သွေးသောက်အဖွဲ့ နဲ့ မန္တလေးမြို့က ထူးဆန်းတဲ့ လူသတ်မှုများ

CJ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, သေဆုံးသူတွေရဲ့လည်ပင်းမှာတွေ့ရတဲ့ သွေးသောက်အဖွဲ့တံဆိပ်ပါလည်ဆွဲ။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက NLD ပါတီဝင် ၅ ဦးခန့် ဖမ်းဆီးသတ်ဖြတ်ခံရပြီး သေဆုံးသူတွေကို သွေစွန်းနေတဲ့ ထူးဆန်းတဲ့ အနီရောင်စက်ဝိုင်းပုံကတ်ပြားတစ်ခုနဲ့အတူ လမ်းဘေးမှာ ပစ်ထားခဲ့တာကို တွေ့ခဲ့ကြရပါတယ်။

သေဆုံးသူတွေနဲ့ အတူတွေ့ရတဲ့ အချင်းဝက် တစ်လက်မ လောက်ရှိတဲ့ အနီရောင်အောက်ခံ အဝိုင်းကတ်ပြားပေါ်မှာ ဆံပင်ယောင်ထုံး၊ ကိုယ်အပေါ်ပိုင်း ဗလာကျင်းနဲ့ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော် မြန်မာဘုရင်ခေတ်က အမျိုးသားတစ်ဦးရဲ့ ဓားနှစ်လက်ကိုင်ထားတဲ့ပုံကို တွေ့ရပြီး သွေးသောက်အဖွဲ့ အနီရောင်စစ်ဆင်ရေးဆိုပြီး ရေးထားတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့မှာ ည(၉)နာရီဝန်းကျင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အပိုင်ထဲမှာရှိတဲ့ မြို့ရှောင်လမ်းတစ်နေရာက မြက်ခင်းပေါ်မှာအမျိုးသားအလောင်း တစ်လောင်းစွန့်ပစ်ခံထားရာမှာ အဲဒီလို ကတ်ပြားနဲ့ စတွေ့ခဲ့တာ လို့ဆိုပါတယ်။။

"ည ၁၀နာရီ ဝန်းကျင်ရောက်သွားတော့ အာဏာပိုင်တွေရောက်နေကြပါပြီ၊ ဒီအမျိုးသားဟာ အသက် (၃၀)ကျော်လောက်ရှိမယ်။ ခန္ဓာကိုယ်က တောင့်မနေဘူး၊ ခန့်မှန်းအရ နာရီဝက်အတွင်းသေဆုံးထားတာပါ" လို့ အောင်မြေသာစံမြို့နယ်အတွင်းက သေဆုံးရုပ် အ‌လောင်းနဲ့ပတ်သက်ပြီး မျက်မြင်တွေ့သူ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

(Thwe Thaut Group တယ်လီဂရန်ချန်နယ်မှာဖော်ပြတဲ့ မြန်မာသိုင်းဆရာတစ်ဦး သိုင်းရေးပြနေပုံကို ဘီဘီစီက သတင်းဆောင်းပါးမှာ ပြန်လည်ဖော်ပြခဲ့ပါတယ်။ ဒီပုံနဲ့ ပတ်သက်ပြီး ကာယကံရှင်က ဒီအဖွဲ့နဲ့ သက်ဆိုင်ခြင်းမရှိလို့ အကြောင်းကြားလာတဲ့ အတွက် ဒီပုံကို ဧပြီလ ၂၇ ရက်နေ့မှာ ပြန်လည်ဖြုတ်ချလိုက်ပါတယ်။)

ပြီးခဲ့တဲ့ ဧပြီလ၂၄ရက် တစ်ရက်ထဲမှာတင် မန္တလေးမြို့က NLD ပါတီဝင်နဲ့ မိသားစု ငါးဦးအထိ အဖမ်းခံခဲ့ရတယ်လို့ မန္တလေး NLD ပါတီဝင်တစ်ဦးထံကနေ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ငါးဦးထဲမှာ ချမ်းအေးသာစံ NLD ရပ်ကျေးဥက္ကဋ္ဌ စိန်ဝင်းဝင်း လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးခင်မောင်သိန်းနဲ့ဇနီး၊ ပါတီဝင်ဖြစ်တဲ့ ဦးခင်မောင်သိန်းရဲ့ မယားညီအစ်ကို ဦးတင့်အပြင် နောက်ထပ် အောင်မြေသာစံက NLD ပါတီဝင်အမျိုးသားတစ်ဦးနဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ်ရဲ့ အကိုတစ်ဦးတို့ ဖြစ်ကြပါတယ်။

ဒီကနေ့ ဧပြီလ ၂၅ ရက်မှာတော့ အဲဒီ ၅ ဦးထဲက အမျိုးသား၃ ဦး အသတ်ခံရပြီးလမ်းမှာ စွန့်ပစ်ခံခဲ့ရပါတယ်။ဒါ့အပြင် လမ်းဘေးမှာ အမျိုးသမီးတစ်ဦးကို သေနတ်ဒဏ်ရာနဲ့လည်း တွေ့ခဲ့ရပါတယ်။ ကျန် အမျိုးသားတစ်ဦးကတော့ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

သေနတ်ဒဏ်ရာတွေနဲ့ စွန့်ပစ်ခံရပြီး အရေးပေါ်ကုသမှု ခံယူနေရသူကတော့ ဦးခင်မောင်သိန်းရဲ့ ဇနီး ဖြစ်ပါတယ်။ ပျောက်ဆုံးနေဆဲ အမျိုးသားကတော့ မဟာအောင်မြေမြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ရဲ့ အစ်ကိုဖြစ်ဖြစ်ပြီး သူကတော့ ဧပြီ ၂၅ရက်ညအထိ အဆက်အသွယ်မရဖြစ်နေတယ်လို့ မန္တလေး NLD ပါတီဝင်တစ်ဦးဆီကနေ သိရပါတယ်။

သေနတ်ဒဏ်ရာနဲ့သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်းပေါ်က သွေးသောက်အဖွဲ့ အနီရောင်တံဆိပ် လည်ဆွဲကို သေဆုံးသူလည်ပင်းမှာ ဆွဲထားလျက် တွေ့မြင်ခဲ့ရတယ်လို့ မျက်မြင်တွေ့သူတွေက‌ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့ မန္တလေးမြို့ သွေးသောက်အဖွဲ့ရဲ ထုတ်ပြန်ချက်မှာတော့ NLD ပါတီဝင်များ NLD ပါတီ အစွန်းရောက်ထောက်ခံအဖွဲ့များ PDF အဖွဲ့များနဲ့ဆက်နွယ်နေသူများကို လက်စတုံးချေမှုန်းရန်အတွက် အနီရောင်စစ်ဆင်ရေးဆိုပြီး တန်ပြန်ကြေညာချက်ထုတ်တယ်လို့ ဖော်ပြထားပါတယ်။

" သေတဲ့သူတွေက လည်ပင်းအောက်မှာ အပစ်ခံရတာ။ သေနတ်မှန်ထားတာပါ။ သေတဲ့သူတွေရဲ့ ပုံစံတွေက တစ်ပုံစံတည်းပဲ။ မျက်နှာကို စည်းတဲ့ဟာတွေ ပါနေတယ်၊ သေမှနဖူးမှာ တပ်ပေးလိုက်တာနေမှာ ပုဆိုးစနဲ့ချည်ပေးလိုက်တာ"လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

သတ်ဖြတ်တယ်လို့ယူဆရတဲ့ သွေးသောက်အဖွဲ့အနေနဲ့ ဘာကြောင့်ဒီလူတွေကို ရွေးချယ်ဖမ်းဆီးပြီး အခုလိုလုပ်ဆောင်တယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

သေဆုံးသူတွေဟာ ဆွေမျိုးတော်စပ်သူတွေလို့သတင်းထွက်ပေါ်

သွေးသောက်အဖွဲ့ ဆိုသူတွေရဲ့ ဖမ်းဆီးသတ်ဖြတ် စွန့်ပစ်တာကိုခံရတဲ့ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဟာ မန္တလေးမြို့၊ စိန်ဝင်းဝင်းလက်ဖက်ရည်ဆိုင်ပိုင်ရှင်နဲ့ မိသားစုဝင်တွေလို့ နီးစပ်သူတွေကနေ သိရပါတယ်။

ပိုင်ရှင်လင်မယားဖြစ်သူ နှစ်ဦးကိုတော့ ချမ်းအေးသာစံမြို့နယ်မှာ စွန့်ပစ်ခဲ့တာဖြစ်ပြီး ပိုင်ရှင်နဲ့ မယားညီအစ်ကို တော်စပ်သူကိုတော့ အောင်မြေသာစံမြို့နယ်မှာ စွန့်ပစ်ခဲ့တာလို့ ဆိုပါတယ်။

အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အမျိုးသမီးဖြစ်သူကတော့ နဖူးနဲ့လည်ပင်းမှာ ကျည်ထိမှန်ကာ ပြင်းထန်ဒဏ်ရာ ရနေတာကြောင့် မန္တလေးဆေးရုံကနေ နေပြည်တော်ကို ပြောင်းရွှေ့ကုသနေရတယ်လို့ ကျန်းမာရေး အသိုင်းအဝိုင်းကနေ သိရပါတယ်။ ။

အခုလို မိသားစုဝင်တွေ ဖမ်းဆီးပစ်ခတ်ခံရတာရဲ့ နောက်ဆက်တွဲ အခြေအနေနဲ့ ပတ်သက်ပြီး ကျန်ရစ်သူမိသားစုဝင်တွေကို ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမဲ့ ဧပြီ (၂၅)ရက်၊ ည(၇)နာရီအထိ ဆက်သွယ်လို့မရခဲ့ပါဘူး။

စစ်ကောင်စီနဲ့နီးစပ်တဲ့ သတင်းတွေကိုဖော်ပြပေးတဲ့ တယ်လီဂရမ်ချန်နယ်တွေရဲ့ ဧပြီ (၂၁)ရက်ရေးသားမှုတချိုကို အခုလိုတွေ့မြင်ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီနဲ့နီးစပ်တဲ့ သတင်းတွေကိုဖော်ပြပေးတဲ့ တယ်လီဂရမ်ချန်နယ်တွေရဲ့ ဧပြီ (၂၁)ရက်ရေးသားမှုတချိုကို အခုလို တွေ့ရပါတယ်။

သွေးသောက်အဖွဲ့ဆိုတာဘာလဲ

"အခု နောက်ပိုင်း PDF၊ UG အကြမ်းဖက်သမားတွေကမဆိုင်တဲ့ မိသားစုဝင်တွေ အပြစ်မဲ့ပြည်သူတွေ၊ သံဃာတော်တွေကို လိုက်သတ်နေတာများနေပြီ။ ကိုယ့်မိသားစုဝင်တွေ ပြန်အသတ်ခံရတဲ့အခါကျရင်လည်း ခံနိုင်ရည်ရှိအောင်ကြိုးစားကြပေါ့ကွာ၊ အတုံ့အလှည့်ဆိုတာရှိပါတယ်" ဆိုပြီး စစ်ကောင်စီထောက်ခံတဲ့ သတင်းတွေကိုရေးသားဖော်ပြတဲ့ တယ်လီဂရမ်ချန်နယ် (Telegram Channel) တွေမှာ ဧပြီ (၂၁)ရက်၊ ည(၈)နာရီ (၅၄)မိနစ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

အဲ့ဒီနောက်မိနစ်ပိုင်းအကြာ ဧပြီ (၂၁)ရက်၊ ည (၉)နာရီ (၁၅)မိနစ်မှာတော့ သွေးသောက်အဖွဲ့ (MDY) ရဲ့ အနီရောင်စစ်ဆင်ရေး ကြေညာချက်ကို ထုတ်ပြန်လာခဲ့ပြီး ဒီစာကို တယ်လီဂရမ်ချန်နယ်မှာ ဖတ်ရှု့သူ လေးသောင်းငါးထောင်ရှစ်ရာအထိရှိတာကို ဧပြီ (၂၅)ရက်ညနေပိုင်းမှာတွေ့ရပါတယ်။

CJ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီနဲ့နီးစပ်တဲ့သတင်းတွေကိုဖော်ပြပေးတဲ့ တယ်လီဂရမ်ချန်နယ်တွေရဲ့ ဧပြီ (၂၁)ရက်ရေးသားမှုတချိုကိုအခုလိုတွေ့မြင်ရပါတယ်။

မန္တလေးမြို့ အောင်မြေသာစံနဲ့ ချမ်းအေးသာစံမြို့နယ်မှာ သေဆုံးရုပ်အလောင်းတွေ စွန့်ပစ်ခံရပြီးနောက်ပိုင်း ဧပြီ (၂၅)ရက်မှာတော့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ သွေးသောက်အဖွဲ့ကနေ တန်ပြန်တိုက်ခိုက်မယ့်သူတွေ စာရင်းဆိုပြီး အချက်(၆)ချက်နဲ့ ထွက်ပေါ်လာခဲ့ပါတယ်။

ဒလန်လို့ ခေါင်းစဉ်တပ်သတ်ဖြတ်ပြီး ထွက်ပြေးနေသူတွေနဲ့ မိသားစုဝင်တွေ၊ PDF ထောက်ပံ့ကူညီနေကြတွေနဲ့ သူတို့ မိသားစုဝင်တွေ၊ သတင်းအတု ရောင်းစားတယ်လို့ စွပ်စွဲပြီး မီဒီယာသမားတွေနဲ့ သူတို့မိသားစု ဝင်တွေ၊ နိုင်ငံခြားမှာနေထိုင်ပြီး လှုံဆော်နေသူတွေနဲ့ မိသားစုဝင်တွေ၊ လူမှုကွန်ရက်မှာ တော်လှန်ရေး မပါဝင်သူတွေကို ဒလန်ခေါင်းစဉ်တပ် လှုံဆော်နေကြသူတွေနဲ့ သူတို့မိသားစုဝင်တွေ၊ လူမှုပြစ်ဒဏ် Social Punishment လုပ်ဖို့ ဆော်သြသူတွေအပြင် သူတို့ရဲ့ စီးပွားရေးပစ္စည်းတွေကို တိုက်ခိုက်သွားမယ်လို့ သတင်းမီဒီယာတချို့မှာ ဖော်ပြထားပါတယ်။

တစ်ဖက်မှာတော့ မန္တလေးအခြေစိုက် သတင်းဌာနအချို့ ဖော်ပြချက်တွေအရ သွေးသောက်အဖွဲ့ရဲ့ အနီရောင်စစ်ဆင်ရေး ကြေညာခဲ့တဲ့ ဧပြီ (၂၁)ရက်ကစပြီး ငါးရက်အတွင်း မန္တလေးမြို့မှာ လူငါးဦးထက်မနည်း အသတ်ခံထားရပြီး လမ်းဘေးမှာ အလောင်းတွေကို စွန့်ပစ်ထားကြတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့အင်အားစုတွေထဲက မန္တလေးမြို့အခြေစိုက် မြို့ပြပြောက်ကျား အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ အနက်ရောင်သေမင်းအဖွဲ့ရဲ့ ဧပြီ (၁၉)ရက်မှာ ကြေညာခဲ့တဲ့ စစ်ကောင်စီလက်ပါးစေနဲ့ သူတို့မိသားစုဝင်တွေကို မငဲ့ညှာဘဲ အရေးယူမယ်ဆိုတဲ့ ဇေယျစစ်ဆင်ရေးကို တန်ပြန်တဲ့အနေနဲ့ ဒီသွေးသောက်အဖွဲ့ဟာ အနီ‌ရောင်စစ်ဆင်ရေးအဖြစ် ဆောင်ရွက်တာလို့ သူတို့ ထုတ်ပြန်ချက်အရ တွေ့ရပါတယ်။

CJ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားနေတဲ့ အနက်ရောင်သေမင်းအဖွဲ့ရဲ့ ဧပြီ (၁၉)ရက်ထုတ်ပြန်ချက်။

ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကို ဘီဘီစီဘက်က ဆက်သွယ်မေးမြန်းထားပေမဲ့ ဧပြီ (၂၅)ရက်နေ့ ညပိုင်းအထိ ပြန်လည်ဖြေကြားမှု မရှိသေးပါဘူး။

စိတ်ဝေဝါးအောင်လုပ်ဆောင်တဲ့သဘောလို့ မန္တလေးသပိတ်အင်အားစုတုံ့ပြန်

စစ်ကောင်စီ ဆန့်ကျင်ရေးလှုပ်ရှားမှု သပိတ်အားကောင်းတဲ့အပြင် မြို့ပြပြောက်ကျားအဖွဲ့တွေရဲ့ ဖောက်ခွဲ ပစ်ခတ်မှုတွေပါ ခပ်စိပ်စိပ်ဖြစ်ခဲ့တဲ့ မန္တလေးမြို့ပေါ်မှာ အခုလိုသွေးသောက်အဖွဲ့ဆိုပြီး ပေါ်ပေါက်လာတာဟာ ပြည်သူတွေ စိတ်ဝေဝါးအောင် လုပ်ဆောင်တဲ့ သဘောလို့ မန္တလေးသပိတ်အင်အားစုဘက်က တုံ့ပြန်ပါတယ်။

"ပြည်သူကို ပြည်သူနဲ့ပြန်တိုက်တဲ့သဘောပါပဲ။ ပြယုဂ်တစ်ခုအနေနဲ့ ပြလို့ကောင်းတာပေါ့၊ ပုံမှန်အတိုင်းဆို သူတို့က ယူနီဖောင်းတွေနဲ့ လာခေါ်မယ် ရှင်းလင်းတယ်ပေါ့လေ။ အခုကျတော့ နိုင်ငံတကာကိုလည်း PDF အကြမ်းဖက်တွေကို မခံနိုင်လို့ ပြည်သူတွေက ပြန်ပြီးမခံနိုင်လို့ ရှင်းလင်းပါတယ်ဆိုတဲ့ သူတို့ရဲ့ နိုင်ငံရေး ထွက်ပေါက် လုပ်တယ်လို့ပဲယူဆတယ်" လို့ မန္တလေးသပိတ်အင်အားစုဝင် တစ်ဦးက သူ့အမြင်ကို ပြောပါတယ်။

ဒါပေမဲ့ အာဏာသိမ်းမှု ဆန့်ကျင်ရေးလုပ်ဆောင်သူတွေအနေနဲ့ ပိုပြီးသတိထားလုပ်ကိုင်ဆောင်ရွက်ဖို့ လိုလာသလို အရပ်သားတွေ ဦးတည် တိုက်ခိုက်ခံလာရနိုင်တာကိုလည်း သတိပြုဖို့လိုမယ်လို့ သူ့ထင်မြင်ချက်ကို ဆက်ပြောပါတယ်။

ဒါ့အပြင် ဧပြီ (၂၅)ရက်၊ ညနေပိုင်းမှာပါ Yangon Castigate Squad (YSC) ဆိုတဲ့ အဖွဲ့နာမည်နဲ့ ရန်ကုန်မြို့ တွင်းက PDF အဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ၊ NLD ထောက်ခံသူတွေနဲ့ မိသားစုတွေရဲ့ အသက်အန္တရာယ်ကို ရန်ရှာမယ့်အပြင် စီးပွားရေးလုပ်ငန်းတွေပါ ဖျက်ဆီးသွားမယ်လို့ ဆိုတဲ့ ထုတ်ပြန်ချက်တစ်ခုလည်း လူမှုကွန်ရက်စာမျက်နှာပေါ် ထွက်ပေါ်လာခဲ့ပြီး မူရင်းဖော်ပြခဲ့တာနဲ့ပတ်သက်ပြီး စုံစမ်းလို့မရခဲ့ပါဘူး။

ဒီရက်ပိုင်းအတွင်း မန္တလေးလိုမြို့ကြီးမှာ ရင်ဆိုင်လာရတဲ့ အခုအခြေအနေဟာ အထူးသတိထားဖို့လိုတယ်လို့ နိုင်ငံရေးစောင့်ကြည့်သူတွေက ထောက်ပြ ပြောဆိုနေကြပါတယ်။

"တကယ်တမ်း ဒါတွေ လက်တွေ့လုပ်လာရင် နွေဦးတော်လှန်ရေးအပေါ် သက်ရောက်မှု တစ်စုံတစ်ရာတော့ ရှိပါတယ်။ အတိုင်းအတာ ကြီးမားတဲ့ PDF တွေရဲ့ တုံ့ပြန်တိုက်ခိုက်မှု အတိုင်းအတာလောက် မကြီးနိုင်ပါဘူး။ သူတို့ဟာ စိတ်ဓာတ်ရေးရာကြောင့် မဟုတ်ဘဲ ပံ့ပိုးမှုတစ်ခုနဲ့ ပေါ်ပေါက်တတ်တာဖြစ်လို့ အတိုင်းအဆများ လာမယ်လို့ မထင်ပါဘူး" ဝါရင့်နိုင်ငံရေးသုံးသပ်သူတစ်ဦးဖြစ်တဲ့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ဒီလို ကြေညာချက်တွေထွက်ပေါ်ပြီးတဆက်တည်းမှာပဲ မန္တလေးလိုမြို့ကြီးတွေမှာ အရပ်သားသေဆုံးမှုတွေ ဆက်တိုက်ရှိလာတာဟာ တရားဥပဒေစိုးမိုးမှု လုံးဝကင်းမဲ့လာတဲ့ အနေအထားဖြစ်ပြီး မြို့ပြတွေမှာပါ သွေးထွက်သံယိုမှုတွေ ဖြစ်ပွားလာမှာကို ရန်ကုန်၊မန္တလေးမြို့ခံတွေက စိုးရိမ်နေကြပါတယ်။