ electronic jamming လုပ်တာတွေ အပါအဝင် အနိမ့်ပိုင်း လေကြောင်းကာကွယ်ရေး လုပ်ဖို့ လိုအပ်လာတယ်။"

A US-made Javelin missile is launched in a training session

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂျက်ဗဲလင် မစ်ဇိုင်းက ရုရှားတင့်ကားတွေကို တိုက်ခိုက်ရာမှာ အစွမ်းထက်ခဲ့

တင့်ကားရဲ့ အနာဂတ်ကို ဆွဲဆန့်ပေးနိုင်တာက တင့်ကားကို တခုခု တိုက်ခိုက်တာမခံရခင် အကာအကွယ်ပေးနိုင်တဲ့ Active Protection System (APS) စနစ်လို့ ဆိုကြပါတယ်။

"APS က အပျော့နဲ့ အမာ ဆိုပြီး ၂ မျိုးရှိတယ်၊ အပျော့ဆိုတာက လျှပ်စစ်လှိုင်းတွေ ထုတ်ပေးတာဖြစ်ပြီး လာတဲ့ မစ်ဇိုင်းကို အဲဒါက အနှောင့်အယှက်ပေးတယ်။ အမာကတော့ တိုက်ခိုက်လာတဲ့ အရာကို ပြန်ပစ်ချတာမျိုးပါ" လို့ ဘော့ဗင်တန် တင့်ကား ပြတိုက်က ဒေးဗစ် ဝယ်လီက ပြောပါတယ်။

Graphic showing how Trophy defence system works

အစ္စရေးစစ်တပ်ကလည်း တင့်ကား အကာအကွယ်ပေးရေး ဘက်ပိုင်းမှာ စူးစိုက်ပြီး သုတေသန လုပ်နေခဲ့ပါတယ်။ အထူးသဖြင့် ဟစ်ဇ်ဘိုလာတို့က လက်လုပ်ဖောက်ခွဲရေး ပစ္စည်းတွေ၊ တင့်ကားဖျက် မစ်ဇိုင်းတွေနဲ့ လက်ဘနွန် တောင်ပိုင်းမှာ သူတို့တင့်ကားတွေကို တိုက်ခိုက်နိုင်ခဲ့တဲ့ ၂၀၀၆ ခုနှစ် နောက်ပိုင်းကတည်းက တင့်ကားတွေကို အကာအကွယ်ပေးဖို့ သူတို့ လေ့လာခဲ့ပါတယ်။

သူတို့က Trophy လို့ အမည်ပေးထားတဲ့ APS ကိုထွင်ပါတယ်။ ရေဒါသုံးပြီး တင့်ကားဆီလာတဲ့ မစ်ဇိုင်း ဒါမှ မဟုတ် ဒရုမ်းကို ခြေရာခံပြီး တင့်ကား အမြောက် ဆုံလည်နေရာမှာ ဆင်ထားတဲ့ ရော့ကက်လောင်ချာနဲ့ အဲဒီလာတဲ့ အရာကို ပြန်ပစ်ချတာပါ။ နောက်ဆုံးပေါ် အနောက်နိုင်ငံထုတ် တင့်ကားတွေမှာ ဒီ Trophy ဒါမှမဟုတ် သူ့ရဲ့ မျိုးကွဲတွေ တပ်ဆင်လာတာမျိုး ဖြစ်လာ နိုင်ပါတယ်။

ဗိုလ်ချုပ် ဟော့ချ်က "တန်ပြန် ဒရုမ်းစနစ်တွေကို အဆင့်မြှင့် လာတာတွေက စစ်မြေပြင်မှာ ပစ်မှတ်ကို လွယ်လွယ်ကူကူ ရှာတတ်တဲ့ ဒရုမ်းတွေရဲ့ စွမ်းအားကို လျော့ပါးသွားစေမှာပါ" လို့ ဆိုပါတယ်။

Aerial view of a destroyed Russian tank

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တင့်ကားရဲ့ ထိပ်ဦးအမိုးပိုင်းက အကာအကွယ် အားအနည်းဆုံးနေရာဖြစ်ပြီး ခေတ်မီ မစ်ဇိုင်းတွေက အဲဒီနေရာကို ပစ်မှတ်ထား ဖျက်ဆီး

ဒီတော့ တင့်ကားတွေမှာ အနာဂတ်ရှိပါလား၊ တချို့ကတော့ အဟောင်းတွေစွန့်ပစ်ထားတဲ့ အပုံထဲ ရောက်သွားတော့မယ်လို့ ဆိုနေ ပါတယ်။

"ရွေ့လျားပစ်နိုင်တဲ့ အမြောက်စွမ်းအားကို ကာကွယ်ပေးဖို့က အမြဲလိုအပ်နေတာပါ" လို့ ဗိုလ်ချုပ် ဟော့ချ်က ပြောပါတယ်။ မဝေးတဲ့ အနာဂတ်မှာ လူမပါပဲ အဝေးကနေ ထိန်းကျောင်းတဲ့ တင့်ကားတွေ ပေါ်လာနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

"ကျွန်တော်က ခြေလျင်စစ်သား တယောက်ဖြစ်ခဲ့တယ်၊ ရွေ့လျားပစ်လို့ရတဲ့ အမြောက်တွေက အကာအကွယ်မပေးထားဘဲ တောင်တန်း တောင်ကြောတွေမှာ သွားတိုက်ရတဲ့ စစ်ပွဲကို မနွှဲချင်ဘူး။"

ယူကရိန်းစစ်သားတွေဆီကို မကြာသေးခင် ကာလပိုင်းက သွားလည်ခဲ့တဲ့ ဒေးဗစ်ဝယ်လီက "အကောင်းဆုံး တင့်ကားတွေ ဆိုတဲ့ အချက်နဲ့ မလုံလောက်ပါဘူး၊ တပ်ဖွဲ့ဝင်တွေက အကောင်းဆုံးဖြစ်ရမှာပါ"လို့ ဆိုပါတယ်။

"ကမ္ဘာမှာ အကောင်းဆုံး စစ်လက်နက်တွေ ရထားပြီဆိုတာနဲ့ စစ်ပွဲကို နိုင်ပြီဆိုပြီး တွက်လို့မရပါဘူး။ ယုံကြည်မှုက အခရာပါ၊ ယူကရိန်း ပြည်သူတွေက သူတို့ရဲ့ အရေးကို သူတို့ ခိုင်ခိုင် မာမာ ယုံကြည် ဆောင်ရွက်ကြတယ်။"