ဖေ့စ်ဘွတ်ခ်က ထရမ့်အကောင့်ကို ၂ နှစ်ပိတ်

ဖေ့စ်ဘွတ်ခ်က ဒေါ်နယ်ထရမ့်ကို ပြန်ဖွင့်ပေးတဲ့အချိန်မှာလည်း တင်းကျပ်တဲ့ စည်းကမ်းနဲ့ ပြစ်ဒဏ်အဆင့်ဆင့် ထားရှိမှာ ဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဖေ့စ်ဘွတ်ခ်က ဒေါ်နယ်ထရမ့်ကို ပြန်ဖွင့်ပေးတဲ့အချိန်မှာလည်း တင်းကျပ်တဲ့ စည်းကမ်းနဲ့ ပြစ်ဒဏ်အဆင့်ဆင့် ထားရှိမှာ ဖြစ်

ဖေ့စ်ဘွတ်ခ် ကုမ္ပဏီက အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ ဖေ့စ်ဘွတ်ခ်နဲ့ အင်စထာဂရမ် အကောင့်တွေကို ၂ နှစ် ပိတ်ကြောင်း ကြေညာလိုက်ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက အမေရိကန် အစိုးရရုံး ကက်ပီတော် အဆောက်အအုံမှာ ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေနဲ့ ဆက်စပ်တဲ့ ရေးသားမှုတွေ လုပ်ခဲ့တယ်ဆိုပြီး ဖေ့စ်ဘွတ်ခ်က သူ့ကို ရာသက်ပန် ပိတ်ပင်ခဲ့ပါတယ်။

ဒါပေမယ့် ဖေ့စ်ဘွတ်ခ်ရဲ့ စောင့်ကြည့်ဆုံးဖြတ်ရေး ဘုတ်အဖွဲ့က အခုလို ရာသက်ပန် ပိတ်ပင်မှုကို မေးခွန်းထုတ် ဝေဖန်ခဲ့တဲ့အတွက် ဆုံးဖြတ်ချက်ကို ပြန်ပြောင်းခဲ့တာ ဖြစ်ပါတယ်။

ထရမ့်ရဲ့ လုပ်ရပ်တွေဟာ ဖေ့စ်ဘွတ် ခ်စည်းကမ်းတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်က ပြောဆိုခဲ့ပေမယ့် ဒါဟာ သူ့ကို မဲပေးခဲ့တဲ့ သန်းချီတဲ့လူတွေကို စော်ကားတာဖြစ်တယ်လို့ ထရမ့်က ပြောဆိုခဲ့ပါတယ်။

ယခင်က ဖေ့စ်ဘွတ်ခ်ဟာ နိုင်ငံရေးသမားတွေက လူမှုကွန်ရက် စာမျက်နှာတွေမှာ လှည့်ဖျားပြောဆိုမှု သို့မဟုတ် မတရားပြောဆိုမှုတွေကို သတင်းဖော်ပြစရာအဖြစ် ယူဆပြီး မပိတ်ပင်ပဲထားခဲ့တဲ့ မူဝါဒ ရှိခဲ့ပေမယ့် အခုလို ခြွင်းချက်ထားတာမျိုးကို ပယ်ဖျက်လိုက်ပြီ ဖြစ်ပါတယ်။

မစ္စတာ ထရမ့်ကို ၂ နှစ်ပိတ်ပင်မှုဟာ သူ့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက် ရာသက်ပန် ပိတ်ပင်ခဲ့တဲ့နေ့က စလို့ အကျုံးဝင်မယ်လို့ ဖေ့စ်ဘွတ်ခ်ရဲ့ နိုင်ငံတကာရေးရာ ဒုဥက္ကဌ နစ်ကလက် က ပြောပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ လုပ်ရပ်တွေက အများပြည်သူ လုံခြုံရေးကို အန္တရာယ်ရောက်စေနိုင်သေးတယ်လို့ ဖေ့စ်ဘွတ်ခ်က ယူဆတယ်ဆိုရင် လက်ရှိ ပိတ်ပင်ထားတဲ့ ကာလကို ထပ်တိုးနိုင်သေးတယ်လို့လည်း နစ်ကလက်က ပြောဆိုထားပါတယ်။

ဖေ့စ်ဘွတ်ခ်က ဒေါ်နယ်ထရမ့်ကို ပြန်ဖွင့်ပေးတဲ့အချိန်မှာလည်း တင်းကျပ်တဲ့ စည်းကမ်းနဲ့ ပြစ်ဒဏ်အဆင့်ဆင့် ထားရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗီဒီယို ပုံစာ, သမ္မတထရမ့် ဒေါ်လာ ၇၅၀ ပဲ ဝင်ငွေခွန်ဆောင်တယ်လို့ နယူးယောက်ခ်တိုင်းမ်စ် ပြော

ဒေါ်နယ်ထရမ့်ဟာ လစဉ်အသုံးပြုသူ သန်း ၂၀ဝ၀ ရှိတဲ့ ဖေ့စ်ဘွတ်ခ်က ပိတ်ပင်ခံရတဲ့အပြင် တွစ်တာ၊ ယူကျု၊ စနက်ချက်၊ တွစ်ချ် အပါအဝင် အခြား လူမှုကွန်ရက် စာမျက်နှာတွေကနေလည်း ပိတ်ပင်ခံထားရပါတယ်။

ထရမ့်က ဘယ်လို တုံ့ပြန်သလဲ

ဖေ့စ်ဘွတ်ခ်ရဲ့ ဆုံးဖြတ်ချက်ဟာ ဒေါ်နယ်ထရမ့်ကို မဲပေးခဲ့တဲ့ စံချိန်တင် အမေရိကန်ပြည်သူ ၇၅ သန်းကို စော်ကားတာ ဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန် ကယ်တင်ရေး နိုင်ငံရေးလှုပ်ရှားမှု ကော်မတီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်နယ်ထရမ့်သာ နောက်တကြိမ် သမ္မတ ပြန်ဖြစ်ခဲ့ရင် ဖေ့စ်ဘွတ်ခ် တည်ထောင်သူ မာ့ခ်ဇူကာဘတ်နဲ့ ဇနီးတို့နဲ့ အလုပ်ကိစ္စပဲ ပြောစရာရှိတော့မှာဖြစ်ပြီး ညစာစား တွေ့ဆုံမှုတွေ ရှိမှာ မဟုတ်တော့ဘူးလို့လည်း ထရမ့်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

လာမယ့် ၂၀၂၄ ခုနှစ်မှာ နောက်တကြိမ် အမေရိကန် အထွေထွေ ရွေးကောက်ပွဲ လုပ်မှာဖြစ်တဲ့အတွက် အဲဒီရွေးကောက်ပွဲ မတိုင်ခင်မှာ ဒေါ်နယ်ထရမ့်က ဖေ့စ်ဘွတ်ခ် ပြန်သုံးခွင့်ရမှာ ဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ မကြာခင်မှာ လူကိုယ်တိုင် စည်းရုံးရေးဆင်းတဲ့ ခရီးစဉ်တွေလည်း လုပ်ဖို့ စီစဉ်နေပြီး ပထမဆုံး ခရီးစဉ်ကတော့ လာမယ့် ဇူလိုင်လဆန်းမှာ တက္ကဆက်ပြည်နယ်က ဒါးလက်စ်မြို့မှာ ပြုလုပ်မယ်လို့ ဒေသခံသတင်းဌာနတွေက ပြောပါတယ်။

ဖေ့စ်ဘွတ်ခ်ရဲ့ မူဝါဒ အသစ်

ဖေ့စ်ဘွတ်ခ်ရဲ့ မူဝါဒအသစ်အရ လူသိများထင်ရှားသူတွေက အဓိကရုဏ်းဖြစ်အောင်၊ အကြမ်းဖက်မှုတွေဖြစ်အောင် လှုံ့ဆော်မယ်ဆိုရင် အနည်းဆုံး တလကနေ အများဆုံး ၂ နှစ် အထိ ပိတ်ပင်ခံရမယ်လို့ ဆိုပါတယ်။

ဖေ့စ်ဘွတ်ခ်ဟာ နိုင်ငံရေးသမားတွေရဲ့ မိန့်ခွန်းသဖွယ် ပြောဆိုမှုတွေမှာ အခုလို ချိုးဖောက်မှု ဆန်နိုင်တဲ့ ပြောဆိုမှုတချို့ကို ချွင်းချက်ထား ခွင့်ပြုတာမျိုး လုပ်နိုင်ပေမယ့် ဘယ်လို သဘောသက်ရောက်တဲ့ ပြောဆိုမှုဖြစ်သလဲ ဆိုတာကို သတိပေးတဲ့ စာတန်းထိုးသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဖေ့စ်ဘွတ်ခ်ရဲ့ စောင့်ကြည့်ဆုံးဖြတ်ရေး ဘုတ်အဖွဲ့ဟာ ထရမ့်အပေါ် ပိတ်ပင်မှုကို လုပ်သင့်တယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့် ရာသက်ပန် ပိတ်ပင်တာကိုတော့ သဘောမတူခဲ့ပါဘူး။

ဖေ့စ်ဘွတ်ခ်ရဲ့ စောင့်ကြည့်ဆုံးဖြတ်ရေး ဘုတ်အဖွဲ့ကို လူ ၂၀ နဲ့ ဖွဲ့စည်းထားပြီး ဥပဒေပညာရှင်တွေ၊ စာနယ်ဇင်းသမားတွေ၊ လွတ်လပ်စွာ ပြောရေးဆိုခွင့်ဆိုင်ရာ ကျွမ်းကျင်သူတွေပါဝင်ပြီး ယခင် ဒိန်းမတ်ဝန်ကြီးချုပ်ဟောင်း တဦးပါ ပါဝင်ပါတယ်။