တစ်တော့ - တရုတ် နည်းပညာကုမ္ပဏီတွေဟာ လုံခြုံရေး စိုးရိမ်ရတယ်လို့ ဘာ့ကြောင့် ထင်ကြတာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တစ်တော့ လူမှုမီဒီယာ အက်ပ်နဲ့ ပတ်သက်ပြီး အဲဒီကုမ္ပဏီရဲ့ စီအီးအို ရှိုဇီချူးကို အမေရိကန် ကွန်ဂရက်လွှတ်တော် အမတ်တွေက မာမာထန်ထန် အမေးတွေနဲ့ စစ်ဆေးခဲ့ကြပါတယ်။
ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုကို တရုတ်ရဲ့ အောက်မှာသာ လုံးလုံးလျားလျားထားမယ် ဆိုရင် အမေရိကန်က ဒီကုမ္ပဏီကို လုံးဝ ပိတ်ပင်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
လုံခြုံရေးကို စိုးရိမ်ကြတဲ့အတွက် အနောက်နိုင်ငံ အများအပြားဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေအပေါ် ကန့်သတ်လာနေပါတယ်။
တစ်တော့ အပေါ် ဘာတွေ ကန့်သတ်ထားကြသလဲ
တရုတ် ကုမ္ပဏီ ဘိုက်ဒန့်စ် (ByteDance) က ပိုင်ဆိုင်တဲ့ တစ်တော့ကုမ္ပဏီ ရဲ့ အက်ပ်က ဗီဒီယို အတိုလေးတွေ လုပ်နိုင်ပြီး ဒီအက်ပ်ကို လူကြိုက်များပါတယ်။
၂၀၁၆ က စခဲ့တဲ့ ဒီအက်ပ်ဟာ ကမ္ဘာပေါ်မှာ တတိယ လူသုံးအများဆုံး အင်တာနက် ဝန်ဆောင်မှုလည်း ဖြစ်ပြီး အစဉ်တစိုက်သုံးစွဲသူ (အနည်းဆုံး တလ တခါ) ၁ ဘီလျံ ကျော် ရှိပါတယ်။
ကနေဒါ၊ ဘယ်လဂျီယံ၊ ဒိန်းမတ်၊ နယူးဇီလန်၊ ထိုင်ဝမ်၊ ဗြိတိန်နဲ့ အမေရိကန်တို့က အစိုးရဆိုင်ရာ ပစ္စည်း ကိရိယာတွေမှာ ဒီအက်ပ်ကို မသုံးဖို့ ပိတ်ပင်ထားပါပြီ။

ဓာတ်ပုံ ရင်းမြစ်, PA Media
ဥရောပသမဂ္ဂက သူတို့ထုတ်ပေးထားတဲ့ ဖုန်းတွေကနေ ဒီအက်ပ်ကို ဖြုတ်ချထားဖို့ သူ့တို့ ဝန်ထမ်းတွေကို ပြောထားပြီး တရားဝင်အစိုးရ အက်ပ်တွေ ထည့်ထားရာ ကိုယ်ပိုင် ကိရိယာတွေထဲမှာလည်း ဒီအက်ပ်ကို ဖြုတ်ပစ်ထားဖို့ အကြံပြုထား ပါတယ်။
လုံခြုံရေးစိုးရိမ်မှုကြောင့် အိန္ဒိယက တစ်တော့ကို လုံးဝ ပိတ်လိုက်ပါတယ်။
အာဖဂန်နစ္စတန်ကလည်း လူငယ်တွေ "လမ်းလွဲလိုက်မိ" မှာကို ကာကွယ်တဲ့အနေနဲ့ တစ်တော့ကို ပိတ်ပါတယ်။
တစ်တော့ဟာ လုံခြုံရေးအရ အန္တရာယ်ရှိတယ်လို့ နိုင်ငံတွေက ဘာ့ကြောင့် ထင်ကြတာလဲ
တစ်တော့ဟာ ဖေ့ဘွတ်၊ အင်စတာဂရမ်အပါအဝင် တခြား လူမှုမီဒီယာတွေလိုပဲ သုံးစွဲသူတွေရဲ့ ဒေတာတွေကို ယူပြီး၊ သူတို့ယူကြတဲ့ ဒေတာ အမျိုးအစားတွေက အတူတူပါပဲ။
အဲဒီ ဒေတာတွေထဲမှာ အမည်၊ အသက်၊ ဖုန်းနံပါတ်၊ အီးမေး လိပ်စာ၊ ဓာတ်ပုံတွေ ပါဝင်ပါတယ်။
အက်ဖ်ဘီအိုင် ဒါရိုက်တာ ခရစ်စ် ရေးက တရုတ်နိုင်ငံရဲ့ ၂၀၁၇ ခုနှစ် အမျိုးသား ထောက်လှမ်းရေး ဥပဒေကို ထောက်ပြရင်း အဲဒီ ဥပဒေအရ ကုမ္ပဏီတွေဟာ "အစိုးရက အလိုရှိတယ်ဆိုရင် သတင်းအချက်အလက်တွေ ပြရမယ်၊ ဒါမှမဟုတ် တရုတ် အစိုးရရဲ့ လက်တံတခု အဖြစ် ဆောင်ရွက်ပေးရမယ်" ဆိုတာကို လိုက်နာဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
တစ်တော့က အသုံးပြုသူတွေကို သူတို့ကြိုက်ရာ ဗီဒီယိုကလစ်တွေကို ကြည့်စေဖို့ "သင့်အတွက်" (For You) ဆိုတဲ့ ကဏ္ဍကိုလည်း ထည့်သွင်းထားပါတယ်။
"သူက သိပ်ကို စွမ်းဆောင်ရည်ရှိတဲ့ အယ်ဂိုရစ်သမ် နဲ့တူတယ်" လို့ ကိန်းဘရစ်ချ်နဲ့ အီဒင်ဘာရာ တက္ကသိုလ်တွေက ပါမောက္ခ ရော့စ် အန်ဒါဆန်က ပြော ပါတယ်။ "အနောက်က လူငယ်တွေကြားမှာ တရုတ် သြဇာနဲ့ ဝါဒဖြန့်တာတွေ ပျံ့နှံ့ သွားဖို့ အားပေးတာပေါ့။"
တရုတ်ရဲ့ တခြားဘယ်နည်းပညာ ကုမ္ပဏီတွေကို ပစ်မှတ်ထားကြလဲ
သူတို့ တယ်လီ နက်ဝပ်ခ် ကွန်ရက်တွေထဲက ပစ္စည်းတွေမှာ Huawei (ဟွာဝေး)၊ ZTE နဲ့ Hytera တို့လို 5G နည်းပညာသုံးတဲ့ တရုတ်ကုမ္ပဏီတွေက ပစ္စည်းတွေ မတပ်ဆင် ဖို့ သြစတြေးလျ၊ အမေရိကန်၊ ဂျပန်၊ အိန္ဒိယနဲ့ ကနေဒါ တို့မှာ တားမြစ်ထား ပါတယ်။
ဟွာဝေးက တပ်ဆင်တဲ့ ပစ္စည်းတွေကို 5G နပ်ဝပ်ခ် ကနေ ၂၀၂၇ ခုနှစ်ကျရင် ဖယ်ရှား ပစ်ဖို့ ဗြိတိန်အစိုးရက အမိန့်ထုတ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်ရဲ့ ဆူပါ ကွန်ပျူတာနဲ့ ဉာဏ်ရည်တု (AI) နည်းပညာ ဖွံ့ဖြိုးလာမှုအပေါ် လုံခြုံရေးအရ စိုးရိမ်ကြတာကြောင့် အမေရိကန်နဲ့ နယ်သာလန် အစိုးရတွေက ဆီးမီး ကွန်ဒတ်တာ (semiconductor) တွေ တရုတ်ကို တင်ပို့တာကို ကန့်သတ်ထား ပါတယ်။
အစိုးရ အဆောက်အဦတို့လို အရေးကြီးတဲ့နေရာတွေကနေ တရုတ်ထုတ် လုံခြုံရေး ကင်မရာတွေကို ဖယ်ရှားပစ်ရမယ်လို့လည်းဗြိတိန်နဲ့ သြစတြေးလျ အစိုးရတွေက အမိန့်ထုတ်ထားပါတယ်။
ပိတ်ပင်မှုရဲ့ နောက်ကွယ်မှာ ဘာရှိလဲ
နိုင်ငံခြားတိုင်းပြည်တွေက တယ်လီ နက်ဝပ်ခ်တွေမှာ တပ်ဆင်တဲ့ 5G ပစ္စည်းတွေက တဆင့် တရုတ်ကုမ္ပဏီတွေက ဒေတာ သတင်းအချက်အလက်တွေကို "နောက်ဖေး ပေါက်ကနေ" ထုတ်ပြီး ဘေဂျင်းကို ပို့ပေးမယ့်အပေါ် အစိုးရတွေက စိုးရွံ့နေပါတယ်။
Hikvision လို ကုမ္ပဏီတွေက တဆင့် တရုတ်ဟာ လုံခြုံရေး ကင်မရာတွေကို ကမ္ဘာမှာ အများဆုံး ထုတ်လုပ်နေတာပါ။ ဒါတွေက တရုတ်အတွက် ထောက်လှမ်း ရေး သတင်းအချက်အလက်တွေကို ပေးနေတာလို့ ထင်ကြေးပေးကြ ပါတယ်။
"သူတို့က နောက်ဖေးပေါက်ကနေ သတင်းအချက်အလက် ရအောင် ဘာဖြစ်လို့ မလုပ် ရမှာလဲ" လို့ ပါမောက္ခ အန်ဒါဆင်က ပြောပြီး "တယ်လီဖုန်း ကွန်ရက်တွေ ကမ္ဘာမှာ တည်ဆောက်ကတည်းက အနောက်နိုင်ငံတွေက ဒါတွေကို လုပ်ကြတာ နှစ်ပေါင်းများစွာ ရှိနေပါပြီ။"

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်က သူ့ရဲ့ နည်းပညာ ကုမ္ပဏီတွေကို သုံးပြီး သူလျှိုလုပ်နေတာကို အခိုင်အမာ သက်သေပြနိုင်တာမျိုး မရှိသေးဘူးလို့ အင်တာနက် လုံခြုံမှုဆိုင်ရာ ကုမ္ပဏီ ESET မှာ အကြံပေး တာဝန်ယူထားတဲ့ ဂျိတ်ခ် မိုးက ပြောပါတယ်။
ဒါပေမယ့် သူက "ဟွာဝေးလို တစ်တော့လို ကုမ္ပဏီတွေက သိပ်ကြီးတယ်၊ သူတို့က ဒေတာတွေ အမြောက်အမြားကို ဖောက်ချယူနိုင်ပြီး အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်စရာတွေ ရှိတယ်" လို့ ပြောပါတယ်။
"အနှေးနဲ့အမြန် အစိုးရက ဒါနဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်ရတာက မှန်ကန်တဲ့ လုပ်ရပ်ပါ။"
သူတို့ နည်းပညာ ကုမ္ပဏီတွေ ပိတ်ပင်ကန့်သတ်ခံရတဲ့အပေါ် တရုတ်က ဘာပြောလဲ
တစ်တော့နဲ့ တခြား နည်းပညာ ကုမ္ပဏီတွေကို ပိတ်ပင်ကြတဲ့အပေါ် တရုတ် နိုင်ငံခြားရေး ဌာနက ဒါတွေက "နိုင်ငံရေး ဇာတ်ပွဲရုံ" လို့ ဆိုရင်း "အမေရိကန်ဟာ တခြားနိုင်ငံတွေက ကုမ္ပဏီတွေကို နှိပ်ကွပ်ဖို့အတွက် အမျိုးသားလုံခြုံရေး စိုးရိမ်စရာ လို့ ချဲ့ကား ပုံဖော်နေ တာပါ" လို့ ပြောပါတယ်။
တခြား လူမှုမီဒီယာ အက်ပ်တွေထက်ပိုပြီး သူတို့က ဘာ ဒေတာ အချက်အလက်ကိုမျှ မယူပါဘူးလို့ တစ်တော့က ထပ်ပြောသလို၊ သူတို့ဟာ အစိုးရနဲ့ လွတ်လွတ်ကင်းကင်းရှိတဲ့ ပုဂ္ဂလိက ကုမ္ပဏီလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၂ အတွင်းကတော့ တရုတ်မှာရှိတဲ့ သူ့ ဝန်ထမ်းတချို့က ဥရောပဘက်က သုံးစွဲသူတွေရဲ့ ဒေတာ အချက်အလက်တွေကို ဝင်ကြည့်လို့ ရနိုင်ကြောင်း တစ်တော့က ဝန်ခံဖူးပါတယ်၊ ဒါပေမယ့် ဥရောပက အချက်အလက်တွေက ဥရောပ အတွင်းမှာပဲ ထားတာပါ လို့လည်း ဆိုပါတယ်။
အမေရိကန်က သုံးစွဲသူတွေရဲ့ ဒေတာက အခုအချိန်မှာ အမေရိကန် ဆာဗာတွေ မှာပဲ ထိန်းချုပ်ထားပြီး တရုတ်ကို မသွားပါဘူးလို့လည်း တစ်တော့ ကုမ္ပဏီက ပြောပါ တယ်။
ဒေတာတွေကို ဘယ်လို သိမ်းဆည်းမယ်၊ ဘယ်လို ထိန်းထားမယ် ဆိုတာနဲ့ ပတ်သက် ပြီး Project Clover လို့ ခေါ်တဲ့ ဗျူဟာသစ် ကို စတင်လုပ်နေပါပြီလို့လည်း တစ်တော့က ဆိုပါတယ်။








