ဖေ့ဘွတ်ခ်၊ တယ်လီဂရမ်နဲ့ အွန်လိုင်းပေါ်က ခြိမ်းခြောက်မှုများ

ဓာတ်ပုံ ရင်းမြစ်, BBC
" တစ်ခုခု လုပ်လိမ့်မယ်ဆိုတာ ကြိုတွေးထားတယ်။ သတ်ပစ်မယ် အထိ မထင်ထားဘူး"
ပြီးခဲ့တဲ့ ဧပြီ (၂၈)ရက်က သူရဲ့ အဘိုးဖြစ်သူကို နေအိမ်မှာ အမည်မသိလူတစ်စုက သေနတ်နဲ့ ပစ်သတ်တာကို သိခဲ့ရပြီးနောက် မော်ဒယ်၊ သရုပ်ဆောင် ကိုဟိန်းထက်က ဘီဘီစီကို ပြန်ပြောပြခဲ့တာ ဖြစ်ပါတယ်။
လူမှုကွန်ရက်မှာ တွေ့ရတာကတော့ အသက်ငါးဆယ်ကျော်အရွယ်ရှိပြီဖြစ်တဲ့ သူ့ရဲ့ အဘိုးဖြစ်သူဟာ အင်္ကျီအပေါ်ပိုင်း ဗလာကျင်း၊ ပုဆိုးခပ်တိုတို ဝတ်ထားရင်း ကြိမ် ပက်လက်ကုလားထိုင်ပေါ်မှာ သေနတ်မှန် သေဆုံးနေတာကို တွေ့ရပါတယ်။
"ကျွန်တော်လည်း အဲဒီပုံတွေ မြင်ရမှ၊ အဘိုး အသတ်ခံရတာ သိတာ။ ကျွန်တော် ငယ်ငယ်ထဲက နေခဲ့တဲ့ နေရာ၊ အဖေ့ဆိုင်ကို အဘိုးက လာကူရင်း ပူလို့ အပြင်ထွက် ထိုင်နေတယ်ထင်ပါတယ်" လို့ အဝေးရောက်နေတဲ့ ကိုဟိန်းထက်တစ်ယောက် အဘိုး သေနတ်ပစ်ခံရချိန် အခြေအနေကို ပြောပြခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားရင်း အကြည်ညိုပျက်စေမှု ၅၀၅ - က နဲ့ ဖမ်းဝရမ်းထုတ်ခံရတာကြောင့် မိသားစုနဲ့ အဆက်အသွယ် ဖြတ်ထားသလို သူဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လဝန်းကျင်မှာ လွတ်မြောက်နယ်မြေ တစ်နေရာမှာ လက်နက်ကိုင်တော်လှန်ရေး အတွက် စစ်ပညာသင်ကြားနေခဲ့တယ်လို့ သူကပြောပါတယ်။
ဧပြီလ ၂၈ ရက်နေ့က ရန်ကုန်မြို့အနီးက မင်္ဂလာဒုံမြို့နယ်ထဲမှာ ဖြစ်ပွားခဲတဲ့ ဒီလူသတ်မှုကို ရန်ကုန်သွေးသောက်အဖွဲ့က ပစ်သတ်ခဲ့တာလို့ အမျိုးသားရေးအစွန်းရောက်သူအချို့က ထုတ်ပြန်ကြတာကို တွေ့ရပါတယ်။
ဒါအပြင် သူတို့ရဲ့ တယ်လီဂရမ်မှာ ပစ်သတ်ခံရပြီး သေဆုံးနေသူရဲ့ ဓာတ်ပုံတွေနဲ့ အတူ "မန်းကအမျိုးတို့ရေ ရန်ကုန်သွေးသောက်အဖွဲ့လည်း လက်စွမ်းထက်တယ်"ဆိုပြီးတော့ ထုတ်ပြန်တာကို တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Social Media
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားသူတွေနဲ့ မိသားစုဝင်တွေကို သတ်ဖြတ်မယ်ဆိုတဲ့ ဧပြီလ တတိယအပတ်ကစတဲ့ ဆိုရှယ်မီဒီယာပေါ်က ခြိမ်းခြောက်မှုတွေ စတင်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာတင် လူသေဆုံးမှုတွေ ဆက်တိုက် ကြုံတွေ့ခဲ့ကြရပါတယ်။
မန္တလေးမြို့မှာ NLD ပါတီဝင်နဲ့ ပါတီထောက်ခံသူ ၈ ဦးခန့် ဧပြီလကုန်ပိုင်းက အသတ်ခံရကာ သေဆုံးခဲ့ပြီးတော့ သေဆုံးသူတွေကို သွေးသောက်အမှတ်တံဆိပ် လည်ဆွဲတွေ ဆွဲပေးထားတာ တွေ့ရပါတယ်။
အဲ့ဒီထဲ ရုပ်ရှင်သရုပ်ဆောင်ကိုဟိန်းထက်ရဲ့ အဘိုးဖြစ်သူဟာလည်း ရန်ကုန်က သွေးသောက်အမည်ခံ အဖွဲ့ရဲ့ သတ်ဖြတ်ခံရပြီး သေဆုံးမှုဖြစ်စဉ်တွေထဲက မြန်မာပြည်အတွင်းက လူတွေ မှတ်မှတ်ရရရှိနေတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ မင်္ဂလာဒုံက ဒီသတ်ဖြတ်ခံရမှုအတွက် စစ်ကောင်စီက တရားဝင် ထုတ်ပြန်တဲ့ ကြေညာစာ မတွေ့ခဲ့ရသလို ဖမ်းဆီးအရေးယူတယ်ဆိုတဲ့ အချက်အလက်တွေလည်း ဘီဘီစီဘက်က မတွေ့ရသေးပါဘူး။
သရုပ်ဆောင် ကိုဟိန်းထက်နဲ့ သူ့မိသားစုဝင်တွေ ကြုံတွေ့ခဲ့ရသလို ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေမှာ အသတ်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကနေ မြေပြင်မှာ အကြမ်းဖက်မှုတွေ ဆက်တိုက် ဖြစ်လာတာဟာ မြန်မာပြည်တွင်းမှာ အဆိုးဆုံး အနေအထားတစ်ခုကို ရောက်ရှိနေပြီလို့ ဒီဂျစ်တယ်အခွင့်အရေး စောင့်ကြည့်သူတွေကပြောပါတယ်။
မဖြစ်မနေ ထိန်းချုပ်ရမယ့် အနေအထားလို့လည်း သူတို့ကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Social Media
ဒီဂျစ်တယ် ပလက်ဖောင်းက သွေးထိုးလှုံဆော်ချက်တွေဟာ ဘယ်လောက်ထိပြင်းထန်လဲ
မြန်မာပြည်ရဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေပေါ်က အမုန်းစကားဖြန့်ဝေမှု ပြဿနာဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ရခိုင် ပဋိပက္ခကာလတွေထဲက ထင်သာမြင်သာရှိခဲ့ပါတယ်။
ဒါကြောင့် မြန်မာပြည်သူ သန်း ၂၀ ကျော်အထိ သုံးစွဲသူရှိတဲ့ ဖေ့ဘွတ်ခ်ဟာ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ဆက်စပ်ပြီး ဆိုရှယ်မီဒီယာပေါ်က အမုန်းစကားတွေကြောင့်ပါ အမေရိကန်မှာတရားစွဲဆိုမှုတွေ ရင်ဆိုင်နေရဆဲပါ။
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်၊ အာဏာသိမ်းမှုပြီးတဲ့နောက်တော့ မြန်မာပြည်သူတွေရဲ့ ဆိုရှယ် ပလက်ဖောင်း အသုံးပြုမှုတွေဟာ သတင်းအချက်အလက်တွေသိရှိရဖို့ လွယ်ကူလျင်မြန်ပေမဲ့ တစ်ဖက်က မတူညီတဲ့ဆန့်ကျင်သူ၊ ထောက်ခံသူတွေကြား လှုံဆော်တိုက်ခိုက်မှုတွေ များများစားစား ရှိလာခဲ့တယ်လို့ စောင့်ကြည့်သူတွေကထောက်ပြကြပါတယ်။
လူသုံးများတဲ့ ဖေ့ဘွတ်ခ်ဟာ အာဏာသိမ်းပြီးနောက်တော့ Content Moderation လို့ခေါ်တဲ့ သတင်းစကား ဖြန့်ဝေမှုအကြောင်းအရာတွေကို ပိုပြီးတင်းကြပ်ခဲ့ပြီး အသုံးပြုသူတွေရဲ့ လုံခြုံရေးပိုင်း ပိုအလေးပေးလာတာကို သိသိသာသာလျော့သွားတယ်လို့ မြန်မာ့ဒီဂျစ်တယ်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
ဒါဟာ အမုန်းစကားပျံ့နှံ့မှု၊ သွေးထိုးလှုံဆော်မှု ကိစ္စတွေအတွက် လုံလောက်တဲ့ အနေအထား မဟုတ်သေးပေမဲ့ ဖေ့ဘွတ်ခ်မြန်မာပိုင်းနဲ့ ချိတ်ဆက်ပြီး အဆင်ပြေပြေ ညှိနှိုင်းတင်ပြတာတွေ လုပ်လို့ရနေတယ်လို့ ဆက်ပြောပါတယ်။
ဥပမာအနေနဲ့ စစ်ကောင်စီ ဖမ်းဆီးတာခံလိုက်ရသူတွေရဲ့ ကိုယ်ပိုင်ဖေ့ဘွတ်ခ်အကောင့်တွေကို အချိန်နဲ့ တစ်ပြေးညီ ပိတ်သိမ်းနိုင်တာကို ရည်ညွှန်းပြောဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
၂၀၂၁ခုနှစ်ကနေ ၂၀၂၂ခုနှစ် အစောပိုင်းကာလအထိ မြန်မာပြည်က ဆိုရှယ်မီဒီယာအသုံးပြုသူတွေဟာ ဖေ့ဘွတ်ခ်သာမက ယူကျု့၊ တစ်တော့၊ တယ်လီဂရမ် စတဲ့ပလက်ဖောင်းတွေကို ပြောင်းလဲ သုံးလာကြပါ တယ်။
"ဖေ့ဘွတ်ခ်ကနေ စစ်တပ်နဲ့ ဆက်စပ်တာတွေ၊ ဝါဒဖြန့်ချိရေးယန္တရား လည်ပတ်တာတွေကို ဖယ်ရှားလိုက်ချိန်မှာ ဒီအသိုင်းအဝိုင်းက တယ်လီဂရမ်ဘက်ကို ပြောင်းသွားကြတယ်" လို့ ဒီဂျစ်တယ်အရေးလေ့လာတဲ့ Access Now ရဲ့ မြန်မာပြည်တာဝန်ခံ မဝေဖြိုးက ဘီဘီစီကို ပြောပါတယ်။
ဒါဟာ တယ်လီဂရမ်ကို လူသုံးများလာတဲ့ အချက်တစ်ချက်လို့ ဆိုကြပါတယ်။
ဘီဘီစီမေးမြန်းကြည့်တဲ့ တယ်လီဂရမ် အသုံးပြုသူတွေ ပြောကြားချက်အရတော့ အာဏာသိမ်း စစ်ကောင်စီကနေ ဆိုရှယ်မီဒီယာ အသုံးပြုမှုတွေကို ထိန်းချုပ်လာတဲ့အခါ ပိုပြီး လုံခြုံစိတ်ချရမယ်ထင်တဲ့ တယ်လီဂရမ်ကို ပြောင်းလဲသုံးကြသလို၊ ရုပ်ရှင် သီချင်းစတဲ့ ဖျော်ဖြေရေး အစီအစဉ်တွေကိုလည်း အလွယ်တကူ လက်လှမ်းမှီနိုင်တာကြောင့် တယ်လီဂရမ်ကို ရွေးချယ်တဲ့အပြင် စစ်ကောင်စီထောက်ခံသူတွေရဲ့ လှုပ်ရှားမှုတွေကို သိချင်တာကြောင့် အသုံးပြုတယ်ဆိုတဲ့ အချက်တွေလည်း တွေ့ရပါတယ်။
အာဏာသိမ်းကာလ တစ်နှစ်ကျော်အတွင်းမှာတော့ မြန်မာနိုင်ငံမှာ တယ်လီဂရမ် အသုံးပြုသူ အနည်းဆုံး တစ်သန်းကျော်အထိ တစ်ရှိန်ထိုးများလာခဲ့တယ်လို့ ဆိုပါတယ်။
သွေးထိုးလှုံဆော်မှုတွေနဲ့ အကြမ်းဖက်မှုကို ဦးတည်စေတဲ့ အမုန်းစကားဖြန့်ဝေမှုတွေကလည်း ဆိုရှယ်ပလက်ဖောင်းတွေထဲ တယ်လီဂရမ်မှာ အများဆုံးဖြစ်လာတယ်လို့ မဝေဖြိုးက ဆက်ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
တော်လှန်ရေးအင်အားစုတွေရဲ့ သတင်းကို ဒီတယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားဖော်ပြတယ်၊ အဲဒီက တစ်ဆင့် စစ်ကောင်စီနဲ့နီးစပ်တဲ့ ဝါဒဖြန့်ချန်နယ်တွေမှာ တော်လှန်ရေးပါဝင်သူတွေရဲ့ အချက်အလက်တင်တာနဲ့ စစ်ကောင်စီက ချက်ချင်းဖမ်းတဲ့အဆင့်ကို ရောက်လာတယ်"
တယ်လီဂရမ်ပလက်ဖောင်းပေါ်မှာ သွေးထိုးလှုံဆော်မှုတွေ ဆင့်ကဲဖြစ်လာပုံကို Access Now က မဝေဖြိုးက ရှင်းပြပါတယ်။
"အဲဒီက တစ်ဆင့် စစ်ကောင်စီ ဆန့်ကျင်သူတွေကို သတ်မယ်ဆိုတဲ့ သွေးထိုးခြိမ်းခြောက်မှုတွေကနေ အခုဆို လက်တွေ့ သတ်ဖြတ်ခံရတာတွေရှိလာပြီ။ တကယ်ကို ထိန်းချုပ်ရမယ့်အနေအထားရောက်နေပြီ" လို့ မဝေဖြိုးက ပြောပါတယ်။
တယ်လီဂရမ်ချန်နယ်တွေက တစ်ဆင့် သွေးထိုးလှုံဆော်မှုရေးသားနေတဲ့ အချက်အလက်တွေဟာ အဖွဲ့အစည်းတွေကနေ နောက်ကွယ်က ပံ့ပိုးမှုရှိနေတာ သိသာနေတာကို ငြင်းဆန်လို့ မရဘူးလို့ ဒီဂျစ်တယ်အခွင့်အရေးစောင့်ကြည့်သူတွေက ထောက်ပြကြပါတယ်။
ဧပြီ (၂၁)ရက်ကစကာ အွန်လိုင်းပေါ် ထွက်ပေါ်လာတဲ့ အာဏာသိမ်းမှုဆန့်ကျင်ရေးအဖွဲ့တွေကို တန်ပြန်တိုက်ခိုက်မယ်ဆိုတဲ့ မန္တလေးအခြေစိုက်သွေးသောက်အဖွဲ့နဲ့ ပတ်သက်ပြီး "မသိဘူး"လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
သွေးထိုးလှုံဆော်မှုတွေကို ဘယ်လိုထိန်းချုပ်ကြမလဲ
"ကျွန်တော့် အဘိုးကို သတ်လိုက်လို့ ဓမ္မဘက်က ကျွန်တော်ရပ်တည်တာကို ပြောင်းလဲလို့မရဘူး။ အဘိုး အသတ်ခံရတော့မှ ဒီလှုံဆော်မှုတွေကို ထိန်းချုပ်ပါလို့လည်း မဆိုလိုဘူး။ ဒီလို လှုံဆော်တိုင်း လက်နက်နဲ့ဖြေရှင်းတာ အဖြေမဟုတ်ဘူး"
သွေးထိုးလှုံဆော်မှုတွေ ထွက်ပေါ်ပြီး ရက်ပိုင်းအတွင်း မိသားစုဝင်တစ်ဦး အသတ်ခံခဲ့ရတဲ့ကိုဟိန်းထက်က အခုလိုတည်တည်ငြိမ်ငြိမ် ဖြေသွားခဲ့တာပါ။
တရားဥပဒေစိုးမိုးမှု အများစုရှိခဲ့တဲ့ လွန်ခဲ့တဲ့ငါးနှစ် အရပ်သား အစိုးရလက်ထက်မှာတော့ ဒီလို ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေပေါ်မှာ သွေးထိုးလှုံဆော်မှုတွေ ရှိခဲ့ရင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (က)နဲ့ တရားစွဲဆိုမှု အများစုရှိခဲ့တယ်လို့ ဥပဒေအသိုင်းအဝိုင်းကနေ သိရပါတယ်။
အာဏာသိမ်းပြီးနောက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေကို ထောက်ခံပြီး စစ်ကောင်စီဆန့်ကျင်ကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားသူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အပြင် အီလက်ထရော နစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၈ (ဂ) နဲ့တရားစွဲလာတာ များလာတယ်လို့ ဆိုပါတယ်။
"၅၀၅နဲ့ အရင်က တရားစွဲတယ်၊ အခုအကြမ်းဖက်မှု၊ အီလက်ထရောနစ် ဒါတွေနဲ့ တရားစွဲတယ်ဆိုတာက စစ်ကောင်စီဆန့်ကျင်ရေး ဆိုရှယ်မီဒီယာပေါ်ရေးသူတွေကို ဆွဲတာ။ သူတို့ကို ထောက်ခံတယ်၊ သူတို့နဲ့ နီးစပ်ပြီး သွေးထိုးလှုံဆော်နေသူတွေကို တရားစွဲတာမကြားဖူးဘူး" လို့ ဥပဒေပညာရှင်တစ်ဦးက သူ့ရဲ့အတွေ့အကြုံကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဒီအခြေအနေမျိုးမှာ ပိုမိုဆိုးရွားလာတဲ့ ဆိုရှယ်မီဒီယာပေါ်က သွေးထိုးလှုံဆော်မှုတွေကို ဥပဒေနဲ့ ထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူးလို့လည်း စောင့်ကြည်သူတွေကဆိုပါတယ်။
ဒါကြောင့် ဆိုရှယ်မီဒီယာပလက်ဖောင်း တာဝန်ရှိသူတွေကို ဆက်သွယ်တာနဲ့ ပြည်သူတွေကို ဒီဂျစ်တယ်လုံခြုံရေးပိုင်း အသိပညာပေးတာတွေသာ အဓိက ထိန်းချုပ်ဖို့လုပ်နိုင်တယ်လို့ ဆိုပါတယ်။
"တစ်တော့ဆို သူ့ပလက်ဖောင်းပေါ်က နာမည်ကြီးသူတချို့နဲ့ ဒီအမုန်းစကားနဲ့ပတ်သက်ပြီး ပညာပေးတာမျိုး တွေ့လာရတယ်၊ ယူကျူ့ဆို ဆက်သွယ်ပေမဲ့မရဘူး။ တယ်လီဂရမ်ကတော့ စာတွေပို့တယ်၊ ရီပို့တွေ ဝိုင်းတင်တယ် တုံ့ပြန်မှု တစ်ခါမှမရှိဘူး" အမုန်းစကားဖြန့်ဝေမှုနဲ့ သွေးထိုးလှုံဆော်မှုတွေ ထိန်းချုပ်နိုင် လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး Access Now က မဝေဖြိုးက အခုလိုပြောတာပါ။
"နိုင်ငံတကာ အဖွဲ့အစည်းတွေကိုလည်း ပြည်တွင်းမှာ ကြုံနေရတဲ့ ဒီသွေးထိုးလှုံဆော်မှုတွေ အကြောင်း ပိုသိအောင်လုပ်ရမယ်၊ ဒါက ပလက်ဖောင်းတွေကို ပိုဖိအားနိုင်မယ်" လို့ သူတို့လုပ်ဆောင်နိုင်တဲ့ အပိုင်းတွေကို မဝေဖြိုးက ဆက်ပြောပါတယ်။
ဘီဘီစီဘက်ကလည်း သွေးထိုးလှုံဆော်မှုအများစုဖြစ်နေတဲ့ တယ်လီဂရမ်ရဲ့ တာဝန်ရှိသူတွေကို အီးမေးလ်ပို့ဆက်သွယ်ပေမဲ့ ပြန်လည်အကြောင်းပြန်တာမျိုး မရှိခဲ့ပါဘူး။
ဒီလိုလှုံဆော်မှုတွေကို ထိန်းချုပ်ဖို့ကြိုးစားရာမှာ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ တုံ့ပြန်ပြောသူတွေကလည်း ရှိနေပါတယ်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ထဲမှာ သွေးထိုးလှုံဆော်မှုဟာ ခွင့်ပြုထားတဲ့အရာမဟုတ်ဘဲ ဒါဟာ အကြမ်းဖက်မှုဖြစ်တယ်လို့ ဒီဂျစ်တယ်အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ ဒီမိုကရေစီစံညွှန်းတွေနဲ့ ချက်ကျလက်ကျ တုံ့ပြန်ကြပါတယ်။








