"ကျွန်မဓာတ်ပုံကို သုံးပြီး ယောကျ်ားတွေဆီက ဒေါ်လာ ထောင်ချီ လိမ်ခဲ့တယ်"

no tag

အမျိုးသားတွေဆီက ဒေါ်လာ ထောင်ချီ လှည့်စားဖို့ နာမည်ကြီး အဖော်အချွတ်မယ်ဟောင်း တယောက်ဆီက ခိုးထားတဲ့ ရုပ်ပုံတွေကို ဆယ်စုနှစ်တခုကျော်ကြာ အသုံးပြုခဲ့ပါတယ်။ ဘုမသိဘမသိပဲ အချစ်စိတ်မွှန်လာအောင် လုပ်တဲ့ ဖျားယောင်းလိမ်လည်မှုပေါင်းများစွာရဲ့ မျက်နှာပိုင်ရှင် ဖြစ်လာမယ်ဆိုရင် ဘယ်လိုခံစားရမှာလဲ။

သူနဲ့ ချစ်ကျွမ်းဝင်နေတယ် ဒါမှမဟုတ် သူတို့ ဇနီးသည် ဖြစ်တယ်လို့တောင် ယူဆနေကြတဲ့ အမျိုးသားတွေဆီက နေ့စဥ်လိုလို ဗန်နက်ဆာ စာတိုမက်ဆေ့တွေ ရပါတယ်။

သူတို့တွေဟာ ဒေါသထွက်နေကြတယ်၊ ထင်ယောင်ထင်မှား ဖြစ်နေကြသလို တချို့ဆိုရင်လည်း သူ့ရဲ့ နေ့စဥ် အသုံးစရိတ်တွေ၊ ဆေးရုံစရိတ်တွေနဲ့ အမျိုးတွေကို ကူညီထောက်ပံ့ဖို့အတွက် ပေးထားတယ်လို့ဆိုတဲ့ သူတို့ ပိုက်ဆံတွေကို ပြန်လိုချင်ကြတယ်။

ဒါပေမဲ့ ဒါတွေအားလုံး အလိမ်အညာတွေပါ။ ဗန်နက်ဆာကိုယ်တိုင် အဲဒီအမျိုးသားတွေကို မသိပါဘူး။ သူ အဖော်အချွတ် ဖျော်ဖြေရေးလောကမှာ လုပ်ခဲ့စဥ်တုန်းက အခိုးခံလိုက်ရတဲ့ သူ့ရဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ၂၀၀၀ ခုနှစ် အလယ်ပိုင်းတွေကတည်းက အွန်လိုင်းပေါ်မှာ အချစ်စိတ်မွှန်လာအောင် ဖျားယောင်းလိမ်လည်မှုတွေရဲ့ ငါးစာအဖြစ် အသုံးပြုခဲ့ပါတယ်။

အလိမ်ခံရသူတွေဟာ ဗန်နက်ဆာရဲ့ နာမည် ဒါမှမဟုတ် ထင်ပေါ်ကျော်ကြားမှုကို သုံးထားတဲ့ အွန်လိုင်း အကောင့်တုတွေကနေတဆင့် ငွေညှစ်တာ ခံခဲ့ရပါတယ်။

ငွေတွေဆုံးရှုံးပြီး ဘဝတွေပျက်ခဲ့ရတဲ့ ဖြစ်ရပ်တွေ ပါဝင်တဲ့ မက်ဆေ့ပေါင်းများစွာဟာ ထိခိုက်ဆုံးရှုံးမှု အင်မတန် ကြီးတယ်ဆိုတာ ဖော်ပြနေပါတယ်။

“ကျွန်မ စိတ်ဓာတ်တွေ စကျလာတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တွေ စတင်လာတယ်။ ကျွန်မရဲ့ ဓာတ်ပုံတွေဟာ အဲဒီမှာ ပျံ့နှံ့မသွားဖူးဆိုရင် ဒီအမျိုးသားတွေလည်း အလိမ်ခံရမှာ မဟုတ်ဘူး” လို့ ဗန်နက်ဆာက ပြောပါတယ်။ (သူ့ရဲ့ ဖြစ်တည်မှုကို ကာကွယ်တဲ့အနေနဲ့ သူ့ရဲ့ မိသားစုအမည်ကိုတော့ ဘီဘီစီက အသုံးပြုမှာ မဟုတ်ပါဘူး။)

အဝတ်အစားတွေ ချွတ်ပြပြီး အင်တာနက်ပေါ်မှာ လိုဖ်လွှင့်ပြတဲ့ အဖော်အချွတ်မယ်အဖြစ် ဗန်နက်ဆာဟာ ၈ နှစ်လောက် အလုပ်လုပ်ခဲ့ဖူးပါတယ်။ သူစလုပ်တဲ့အခါမှာ ရှက်လို့ ဂျန်နက်ဆာ ဘရာဇီးလ်ဆိုတဲ့ ခပ်ဆင်ဆင် နာမည်တခုကို ဖန်တီးဖို့ သူဆုံးဖြတ်ခဲ့ပါတယ်။ “အဲဒါ ကျွန်မ တကယ်မဟုတ်ဘူးလေ။ ဂျက်နက်ဆာလေ။ အဲတော့ ကျွန်မ ရှက်စရာမလိုတော့ဘူး” လို့လည်း သူ ယူဆခဲ့ပါတယ်။

မိသားစု နာမည်အဖြစ် ဘရာဇီးလ်ကို ရွှေးရတဲ့ အကြောင်းအရင်းကတော့ သူ့ရဲ့ မွေးရပ်မြေ ဖြစ်ရုံသာမက အင်တာနက်ပေါ်မှာ လူရှာအများဆုံး နာမည်တခု ဖြစ်လို့ ဖြစ်ပါတယ်။ ဒါကတော့ စစ်တမ်းပြုစုမှုတခုရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။

“ကျွန်မ အဲဒီနာမည်ကို မုန်းတယ်” လို့ အခုတော့ သူက ဆိုပါတယ်။ ဒါပေမဲ့ မြန်မြန်ဆန်ဆန် ထင်ပေါ် ကျော်ကြားဖို့တော့ အထောက်အကူဖြစ်ခဲ့တယ်။”

no tag
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တခဏတော့ အရာအားလုံးဟာ အဆင်ချောခဲ့ပါတယ်။ သူ့ကို ကြည့်ဖို့နဲ့ သူနဲ့ အပြန်အလှန် စကားပြောဖို့ တမိနစ်ကို ဒေါ်လာ ၂၀ လောက်ပေးခဲ့ရတဲ့ သူ့ပရိသတ်တွေနဲ့ သူ့ကြား ဆက်ဆံရေးမှာ ဗန်နက်ဆာ ပျော်ပိုက်ခဲ့တယ်။

“သူတို့တွေကို စိတ်ကျေနပ်စေချင်တယ်။ သူတို့နဲ့ ပျော်ချင်တယ်။ ပြီးတော့ သူတို့ ကျွန်မကို တမ်းတမ်းစွဲခဲ့တယ်” လို့လည်း သူက ဆိုပါတယ်။

သူ့ရဲ့ အသက်မွေးလမ်းကြောင်း အအောင်မြင်ဆုံးကာလမှာ တနှစ်ကို အမေရိကန် ဒေါ်လာ ၁ သန်းလောက် ဝင်ငွေရှိခဲ့ပါတယ်။

ဂျက်နက်ဆာဟာ အောင်မြင်ပြီး လူကြည့်များတဲ့ သူ့ကိုယ်ပိုင် ဝဘ်ဆိုက် စာမျက်နှာ တခုရှိခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၆ ခုနှစ်မှာတော့ သူ့ရဲ့ အွန်လိုင်းစာမျက်နှာကို ရပ်နားခဲ့ပါတယ်။

အချစ် ဂျန်နက်ဆာ (Love, Janessa) ဆိုတဲ့ ပေ့ါကတ်စ် အသံလွှင့်အစီအစဥ်တခုအတွက် ဘီဘီစီက သူ့ကို လိုက်ရှာခဲ့တာ ၉ လလောက် ကြာခဲ့ပါတယ်။

အမေရိကန် အရှေ့ခြမ်းက ခေတ်မီတိုက်ခန်းတခုမှာ ဗန်နက်ဆာနဲ့ စကားပြောဖြစ်တော့ အွန်လိုင်းပေါ်မှာ ဘာအစီအစဥ်မှ မဖန်တီးဖြစ်တော့တာက လူလိမ်တွေကို ရပ်တန့်နိုင်ဖို့ ကြိုးစားတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“ကျွန်မနဲ့ ပတ်သက်တဲ့ အရာအားလုံးကို နောက်တကြိမ် ထပ်အသုံးပြုဖို့ သူတို့ကို ကျွန်မ အခွင့်အာဏာပေးချင်စိတ် မရှိတော့ဘူး” လို့လည်း ဆိုပါတယ်။

တိုက်ရိုက်ထုတ်လွှင့်မှု ရှိုးတခုအတွင်း အမျိုးသားတယောက်က သူဟာ ဗန်နက်ဆာရဲ့ ခင်ပွန်းဖြစ်ပြီး အဖော်အချွတ်ရိုက်ပြတာတွေ ရပ်တန့်တော့မယ်လို့ သူ့ကို ကတိပေးခဲ့တဲ့အကြောင်း အခိုင်အမာပြောဆိုမှုတွေကို ချက်ဘောက်စ်မှာ ရေးသားတဲ့အခါ လူလိမ်တွေဟာ သူ့လို ဟန်ဆောင်ခဲ့ကြတယ်ဆိုတာ ဗန်နက်ဆာ ပထမဆုံးအကြိမ် သတိထားမိခဲ့ပါတယ်။

သူ့ရဲ့ ရှိုးပွဲတွေမှာ ကွန်မန့်တွေ ရေးသားပြီး သူ့ရဲ့ သရုပ်အမှန်ကို သက်သေပြဖို့ တောင်းဆိုကြတဲ့ အလားတူ ဇာတ်လမ်းမျိုး ကြုံခဲ့ရသူတွေလည်း ထပ်ရောက်လာပါတယ်။

လူလိမ်တွေဟာလည်း သူ့ကို ဦးထုပ်အနီးရောင်ဆောင်းပြပါလိုမျိုး ခပ်ကြောင်ကြောင် တောင်းဆိုမှုတွေ တောင်းဆိုခဲ့ကြပြန်ပါတယ်။

နောက်ပိုင်းမှာ လူတွေကို လှည့်စားဖို့အတွက် အဲဒီပုံတွေကို လူလိမ်တွေက အသုံးပြုခဲ့ပါတယ်။

ဆက်တိုက် ကွန့်မန်ရေးမှုတွေ၊ အီးမေးပေးပို့မှုတွေနဲ့ တင်းမာတဲ့ အခြေအနေတွေဟာ သူ့ရဲ့ စီးပွားရေးအပေါ် စတင် သက်ရောက်လာခဲ့ပါတယ်။

“အိပ်မက်ဆိုးတခုလိုပဲ” လို့ ဗန်နက်ဆာက ပြောပါတယ်။

“ဒါပေမဲ့ အဲဒီအမျိုးသားတွေအတွက် စိတ်မကောင်းဖြစ်တယ်၊ ကျွန်မ ဘာဆက်လုပ်ရမှာလဲ။”

ပထမတော့ အီးမေးတိုင်းကို ပြန်ဖို့ သူ ကြိုးစားပါတယ်။ အဲဒီလို လုပ်တာကလည်း နေ့စဥ် နာရီနဲ့ချီ ကြာခဲ့ပါတယ်။

နောက်တော့ သူ့ရဲ့ မန်နေဂျာလည်း ဖြစ်တဲ့ ခင်ပွန်းဖြစ်သူက မက်ဆေ့တွေကို စတင်စောင့်ကြည့် စစ်ဆေးခဲ့တယ်လို့ သူက ဆိုပါတယ်။

အဲဒီအမျိုးသားတွေ ဆုံးရှုံးသွားတဲ့ ငွေတွေအတွက် သူနဲ့ ဗန်နက်ဆာမှာ ဥပဒေအရ တာဝန်မရှိဘူးလို့ အလိမ်ခံရသူတွေကို သူက ပြန်ပြောခဲ့ပါတယ်။

“လူလိမ်တွေဆီကို အဲဒီအမျိုးသားတွေ ပေးခဲ့တဲ့ ငွေတွေအားလုံးသာ ကျွန်မ ရခဲ့ရင် ကျွန်မ ဒီနေ့ ဘီလျံနာ သူဌေးကြီး ဖြစ်နေလောက်ပြီ၊ အခန်းပေါက်စလေးထဲမှာ အခုလိုမျိုး ထိုင်နေရမှာ မဟုတ်ဘူး”လို့လည်း ဗန်နက်ဆာက ဆိုပါတယ်။

no tag

အမျိုးသမီးတွေကို စောင့်ရှောက်ချင်တာ အမျိုးသားအများစုရဲ့ သဘာဝ ဖြစ်တယ်လို့ ဗန်နက်ဆာက ယူဆပါတယ်။

ဘာကြောင့် သူတို့နဲ့ မတွေ့ဖူးတဲ့ သူတဦးဆီကို ငွေတွေ ပေးပို့ရသလဲဆိုတဲ့ အကြောင်းအရင်းကို သူက ရှင်းပြပါတယ်။

“သူတို့ဆီမှာ ငွေမရှိဘူးဆိုရင်တောင် သူတို့ အချစ်ခံရတယ်ဆိုတဲ့ စိတ်ခံစားချက်ကြောင့် ငွေတွေ ပို့ပေးချင်သေးတယ်” လို့လည်း ဆိုပါတယ်။

အသက် ၃ဝ စွန်းစွန်း အီတလီအမျိုးသားတဦးဖြစ်တဲ့ ရောဘတ်တို မာရီနီဟာ ဂျန်နက်ဆာကို တမ်းတမ်းစွဲခဲ့သူတယောက်ပါ။

ဟန်နာလို့ သူ့ကိုယ်သူခေါ်တဲ့ အင်မတန် ချောတဲ့ လူငယ် အမျိုးသမီးတယောက်နဲ့ ဖေ့ဘုတ်စ်ပေါ်မှာ စာပို့ဖြစ်ရာကနေ ဇာတ်လမ်းစခဲ့တာပါ။

အီတလီက ဆာဒီးနီးယားကျွန်းပေါ်က ရေရှည်တည့်တံခိုင်မြဲတဲ့ စိုက်ခင်းအကြောင်း သူ့ရဲ့ ကနဦး စီးပွားရေး လုပ်ငန်းနဲ့ ပတ်သက်လို့ သူ့ကို ဟန်နာက ချီးကျူးခဲ့ပါတယ်။

ဓာတ်ပုံတွေ အပြန်အလှန်ပို့ကြ၊ ချစ်ကြောင်း ကြိုက်ကြောင်း စာတွေ ပို့တာ သုံးလလောက် ကြာတော့ ဟန်နာဟာ ငွေစတောင်းခဲ့ပါတယ်။

ပထမတော့ ဖုန်းပျက်သွားလို့ လိုမျိုး အသေးအဖွဲတွေအတွက် တောင်းခဲ့တာပါ။

သိပ်မကြာခင်မှာပဲ ငွေတွေ ပိုပြီး လိုလာခဲ့ပါတယ်။

သူ့ဘဝဟာ အင်မတန် ခက်ခဲ ကြမ်းတမ်းတယ်။ နာမကျန်းဖြစ်နေတဲ့ ဆွေမျိုးတွေကို ကြည့်ရှု့မစောင့်ရှောက်နိုင်လို့ အဖော်အချွတ် ဖျော်ဖြေရေးလောကမှာ အသက်မွေးဝမ်းကြောင်း လုပ်နေရတယ်လို့လည်း ဆိုပါတယ်။

ရောဘတ်တိုဟာ ဖခင်တယောက်ရဲ့ ခံစားချက်အတိုင်း သူ့ဘဝကို ကယ်တင်ချင်ခဲ့ပါတယ်။

ဒါပေမဲ့ လူကိုယ်တိုင် စကားပြောခွင့်မရသေးတဲ့အပေါ်မှာတော့ သိပ်ဘဝင်မကျပါဘူး။

ဖုန်းပြောမယ်လုပ်တိုင်း သူ့ဖုန်းက ပျက်သွားလို့ ဒါမှမဟုတ် တခုမဟုတ် တခု ပေါ်လာခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဟန်နာရဲ့ ဓာတ်ပုံနဲ့ ဗွီဒီယို ထောင်ပေါင်းများစွာကို အွန်လိုင်းပေါ်မှာ သူရှာတွေ့ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီပုံတွေဟာ အဖော်အချွတ် ဖျော်ဖြေရေးလောကမှာ နာမည်ကျော်တဲ့ ဂျန်နက်ဆာ ဘရာဇီးလ်ရဲ့ ပုံတွေဖြစ်ပြီး ပုံအများအပြားဟာ ဟန်နာကိုယ်တိုင် သူ့ကို ပို့ပေးခဲ့တဲ့ ပုံတွေထက် ပိုပြီးတော့ ဖော်ချွတ်ထားပါတယ်။

သူတို့ရဲ့ အချစ်ဇာတ်လမ်းဟာ အမှန်လို့ ထင်ခဲ့တယ်။ ဒါကြောင့် သူတို့ရဲ့ သမီးရည်းစား ဆက်ဆံရေးကို ရှုပ်ထွေးမှာ စိုးလို့ သူ့ရဲ့ သရုပ်မှန်ကို မဖော်ပြချင်တာများ ဖြစ်မလားဆိုပြီး သူ သိချင်ခဲ့တယ်။

ဝေခွဲမရဖြစ်နေတဲ့ ရောဘတ်တိုဟာ ဂျန်နက်ဆာ ဘရာဇီးလ်ရဲ့ အွန်လိုင်းပေါ်က တိုက်ရိုက်ထုတ်လွှင့်မှုတခုကို ဝင်ကြည့်ခဲ့ပါတယ်။

“အမှန်တကယ် နင်ပဲလား” လို့ ချက်ဘောက်မှာ သူရေးခဲ့ပါတယ်။

သူလိုချင်တဲ့ အဖြေမျိုးတွေတော့ သူမရခဲ့ပါဘူး။ သူဟာ တမိနစ်စာပဲ ပေးထားတော့ အဲဒီမှာ ကြာကြာ ကြည့်ခွင့် မရခဲ့ပါဘူး။

သရုပ်မှန်ကို ဖော်ထုတ်ဖို့အတွက် သူ့ရဲ့ စူးစမ်းရှာဖွေမှုအဖြစ် ရောဘတ်တိုဟာ သူ့ဆီ အီးမေးပို့ခဲ့ပါတယ်။

တခြားသူတွေလိုပဲ ဂျန်နက်ဆာ အစစ်များ ဖြစ်မလားဆိုပြီး သူ ထင်ခဲ့ပါတယ်။

သူမနဲ့ ဘီဘီစီ အင်တာဗျူးလုပ်ချိန်မှာတော့ ဗန်နက်ဆာဟာ သူ့ရဲ့ အီးမေး inbox ကို ပြန်စစ်ခဲ့ပြီး အီးမေးပေါင်း ထောင်ချီကြားမှာ ရောဘတ်တိုရဲ့ မက်ဆေ့ကိုလည်း သူရှာတွေ့ခဲ့ပါတယ်။

“ဟိုင်း ဂျက်နက်ဆာ ဘရာဇီးလ် အစစ်နဲ့ ငါစကားပြောဖို့လိုတယ်” လို့ ၂၀၁၆ ခုနှစ်တုန်းက သူရေးသားခဲ့ပါတယ်။

တနာရီလောက်ကြာတော့ “ကျွန်မ ဂျန်နက်ဆာ ဘရာဇီးလ် အစစ်ပါပဲ” လို့ သူ စာပြန်ခဲ့ပါတယ်။

သူတို့ အရင်တုန်းက စကားပြောခဲ့တာ ရှိမရှိ သိရဖို့ ကြိုးစားတဲ့အနေနဲ့ နောက်ထပ် မေးခွန်းတချို့ကိုလည်း သူမေးခဲ့ပါတယ်။

အခုလို အီးမေး အပြန်အလှန် ပို့တာဟာ ပထမဆုံး အကြိမ်ဖြစ်ပြီး သူတို့နှစ်ဦးကြား ရှိခဲ့တဲ့ တခုတည်းသော ဆက်သွယ်မှု ဖြစ်ပါတယ်။

ဒါပေမဲ့ ဇာတ်လမ်းက ဒီမှာတင် အဆုံးသတ်မသွားပါဘူး။ ရောဘတ်တိုဟာ လူလိမ်တွေဆီမှာ ဆက်လက် ပိတ်မိနေခဲ့ပါတယ်။ လေးနှစ်အတွင်း သူတို့ဆီကို ဒေါ်လာ ၂၅ဝ,ဝဝဝ ပေးပို့ခဲ့တယ်။ သူ စုထားသမျှလည်း ပြောင်သွားရုံသာမက အကြွေးတွေလည်း တင်၊ သူငယ်ချင်းတွေဆီကလည်း ငွေတွေချေးခဲ့ရပါတယ်။

ဂျန်နက်ဆာဆီက ခိုးထားတဲ့ ဓာတ်ပုံတွေကို သုံးပြီး အကောင့်တုတွေဟာ လူတွေကို လှည့်စားနေတယ်လို့ တခြားသူတွေကို သတိပေးထားတဲ့ သူ့ရဲ့ အွန်လိုင်းပေါ်က ရေးသားချက်တွေကနေတဆင့် ရောဘတ်တိုက ဘီဘီစီက တွေ့ရှိခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီလို ဇာတ်လမ်းမျိုးစုံနဲ့ ကြုံခဲ့ရတာတောင် သူဟာ ဂျန်နက်ဆာ အစစ်နဲ့ အတွင်းကျကျ ဆက်ဆံရေး တခု ရှိခဲ့တယ်လို့ တစိတ်တပိုင်း ယုံကြည်နေဆဲပါ။

ဒါဟာ အောင်မြင်တဲ့ လိမ်လည်မှုတခုရဲ့ သင်္ကေတ ဖြစ်တယ်လို့ အွန်လိုင်းပေါ်က ချစ်ဇာတ်လမ်း လိမ်လည်မှုတွေအကြောင်း လေ့လာနေတဲ့ ဖိလစ်ဒေးဖီးယားက ပြစ်မှုဆိုင်ရာ တရားစီရင်ရေး ကျွမ်းကျင်သူ ဒေါက်တာ Aunshul Rege က ပြောပါတယ်။

ဓာတ်ပုံနဲ့ သတင်းအချက်အလက်တွေကို မျှဝေပြီး အလိမ်ခံရသူတွေကို လှည့်ဖျားဖို့အတွက် အဖွဲ့အစည်းနဲ့ကို လုပ်ဆောင်နေတဲ့ ရာဇဝတ်မှု ကွန်ရက်တွေက မကြာခဏဆိုသလို စာတိုမက်ဆေ့တွေ ပေးပို့တတ်တယ်လို့လည်း သူက ဆိုပါတယ်။ လိမ်လည်မှုတွေဟာ တပုံစံတည်းပဲ။

ချစ်ကြ ကြိုက်ကြမယ်။ ဖြတ်ဖို့ ခြိမ်းခြောက်မယ်၊ အဲဒီနောက် နှစ်ယောက်သား အတူတူနေဖို့ ရည်ရွယ်လုပ်ဆောင်တဲ့အနေနဲ့ ငွေရေးကြေးရေး အကူအညီတွေ တောင်းမယ်။

အဲဒီနည်းလမ်းတွေဟာ ပုံသေကားချပ်လို ဖြစ်နေပါတယ်။ အဲဒီလို ဇာတ်လမ်းမျိုး ကြုံခဲ့ရသူတိုင်းအတွက် သိပ်မထူးဆန်းတော့ပေမယ့် ဒီနည်းလမ်းတွေက အလုပ်ဖြစ်ပါတယ်။

“လူသားတွေအနေနဲ့ တယောက်ကို တယောက် ကူညီချင်တဲ့ စိတ်ရှိကြတယ်လေ။ အဲဒီအပေါ် သူတို့ အခြေပြုခဲ့ကြတာပဲ” လို့လည်း ဒေါက်တာ Rege က ဆိုပါတယ်။

ဗန်နက်ဆာကတော့ သူ့အနေနဲ့ အဲဒီလို လူမဆန်တဲ့ နည်းလမ်းတွေကို မုန်းတယ်လို့ ပြောပါတယ်။ “သူတို့တွေဟာ ချစ်ခြင်းမေတ္တာတွေ ပြသပြီး ပြန်ယူသွားကြတယ်။ အမျိုးသားတွေက ဆောက်တည်ရာမရ ကျန်ခဲ့ပြီး ချစ်ခြင်းမေတ္တာ ပြန်ရဖို့ ဘာမဆို လုပ်ဖို့ ဆန္ဒရှိကြတယ်” လို့လည်း ဆိုပါတယ်။

ရောဘတ်တိုရဲ့ အလိမ်ခံရမှုဟာ အစီအစဥ်တကျလုပ်တဲ့ အဖွဲ့တဖွဲ့က လုပ်ဆောင်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဒေါက်တာ Rege က ယူဆပါတယ်။ ကမ္ဘာတဝန်း လည်ပတ်နေတဲ့ ကွန်ရက်အကြီးအကြီးတွေ ရှိပြီး အဓိကအားဖြင့် တူရကီ၊ တရုတ်၊ ယူအေအီး၊ ယူကေ၊ နိုင်ဂျီးရီးယားနဲ့ ဂါနာနိုင်ငံတွေမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ငွေလွှဲပေးဖို့ ရောဘတ်တို့ကို ပြောခဲ့တဲ့ နေရာတနေရာက Sakawa Boys လို့ခေါ်တဲ့ အွန်လိုင်း လူလိမ်အဖွဲ့တဖွဲ့ အခြေစိုက်ရာ ဂါနာ နိုင်ငံ ဖြစ်ပါတယ်။ ဒီတော့ အဲဒီမှာရှိတဲ့ အွန်လိုင်းလူလိမ်အဖွဲ့တချို့နောက်ကို ခြေရာခံခဲ့ကြပါတယ်။

အွန်လိုင်းပေါ်မှာ တခြားသူအဖြစ် အယောင်ဆောင်တာဟာ အချိန်ကုန်ပြီး စီမံအုပ်ချုပ်မှု အများကြီးလည်း ပါဝင်တယ်လို့ ညင်ညင်သာသာ စကားဆိုတတ်တဲ့ လူငယ်တဦးဖြစ်တဲ့ "Ofa" က ပြောပါတယ်။

သူလုပ်ခဲ့တဲ့ အလုပ်အတွက် စိတ်မကောင်းဖြစ်ပေမယ့် ဒီအလုပ်ကနေ သူ ဒေါ်လာ ၅ဝ,ဝဝဝ ကျော် ရှာနိုင်ခဲ့ပါတယ်။

no tag

ဂျန်နက်ဆာရဲ့ ပုံတွေကို ပြကြည့်တော့ သူ့အနေနဲ့ အဲဒီပုံတွေကို အသုံးမပြုခဲ့ဖူးလို့ "Ofa" က ပြောပါတယ်။ ဒါပေမဲ့ အဲဒီပုံတွေဟာ ဘာကြောင့် လူလိမ်တွေကြားမှာ စိတ်ကြိုက်ဖြစ်နေလဲဆိုတာ သူနားလည်ပါတယ်။ လိမ်လည်မှုတခု အလုပ်ဖြစ်ဖို့ ဟင်းချက်တာ ဒါမှမဟုတ် အားကစားလုပ်တာလိုမျိုး နေ့ဓဒူဝ အခြေအနေတွေကို ပြသဖို့အတွက် ဓာတ်ပုံအများအပြား လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။

ဗန်နက်ဆာကတော့ သူ့ရဲ့ နေ့စဥ်ဘဝတွေရဲ့ အခိုက်အတန့်တွေ အများအပြားကို ပွင့်ပွင့်လင်းလင်း ချပြခဲ့လို့ သူ့ပုံတွေကို တစိတ်တပိုင်း အသုံးပြုနေကြတာ ဖြစ်မယ်လို့ ယူဆပါတယ်။

“အဲဒီမှာ အကုန်လုံး ချပြခဲ့တယ်။ ဒီတော့ အဲဒီပုံတွေနဲ့ သူတို့တွေ ကောင်းကောင်းကြီး လုပ်စားလို့ ရပြီပေါ့” လို့လည်း သူက ပြောပါတယ်။

ဒါပေမဲ့ သူ့ရဲ့ အစစ်အမှန် ပုံရိပ်နဲ့ သူအလုပ်လုပ်တဲ့ ပုံရိပ်ကြားမှာ ရှင်းလင်းပြတ်သားတဲ့ မျဥ်းတကြောင်း ရှိပါတယ်။

“ဗန်နက်ဆာဟာ စိုးရိမ်ထိတ်လန့်တတ်တယ်။ ဂျန်နက်ဆာကတော့ အဲဒီလို မဟုတ်ဘူး” လို့ သူက ဆိုပါတယ်။

နောက်ဆုံးမှာတော့ အလိမ်ခံရသူတွေရဲ့ တားဆီးလို့မရတဲ့ ရေစီးကြောင်းဟာ ဗန်နက်ဆာကို စိတ်ကသိကအောက် ဖြစ်စေတဲ့ မကောင်းဆိုးဝါးတကောင်အဖြစ် ပြောင်းလဲသွားပါတယ်။

ကင်မရာရှေ့မှာ နေ့စဥ် ဖျော်ဖြေရတာဟာ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ သူ့အိမ်ထောင်ရေးအပေါ် သက်ရောက်မှု စတင်ရှိလာခဲ့ပါတယ်။

ရှိုးပွဲတွေ မတိုင်ခင် သူအရက် စသောက်လာတယ်လို့လည်း ဗန်နက်ဆာက ပြောပါတယ်။

သူ့ရဲ့ မပျော်ရွှင်မှုတွေကို မြင်နိုင်လို့ အဲဒီအချိန်တုန်းက ဗီဒီယိုတွေ ပြန်ကြည့်ရတာ မုန်းတယ်လို့လည်း ဆိုပါတယ်။

၂ဝ၁၆ ခုနှစ်မှာတော့ ဒါကို ဆက်လုပ်လို့ မရနိုင်တော့ပဲ အဲဒီကနေ ထွက်ဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်လို့ သူက ပြောပါတယ်။

ကားပေါ်မှာ ထုပ်ပိုးပြီး အိမ်ကနေ ထွက်၊ ခင်ပွန်းကိုလည်း ထားခဲ့ပြီး ဘဝသစ်တခု ထူထောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အခုတော့ သူဟာ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတယောက် ဖြစ်ဖို့ လေ့ကျင်နေပြီး ကိုယ်တွေ့မှတ်တမ်း စာအုပ်တအုပ်ကိုလည်း ရေးနေပါတယ်။

သူ့ပုံတွေကို သုံးနေတဲ့ လူလိမ်တွေကို သတင်းပို့ဖို့ အာဏာပိုင်တွေဆီကို ဗန်နက်ဆာ ဘယ်တုန်းကမှ မသွားခဲ့ပါဘူး။ အာဏာပိုင်တွေဟာ သူ့ရဲ့ တိုင်ကြားချက်တွေကို အလေးထား ကိုင်တွယ်မယ်လို့ သူ မထင်ပါဘူး။

ကျွန်မကို ကြည့်ပြီး “နင်ဟာ အပြာမယ်တယောက်ပဲ ဆိုပြီး ရယ်ကြလိမ့်မယ်” လို့လည်း ဆိုပါတယ်။

နှစ်တွေကြာလာတော့ သူလည်း ပိုပြီး ခံနိုင်ရည်ရှိလာပါတယ်။ လူလိမ်တွေဟာ သူ့လို ဟန်ဆောင်တာ ဘယ်တော့မှ ရပ်မှာ မဟုတ်ဖူးဆိုတာလည်း သူ သိပါတယ်။ ဒါပေမဲ့ အလိမ်ခံရသူတချို့ဟာ ဘာကြောင့် အဲဒီထောင်ချောက်ထဲမှာ ဆက်မိနေတာလဲဆိုတာလည်း သူနားလည်ပါတယ်။

“ချစ်စိတ်မွှန်လာရင် ကျွန်မတို့ဟာ မိုက်မဲတတ်ကြတယ်” လို့ သူက ပြောပါတယ်။

“ကျွန်မ သိတယ်၊ ကျွန်မလည်း အဲဒီလို ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခုထက်တော့ ကျွန်မက ပိုပြီး တော်သေးတယ်။ ဒီတော့ ကျွန်မတို့အားလုံး အဲဒီလို ဖြစ်တတ်ကြပါတယ်။”