သတင်းတုတွေ ဖြန့်ဖို့ နိုင်ငံရေးသမားတွေက ကျွန်တော့်ကို ငှားကြတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
လူမှုကွန်ရက်ပေါ်မှာ လိမ်ညာပြောဆိုမှုတွေ၊ မမှန်မကန်ထွက်ဆိုမှုတွေ အများအပြားရှိနေတဲ့ကြားက ဖိလစ်ပိုင်ပြည်သူတွေဟာ မေလ ၉ ရက်၊ တနင်္လာနေ့ကျရင် နိုင်ငံရဲ့ သမ္မတသစ်ကို မဲပေးရွေးချယ်ကြတော့မှာပါ။
“ကျွန်တော့်ကို ကျွန်တော် အွန်လိုင်းပေါ်မှာ troll လုပ်တဲ့သူတယောက် ဒါမှမဟုတ် နိုင်ငံရေး တရားဟောသူတယောက်လို့ မှတ်ယူမိတယ်။ တကယ်တော့ ကျွန်တော်က လူမှုကွန်ရက်ပေါ်မှာ အလုပ်လုပ်တဲ့ Marketing အတိုင်ပင်ခံတယောက်ပါ။”
Jon (နာမည်လွဲ) ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတသစ်ရွေးချယ်မှုမှာ အဓိက ကျနိုင်တဲ့ အခန်းကဏ္ဍတခုမှာ ပါဝင် လုပ်ကိုင်နေပါတယ်။
သူဟာ ရက်အတော်များများ မနက် ၁၀ နာရီကနေ နောက်တနေ့ မနက် ၃ နာရီအထိ အလုပ်လုပ်ပြီး နိုင်ငံရေးသမားတွေနဲ့ သူတို့ရဲ့ မဲဆွယ်စည်းရုံးမှုတွေအပါအဝင် သူ့ဆီကို အလုပ်လာအပ်သူတွေရဲ့ အကျိုးအမြတ်အတွက် ဖေ့ဘွတ်ခ် ပရိုဖိုင်အတုတွေ၊ ပေ့ချ်ရာနဲ့ချီကို ကြီးကြပ်ရတယ်လို့ ပြောပါတယ်။
သူ့အလုပ်ရှင်တွေထဲမှာ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေ၊ လွှတ်တော်အမတ်တွေနဲ့ မြို့တော်ဝင်တွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။

ဖိလစ်ပိုင်မဲဆန္ဒရှင်တွေဟာ သမ္မတသစ်နဲ့ တခြားရာထူးတွေအတွက် ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်ဖို့အတွက် တနင်္လာနေ့မှာ မဲရုံတွေကို သွားကြမှာ ဖြစ်ပါတယ်။
ဒါဟာ ၂၀၁၆ ခုနှစ်က သမ္မတ ရော်ဒရီဂို ဒူတာဒေးအနိုင်ရပြီးနောက်ပိုင်း ပထမဆုံး ကျင်းပတဲ့ သမ္မတ ရွေးကောက်ပွဲ ဖြစ်ပါတယ်။
ဒူတာဒေးနိုင်ခဲ့တဲ့ ရွေးကောက်ပွဲမှာ သတင်းတုသတင်းမှားတွေ အများကြီး ပေါ်ပေါက်ခဲ့တယ်လို့ ဝေဖန်သူတွေက ပြောဆိုကြပါတယ်။
ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေနဲ့ သတင်းတုသတင်းမှား ကျွမ်းကျင်ပညာရှင်တွေရဲ့ အဆိုအရ အခြေအနေဟာ အဲဒီကတည်းက တိုးတက်ပြောင်းလဲလာတာ မရှိဘဲ တကယ်တမ်း ပိုတောင်ဆိုးလာနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။
သတင်းတုသတင်းမှား စနစ်များ
Jon ဟာ သတင်းတုသတင်းမှား စနစ်မှာ ပါဝင်သူတယောက် ဖြစ်ပါတယ်။ သူ့အတွက် တိုက်ရိုက်လုပ်ကိုင်ပေးတဲ့ trolls ပေါင်း ၃၀ နီးပါး ရှိတယ်လို့လည်း သူက ပြောပါတယ်။
မမှန်မကန် ပြောဆိုချက်တွေ ဖြန့်ဝေတာ ဖြစ်ခဲ့ရင်တောင် သူ့ဆီကို အလုပ်လာအပ်သူတွေ ပိုမိုထောက်ခံမှုရဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
ဒီအလုပ်ကို လူမသိ သူမသိ လုပ်ကိုင်လည်ပတ်နေတယ်လို့လည်း သူက ဆိုပါတယ်။
တခါတလေမှာ အိမ်တွင်းအရှုပ်တော်ပုံတွေကိုလည်း သူတို့ရှာဖွေကြတယ်။ ဒါပေမဲ့ တခါတလေလည်း သူတို့ ပြန်ပေါင်းထုပ်ပေးကြပါတယ်။
သူ့ဆီမှာ အလုပ်လာအပ်သူရဲ့ ပြိုင်ဘက်ကို ဘယ်လို အမှုဆင်ခဲ့သလဲဆိုတာကို အခုလို ပြန်ပြောင်း ပြောပြပါတယ်။
“၂၀၁၃ ခုနှစ်မှာ ကျွန်တော်ကိုင်တွယ်ရတဲ့ ပြည်နယ်တစ်ခုမှာ သတင်းတု သတင်းမှားတွေ ဖြန့်ဝေခဲ့တယ်။ ကျွန်တော်တို့ဆီမှာ ထိပ်ပိုင်းနိုင်ငံရေးသမားတွေရဲ့ လက်ကိုင်ဖုန်းနံပါတ်တွေ ရှိတယ်။အဲဒါတွေကို ပြုပြင်ကြတယ်။ နောက်ပြီး သူလို ဟန်ဆောင်ပြီး သူဟာ အပျော်ဇနီးမယားတယောက်ကို ရှာနေတယ်ဆိုတဲ့ စာတိုမက်ဆေ့တွေ ပိုကြတယ်။ အဆုံးသတ်မှာတော့ ကျွန်တော့်ဆီ အလုပ်လာအပ်သူ အနိုင်ရသွားတယ် ။” လို့ ပြောပါတယ်။

သူရဲ့ ပြောဆိုမှုတွေ ဟုတ်မဟုတ် အတည်ပြုနိုင်ဖို့အတွက် ဖေ့ဘွတ်ခ်ပေါ်မှာ Jon လုပ်ခဲ့တဲ့ အကောင့်တွေရဲ့ ဗီဒီယိုတွေ၊ ဖုန်း SIM ကဒ်တွေ၊ ID အတုတွေ၊ ဘဏ်ဖြတ်ပိုင်းတွေနဲ့ သူနဲ့ သူ့ဆီကို အလုပ်လာအပ်သူတွေကြား ပြောဆိုထားတဲ့ မက်ဆေ့တွေကို ဘီဘီစီထံ ပို့ပေးခဲ့ပါတယ်။
သူ့ရဲ့ လုံခြုံရေး စိုးရိမ်ရတဲ့အတွက် သူ ဘယ်သူဘယ်ဝါဖြစ်သလဲဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုမှာ မဟုတ်ပါဘူး။
သူသုံးခဲ့တဲ့ နောက်ထပ် ပရိယာယ်တစ်ခုက နိုင်ငံရေးနဲ့ မဆိုင်တဲ့ပေ့ချ်တွေ၊ ဂရုတွေ ဖန်တီးပြီး နောက်ပိုင်းမှာ နိုင်ငံရေး ဝါဒဖြန့်တာတွေ သွတ်သွင်းတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဖေ့ဘွတ်ခ်ကို ပိုင်တဲ့ Meta ကုမ္ပဏီကတော့ ဖိလစ်ပိုင်နိုင်ငံမှာ လူတွေကို လှည့်စားဖို့ ကြိုးစားတဲ့ ကွန်ရက် အများအပြားကို သူတို့ပေ့ချ်ကနေ ဖြုတ်ချခဲ့တယ်လို့ ပြောပါတယ်။
အဲဒီထဲမှာ အကောင့်ပေါင်း ၄၀၀ ကျော်၊ ပေ့ချ်တွေ၊ ဖေ့ဘွတ်ခ်ဘက်က ချမှတ်ထားတဲ့ မူဝါဒတွေကို ချိုးဖောက်တဲ့ ဂရုတွေ အမျာအပြား ပါဝင်တယ်လို့လည်း ဆိုပါတယ်။
လူအများသိတဲ့ လျှို့ဝှက်ချက်
ရွေးကောက်ပွဲ ကာလတလျှောက်မှာလည်း သတင်းတုသတင်းမှားတွေဟာ နောက်ဆုံး မဲရလဒ်မှာ ပါဝင်ပတ်သက်လာနိုင်တာနဲ့ ပတ်သက်လို့ စိုးရိမ်ချက်တွေကို ကိုယ်စားလှယ်အများအပြားက ထုတ်ပြောခဲ့ကြပါတယ်။
ဖိလစ်ပိုင် သတင်းဌာနတခုနဲ့ အင်တာဗျူးမှာ သမ္မတလောင်း Leni Robredo က သတင်းတုသတင်းမှား ပြဿနာကို လျစ်လျူရှုဖို့ သူအရင်ဆုံး လုပ်ဆောင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ပြောပါတယ်။ ထပ်တလဲလဲ လိမ်ညာမှုတွေဟာ အမှန်တရား ဖြစ်လာတယ်လို့လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ထပ် သမ္မတလောင်းတယောက်ဖြစ်တဲ့ လက်ဝှေ့သမားဟောင်း Manny Pacquiao ကလည်း သတင်းတု သတင်းမှားတွေ၊ မဟုတ်မမှန် လုပ်ကြံသတင်းဖြန့်ဝေမှုတွေကို ထိန်းချုပ်ဖို့ လိုပြီဆိုတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
“လူမှုကွန်ရက်စာမျက်နှာတွေနဲ့ အချက်အလက် စိစစ်သူတွေ၊ သတင်းတု သတင်းမှား ဖြန့်ချိသူတွေကို ထုတ်ဖော်ဖို့ ကြိုးစားနေသူတွေနဲ့ ဒီအကြောင်းတွေ ရှာဖွေ တွေ့ရှိမသွားအောင် နည်းလမ်းရှာနေသူတွေကြားမှာ ကြောင်နဲ့ကြွက် ကစားပွဲ ကြည့်နေရသလိုပဲ” သတင်းတု သတင်းမှားနဲ့ ပတ်သက်လို့ သုတေသနလုပ်နေတဲ့ ဟားဗတ်တက္ကသိုလ်က ပူးတွဲ ပါမောက္ခ Jonathan Corpus Ong က ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံက သတင်းတု သတင်းမှားတွေနောက်ကွယ်မှာ လုပ်ကိုင်နေတဲ့ ဒစ်ဂျစ်တယ်သမားတွေ၊ နည်းဗျူဟာပိုင်း လုပ်ကိုင်သူတွေနဲ့ တစ်နှစ်ကြာ အင်တာဗျူးလုပ်ထားတာတွေကို အခြေခံထားတဲ့ ထုတ်ပြန်ချက်တစ်ခုကိုလည်း Ong က ၂၀၁၈ ခုနှစ်မှာ ပူးတွဲရေးသားခဲ့ပါတယ်။
သတင်းတုသတင်းမှားဖြန့်ဝေမှုမှာ ပါဝင်ပတ်သက်နေတဲ့ လူတွေဟာ အဆင့်ဆင့်ရှိပြီး ကြော်ငြာနဲ့ အများပြည်သူဆက်ဆံရေး PR လုပ်ငန်း လုပ်ကိုင်သူတွေကစလို့ အကောင့်တုတွေကို လည်ပတ်သူတွေအထိ ရှိတယ်လို့လည်း ဆိုပါတယ်။
သူတို့ကိုပေးတဲ့ လစာတွေကို မှတ်တမ်းတင်မထားရင်တောင် အဲဒီလူတွေ ဘယ်သူလဲဆိုတာ လူတိုင်းသိတဲ့ လျှို့ဝှက်ချက်တစ်ခု ဖြစ်တယ်လို့ Ong က ပြောပါတယ်။
ပူးပေါင်းဆောင်ရွက်မှု
ဖိလစ်ပိုင်နိုင်ငံမှာ သတင်းတုသတင်းမှားတွေကို ကိုင်တွယ်ဖို့ လုပ်ဆောင်နေတဲ့ ရှေ့နေတွေ၊ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေ၊ တက္ကသိုလ်တွေနဲ မီဒီယာ ကုမ္ပဏီတွေအပါအဝင် အဖွဲ့တွေ အများအပြားရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။
အချက်အလက် စိစစ်တဲ့ Vera Files အဖွဲ့ ဦးဆောင်သူ Celine Samson၊ သတင်းတုသတင်းမှားကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု ပူးပေါင်းအဖွဲ့ကို ဦးဆောင်တဲ့ ရှေ့နေ Tony La Vida အပါအဝင် ကျွမ်းကျင်သူတချို့နဲ့ ဘီဘီစီ ဆက်သွယ် စကားပြောဆိုခဲ့ပါတယ်။
လူမှုကွန်ရက် ပလက်ဖောင်းတွေတစ်ဝန်း ဒါမှမဟုတ် ပေ့ချ်ပေါင်းစုကနေ ထပ်တလဲလဲ တင်တဲ့ ပို့စ်တွေ၊ အချိန်တိုအတွင်း တင်တာတွေနဲ့ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်မှုရဲ့ ဖြစ်လာနိုင်ခြေတွေကို နှစ်ယောက်လုံးက ထောက်ပြခဲ့ကြပါတယ်။
သမ္မတ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတဦးဖြစ်သူလည်း ဖြစ်၊ ရွေးကောက်တင်မြှောက်ခံရဖို့ ရေပန်းစားနေသူလည်း ဖြစ်တဲ့ Fedrinand Bong Bong Marcos Junior ဟာ သတင်းတု သတင်းမှားကနေ အများဆုံး အကျိုးအမြတ် ရသူတယောက်ဖြစ်ပြီး သူ့ပြိုင်ဘက် Leni Robredo ကတော့ အကြီးအကျယ် ဒုက္ခရောက်ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, FACEBOOK/BBM YOUTH
၁၉၈၆ ခုနှစ်အထိ ဆယ်စုနှစ် နှစ်ခုကျော်ကြာခဲ့တဲ့ မစ္စတာ မားကိုစ် စီနီယာရဲ့ အုပ်ချုပ်မှုမှာ အတိုက်အခံတွေကို ညှဥ်းပန်းနှိပ်စက်တာနဲ့ တရားဥပဒေမဲ့ သတ်ဖြတ်မှုတွေ အများအပြား ရှိခဲ့ပါတယ်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် AI လူ့အခွင့်အရေးအဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်အရ သူ့လက်ထက်မှာ လူပေါင်း ၇၀,၀၀၀ ကျော် အကျဥ်းကျခဲ့ပြီး ၃၄,၀၀၀ နှိပ်စက်ညှဥ်းပန်းခံခဲ့ရကာ ၃၂၄၀ ဦး သေဆုံးခဲ့ပါတယ်။
Ms Samson ကတော့ “ရွေးကောက်ပွဲနဲ့ ဆက်စပ်တဲ့ သတင်းတုသတင်းမှားတွေ အားလုံးကို ၂၀၂၁ ခုနှစ်မှာ စစ်ဆေးခဲ့ပါတယ်။ ဘုံဘုံ မားကို့စ်ဟာ အဲဒီကနေ အများအပြား အကျိုးခံစားမှုတွေ ရခဲ့တာကို သွားတွေ့ရတယ်။ သူ့ရဲ့မိသားစုဟာ အစိုးရ ဘဏ္ဍာတိုက်တွေကနေ ချမ်းသာကြွယ်ဝမှုတွေကို ခိုးယူတာ မဟုတ်ဘူး။ သူ့ဖခင်ဟာ လူ့အခွင့်အရေး နှိပ်စက်ညှဥ်းပန်းမှုတွေကို လုပ်ခဲ့သူ မဟုတ်တဲ့အကြောင်းတွေကို အဲဒီကနေ ပုံဖော်ဖို့ ကြိုးစားခဲ့တယ်” လို့ ပြောပါတယ်။
“ဒါပေမဲ့ Robredo အပေါ် တိုက်ခိုက်မှုတွေ အများအပြား ရှိတာလည်း တွေ့ခဲ့ရတယ်။ သူဟာ အဓိပ္ပာယ်မရှိတဲ့ ထုတ်ပြန်ချက်တွေကို ထုတ်ပြန်ခဲ့သူတယောက်၊ အရည်အချင်း မပြည့်ဝတဲ့သူတယောက်ဆိုပြီး ပုံဖော်ခဲ့ကြတယ်” လို့လည်း ဆိုပါတယ်။
မိသားစုဂုဏ်သတင်း အပြောင်းအလဲ
Marcos Jr ဘုံဘုံ မားကို့စ်ဟာ သူ့ရဲ့ မိသားစုရဲ့ ဂုဏ်သတင်းနဲ့ ပတ်သက်လို့ ပြောင်းလဲဖို့အတွက် Cambridge Analytica ကုမ္ပဏီကို ၂၀၁၆ ခုနှစ်မှာ ချဥ်းကပ်ခဲ့တယ်လို့ ကုမ္ပဏီရဲ့ သတင်းတွေကို ဖွင့်ချခဲ့တဲ့ Brittany Kaiser က ၂၀၂၀ ခုနှစ်မှာ ဖိလစ်ပိုင် သတင်းဌာန Rappler နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။
ဘုံဘုံ မားကို့စ် ရဲ့ ပြောခွင့်ရသူကတော့ ဒီပြောဆိုမှုတွေကို အဲဒီအချိန်တုန်းက ငြင်းဆိုခဲ့ပြီး သူတို့အပေါ် အထင်အမြင်မှားအောင် ဗြောင်ကျကျ လိမ်ညာတဲ့ လုပ်ရပ်ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
ဘုံဘုံ မားကို့စ်ဟာကို ထောက်ခံအားပေးတဲ့ အကောင့် ရာနဲ့ချီဟာ သူတို့ရဲ့ စည်းမျဥ်းတွေကို ချိုးဖောက်ခဲ့လို့ ယာယီပိတ်ပင်ခဲ့တယ်လို့ တွစ်တာကုမ္ပဏီက ဒီနှစ်အစောပိုင်းတုန်းမှာ ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ ဘုံဘုံ မားကို့စ်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ကို ဘီဘီစီက ချဥ်းကပ်ခဲ့ပေမယ့် ဒီသတင်းထုတ်ပြန်တဲ့အချိန်အထိ တစုံတရာ တုံ့ပြန်မှု မရခဲ့ပါဘူး။
အင်တာဗျူးတွေမှာတော့ ဘုံဘုံ မားကို့စ် က သူဟာ နိုင်ငံရေး လုပ်ငန်းစဥ်ရှိတဲ့ အချက်အလက် စိစစ်ရေးသမားတွေရဲ့ သားကောင်ဖြစ်တယ်လို့ ပြောပါတယ်။
သူ့ရဲ့ မဲဆွယ်စည်းရုံးမှုကို မြှင့်တင်ဖို့အတွက် အကောင့်တုတွေကိုလည်း အသုံးမပြုဘူးလို့ သူက ငြင်းပါတယ်။
လူမှုကွန်ရက်ရဲ့ လုပ်ဆောင်မှုတွေ လုံလောက်ရဲ့လား
ကိုယ့်ဘာသာဖွင့်ဟဝန်ခံခဲ့တဲ့ Jon ရဲ့ ပြောဆိုချက်အရ ၂၀၂၂ သမ္မတရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ ကိုယ်စားလှယ်လောင်းတယောက်အတွက် သတင်းတု သတင်းမှားတွေ ထုတ်ပြန်ပေးဖို့ သူ့ဆီကို သူငယ်ချင်းတယောက်က ချဥ်းကပ်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီကမ်းလှမ်းချက်ကိုတော့ သူငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။
ဘီဘီစီအနေနဲ့ကတော့ ဒီပြောဆိုချက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
အဲဒီသမ္မတလောင်း ဘယ်သူလဲဆိုတာကိုတော့ Jon က ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ ဒါပေမဲ့ ဘုံဘုံ မားကို့စ်တော့ မဟုတ်ဖူးလို့ ဆိုပါတယ်။
တွစ်တာနဲ့ ဖေ့ဘွတ်ခ်ကုမ္ပဏီတွေဟာ အကောင့်အများအပြားနဲ့ ပေ့ချ်တွေကို ယာယီပိတ်ပင်တာ ဖျက်သိမ်းတာတွေ လုပ်နေသလို ဂူဂဲလ်ကုမ္ပဏီပိုင် ယူကျု့ကလည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကြားမှာ ဖိလစ်ပိုင်နိုင်ငံကနေ တင်တဲ့ ဗီဒီယိုပေါင်း ၄၀၀,၀၀၀ ကျော်ကို ဖယ်ရှားခဲ့တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမဲ့ ဒီကြိုးပမ်းချက်တွေအားလုံးဟာ လုံလောက်မှုရှိလားဆိုတဲ့ မေးခွန်းတွေလည်း ရှိပါတယ်။
“သတင်းတု သတင်းမှားတွေကို ဖန်တီးဖို့ ယူရတဲ့ အချိန်ဟာ ဒါတွေကို စိစစ်ဖို့နဲ့ မမှန်ကန်ကြောင်း ဖွင့်ဟဖို့ ယူရတဲ့အချိန်ထက် တစ်ပန်းသာနေတယ်” လို့ Ms Samson က ပြောပါတယ်။








