‘‘တယ်လီဂရမ်ဟာ အိတ်ကပ်ထဲက Dark Web ဖြစ်လာပြီ’’

တရားမဝင်စီးကရက်သောက်နေတဲ့ အမျိုးသားတစ်ဦး ရဲ့ဓာတ်ပုံကို ဆေးလိပ်ငွေ့တွေကြားမှာ မှုန်ဝါးဝါး မြင်တွေ့ရတာဖြစ်ပါတယ်။
ဓာတ်ပုံ ပုံစာ, မူးယစ်ဆေးရောင်းဝယ်တဲ့ ချန်နယ်အဖွဲ့ဝင်တစ်ဦး ဖော်ပြထားတဲ့ ဓာတ်ပုံ
    • ရေးသားသူ, ဂျိုးလ် တီဒီ
    • ရာထူးတာဝန်, ဆိုက်ဘာသတင်းထောက်၊ ဘီဘီစီကမ္ဘာတလွှား

လွန်ခဲ့တဲ့ ၉ လခန့်တုန်းက သတင်းတစ်ပုဒ်ရေးဖို့ ကျွန်တော် အချက်အလက်တွေ ရှာဖွေ စုဆောင်းနေချိန်မှာပဲ မူးယစ်ဆေးဝါးတွေကိုရောင်းချတဲ့အကြောင်း အများဆုံးတင်တဲ့ တယ်လီဂရမ်ချန်နယ်ကြီး တစ်ခုထဲကို ကျွန်တော့်ရဲ့ အကောင့်အထည့်ခံလိုက်ရပါတယ်။

အဲဒီနောက် ကျွန်တော့်အကောင့်ဟာ အချက်အလက်ခိုးယူတဲ့ ဟက်ကင်း ချန်နယ်တစ်ခုထဲ၊ နောက် ခိုးရာပါ ခရက်ဒစ်ဘဏ်ကတ်တွေအရောင်းအဝယ် ချန်နယ် တစ်ခုထဲကို တစ်ခုပြီးတစ်ခု ထည့်တာခံရပါတယ်။

အလိမ်အညာတွေ မက်ဆေ့တွေနဲ့ လင့်ခ်တွေဟာ ကျယ်ပြောတဲ့ ဒီရာဇဝတ်ကွန်ရက်ကနေတဆင့် ဖြန့်နေကြချိန်မှာပဲ ကျွန်တော့်ရဲ့ တယ်လီဂရမ်အကောင့်မှာရှိတဲ့ ဆက်တင် (setting)ကြောင့် တခြားလူက ကျွန်တော့်အကောင့်ကို ကျွန်တော်မသိခင်မှာပဲ တခြားချန်နယ်တွေထဲကို ထည့်သွင်းလို့ရတယ်ဆိုတာ ကျွန်တော် သတိထားမိလိုက်ပါတယ်။

ဘာဆက်ဖြစ်မလဲဆိုတာ ကျွန်တော် သိချင်တာကြောင့် ဆက်တင်ကို အဲဒီအတိုင်း ကျွန်တော် ထားခဲ့ပါတယ်။ လအနည်းငယ်အကြာမှာပဲ ကျွန်တော့် အကောင့်ဟာ တယ်လီဂရမ် ဂရု ၈၂ ထဲအထိ ထည့်ထားခံလိုက်ရပါတယ်။

ဒါရပ်တန့်သွားအောင် ဆက်တင်ကို ပြန်ပြောင်းခဲ့ပေမဲ့ အကောင့်ထဲကို ဝင်တိုင်း အလွန်တရာမှကို သက်ဝင်လှုပ်ရှားနေတဲ့ တရားမဝင် ဂရု ဒါဇင်ချီထဲကနေလာတဲ့ ထောင်နဲ့ချီတဲ့မက်ဆေ့တွေက အရင်ဆုံး ဆီးကြိုနေဆဲဖြစ်ပါတယ်။

တယ်လီဂရမ်ကို တည်ထောင်တဲ့ အမှုဆောင်အရာရှိချုပ် ဘီလျံနာ သူဌေး ပါဗယ် ဒူရော့ဗ် ပြင်သစ်မှာ ဖမ်းဆီး ထိန်းသိန်းခံရပြီးတဲ့နောက် မှာတော့ သူ့ရဲ့အက်ပလီကေးရှင်းကို စောင့်ကြည့်ထိန်းညှိဖို့ အခြေအတင် ပြောဆိုဆွေးနွေးတာတွေ ပေါ် ပေါက်လာပါတယ်။

တည်ထောင်သူ ပါဗယ် ဒူရော့ဗ်ဟာ တယ်လီဂရမ်ဆိုက်ကြီး အောင်မြင်ရှင်သန်အောင် ဆိုက်ကို အသုံးချပြီးဖြစ်နေတဲ့ တရားမဝင်ငွေကြေးလွှဲပြောင်းမှု၊ မူးယစ်ဆေးဝါးမှောင်ခိုကူးမှု၊ လိမ်လည်မှုနဲ့ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်တဲ့ဓာတ်ပုံတွေကို ဖြန့်ဝေမှုတွေကို ခွင့်ပြုပြီး ကြံရာပါသူအဖြစ် စွပ်စွဲခံရပြီး အမှုဖွင့်ခံရပါတယ်။

လူမှုကွန်ရက်ကို ရာဇဝတ်မှုအတွက်သုံးတာတွေက တခြားလူမှုကွန်ရက်တွေမှာလည်း ဖြစ်နေတာ သံသယဖြစ်စရာတော့ မရှိပါဘူး။ ဒါပေမဲ့ တရားဥပဒေစိုးမိုးရေးနယ်ပယ်က အများစုစိုးရိမ်နေကြတဲ့အတိုင်း ပိုကြီးမားကျယ်ပြန့်တဲ့ပြဿနာတစ်ခုရှိနေပြီဆိုတာကို ကျွန်တော့်ရဲ့ စမ်းသပ်မှုကအရိပ်အမြွက် ပြလိုက်ပါတယ်။

ကျွန်တော့်ရဲ့ အကောင့် အထည့်ခံလိုက်ရပြီးတဲ့နောက် ဝင်လျက်သားဖြစ်သွားတဲ့ တယ်လီဂရမ် ဂရုအချို့ အကြောင်းကိုလည်း ဆက်ပြောပြပါဦးမယ်။

ကျွန်တော့်ရဲ့ တယ်လီဂရန် အပ်ပလီကေးရှင်းဟာ တရားမဝင်ပစ္စည်းတွေကို တစ်နေရာတည်းမှာ ရနိုင်တဲ့ဆိုင်တစ်ဆိုင်နဲ့ တူလာပြီး ကျွန်တော်မဟုတ်တဲ့ တခြားအဖွဲ့ဝင်တွေ အားလုံးကတော့ ပစ္စည်းရောင်းမယ့်သူကို တက်တက်ကြွကြွရှာဖွေနေကြတာတွေ့ရပါတယ်။

တယ်လီဂရမ် ဂရုတွေထဲကို ဓာတ်ပုံတွေ တင်ကြပြီး အဲဒီချန်နယ်တွေကို တခြားတစ်နေရာမှာ မကြော်ငြာနိုင်အောင် နာမည်တွေကိုလည်း ပြောင်းပစ်ပါတယ်။

အဖွဲ့ဝင် ၁၅,၇၀၀ ယောက်ရှိတဲ့ ကတ်ခိုးယူတဲ့အုပ်စုမှာ ခိုးယူထားတဲ့ အကြွေးဝယ်ကတ်အတုတွေကိုရောင်းပြီး တကမ္ဘာလုံးကို‌အရောက်ပို့ပေးပါတယ်။ ကတ်အတုတွေကိုသုံးပြီး ငွေထုတ်စက်တွေကနေ ထုတ်ယူထားနိုင်တဲ့ငွေအမြောက်အများကို ကိုင်ဆောင်ထားတဲ့ ရာဇဝတ်ကောင်တွေရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကိုလည်း တွေ့နိုင်ပါတယ်။
ဓာတ်ပုံ ပုံစာ, ကတ်ဖြတ်သူတွေ (အဖွဲ့ဝင် ၁၅,၇၀၀ ယောက်)လို့ ခေါ်တဲ့ ဒီဂရုမှာတော့ ခိုးယူထားတဲ့ အကြွေးဝယ်ကတ်တွေကို ပွားပြီး အဲဒီကတ်အတုတွေကို ကမ္ဘာအနှံ့ အိမ်အရောက်ပို့တယ်ဆိုပြီး ရောင်းပါတယ်။ ကတ်အတုတွေကို သုံးပြီး ငွေထုတ်စက်တွေကနေ ထုတ်ယူထားနိုင်တဲ့ငွေအမြောက်အများကို ကိုင်ဆောင်ထားတဲ့ ရာဇဝတ်သမားတွေရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကိုလည်း တွေ့နိုင်ပါတယ်။
အဖွဲ့ဝင် ၉,၁၁၉ ယောက်ရှိတဲ့ မူးယစ်ဆေးတရားဝင်ဥယျာဉ် နာမည်နဲ့ အုပ်စုမှာ ဆေးခြောက်လုံး၊ ဆေးခြောက်ကွက်ကီးနဲ့ တရားမဝင်ဆေးလိပ်အစားထိုး vapes တွေကို ရောင်းချပါတယ်။ ပစ္စည်းတွေရော ထုတ်ကုန်အပေါ်မှတ်ချက်ပြုထားတဲ့ ဓာတ်ပုံ နဲ့ ဗီဒီယိုတွေကိုလည်း လွတ်လွတ်လပ်လပ်မျှဝေထားကြပါတယ်။
ဓာတ်ပုံ ပုံစာ, ဆေးပေါင်းစုံဥယျာဥ် အစစ် (အဖွဲ့ဝင် ၉,၁၁၉ ယောက်)လို့ နာမည်ပေးထားတဲ့ဂရုမှာဆိုရင် ဆေးခြောက်လုံး၊ ဆေးခြောက်ကွက်ကီးနဲ့ ဆေးလိပ်အစားထိုး vape တွေကို တရားမဝင် ရောင်းချပါတယ်။ ပစ္စည်းတွေကိုရော၊ ရောင်းတဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီး ဝယ်သူကပေးတဲ့မှတ်ချက်တွေကိုရော ဂရုမှာ ပုံမှန်နီးပါးတင်လေ့ရှိပါတယ်။
(အဖွဲ့ဝင် ၆၂၅၃ ယောက်) အမှတ်တရတွေနဲ့ မူးယစ်ဆေးတွေလို့ ခေါ်တဲ့ ဂရုမှာတော့ မူးယစ်ဆေးဝါးအမျိုးအစားအမြောက်အများကို တယ်လီဂရန်ချန်နယ်မှာ ကြော်ငြာဖြစ် ကဏ္ဍအလိုက် ဖော်ပြထားပြီး တကမ္ဘာလုံးက မြို့တွေမှာ ဝယ်ယူလို့ရကြောင်းပြောထားပါတယ်
ဓာတ်ပုံ ပုံစာ, အမှတ်တရတွေနဲ့ မူးယစ်ဆေးတွေ (အဖွဲ့ဝင် ၆၂၅၃ ယောက်) လို့ ခေါ်တဲ့ ဂရုမှာတော့ မူးယစ်ဆေးဝါးအမျိုးအစားအမြောက်အများကို တယ်လီဂရန်ချန်နယ်မှာ ကြော်ငြာအဖြစ် ကဏ္ဍအလိုက် ဖော်ပြထားပြီး တကမ္ဘာလုံးက မြို့တွေမှာ ဝယ်ယူလို့ရကြောင်းပြောထားပါတယ်
မှောင်ခိုစျေးကွက်လို့ခေါ်တဲ့ ဒီကွန်ရက်မှာတော့ ဆေးအပါအဝင်၊ ခိုးရာပါ ခရစ်ဒစ်ကတ်အစ သေနတ်အဆုံး အားလုံးကို ရောင်းချသလို ဝယ်ယူမှုဆိုင်ရာ အကြံဉာဏ်ပေးနေတာလည်းတွေ့ရပါတယ်။
ဓာတ်ပုံ ပုံစာ, မှောင်ခိုစျေးကွက် (၁၅၈၀ ယောက်) လို့ခေါ်တဲ့ ဒီကွန်ရက်မှာတော့ ဆေးအပါအဝင်၊ ခိုးရာပါ ခရစ်ဒစ်ကတ်အစ သေနတ်အဆုံး အားလုံးကို ရောင်းချသလို ဝယ်ယူမှုဆိုင်ရာ အကြံဉာဏ်ပေးနေတာလည်းတွေ့ရပါတယ်။

လက်ဆောင်ကတ်ဖိုရမ် ဆိုတဲ့ဂရုမှာတော့ AirBnB၊ မယ်ရီယော့ဟိုတယ်တွေ၊ အမေရိကန်လေကြောင်းလိုင်း၊ အမေဇုန်၊ အက်ပဲနဲ့ တခြားကုမ္ပဏီတွေမှာ သုံးနိုင်တဲ့ လက်မှတ်အတုတွေ၊ လက်ဆောင်လဲနိုင်တဲ့ လက်မှတ်အတုတွေကို ရောင်းချနေတာတွေ့ရပါတယ်။
ဓာတ်ပုံ ပုံစာ, လက်ဆောင်ကတ်ဖိုရမ်(အဖွဲ့ဝင် ၂၃၃၉ ‌ယောက်) ရှိတဲ့ရှိတဲ့ဂရုမှာတော့ Air BnB၊ မယ်ရီယော့ဟိုတယ်တွေ၊ အမေရိကန်လေကြောင်းလိုင်း၊ အမေဇုန်၊ အက်ပဲနဲ့ တခြားကုမ္ပဏီတွေမှာ သုံးနိုင်တဲ့ လက်မှတ်အတုတွေ၊ လက်ဆောင်လဲနိုင်တဲ့ လက်မှတ်အတုတွေကို ရောင်းချနေတာတွေ့ရပါတယ်။
အရုဏ်သစ်စျေး(အဖွဲ့ဝင် ၂၂၂ ယောက်) ဆိုတဲ့ ဂရုမှာတော့ ဟတ်ကင်းနဲ့ သက်ဆိုင်တဲ့ ကျူတိုရီယယ်တွေ၊ ဆော့ဝဲအတု ဖန်တီးတာတွေ၊ ခိုးထားတဲ့ ခရစ်ဒစ်ကတ်တွေနဲ့ နိုင်ငံကူးလက်မှတ်တွေကို ရောင်းချတဲ့အကြောင်း ‌ပြောဆို ရေးသားထားတာတွေ့ရပါတယ်။
ဓာတ်ပုံ ပုံစာ, အရုဏ်သစ်စျေး(အဖွဲ့ဝင် ၂၂၂ ယောက်) ဆိုတဲ့ ဂရုမှာတော့ ဟတ်ကင်းနဲ့ သက်ဆိုင်တဲ့ ကျူတိုရီယယ်တွေ၊ ဆော့ဝဲအတု ဖန်တီးတာတွေ၊ ခိုးထားတဲ့ ခရစ်ဒစ်ကတ်တွေနဲ့ နိုင်ငံကူးလက်မှတ်တွေကို ရောင်းချတဲ့အကြောင်း ‌ပြောဆို ရေးသားထားတာတွေ့ရပါတယ်။
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါပေမဲ့ တယ်လီဂရမ်ဟာ “ကိုယ့်အိတ်ကပ်ထဲက dark web” လို့ဆိုပြီး ပြောပြောနေကြတဲ့ ဆိုက်ဘာလုံခြုံရေးနဲ့ပတ်သက်တဲ့ ပေါ့ကတ်စ်တင်ဆက်နေသူ ပတ်ထရစ် ဂရေးလို လူတွေအတွက်တော့ ဒါက မဆန်းကြယ်တော့ပါဘူး။

တယ်လီဂရမ်ပိုင်ရှင် မစ္စတာ ဒူရော့ဗ် ဖမ်းဆီးခံရမှုကို တုန်လှုပ်ရတယ်လို့ ဆိုပေမဲ့ တယ်လီဂရမ်ဟာ ရာဇဝတ်မှုအတွက် ခိုနားလှုပ်ရှားလို့ရတဲ့နေရာတစ်ခုဖြစ်နေတာ ကြာနေပြီဆိုတာကို စွန့်စားရတဲ့လုပ်ငန်း နာမည်ရတဲ့ သူ့ ပေါ့ကတ်စ် Risky Business မှာ ပြောထားဖူးတဲ့အကြောင်း မစ္စတာ ဂရေးက ပြောပါတယ်။

“ကလေးသူငယ်လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုနဲ့ဆက်စပ်တဲ့ဗီဒီယိုနဲ့ ဓာတ်ပုံတွေကိစ္စ ကျွန်တော်တို့ ပြောတယ်၊ မူးယစ်ဆေး‌တွေ အရောင်းအဝယ်လုပ်နေကြတယ်လို့ ကျွန်တော်တို့ပြောတယ်။ ရာဇဝတ်မှုနဲ့ မကင်းတာတွေအကုန်လုပ်လို့ရတဲ့ အမှောင် အင်တာနက် (Dark Web) လောက အဆင့်နီးနီးကို တယ်လီဂရမ် ရောက်နေပြီဆိုတဲ့အကြောင်း ကျွန်တော်တို့ ထောက်ပြတယ်။ ဒါပေမဲ့ သူတို့ ဘာမှ အရေးတယူမလုပ်ကြဘူး။” လို့ မစ္စတာ ဂရေး က ဆက်ပြောပါတယ်။

သူပြောတဲ့ အမှောင်အင်တာနက်(Dark Web) လောက ဆိုတာ အင်တာနက်အကြောင်း ကောင်းကောင်း သိပြီး အထူးထုတ်ထားတဲ့ ဆော့ဖ်ဝဲလ်ကို အသုံးပြုမှ ဝင်ရောက်ကြည့်ရှုနိုင်တဲ့အင်တာနက်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

ရောင်းသူ ဝယ်သူ ဘယ်သူဘယ်ဝါဆိုတာ သိစရာမလိုဘဲ အွန်လိုင်းကနေပဲ အရောင်းအဝယ်လုပ်နိုင်တဲ့ ပိုးလမ်းမ(Silk Road) နာမည်ရ အွန်လိုင်းအရောင်းအဝယ်နေရာတစ်ခုကို ၂၀၁၁ ခုနှစ်မှာ စတင်ချိန်ကတည်းက အဲဒီဘက်အခြမ်းမှာ တရားမဝင်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို ရောင်းချတဲ့ ဝက်ဘ်ဆိုဒ်တွေ တသီကြီး ထွက်နေပေါ် နေတာဖြစ်ပါတယ်။

တယ်လီဂရမ်ချန်နယ်အကြောင်းကြေညာထားတဲ့ ပို့စ်
ဓာတ်ပုံ ပုံစာ, တယ်လီဂရမ်ဟာ ရာဇဝတ်မှု မကင်းသူတွေကို စွဲဆောင်ဖို့ အကျော်ကြားဆုံးနေရာတစ်ခုဖြစ်လာပါတယ်

ရာဇဝတ်မှု မကင်းတဲ့သူတွေဟာ အမှောင်အင်တာနက်လောက ကို သဘောကျကြပါတယ်။ အကြောင်းရင်းကတော့ ကိုယ်ဘယ်သူ ဘယ်ဝါဆိုတာကို တစ်ဖက်လူက မသိနိုင်တာကြောင့် ဖြစ်ပါတယ်။ အမှောင်အင်တာနက်မှာ သုံစွဲသူ ဘယ်နေသုံးနေလဲဆိုတာကို ခြေရာကောက်နိုင်တဲ့ အင်တာနက် လိပ်စာကလည်း ကမ္ဘာတစ်ဝန်းမှာ ဟိုဟိုဒီဒီ ရွေ့နေတာကြောင့် သုံးစွဲသူဟာ ဘယ်နေရာကနေ သုံးတယ်ဆိုတာကို နေရာအတိတကျသိနိုင်ဖို့ကလည်း စိန်ခေါ် ချက်ဖြစ်ပါတယ်။

ဒါပေမဲ့ ရာဇဝတ်မှုမကင်းတဲ့အလုပ်တွေကို လုပ်သူတွေဟာ တယ်လီဂရမ်ကိုလည်း သဘောကျကြတဲ့ပုံပေါ်ပါတယ်။

ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Intel 471 က သုတေသနပညာရှင်တွေရဲ့အပြောအရ “တယ်လီဂရမ် မရှိခင်တုန်းက ဒီလို(ရာဇဝတ်မကင်းတဲ့)လုပ်ဆောင်ချက်တွေဟာ သုံးစွဲသူ ဘယ်သူဘယ်ဝါဖြစ်ကြောင်း လျှို့ဝှက်ထားနိုင်တဲ့ အမှောင်အင်တာနက် ဝန်ဆောင်မှုတွေကို သုံးတဲ့ အွန်လိုင်း စျေးကွက်တွေမှာပဲ ရှိခဲ့တတာ”၊ ဒါပေမဲ့ နည်းပညာအကျွမ်းတဝင်မဟုတ်တဲ့ ဆိုက်ဘာရာဇဝတ်မှုမကင်းသူတွေကျတော့ “တယ်လီဂရမ်ဟာ ဒီလိုအလုပ်တွေအတွက် နာမည်ကြီးတဲ့အွန်လိုင်းပေါ် ခြေချစရာတွေထဲက တစ်ခုဖြစ်လာတယ်”လို့ ပြောပါတယ်။

အခုနှစ်နွေရာသီအစောပိုင်းကာလတုန်းက ကျီလင်ဆိုတဲ့ ဟတ်ကာအဖွဲ့ဟာ ဗြိတိန်ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း(NHS) အောက်က ဆေးရုံတွေကို ငွေညှစ်ဖို့ရည်ရွယ်ပြီး သူတို့ခိုးယူခဲ့တဲ့ သွေးစစ်ဆေးမှုရလဒ် အချက်အလက်တွေကို သူ့ရဲ့ အမှောင်အင်တာနက်စာမျက်နှာမှာ မတင်ခင် သူတို့ရဲ့ တယ်လီဂရမ်ချန်နယ်မှာ အရင်တင်ဖို့ ရွေးချယ်ခဲ့ပါတယ်။

နောက်ပြီး တောင်ကိုရီးယားက ကျောင်းသူလေးတွေရဲ့ဓာတ်ပုံဆိုပြီး "deepfake" လို့ ခေါ်တဲ့ ဒစ်ဂျစ်တယ်နဲ့အတုဖန်တီးချက်နည်းပညာကို သုံးကာ ကိုယ်လုံးတီးအဝတ်ဗလာ ဓာတ်ပုံအတုတွေဖန်တီး၊ ပြီးတဲ့နောက် အဲဒါတွေကို အခကြေးငွေနဲ့ ရောင်းချတဲ့ဝန်ဆောင်မှုတစ်ခု ဆိုရင်လည်း တယ်လီဂရမ်ကနေပဲ အလုပ်လုပ်တာဖြစ်ပါတယ်။

သတင်းတွေမှာဖော်ပြခဲ့ဖူးတဲ့အတိုင်းပဲ အခြားပလက်ဖောင်းတွေမှာလည်း ဒီလိုမျိုး ရာဇဝတ်မှုမကင်းတဲ့အကြောင်းအရာတွေအတွက် အသုံးပြုနေကြမယ်ဆိုတာကတော့ သံသယဝင်စရာမရှိပါဘူး။

ကျွန်တော့်အကောင့်ထည့်ခံထားရတဲ့ ရာဇဝတ်မှုကျူးလွန်တဲ့ တယ်လီဂရန်ချန်နယ်တချို့ကို Snapchat မှာလည်း ရှိနေပုံပေါ်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် မူးယစ်ဆေးဝါးရောင်းချသူတွေကို အင်စတာဂရမ်မှာလည်း တွေ့နိုင်ပြီး သူတို့ရဲ့ သီးသန့်စကားပြောခန်းတွေမှာ အရောင်းအဝယ်လုပ်ကြမှာကတော့ သံသယ ပွားစရာမဟုတ်ပါဘူး။

တစ်ခါတလေဆို မူးယစ်ဆေးရောင်းသူတွေက တယ်လီဂရမ်ဆီ လူများများရောက်လာဖို့အတွက် အခြားလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ တယ်လီဂရမ်ချန်နယ်အကြောင်း ကြော်ငြာလေ့ရှိပါတယ်။

ကလေးသူငယ်နှိပ်စက်ညှဉ်းပန်းတဲ့အကြောင်းအရာတွေ

တယ်လီဂရမ်ကတော့ သူ့ပလက်ဖောင်းပေါ်မှာ တင်ကြတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး “နည်းပညာနယ်ပယ်စံနှုန်းတွေ” နဲ့အညီ ထိန်းညှိမှုအပိုင်းကို လုပ်ဆောင်နေတာလို့ ပြောထားပါတယ်။ ဒါပေမဲ့ ဒီအပြောနဲ့ ဆန့်ကျင်ဖီလာနေတဲ့သက်သေကို ကျွန်တော်တို့ ဒီတစ်ပတ်အတွင်းမှာပဲ တွေ့ခဲ့ပါတယ်။

အဲဒါကတော့ လူတွေ တမင်ရှာမှသာမြင်နိုင်မယ့် ရာဇဝတ်မှုမကင်းတဲ့နယ်ပယ်ဖြစ်သလို၊ ကျွန်တော် (လိုက်မရှာဘဲ တွေ့လာရတဲ့) ကလေးသူငယ်လိင်ပိုင်းဆိုင်ရာချိုးဖောက်မှုနဲ့ပတ်သက်တဲ့ ရုပ်သံတွေ၊ ဓာတ်ပုံတွေဖြစ်ပါတယ်။

ဒီလိုအကြောင်းအရာတွေကို ဖယ်ရှားဖြုတ်ချပစ်ဖို့ ရဲတပ်ဖွဲ့နဲ့ တခြားလူမှုကူညီရေးအသင်းအဖွဲ့တွေရဲ့ တောင်းဆိုချက်ကို တယ်လီဂရမ်ဘက်က တုံ့ပြန်မှု မရှိခဲ့သလို ကလေးသူငယ်လိင်အကြမ်းဖက်မှုနဲ့ ဆက်နွှယ်တဲ့ ရုပ်သံနဲ့ ဓာတ်ပုံတွေ ပျံ့နှံ့မှုကို ဟန့်တားတဲ့အစီအစဥ်တွေမှာလည်း တယ်လီဂရမ်ဟာ ပါဝင်တာမျိုးမရှိတာကို ဘီဘီစီက သိရှိခဲ့ရပါတယ်။

တယ်လီဂရမ် အက်ပလီကေးရှင်းဟာ အမြတ်ထုတ်ခံရတဲ့ကလေးငယ်တွေကိုပြန်လည်ရှာဖွေတဲ့ အမျိုးသားစင်တာရော အင်တာနက်စောင့်ကြည့်ရေးဖောင်ဒေးရှင်းမှာပါ အဖွဲ့ဝင်အဖြစ်မပါဝင်ထား ပြန်ပါဘူး။ ဒီအဖွဲ့အစည်းနှစ်ခုလုံးဟာ ဆိုရှယ်ကွန်ရက်ကြီးတွေပေါ်က အခုလိုလိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာတွေကို ရှာဖွေ၊ တင်ပြပြီး ဖယ်ရှားတာတွေကို အဓိကလုပ်ဆောင်တာပါ။

တယ်လီဂရမ်ဟာ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာညစ်ညမ်းအကြောင်းအရာတွေ (CSAM) နဲ့ပတ်သက်ပြီး စည်းနဲ့ကမ်းနဲ့ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်မှု လုံလုံလောက်လောက်မတွေ့ရဘူးဆိုတဲ့အချက်ဟာ ပြင်သစ်အစိုးရရှေ့နေတွေက တယ်လီဂရမ်အမှုဆောင်ချုပ်ကို ဖမ်းဆီး ထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး စွပ်စွဲချက်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။

“ကလေးငယ်တွေအပေါ်ကျူးလွန်တာတွေကို ပြန်လည်ချေဖျက်ဖို့ ပလက်ဖောင်းဘက်က ပူးပေါင်းမှု နဲ့ စောင့်ကြည့်လေ့လာမှုမရှိတာက ဒီကိစ္စရဲ့ အရင်းခံပဲ” လို့ ကလေးသူငယ်ကာကွယ်ရေးအေဂျင်စီ Ofmin ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ မစ္စတာ ဂျိမ်းမိုက်ကယ် ဘတ်နီဂတ် က လူမှုကွန်ရက် စာမျက်နှာတစ်ခုဖြစ်တဲ့ LinkedIn မှာ ရေးပါတယ်။

သူတို့ရဲ စာမျက်နှာပေါ်မှာရှိတဲ့ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာအပါအဝင် တရားမဝင်ဆောင်ရွက်မှုတွေကို တက်တက်ကြွကြွရှာဖွေပြီး ပိတ်ပင်နေတယ်လို့တော့ တယ်လီဂရမ်ဘက်က ဘီဘီစီကို ပြန်လည်ဖြေကြားပါတယ်။ သူတို့အပြောအရ သြဂုတ်လ တစ်လထဲမှာတင် အုပ်စု ၄ သောင်းခွဲ လောက်ကို သိုသိုသိပ်သိပ် ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။

တယ်လီဂရမ်မီဒီယာပြန်ကြားရေးအဖွဲ့က ဘီဘီစီရဲ့နောက်ဆက်တွဲမေးခွန်းတွေအပါအဝင် ဆောင်းပါးထဲက အကြောင်းအရာတွေနဲ့ပတ်သက်လို့ တုံ့ပြန်ပြောတာမရှိပါဘူး။

ရဲတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိ

တယ်လီဂရမ်အတွက် ပြဿနာတွေထဲက အဓိကအစိတ်အပိုင်းက သူ့ပလက်ဖောင်းပေါ်မှာ တင်ကြတဲ့အကြောင်းအရာတွေကို စောင့်ကြည့် ထိန်းညှိမှု အပိုင်းဖြစ်ပါတယ်။ တရားမဝင်အကြောင်းအရာတွေကို ဖယ်ရှားဖို့ ရဲတပ်ဖွဲ့ရဲ့ တောင်းဆိုချက်တွေ၊ နောက် သက်သေတွေကို လွှဲပြောင်းပေးမှုနဲ့ပတ်သက်ပြီး တယ်လီဂရမ်ရဲ့ချဥ်းကပ်ပုံကလည်း နောက်ထပ် ဝေဖန်ခံရမှု တစ်ခုအဖြစ်ရှိနေပါတယ်။

သက်သေတွေကို လွှဲ‌ပြောင်းပေးဖို့ ရဲတွေရဲ့ ‌တောင်းဆိုချက်တွေက သူတို့ရဲ့ချဉ်းကပ်ပုံက နောက်ထပ်ဝေဖန်ခံရတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။

“တယ်လီဂရမ်ကတော့ နောက်အဆင့်တစ်ခုကိုတောင် ရောက်နေပြီလို့ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုရင် သူက အိုင်အက်စ်အဖွဲ့အတွက်ဆိုရင် အဓိကဆုံချက်လိုတောင်ဖြစ်နေတာ ဆယ်စုနှစ်တစ်ခုရှိနေပြီ။ CSAM ကိစ္စကိုလည်း မသိကျိုးကျွံပဲ။ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့အတူ သင့်တင့်လျှောက်ပတ်တဲ့ ထိတွေ့ဆက်ဆံမှုကိုလည်း လျစ်လျှူရှုထားတာ နှစ်နဲ့ချီကြာနေပြီ။ အခုပြောနေတာက တင်လာတဲ့အကြောင်းအရာတွေကို စောင့်ကြည့်ထိန်းကွပ်ဖို့ ပြောနေကြတဲ့ “ပေါ့ပေါ့ပါးပါး” ကိစ္စ မဟုတ်တော့ဘူး။ အက်ပလီကေးရှင်းကြီးတစ်ခုလုံးစာ ချဥ်းကပ်မှုအပိုင်းကို ပြောနေကြတဲ့အဆင့်ရောက်သွားပြီ” လို့ ယုံကြည်မှုနဲ့ လုံခြုံမှုပိုင်းဆိုင်ရာ ဆော့စ်ဝဲလ် ပလက်ဖောင်းတခုဖြစ်တဲ့ “Cinder” ကို တွဲဖက်တည်ထောင်သူ မစ္စတာ ဘရိုင်ယန် ဖစ်ဇ်မန်းက ပြောပါတယ်။

တဖက်မှာလည်း တယ်လီဂရမ်မှာပါဝင်တဲ့ သုံးစွဲသူရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ လုပ်ဆောင်ချက်ကြောင့် ကုမ္ပဏီအနေနဲ့ ဒါနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ဆီကို အစီရင်ခံမှုအပိုင်းမှာ အချက်အလက် အများကြီး မရှိတာမျိုး ဖြစ်နိုင်တယ်ဆိုတာမျိုးကိုလည်း ထောက်ပြကြပါတယ်။

ဒါက ပုဂ္ဂိုလ်ရေးအချက်အလက်ဆိုင်ရာအပိုင်းကို အတော်လေး လျှို့ဝှက်ထားနိုင်တဲ့ Signal နဲ့ Whatsapp မှာလည်း ဒီလိုပြဿနာရှိနေပါတယ်။

အွန်လိုင်းလှုပ်ရှားမှုတစ်ခုမှာ မြင်ရတဲ့ “ဒူ‌ရော့ဗ်လွတ်မြောက်ပါစေ” စာတန်းပါ ဓာတ်ပုံဖြစ်ပါတယ်။ ဒေါ့လို့ နာမည်ရတဲ့ ခရစ္စတိုငွေကြေးကို ကိုယ်စားပြုတဲ့ ခွေးမျက်နှာနဲ့ ဝတ်ရုံ အနက်ဝတ်ထားသူ တစ်ဦးက ပဲရစ်မြို့က အီဖယ်မျှော်စင် နောက်ခံထားပြီး မစ္စတာ ဒူရော့ဗ်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ ရုပ်သံ သရုပ်ဖော်ချက် ဖြစ်ပါတယ်
ဓာတ်ပုံ ပုံစာ, ပြင်သစ်မှာ ထိန်းသိမ်းခံထားရတဲ့ မစ္စတာ ဒူရော့ဗ် ကိုပြန်လွှတ်ပေးဖို့ အွန်လိုင်းကနေ လှုပ်ရှားမှု တစ်ခု

တယ်လီဂရမ်မှာလည်း ကိုယ်‌ရေးကိုယ်တာကိစ္စအတွက် “လျှို့ဝှက်စကားပြောခန်း” ပြုလုပ်နိုင်တဲ့ လုပ်ဆောင်ချက်တွေကို အသုံးပြုသူတွေအတွက် စီစဉ်ပေးထားပါတယ်။ ဒါဟာ အခြားအက်ပလီကေးရှင်းတွေလိုပဲ အွန်လိုင်းမှာ စာပို့သူနဲ့ လက်ခံဆီပဲ တန်းရောက်ပြီး ကြားကနေ ဝင်ရောက်ဖောက်ထွင်း ရယူလို့ မရတဲ့ အချက်အလက်လုံခြုံမှု စနစ်(end-to-end encryption) ကို အသုံးပြုနိုင်တာပါ။ ဒါကြောင့် စကားပြောခန်းထဲက ပြောဆိုလုပ်ဆောင်ချက်တွေဟာ လုံးဝ ပုဂ္ဂိုလ်ရေးသီးသန့်ဖြစ်ပြီး တယ်လီဂရမ်ကိုယ်တိုင်တောင် ဒီအကြောင်းအရာတွေကို ကြည့်ရှုလို့ မရပါဘူး။

ဒါပေမဲ့ ဒီလုပ်ဆောင်ချက်ဟာ တယ်လီဂရမ်သုံးတိုင်း မဖြစ်မနေပြောင်းလဲရတဲ့ ဆက်တင်မျိုးမဟုတ်ပြန်ပါဘူး။ ဒါကြောင့် အပေါ်ပိုင်းမှာ ပြောခဲ့သလို ကျွန်တော့်အကောင့်ကို ထည့်သွင်းထားတဲ့ တရားမဝင်ချန်နယ်တွေအပါအဝင် အက်ပလီကေးရှင်းပေါ်မှာ သုံးသမျှ အကြောင်းအရာတွေအများစုကတော့ “လျှို့ဝှက်” အဖြစ် မသတ်မှတ်ထားပါဘူး။

အကယ်လို့ တယ်လီဂရမ်အနေနဲ့ သူတို့လုပ်ချင်တယ်ဆိုရင် အကြောင်းအရာတွေကို ဖတ်ရှုနိုင်သလို ရဲတွေဆီ လွှဲပြောင်းပေးနိုင်ပါတယ်။ ဒါပေမဲ့ အက်ပလီကေးရှင်းသုံးစွဲမှုနဲ့ပတ်သက်ပြီး သုံးစွဲသူနဲ့ အက်ပလီကေးရှင်းကြားက သဘောတူညီချက် သတ်မှတ်ချက်တွေက အချက်အလက်လွှဲပြောင်းမှုကို ခွင့်မပြုထားဘူးလို့ ဆိုပါတယ်။

အဲဒီသဘောတူညီသတ်မှတ်ချက်တွေကို ဖတ်ကြည့်ရင် “တယ်လီဂရမ်အသုံးပြုသူတွေကြားက စကားပြောခန်းနဲ့ အုပ်စုဖွဲ့စကားပြောခန်းတွေ အားလုံးဟာ ပုဂ္ဂလိက သီးသန့်ဖြစ်တယ်။ ဒါတွေနဲ့ပတ်သက်တဲ့တောင်းဆိုချက်မှန်သမျှကို ကျွန်ုပ်တို့ ရယူ လွှဲပြောင်းမှာမဟုတ်ပါ” ဆိုတဲ့အချက်ကို တွေ့ရ ပါတယ်။

တရားဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့ ပတ်သက်လာရင် တယ်လီဂရမ်ရဲ့ အေးစက်စက် ချဉ်းကပ်မှုဟာ သတင်းစာရှင်းလင်းပွဲတွေမှာ ရဲအရာရှိတွေဘက်က မချင့်မရဲ ပြောပြောနေကြတဲ့ကိစ္စဖြစ်တယ်လို့လည်း ကျွန်တော့်ကို ပြောကြသူတွေရှိပါတယ်။

မစ္စတာ ဒူရော့ဗ် ကို တရားစွဲဆိုမှုတွေနဲ့ပတ်သက်ပြီး ပြင်သစ်အာဏာပိုင်တွေဘက်က ထုတ်ပြန်ချက်တွေမှာ ဒါကို မြင်နိုင်ပါတယ်။ ဒီတရားစွဲဆိုချက်တွေနဲ့ ပတ်သက်ပြီး တရားရေးတောင်းဆိုချက်တွေကို တယ်လီဂရမ်ဆီကနေ တောင်းဆိုခဲ့ပေမဲ့ပြင်သစ်ရဲတပ်ဖွဲ့နဲ့ ဘယ်လ်ဂျီယံနိုင်ငံ ရဲတပ်ဖွဲ့တို့ဟာ တယ်လီဂရမ်ဆီကနေ တုံ့ပြန်မှု မရခဲ့သလောက်ပဲလို့ ဆိုပါတယ်။

ဂျာမနီအပါအဝင် အခြားနိုင်ငံတွေက အာဏာပိုင်တွေကလည်း တရားမဝင်အကြောင်းအရာတွေကို ဖယ်ရှားပေးဖို့အပိုင်းမှာ အက်ပလီကေးရှင်းဘက်က ပူးပေါင်းမှု မရှိတာကို အတော်လေး ထုတ်ပြောခဲ့ကြဖူးပါတယ်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်

တယ်လီဂရမ်ပေါ် တင်ကြတဲ့အကြောင်းအရာတွေကို စောင့်ကြည့် ထိန်းသိမ်းမှုအပိုင်းမှာ တယ်လီဂရမ်ရဲ့ ချဉ်းကပ်ပုံကို ဝေဖန်ကြတာအပြင် မစ္စတာဒူရော့ဗ် ဖမ်းဆီးခံရတာက ပြဿနာတွေကို ရှုပ်ထွေးစေတယ်လို့ စိုးရိမ်ပူပန်သူအချို့လည်း ရှိနေကြတာပါ။

ပါဗယ်လ်ဒူရော့ဗ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မစ္စတာ ဒူရော့ဗ်အနေနဲ့ ပြင်သစ်နိုင်ငံကနေ ထွက်ခွာခွင့်မရှိသလို ရဲစခန်းကိုပုံမှန်သတင်းပို့ရ

ဒီဂျစ်တယ်အခွင့်အရေးလေ့လာတဲ့ Access Now ကတော့ တိုးတက်ဖြစ်ပေါ်မှုတွေကို ကြီးမားတဲ့စိုးရိမ်စိတ်တွေနဲ့ စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

ပွင့်လင်းအင်တာနက်ဖြစ်လာဖို့အတွက် ဆောင်ရွက်နေတဲ့ Access Now ရဲ့ ထုတ်ပြန်ချက်မှာတော့ တယ်လီဂရမ်မှာ “သုံးစွဲသူတွေကြောင့်ဖြစ်လာတဲ့ကိစ္စတွေမှာ အပြည့်အဝ တာဝန်ရှိမနေပြန်ဘူး” လို့ ပါတယ်။ ဒီအဖွဲ့ဟာ အရင်က တယ်လီဂရမ်နဲ့ပတ်သက်လို့ ကြိမ်ဖန်များစွာဝေဖန်ထားခဲ့ပါတယ်။

ဒါပေမဲ့ “လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်အတွက် လူထု အသုံးပြုကြတဲ့ ပလက်ဖောင်းတွေက ဝန်ထမ်းကို ဖမ်းဆီးတာဟာ လူ့အခွင့်အရေးစည်းမျဉ်းတွေနဲ့ ကိုက်ညီမှု မရှိဘဲ ဒါဟာ ဆင်ဆာတည်းဖြတ်မှုလွန်ကဲတာအပြင် တာဝန်ဝတ္တရားပါတွဲပါလာတဲ့ ကိုယ့်မြင်အတိုင်း ထုတ်ဖော်ပြောဆိုခွင့်ရှိတဲ့နေရာတွေ ပိုပြီးကျဉ်း မြောင်းသွားစေတယ်” လို့ Access Now က သတိပေးပါတယ်။

“ပလက်ဖောင်းကိုအသုံးပြုပြီးအလွဲသုံးစားလုပ်ဆောင်‌နေတာအတွက် ပလက်ဖောင်းပိုင်ရှင်က တာဝန်ယူရမယ်ဆိုတာဟာ အဓိပ္ပာယ်မဲ့လွန်းတယ်” လို့ တယ်လီဂရမ်ကိုယ်တိုင်က အကြိမ်ကြိမ် ထုတ်ပြောထားပါတယ်။

အရင်က တွစ်တာလို့သိကြတဲ့ X လူမှုကွန်ရက်စာမျက်နှာပိုင်ရှင်၊ ဘီလျံနာ သူဌေး အီလွန် မက်ဇ် ကလည်း အခုလို ဖမ်းဆီးတာဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးတာဖြစ်တယ်လို့ ရှုတ်ချခဲ့ပါတယ်။ သူက မစ္စတာ ဒူရော့ဗ် ကို ပြန်လွှတ်ပေးဖို့ ပြောပါတယ်။

ကျွန်တော်အဖွဲ့ဝင်အဖြစ် အထည့်ခံထားရပြီး ရာဇဝတ်မှုမကင်းတဲ့အကြောင်းအရာတွေ တင်နေကြတဲ့ တယ်လီဂရမ်အုပ်စုတချို့မှာလည်း “ဒူရော့ဗ် ကို လွှတ်ပေးပါ” ဆိုတဲ့စာတန်းပါ ရုပ်ပုံတွေကို အင်္ဂလိပ်ဘာသာနဲ့ရော ရုရှား ဘာသာစကားတွေနဲ့ပါ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေနေကြပါတယ်။