တယ်လီဂရမ် - ဒီမိုကရေစီဘက်တော်သားလား၊ စစ်တပ်လက်ထောက်ချတို့ မွေ့လျော်ရာ နေရာလား

နေ့စဥ်သုံးစွဲသူ သန်း ၈၀၀ ရှိနေတဲ့ တယ်လီဂရမ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နေ့စဥ်သုံးစွဲသူ သန်း ၈၀၀ ရှိနေတဲ့ တယ်လီဂရမ်

မြန်မာနိုင်ငံက စစ်ကောင်စီကို ထောက်ခံသူတွေ၊ စစ်အာဏာသိမ်းမှုကို လိုလားသူတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေဟာ လူတွေရဲ့ နာမည်၊ နေရပ်လိပ်စာ အစရှိသဖြင့် ကိုယ်ရေး အချက်တွေကို ဖွင့်ချပြီး ဖမ်းဆီး အရေးယူဖို့ရာ လှုံ့ဆော် ဆော်ဩတဲ့ အဓိက နေရာ တစ်ခု ဖြစ်နေတဲ့ အကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းထဲ သတိပြုမိလာပါတယ်။

စာနယ်ဇင်းသက်တမ်း ရှည်ကြာခဲ့ပြီ ဖြစ်တဲ့ ဩဇာကြီး သတင်းစာ ဝါရှင်တန်ပို့စ်မှာဆိုရင် အခု ရက်ပိုင်းမှာပဲ “ဟန်ငြိမ်းဦး” နာမည်တပ်လို့ တယ်လီဂရမ်ချန်နယ်ရဲ့ လှုံ့ဆော်မှု အကြောင်း အယ်ဒီတာ အဖွဲ့က အတော်လေး အသေးစိတ်တွေ ရေးပါတယ်။

ဝါရှင်တန်ပို့စ် မီးမောင်းထိုးပြတဲ့ ဖြစ်ရပ်ကတော့ ကန့်ဘလူမြို့နယ်ထဲက ပဇီကြီးရွာ ဗုံးကြဲခံရပြီး ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေ အများအပြား ပါဝင်တဲ့ လူတွေ အစုလိုက်အပြုံလိုက် သေဆုံးမှု ပေါ်ပေါက်လာတဲ့ နေ့ရက်မှာ အဲဒီ သတင်းအပေါ် စိတ်ထိခိုက် ဝမ်းနည်းရကြောင်း ဆိုရှယ်မီဒီယာပေါ်မှာ တနည်းတဖုံနဲ့ ဖော်ပြခဲ့သူတွေကို ဖမ်းဆီးဖို့ ဟန်ငြိမ်းဦးကိုင်တွယ်တဲ့ ချန်နယ်က လှုံ့ဆော်ခဲ့တဲ့အကြောင်းပဲ ဖြစ်ပါတယ်။

သာမန်အရပ်သားတွေရော၊ လူသိများ ထင်ရှားသူတချို့ရော နာမည်တွေ၊ ဓာတ်ပုံတွေ၊ နေရပ်လိပ်စာတွေနဲ့ ဖွင့်ချခံရပြီး စစ်ကောင်စီဘက်ကလည်း နောက်ရက်တွေမှာ တကယ်ပဲ ဖမ်းဆီးခဲ့ပါတယ်။

ဝါရှင်တန်ပို့စ်ကတော့ ဒီဖြစ်ရပ်ကို အာဏာရှင်စနစ်မှတ်တမ်းများ ဆိုတဲ့ အခန်းကဏ္ဍအောက်မှာ အယ်ဒီတာအဖွဲ့ရဲ့ အာဘော်အဖြစ် ဆောင်းပါးရှည်ရေးပါတယ်။ “လူအစုလိုက် အပြုံလိုက် အရင်သတ်တယ်။ ပြီးတော့ ပူဆွေးဝမ်းနည်းသူတွေရဲ့ အသံကိုပါ တိတ်ဆိတ်စေတယ်” ဆိုပြီး ခေါင်းစဥ်တပ်ပါတယ်။

ပဇီကြီးပူဆွေးမှုကို အသံတိတ်အောင် ပြုလုပ်ခဲ့

စစ်ရာဇဝတ်မှုမြောက်ကြောင်း နိုင်ငံတကာ ပြစ်တင်မှုတွေ ထွက်ပေါ်ခဲ့တဲ့ ပဇီကြီးရွာ ဖြစ်ရပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်ရာဇဝတ်မှုမြောက်ကြောင်း နိုင်ငံတကာ ပြစ်တင်မှုတွေ ထွက်ပေါ်ခဲ့တဲ့ ပဇီကြီးရွာ ဖြစ်ရပ်

မြန်မာအများစုအတွက်တော့ ပဇီကြီးဖြစ်ရပ်နဲ့တကွ ပရိုဖိုင်း အနက်ရောင်ပြောင်းလို့ အဖမ်းခံရမှုတွေ၊ ဝမ်းနည်းကြောင်း စာသားတွေ ရေးမိလို့ အဖမ်းခံရတဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေ အကြောင်း ကောင်းကောင်းသိထားနှင့်ပြီး ဖြစ်သလို၊ အဖမ်းခံရသူတွေထဲက လူသိများ ထင်ရှားသူတွေ ပြန်လည် လွတ်မြောက်လာခဲ့ပြီးလည်း ဖြစ်ပါတယ်။

ဒီမှာ ပြောစရာဖြစ်လာတာက တယ်လီဂရမ်ချန်နယ်ရဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။ ဝါရှင်တန်ပို့စ်ရဲ့ နာမည်တပ်မှုကတော့ စစ်တပ်ကို သတင်းပေးတဲ့နေရာ၊ လက်ထောက်ချတဲ့ နေရာ လို့ ဆိုပါတယ်။ အွန်လိုင်းပေါ် ဖော်ပြမိတဲ့ ကိုယ်ခံစားနေရတာ၊ ကိုယ်စိတ်ထဲရှိတာတွေဟာ စစ်ကောင်စီနဲ့ ဘက်မတူဘူး ဆိုရင် NUG/CRPH ကို အားပေးတယ်၊ PDF ကို အားပေးတယ် ... သူတို့ အခေါ်အရ အကြမ်းဖက် အားပေး ဖြစ်တယ်ဆိုပြီး တယ်လီဂရမ်ချန်နယ်ပေါ်မှာ ကိုယ်ရေး အချက်အလက်တွေ တင်ပြီး ဖမ်းခိုင်းဆီးခိုင်းတာတွေ လုပ်တာမျိုး ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်နည်းပညာ ထွန်းကားမှုနဲ့ ဆိုရှယ်မီဒီယာ တွင်ကျယ်မှုတွေဟာ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာသာ အသုံးဝင်တာမျိုး မဟုတ်ပဲ၊ အာဏာရှင်တွေဘက်ခြမ်းကလည်း တန်ပြန် အသုံးချနိုင်တာကို အခုလက်ရှိ မြန်မာ့အရေးက ညွှန်းပြနေပါတယ်။

ဒီနေရာမှာ တယ်လီဂရမ်ကိုပဲ ဥပမာ အဖြစ် ကြည့်နိုင်ပါတယ်။ အတိုက်ခံတွေရဲ့ အနံ့ကို တစ်ချိန်လုံး လိုက်ခံနေပြီး ဖမ်းဖို့ဆီးဖို့ လက်မရွံ့တဲ့ ခက်ထန်တဲ့ အာဏာရှင်တွေကို ရှောင်ဖို့ရာ နေရာတစ်ခု အနေနဲ့ ကမ္ဘာတလွှားမှာ တယ်လီဂရမ်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးကြပါတယ်။

တယ်လီဂရမ်သူဌေး ဘယ်သူလဲ

ရုရှားမှာ နေလို့မရပဲ ထွက်ပြေးရသူ တယ်လီဂရမ်သူဌေး ပါဗယ်ဒူရော့ဗ်
ဓာတ်ပုံ ပုံစာ, ရုရှားမှာ နေလို့မရပဲ ထွက်ပြေးရသူ တယ်လီဂရမ်သူဌေး ပါဗယ်ဒူရော့ဗ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တယ်လီဂရမ်ကို ထူထောင်သူက ရုရှားသူဌေး ပါဗယ်ဒူရော့ဗ်ဖြစ်ပါတယ်။ သူဟာ တစ်ကိုယ်တော် စွန့်ဦးတီထွင်သမား ဖြစ်ပါတယ်။ သူစထွင်တာ ဗီကင်တက်ခ်တာ Vkontakte လို့ နာမည်ပေးထားတဲ့ ဖေ့စ်ဘုတ်လိုမျိုး ဆိုရှယ်မီဒီယာ ပလက်ဖောင်း ဖြစ်ပါတယ်။ ရုရှားလူမျိုးတွေကြား အင်မတန် တွင်ကျယ်ပြီး အသုံးများလှပါတယ်။ ဒါပေမယ့် အဲဒီ ဗီကင်တက်ခ်တာနဲ့ ပတ်သက်ပြီးတော့ပဲ သမ္မတပူတင် အစိုးရရဲ့ အမျက်သိုမှုကို ခံလာရပါတယ်။

ကရင်မလင်က အဓိက မကြိုက်ဖြစ်နေတာ၊ မျက်မုန်းကျိုးနေတာကတော့ ရုရှား အတိုက်အခံ ခေါင်းဆောင် အလက်ဇီ နာဗယ်နီ Alexei Navalny ရဲ့ နာမည်နဲ့ ဖွင့်ထားတဲ့ ဗီကင်တက်ခ်တာ ပေါ်က စာမျက်နှာတွေ ဖြစ်ပါတယ်။ အဲဒီ စာမျက်နှာတွေကို ဖြုတ်ချဖို့ ရုရှားအစိုးရက မစ္စတာ ဒူရော့ဗ်ကို ဖိအားပေးပါတယ်။ မစ္စတာ ဒူရော့ဗ်က အာခံပါတယ်။ ခေါင်းမာမာနဲ့ တင်းခံပါတယ်။ အဲဒီနောက်မှာတော့ သမ္မပူတင်နဲ့ နီးစပ်တဲ့ ရုရှား ခေတ်ပျက်သူဌေးတွေရဲ့ လက်ထဲ ဗီကင်တက်ခ်တာ ရောက်သွားပါတယ်။

(ရုရှား ခေတ်ပျက်သူဌေး ဆိုတဲ့ ဝေါဟာရဟာ အိုလီဂါ့ခ် oligarch ကို ဘာသာပြန်လိုက်တာ ဖြစ်ပါတယ်။ ရိုးရိုးချမ်းသာတဲ့ သူဌေးသက်သက် မဟုတ်ပါဘူး၊ မြန်မာမှာလည်း အခု ခရိုနီလို့ ရည်ညွှန်းနေကြသလိုမျိုး ထိပ်ဆုံးက အာဏာပိုင်တွေက ကျောထောက်နောက်ခံပြုပေး ထားသူတွေ ဖြစ်ပါတယ်။ ဆိုဗီယက်လွန်ကာလ စီးပွားရေးလုပ်ငန်းတွေကို ပုဂ္ဂလိကပိုင် ပြန်လုပ်ကြတဲ့ အခါ အာဏာပိုင်တွေနဲ့ ဒွေးရောယှက်တင် လုံးထွေးနေခြင်းအားဖြင့် လုပ်ပိုင်ခွင့်တွေရပြီး အလွန့်အလွန် ကြွယ်ဝလာကြတဲ့ ရုရှားဘီလျံနာ သူဌေးတွေကို အိုလီဂါ့ခ်လို့ ခေါ်တာ ဖြစ်ပါတယ်)

ဗီကင်တက်ခ်တာကို လက်လွှတ်ပြီးတဲ့နောက် မစ္စတာ ဒူရော့ဗ်ဟာ အစ်ကိုဖြစ်သူ နီကိုလိုင်နဲ့ တွဲလို့ ၂၀၁၃ မှာ တယ်လီဂရမ်ကို စပြီး ထွင်ပါတယ်။ လုံခြုံမှု ရှိပြီး၊ ကြားဖြတ်ကြော်ငြာထိုးမှု ကင်းတဲ့ မက်ဆေ့ချ်ပို့ရာ အက်ပ် ဖြစ်ပါတယ်။ တယ်လီဂရမ်လည်းပဲ အချိန်တို အတွင်း အောင်မြင်ပါတယ်။ မစ္စတာ ဒူရော့ဗ်ကတော့ ၂၀၁၄ ကတည်းက ရုရှားကနေ ထွက်ပြေးခဲ့ရပြီး ဖြစ်ပါတယ်။ အခု သူ ဒူဘိုင်းမှာ နေနေပါတယ်။

မစ္စတာ ဒူရော့ဗ်ရဲ့ ရပ်တည်ချက်ကို ကြည့်ရင် ဗီကင်တက်ခ်တာမှာ ကတည်းက အာဏာပိုင်တို့ရဲ့ အမိန့်ကို အံတုပြီး လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို ကာကွယ်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ တယ်လီဂရမ်နဲ့ ပတ်သက်ပြီးတော့လည်း သမ္မတပူတင် အစိုးရနဲ့ ထိပ်တိုက် တိုးပြန်ပါတယ်။

ဗီကင်တက်ခ်တာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တယ်လီဂရမ်သူဌေးစထွင်ခဲ့ပြီး နောက်ပိုင်း သမ္မတပူတင် လူရင်းတွေလက်ထဲ ရောက်သွားတဲ့ ဗီကင်တက်ခ်တာ

တယ်လီဂရမ်ကို သုံးနေတဲ့ ယူကရိန်းတွေရဲ့ အချက်အလက်တွေကို ရယူနိုင်ဖို့ အတွက် ဒစ်ဂျစ်တယ် လုံခြုံရေး သော့လို့ ခေါ်နိုင်တဲ့ လျှို့ဝှက် ကုဒ်နံပါတ်တွေ လွှဲပြောင်း ပေးပါ ဆိုပြီး ရုရှား အစိုးရက ၂၀၁၈ မှာ တောင်းဆိုပါတယ်။ မစ္စတာ ဒူရော့ဗ်က ငြင်းပါတယ်။ ရုရှားနိုင်ငံထဲ အင်တာနက်ပိုင်း ဖြတ်တောက်ထိန်းချုပ်ရေး ဆင်ဆာအဖွဲ့ဖြစ်တဲ့ ရော့စ်ကွမ်နော့ဒ်ဇောရ်ဟာ တယ်လီဂရမ်ကို အွန်လိုင်းပေါ်မှာ ပိတ်ဆို့ထားနိုင်ဖို့ ၂ နှစ်တိုင် လုံးပမ်းခဲ့ပါတယ်။ မအောင်မြင်ပါဘူး။

ဒီလိုနဲ့ တယ်လီဂရမ်ဟာ အာဏာရှင် ဆန့်ကျင်ရေးမှာ အင်မတန် အသုံးဝင်ရာ နေရာ အဖြစ် ဂုဏ်သိက္ခာတက်ခဲ့ပါတယ်။ နာမည်ကောင်းရခဲ့ပါတယ်။ လူတွေလည်း အုံနဲ့ကျင်းနဲ့ သုံးစွဲလာတာမှာ အခုဆို တယ်လီဂရမ်ကို အကောင့်ရှိရုံသက်သက်မဟုတ်ပဲ စွဲစွဲမြဲမြဲ သုံးနေသူ သန်း ၈၀၀ ကျော် ရှိနေပါတယ်။ အွန်လိုင်း မက်ဆေ့ဂျ်ပို့ရာ အက်ပ်တွေထဲ WhatsApp ပြီးရင် တယ်လီဂရမ်ဟာ လူသုံးအများဆုံး ဖြစ်ပါတယ်။

၂၀၂၁ မှာ မစ္စတာ ဒူရော့ဗ်က ဘလော့ဂ်ပို့စ် တစ်ခု ရေးပါတယ်။ သူ့ရဲ့ တယ်လီဂရမ်ဟာ အမှန်တရားပေါ်မှာ ရပ်တည်ဝံ့တဲ့၊ လိုအပ်လာရင် အစိုးရနဲ့ ပြိုင်ပြီး ရန်ဖြစ်ဝံ့တဲ့ ပထမဆုံး အက်ပ် ဖြစ်တယ်လို့ ကြွေးကြော်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီကပဲ ဘာထပ်ပြောသလဲဆိုရင် တယ်လီဂရမ်ရဲ့ ဦးတည်ရည်မှန်းချက် မစ်ရှင်ဟာ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ လုံလုံခြုံခြုံ ပရိုက်ဗေစီ အပြည့်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့် ကမ္ဘာအနှံ့ ရနိုင်စေဖို့ပဲလို့ ဆိုပါတယ်။ ကမ္ဘာတလွှား ဒီမိုကရေစီ အရေး လှုပ်ရှားမှုတွေေမှာ တယ်လီဂရမ်ဟာ အရေးပါတဲ့ အခန်းကဏ္ဍ နေရာမှာ ရှိနေတယ်လို့လည်း ဆိုပါတယ်။

သူက တိုင်းပြည်နာမည်တွေကို တပ်ပြီး ပြောပါတယ်။ အဲဒီ အထဲမှာ မြန်မာလည်းပါပါတယ်။ အီရန်၊ ရုရှား၊ ဘယ်လာရုစ်၊ မြန်မာနဲ့ ဟောင်ကောင် တို့ရဲ့ ဒီမိုကရေစီ အရေး လှုပ်ရှားမှုတွေမှာ တယ်လီဂရမ်ကို အသုံးပြုနေကြကြောင်း ဂုဏ်ယူပြီး ပြောတာ ဖြစ်ပါတယ်။

တယ်လီဂရမ် အသုံးပြုသူတွေ အချင်းချင်းကြား ဆက်သွယ်တဲ့ အခါမှာတော့ နောက် ဘယ်သူ တစ်ဦးတစ်ယောက်မှ သိရှိနိုင်မှာ မဟုတ်ပဲ၊ တစ်ရာ ရာခိုင်နှုန်း လျှို့ဝှက် လုံခြုံတယ်၊ သီးသန့် ဖြစ်တယ်၊ ပရိုက်ဗိတ် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တယ်လီဂရမ် ချန်နယ်တွေကတော့ အများမြင်ရတဲ့ ပတ်ဘလစ် public နေရာတွေ ဖြစ်ပါတယ်။ အခု မြန်မာတွေ အများဆုံး သုံးနေတာကလည်း တယ်လီဂရမ် ချန်နယ်တွေ ဖြစ်ပါတယ်။

လွတ်လပ်စွာဖော်ထုတ်ခွင့် အခြေခံမူနဲ့ တယ်လီဂရမ်ပေါ်က မြန်မာချန်နယ်များ

အစိုးရကို ဝေဖန်လို့ ဆင်ဆာလုပ် ဖြတ်တောက် ထိန်းချုပ်ရမယ် ဆိုတဲ့ နိုင်ငံရေးအခြေပြု ဖြတ်တောက် ဖယ်ရှားတာမျိုး လုပ်မှာမဟုတ်ဘူးဆိုတဲ့ တယ်လီဂရမ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အစိုးရကို ဝေဖန်လို့ ဆင်ဆာလုပ် ဖြတ်တောက် ထိန်းချုပ်ရမယ် ဆိုတဲ့ နိုင်ငံရေးအခြေပြု ဖြတ်တောက် ဖယ်ရှားတာမျိုး လုပ်မှာမဟုတ်ဘူးဆိုတဲ့ တယ်လီဂရမ်

တယ်လီဂရမ်ပေါ်မှာ ဘယ်လို အရာမျိုးတွေဆိုရင် လက်သင့်မခံပဲ ဖြုတ်ချသလဲ ဆိုရင် လိင်ပိုင်း ညစ်ညမ်းရုပ်သံတွေနဲ့ အကြမ်းဖက်မှုနဲ့ အကြမ်းဖက်ဝါဒကို အားပေးတာမျိုးတွေဆိုရင် လက်မခံဘူးလို့ ဆိုပါတယ်။ လွတ်လပ်စွာ ထင်မြင်ယူဆ ပြောဆိုပိုင်ခွင့်ကို ထင်ဟပ်နေတာတွေ ဆိုရင်တော့ ဖြုတ်ချ ဖယ်ရှားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

တယ်လီဂရမ်ရဲ့ ဝက်ဘ်ဆိုက်မှာ “အစိုးရကို ဝေဖန်တာဟာ တချို့ နိုင်ငံတွေမှာ ဆိုရင် တရားမဝင်တဲ့ လုပ်ရပ်၊ ဥပဒေပြင်ပ လုပ်ရပ် အဖြစ် သတ်မှတ်ထားပါတယ်။ တယ်လီဂရမ်က ဥပဒေပြင်ပ လုပ်ရပ်တွေကို လက်မခံဘူးဆိုပေမယ့် အစိုးရကို ဝေဖန်လို့ ဆင်ဆာလုပ် ဖြတ်တောက် ထိန်းချုပ်ရမယ် ဆိုတဲ့ နိုင်ငံရေးအခြေပြု ဖြတ်တောက် ဖယ်ရှားတာမျိုး လုပ်မှာမဟုတ်ဘူး။ အဲဒီလို လုပ်ခြင်းဟာ တယ်လီဂရမ်ကို ထူထောင်သူတွေ ကိုင်စွဲထားတဲ့ အခြေခံ စံတန်ဖိုးတွေနဲ့ ဆန့်ကျင်တယ်။ အိုင်အက်စ် အစ္စလာမ်မစ်နိုင်ငံ အဖွဲ့နဲ့ ဆက်စပ်နေတဲ့ အကြမ်းဖက်ဝါဒီတွေကို ပိတ်ဆို့ ပေမယ့်၊ အများနဲ့မတူတဲ့ ကိုယ့်ရဲ့ သဘောထား အမြင်တွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖော်ပြနေသူ ဘယ်သူ့ကိုမဆို ဘလော့ မလုပ်ဘူး၊ မပိတ်ဘူးလို့ တယ်လီဂရမ်က အာမခံထားပါတယ်။" လို့ ဖော်ပြထားပါတယ်။

မြန်မာ့အရေးမှာတော့ အထက်မှာ ဆိုခဲ့တဲ့ အတိုင်း တယ်လီဂရမ် ချန်နယ်တွေဟာ စစ်တပ် သတင်းပေးရာ နေရာ၊ လက်ထောက်ချရာနေရာ ဖြစ်လို့ လာပါတယ်။ ဝါရှင်တန်ပို့စ်ရဲ့ အယ်ဒီတာ အဖွဲ့ကတော့ အဲဒီကိစ္စ တယ်လီဂရမ်ကို သူတို့ မေးခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်သတင်းပေးချန်နယ်တွေကို ဖယ်ရှားရင်လည်း တယ်လီဂရမ်ရဲ့ အခြေခံ စံတန်ဖိုးတွေကနေ လွဲချော်တာပဲလား ဆိုပြီး မေးခွန်းထုတ်ပါတယ်။

တယ်လီဂရမ်ရဲ့ တုံ့ပြန်မှုကတော့ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ရေး အချက်အလက်တွေကို ထိခိုက်နစ်နာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ အင်တာနက်ပေါ် တင်တာမျိုး ဆိုရင် ဖယ်ရှားမယ်လို့ ဆိုပါတယ်။

ဟန်ငြိမ်းဦးနာမည်နဲ့ တယ်လီဂရမ်ချန်နယ်ကနေ အချက်အလက်တွေကို ပုံမှန် ရယူပါမယ် ဆိုပြီး စာရင်းသွင်း subscribe လုပ်ထားသူ ၅ သောင်းခွဲ ဝန်းကျင် ရှိနေပါတယ်။ အဲဒီနေရာမှာ ဘယ်သူတွေကို ဘယ်နေရာမှာ ဘယ်လိုတိုင်၊ ဘယ်လိပ်စာဆိုရင် ဘယ်လို တိကျအောင်လုပ် စသဖြင့် လှုံ့ဆော်မှုတွေဟာ နေ့စဥ်နဲ့ အမျှ ရှိနေပါတယ်။ Subscribers သိန်းနဲ့ချီပြီး ရှိခဲ့တဲ့ ဟန်ငြိမ်းဦးနာမည်နဲ့ ချန်နယ် ပြီးခဲ့တဲ့နှစ်က တယ်လီဂရမ်ပေါ်က ဖယ်ရှားခံရပေမယ့်လည်း၊ အဲဒီနာမည်နဲ့ပဲ ထပ်ပြီး ပေါ်လာတာဖြစ်ပါတယ်။ ဒီနာမည်နဲ့ ဒီ အပြုအမူတွေပဲ လုပ်နေတာကို တယ်လီဂရမ်ကနေ ဘာလို့ ဆက်လက်ခွင့်ပြုထားသလဲဆိုတဲ့ အဖြေကတော့ မသိရသေးပါဘူး။

ဒီတော့ မစ္စတာ ဒူရော့ဗ်ရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကာကွယ်ရေး အိပ်မက်ဟာ ထောက်လှမ်းရေး သတင်းပေး အသွင် ရောက်လို့ နေပြီလို့ ဝေဖန်သူတွေက ဆိုပါတယ်။ ဒီ ချန်နယ်မျိုးကို ကိုင်တွယ် ထိန်းချုပ်နေသူတွေဟာ စစ်တပ်ကို လိုလားသူ၊ စစ်တပ်ကိုထောက်ခံသူ သာမန် အရပ်သားတွေ သက်သက် ဖြစ်ပါ့မလား ဆိုတဲ့ မေးခွန်းလည်း ပေါ်ပေါက် လာစေပါတယ်။ အရပ်သား အချင်းချင်း လက်ထောက်ချတယ် ဆိုတာထက် အများကြီး ပိုပြီး၊ စစ်တပ်က ဖွဲ့ထားတဲ့ စစ်ထောက်လှမ်းရေး ကွန်ရက်ယန္တရားထဲက အစိတ်အပိုင်း ဆိုပြီး ဒီမိုကရေစီ တက်ကြွ လှုပ်ရှားကြသူတွေရဲ့ အသိုင်းအဝိုင်းထဲ ယူဆပြောဆို ချက်တွေလည်း ရှိနေပါတယ်။

ဒီ တယ်လီဂရမ် ချန်နယ်မျိုးတွေရဲ့ နောက်ကွယ်မှာ လူတွေ အုပ်စုဖွဲ့ စနစ်တကျ လှုပ်ရှားနေတာလား၊ စစ်ထောက်လှမ်းရေးက ထူထောင်ထားတဲ့ ကွန်ရက် ယန္တရား ဆိုတာ တကယ်ပဲလား၊ ဘယ်သူတွေရဲ့ အမိန့်ပေးခိုင်းစေမှု၊ လမ်းညွှန်မှုတွေအောက်မှာ လှုပ်ရှားနေတာလဲ ... စတဲ့ အချက်တွေဟာ အသိရ ခက်နေဆဲ ဖြစ်ပြီး၊ ဆက်လက် စုံစမ်း စရာတွေ၊ သိမြင်နားလည်ရမှာတွေ အများကြီးပဲ ကျန်ရှိနေပါတယ်။