တားမြစ်ပိတ်မှုတွေကြား လူသန်းဆယ်ချီ WhatsApp ကို ဘယ်လိုအသုံးပြုနေကြလဲ

Will Cathcart
ဓာတ်ပုံ ပုံစာ, WhatsApp ပိုင်ရှင် Will Cathcart

‘‘လူပေါင်း သန်းဆယ်ချီ’’ ဟာ တားမြစ် ပိတ်ပင်ခံထားရတဲ့ လူမှုကွန်ရက် စာတိုပို့ အပလီကေးရှင်း WhatsApp ကို နည်းပညာပိုင်းဆိုင်ရာကျော်ခွပြီး လျှို့လျှို့ဝှက်ဝှက်အသုံးပြုနေကြတုန်းပဲလို့ WhatsApp ပိုင်ရှင်က ပြောလာပါတယ်။

“လူတွေဘယ်လောက်များများ ဒီလိုဒီပုံနဲ့ WhatsApp ကို သုံးနေတယ်ဆိုတာ ခင်ဗျားတို့ သိသွားရင် အံ့သြသွားမှာ” ပိုင်ရှင် ဝေလ် ကတ်သ်ကာ့ထ်က ဘီဘီစီကို ပြောပါတယ်။

နောက်ထပ် အနောက်နိုင်ငံက အပလီကေးရှင်းတွေလိုပဲ အီရန်၊ မြောက်ကိုရီးယားနဲ့ ဆီးရီးယားနိုင်ငံတို့မှာ အသုံးပြုခွင့် ပိတ်ပင်ထားပါတယ်။

ပြီးခဲ့တဲ့လတုန်းကတော့ တရုတ်ဟာ သုံးစွဲရ လုံခြုံတဲ့ WhatsApp ကို တားမြစ်ပိတ်ပင်တဲ့နိုင်ငံတွေထဲ တရုတ်နိုင်ငံလည်း ပါဝင်လာပါတယ်။

နောက် နိုင်ငံတွေဖြစ်တဲ့ ကာတာ၊ အီဂျစ်၊ ဂျော်ဒန်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) နိုင်ငံတို့ကလည်း အသံနဲ့ဖုန်းခေါ်ဆိုမှု ပြုလုပ်နိုင်တာကို ကန့်သတ်ထားပါတယ်။

ဒါပေမဲ့ အသုံးပြုဖို့ မှတ်ပုံတင်ထားတဲ့ ဖုန်းနံပါတ်တွေကြောင့် ဘယ်သူတွေက ဘယ်နေရာကနေ အသုံးပြုနေတယ်ဆိုတာကို WhatsApp ဘက်က သိရှိထားနိုင်ပါတယ်။

“လူတွေ WhatsApp ကို အသုံးပြုနေကြတယ်ဆိုတဲ့ အကြမ်းဖျင်းအခြေအနေအစီရင်ခံစာတွေကို ကျွန်တော်တို့ လေ့လာကြည့်မယ်ဆိုရင် ကျွန်တော်တို့ကို ပိတ်ထားတဲ့နိုင်ငံအချို့မှာဆိုရင်တောင် WhatsApp နဲ့ချိတ်ဆက်ထားတဲ့ လူပေါင်း သန်းဆယ်ချီရှိတယ်” မစ္စတာ ကတ်သ်ကာ့ထ်က ပြောပါတယ်။

“ရပ်တန့်အောင် လုပ်ရတဲ့အရာ”

တရုတ်ပြည်က အိုင်ဖုန်းအသုံးပြုသူတွေအနေနဲ့ အပလီကေးရှင်းစတိုးကနေ WhatsApp အပ်ကို ဒေါင်းလုတ်ဆွဲ ရယူအသုံးပြုတာမျိုးမလုပ်နိုင်အောင် ဟန့်တားဖို့ တရုတ်က အက်ပဲလ်ကို အမိန့်ပေးခဲ့ပါတယ်။ မစ္စတာ ကတ်သ်ကာ့ထ်ကတော့ “ကံမကောင်းမကြောင်းမလှ”တဲ့ အခြေအနေလို့ ပြောပေမဲ့ သူ့ အပလီကေးရှင်းအတွက် တရုတ်ဟာ ဘယ်တုန်းကမှ စျေးကွက်မဖြစ်ခဲ့ဘူးလို့ ပြောပါတယ်။

“အက်ပဲအတွက်တော့ ဒါက ဆုံးဖြတ်ချက်ချရမယ့်ရွေးချယ်စရာဖြစ်လာတယ်” လို့ သူက ပြောပါတယ်။

“တခြားရွေးချယ်စရာလည်းမရှိဘူးလေ”

“ကျွန်တော် ဆိုလိုတာက သူတို့အနေနဲ့ တစ်ခုခုကို တကယ်ရပ်သွားအောင် လုပ်နိုင်တဲ့ အခြေအနေတစ်ရပ်ကို ရောက်သွားစေတယ်”

အန်းဒရိုက်ဖုန်းအသုံးပြုသူတွေကတော့ တရားဝင် အပလီကေးရှင်းစတိုးတွေဆီကို ဝင်စရာမလိုဘဲ WhatsApp ကို ဒေါင်းလုတ်ဆွဲပြီးအသုံးပြုနိုင်ပါတယ်။

ပြီးတော့ မစ္စတာ ကတ်သ်ကာ့ထ်က ပုဂ္ဂလိကကွန်ရက်အတု(VPN)တွေ အသုံးပြုမှုမြင့်တက်လာတာနဲ့ အင်တာနက်အသုံးပြုနေသူတစ်ဦးဦး ဘယ်နေရာကနေ အသုံးပြုနေတယ်ဆိုတဲ့လိပ်စာကို တိုက်ရိုက် မဟုတ်ဘဲ တဆင့်ခံဆာဗာကို ပြသပေးတဲ့ ပရောက်ဇီဆာဗာ(proxy server) ကို ပြီးခဲ့တဲ့ ဇွန်လမှာ စတင်အသုံးပြုခွင့် ပေးခဲ့တာကြောင့် WhatsApp ကို အသုံးပြုခွင့်လွယ်ကူစေခဲ့ပါတယ်။

ဖုန်းမှာ မြင်တွေ့ရတဲ့ whatsapp

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, WhatsApp ကို ကမ္ဘာတဝန်းမှာ သုံးစွဲသူ သန်း နှစ်ထောင်အထိရှိနေပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပေးပို့တဲ့အကြောင်းအရာကို ပေးပို့သူနဲ့ လက်ခံသူ နှစ်ဦးကြားပဲ သိရှိနိုင်ပြီး ကြားဖြတ်ကြည့်ရှုလို့မရနိုင်တဲ့နည်းပညာရှိတဲ့ WhatsApp နဲ့ ဆစ်ဂနယ်သာမက တယ်လီဂရမ်ကိုပါ တရုတ်က အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားပြီး ဘလော့အသေးစားသဖွယ်ဖြစ်တဲ့ အပလီကေးရှင်း Thrads ကိုလည်း ပိတ်ထားပါတယ်။

မစ္စတာ ကတ်သ်ကာ့ထ်ကတော့ အနောက်နည်းပညာပလက်ဖောင်းတွေ ပြည်ပကို ရောက်ရှိမှုဟာ လစ်ဘရယ် ဒီမိုကရေစီစံနှုန်းတွေ ပျံ့ပွားမှုမှာ အခရာကျတယ်လို့ ရှုမြင်ထားတာ အရင်ကတည်းက ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီလုပ်နိုင်စွမ်းဟာ အနောက်နိုင်ငံတွေမှာ လွတ်လပ် ပွင့်လင်းတဲ့အင်တာနက်အသုံးပြုမှုဆိုင်ရာ စံနှုန်းတွေနဲ့အတူ တဖြည်းဖြည်းမှေးမှိန်လာပြီလာဆိုတာကို သူက ဝန်ခံပါတယ်။

“ခြိမ်းခြောက်မှုခံနေရတယ်ဆိုတာကတော့ ရှင်းပါတယ်။ ပြီးတော့ ရုန်းကန်နေရတဲ့အခြေအနေပါ” လို့ မစ္စတာ ကတ်သ်ကာ့ထ်က ဘီဘီစီသတင်းကို ပြောပါတယ်။

“ကမ္ဘာတလွှားက လူတွေကို အာဏာရှင်အစိုးရတွေ၊ အစိုးရတွေရဲ့ဆင်ဆာပိတ်ပင်မှုတွေကနေ ကျော်လွန်ပြီး ပုဂ္ဂလိကဆန်ဆန် လုံလုံခြုံခြုံဆက်သွယ်နိုင်အောင် လုပ်ပေးနိုင်တာကို ကျွန်တော်တို့က အတော်လေး ဂုဏ်ယူပါတယ်”

“ဒါပေမဲ့ အဲဒါက မပြတ်ခြိမ်းခြောက်မှုဖြစ်သလို မပြတ်ယှဥ်နေရတဲ့ပြိုင်ပွဲပါပဲ”

သံသယဖြစ်ဖွယ်ရာဇဝတ်သားတွေ

အမေရိကန်ဟာ အမျိုးသားလုံခြုံရေးအကြောင်းပြချက်တွေနဲ့ တရုတ်ပိုင် တစ်တော့ကို ပိတ်ပင်လာနိုင်ခြေရှိတာကြောင့် အခုဆိုရင် အဲဒီမပြတ်ယှဥ်ရတဲ့ပွဲထဲမှာ ပါဝင်လာပါတယ်။

မစ္စတာ ကတ်သ်ကာ့ထ်ကတော့ ပေးပို့သူနဲ့လက်ခံသူနှစ်ဦးကြားသာ သိနိုင်တဲ့ end-to-end encryption ကို ပိတ်ပင်တာ၊ မသင်္ကာစရာ ရာဇဝတ်သားတွေရဲ့ မက်ဆေ့တွေကို ရဲကို ဖတ်ခွင့်ပေးမယ့် ဗြိတိန်အပါအဝင် အစိုးရတွေက ဆက်ပြီးလုပ်နေတဲ့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်တဲ့အကြောင်း ဆက်ပြီး ဖော်ပြနေပါတယ်။

“ဝမ်းနည်းဖို့ကောင်းတာက ဒီလိုယှဥ်ပြိုင်ရတဲ့အခြေအနေက မပြီးသေးဘူးလို ကျွန်တော် ထင်တယ်” လို့ သူက ဘီဘီစီသတင်းကို ပြောပါတယ်။

“လူတွေက end-to-end encryption ဆိုတာဘာလဲ၊ အဲဒါဘယ်လိုအလုပ်လုပ်လဲဆိုတာကို သိတာ မသိတာရှိပေမဲ့ သီးသန့်လုံခြုံမှုကို ဂရုစိုက်ကြတယ်”

“ပြီးတော့ အဲဒါနဲ့ပတ်သက်ပြီး ဆက်သွယ်ပြောဆိုလုပ်ဆောင်ဖို့ ကျွန်တော်တို့ အများကြီးလိုအပ်တယ်။ ဒီဟာ ဘယ်လောက်အထိ အရေးပါပြီး အနိုင်အရှုံးပေါ် မူတည်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိဖို့လည်း လိုပါတယ်”