ဒေါ်နယ်ထရမ့်အကောင့်ကို တွစ်တာက အပြီးပိတ်

ထရမ့်

ဓာတ်ပုံ ရင်းမြစ်, Reuters

နောက်ထပ် အကြမ်းဖက်မှုတွေ လှုံ့ဆော်နိုင်တဲ့ အန္တရာယ်ကြောင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကို တွစ်တာအသုံးပြုခွင့် အပြီးတိုင် ပိတ်လိုက်တယ်လို့ အဲဒီကုမ္ပဏီက ပြောပါတယ်။

ဥပဒေပြု အမတ်တွေနဲ့ ထင်ရှားသူတချို့က တွစ်တာကနေ မစ္စတာ ထရမ့်ကို ပိတ်ထားဖို့ ပြောနေတာ နှစ်တွေချီခဲ့ပြီ ဖြစ်ပါတယ်။

ဘာကြောင့် အပိတ်ခံရတာလဲ

ထရမ့်ထောက်ခံသူတွေ လွှတ်တော်ထဲ စီးနင်းဝင်ရောက်မှုဖြစ်ပြီး တွစ်တာက မစ္စတာ ထရမ့်ကို ၁၂ နာရီ ကြာပိတ်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ဂျိုးဘန်ဒန်ရဲ့ နိုဝင်ဘာရွေးကောက်ပွဲရလဒ် လွှတ်တော်မှာ အတည်ပြုဖို့ ဆွေးနွေးနေစဥ် ထရမ့်ထောက်ခံသူတွေ လွှတ်တော်ထဲ အကြမ်းဖက် ဝင်ရောက်မှု ဖြစ်ခဲ့တာပါ။

ဒီအဓိကရုဏ်းကြောင့် ဆန္ဒပြသူ လေးဦးနဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပါတယ်။

အဲဒီလို ၁၂ နာရီကြာ ပိတ်ထားခဲ့စဥ်က မစ္စတာထရမ့် နောက်ထပ် တွစ်တာရဲ့ စည်းမျဥ်းတွေ ချိုးဖောက်ရင် အပြီးပိတ်မယ်လို့ တွစ်တာက သတိပေးထားခဲ့ပါတယ်။

The permanently suspended Twitter account of US President Donald Trump is seen in this screengrab obtained via social media, 8 January 2021

ဓာတ်ပုံ ရင်းမြစ်, Reuters

အချိန်ပြည့်ပြီး မစ္စတာထရမ့်ကို ပိတ်ထားတာ ပြန်ဖွင့်ပေးလိုက်ပြီးနောက် ထရမ့်က သောကြာနေ့မှာ တွိ(ပို့စ် ) နှစ်ခု တင်ခဲ့ပြီး အဲဒီနှစ်ခုက သူ့ကို အပြီးတိုင်ပိတ်လိုက်ဖို့ ဖြစ်လာစေတဲ့ ပို့စ်တွေ ဖြစ်တယ်လို့ တွစ်တာက ပြောပါတယ်။

တစ်ခုမှာ သူက သူ့ကို မဲပေးခဲ့တဲ့ ၇၅ သန်းသော နိုင်ငံချစ်အမေရိကန်တွေရဲ့ သဘောထားတွေကို အနာဂတ်မှာ ကြားကြရမှာ ဖြစ်ပြီး သူတို့တွေကို ဘယ်လို မတရားတဲ့နည်းနဲ့မှ မလေးမစား မလုပ်ခံရစေဘူးလို့ ရေးထားပါတယ်။

နောက်တစ်ခုမှာတော့ သူက ဇန်နဝါရီ ၂၀ မှာ ပြုလုပ်မယ့် သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို သူတက်မှာ မဟုတ်တဲ့အကြောင်း ရေးပါတယ်။

အဲဒါဟာ ရွေးကောက်ပွဲရလဒ်ဟာ တရားမဝင်တဲ့ သဘော သူ့ကို ထောက်ခံသူတွေက မှတ်ယူနိုင်စေတယ်လို့ တွစ်တာက ပြောပါတယ်။

ဗီဒီယို ပုံစာ, အမေရိကန် ကွန်ဂရက် ဝင်ရောက်စီးနင်းမှု

အဲဒီတွိနှစ်ခုစလုံးဟာ အကြမ်းဖက်မှုကို အားပေးအားမြှောက်လုပ်တာတားမြစ်တဲ့ မူဝါဒကို ချိုးဖောက်တယ်လို့ တွစ်တာက ပြောပါတယ်။

ဖေ့စ်ဘွတ်ခ်ကလည်း ကြာသပတေးနေ့မှာ မစ္စတာထရမ့်ကို အချိန်အကန့်အသတ်မရှိပိတ်ထားကြောင်း ပြောပါတယ်။

ထရမ့်ကို ဒီလို ဆိုရှယ်မီဒီယာတွေ အသုံးပြုခွင့်ပေးထားတာက သူနဲ့သူ့အကောင့်ကို ကြည့်ရှုသူ ၈၉ သန်းကြား အဆက်အသွယ်ရနေစေတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

၂၀၂၀ မေလတုန်းကလည်း စာတိုက်မဲတွေက မဲမသာမှု ဖြစ်စေတယ်ဆိုတဲ့ မစ္စတာ ထရမ့်တင်ထားတဲ့တွိတွေကို အချက်အလက်စစ်ဆေးဖို့ တွစ်တာက သတိပေးသတင်းစကားတွဲတင်ခဲ့ပါတယ်။

နောက်ပိုင်းမှာလည်းထရမ့်ရဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ရွေးကောက်ပွဲဆိုင်ရာ တွိတွေကို အဲဒီလို အချက်အလက်မှန်စစ်ဆေးဖို့ သတိပေးစာတွေ တွစ်တာက တွဲတင်ခဲ့ပါတယ်။

ဗီဒီယို ပုံစာ, အမေရိကန် အနာဂတ် နိုင်ငံရေး နဲ့ သမ္မတ ထရမ့်