တရုတ်က နာမည်ကြီး အွန်လိုင်း စျေးရောင်းသူတစ်ဦး အခွန်ရှောင်မှုနဲ့ ဒေါ်လာသန်း ၂၁၀ ဒဏ်ရိုက်ခံရ

တရုတ်နိုင်ငံမှာ အွန်လိုင်းကတစ်ဆင့် ပစ္စည်းတွေ တိုက်ရိုက် စျေးရောင်းတဲ့နေရာမှာ လူသိများထင်ရှားသူတစ်ဦးကို အခွန်ရှောင်မှုနဲ့ ယွမ် ၁.၃၄ ဘီလီယံ (ဒေါ်လာ သန်း၂၁၀ ) ဒဏ်ငွေ ရိုက်ခံလိုက်ရပါတယ်။
သူ့မှာ ဖော်လိုဝါ အားပေးတဲ့ပရိသတ် သန်းနဲ့ချီရှိပြီး ဗီယာ လို့ လူသိများတဲ့ Huang Wei ဟွန်ဝေ ဟာ အင်တာနက်မှာ နာမည်ကြီးတဲ့ သူ တစ်ယောက်ပါ။ ပြီးတော့ ကုန်ပစ္စည်းမျိုးစုံ ကြော်ငြာ ရောင်းချဖို့ အတွက်လည်း သူ့ရဲ့ ကိုယ်ပိုင် အင်တာနက်ပလက်ဖောင်းကို အသုံးပြုခဲ့ပါ တယ်။
သူ့ကိုယ်ပိုင်ဝင်ငွေအပြင် ၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ်ကြား အခြားဘဏ္ဍာရေးဆိုင်ရာတွေကိုလည်းရှောင်လွှဲ ဖုံးကွယ်ထားတယ်လို့ ဟန်ဂျိုး အာဏာပိုင်တွေက သူ့ကို စွပ်စွဲထားတာပါ။
သူရဲ့ ဝီဘိုအကောင့်ကနေ တင်ထားတဲ့ ပို့စ်တစ်ခုမှာတော့ ဒီကိစ္စနဲ့ပ့တ်သက်ပြီး “အလေးအနက် တောင်းပန်ပါတယ်” လို့ ရေးထားပါတယ်။
ပြီးတော့ “အခွန်အာဏာပိုင်တွေကပေးတဲ့ ပြစ်ဒဏ်ကိုလည်း ကျွန်မ ကျေကျေနပ်နပ် လက်ခံပါတယ်” လို့ ပို့စ်ထဲမှာ ပြောထားပါသေး တယ်။
အသက် ၃၆နှစ် ဗီယာရဲ့ အွန်လိုင်းမှာ စျေးရောင်းတာတွေ အရှိန်အဟုန်နဲ့ဖွံ့ဖြိုးလာခဲ့ပြီး တရုတ်နိုင်ငံက အင်တာနက်ပေါ်မှာ အဓိက လူသိများတဲ့ နာမည်ကြီးသူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။
သူ့ကို တရုတ် နိုင်ငံရဲ့ " live-streaming ဘုရင်မ" အဖြစ် လူသိများပြီး အွန်လိုင်းစျေးဝယ် Taobao ပလပ်ဖောင်းပေါ်မှာ ခေါက်ဆွဲကနေ စီးပွားရေးဒုံးပျံတစ်ခုအထိ ရောင်းချခဲ့တဲ့ သူပါ။
ပြီးခဲ့တဲ့ တနင်္လာနေ့ညနေပိုင်းမှာ အလှကုန်အရောင်းပွဲတစ်ခုကျင်းပဖို့ စီစဉ်ထားပေမယ့် သူ့ရဲ့ အကောင့် (အော့ဖ်လိုင်း) ဖြစ်နေတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
သူရဲ့ ပရိတ်သတ်အားပေးမှု ကြီးမားတဲ့ အွန်လိုင်းစျေးဝယ် ပလက်ဖောင်းကြောင့် ၂၀၂၁ ခုနှစ် တိုင်းမ် မဂ္ဂဇင်းရဲ့ သြဇာလွှမ်းမိုးမှုရှိတဲ့ လူ ပုဂ္ဂိုလ် ၁၀၀ စာရင်းမှာတောင် ရွေးချယ်ခံခဲ့ရတဲ့သူပါ။
ဒီရေတိုက်ခံလိုက်ရတဲ့ ကြယ်ပွင့်ကြီး
ကယ်ရီအလန်၊ တရုတ်မီဒီယာ သုံးသပ်သူ
ဗီယာဟာ တရုတ်နိုင်ငံက ရေပန်းအစားဆုံး သြဇာလွှမ်းမိုးနိုင်တွေထဲတစ်ယောက် သို့မဟုတ် အွန်လိုင်းအရောင်း ဘလော့ဂါတွေထဲက တစ်ယောက်ပါ။
ဒါပေမဲ့ အခွန်ရှောင်မှုအတွက် ကြီးမားတဲ့ ဒီ ဒဏ်ငွေချမှတ်ခံရမှု ဒီရေက သူ့ရဲ့အောင်မြင်မှုကို အလျင်အမြန် ရိုက်ခတ်လာပါတယ်။
တရုတ်နိုင်ငံရဲ့ တွစ်တာလို့ ပြောလို့ရတဲ့ ဆီနာဝီဘို Sina Weiboကလည်း သူ့အကောင့်နဲ့ ပတ်သက်တာ လုံးဝသုံးလို့မရအောင် ဖယ်ရှားထားပါတယ်။ အားပေးတဲ့သူပရိသတ် ၁၈သန်းရှိတဲ့သူ့ရဲ့ ဝီဘို အကောင့်လည်း ပိတ်ခံထားရပြီး အီးဘေလိုမျိုး သူ့ရဲ့ Taobao စျေးဝယ်ပလက်ဖောင်းကလည်း ယာယီပိတ်ခံထားရတယ်လို့ မီဒီယာတွေမှာ သတင်းဖော်ပြကြပါတယ်။
သူ့ရဲ့အပြစ်ဒဏ်ဟာ အခြားသူတွေကို သတိပေးတဲ့ အနေနဲ့လုပ်ခံရတာလို့ ဂလိုဘယ်တိုင်းမ်စ် သတင်းစာမှာ လည်း ဖေါ်ပြပါတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံဟာ အခွန်တိမ်းရှောင်သူတွေကို ပစ်မှတ်ထားတာအပါအဝင် စီးပွားရေးကိုစည်းမျဥ်းသစ်တွေနဲ့ ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ လက္ခဏာမျိုး လွန်ခဲ့တဲ့လ ကတည်းက အရိပ်အယောင်ပြခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ ကမ္ဘာပေါ်က အင်အားအကြီးမားဆုံး တိုက်ရိုက်ထုတ်လွှင့်မှု စီးပွားရေး လုပ်ငန်းရှိပါတယ်။ အခုဆို ဘလော့ဂါ သို့မဟုတ် ဗီဒီယိုဘလော့ဂါ သန်း လေးရာကျော်တောင် နိုင်ငံတွင်းမှာ ရှိနေပါပြီ။
ပြီးခဲ့တဲ့လကဆိုရင် အွန်လိုင်းမှာ လူသိများထင်ရှားတဲ့သူတွေ အွန်လိုင်းစတော့ရှယ်ယာတွေနဲ့ ပတ်သက်ပြီး မပြောဖို့ အကြံပေးတာတွေ မလုပ်ဖို့ တားမြစ်ခံခဲ့ရပြီး နာမည်ကြီး ၈၈ ဦးကိုလည်း သူတို့ တိုက်ရိုက်ထုတ်လွှင့်တဲ့ အကြောင်းအရာတွေကို "သတိ" ပေးတာတွေ လုပ်ခဲ့ပါတယ်။
အခြားထင်ရှားတဲ့ တိုက်ရိုက်ထုတ်လွှင့်သူနှစ်ဦးဖြစ်တဲ့ ဇူချန်ဟူ Zhu Chenhui နဲ့ လင်ရှန်ရှန် Lin Shanshan တို့ဟာ လည်း ဒဏ်ငွေ အမေရိကန် ဒေါ်လာ ၁၀.၂ သန်းနဲ့ ၄.၃သန်း သန်း ပေးဆောင်ခဲ့ရ ပြီး သူတို့ရဲ့ ဝီဘို အကောင့်တွေကလည်း ဖယ်ရှားခံခဲ့ရပါတယ်။
“အခွန်ရှောင်သူတွေကို စုံစမ်းစစ်ဆေးမှုနဲ့ ပြစ်ဒဏ်ပေးတာတွေကနေ တန်းတူညီမျှအခွန်ဆောင်ကြတဲ့ ပတ်၀န်းကျင်တစ်ခုကို ဖန်တီးဖို့ တွန်းအားဖြစ်လာလိမ့်မယ်” လို့ တရုတ်နေ့စဥ်သတင်းစာ China Daily ကလည်း ဖေါ်ပြခဲ့ပါတယ်။








