မန္တလေး ချမ်းမြသာစည် မြို့တွင်းတိုက်ပွဲ

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

စစ်တပ်အာဏာသိမ်း ပြီးရက်ပေါင်း၁၄၀ ကျော်၊ ၂၀၂၁ ခုနှစ် ဇွန်လ ၂၂ ရက်နေ့၊ မန္တလေးမြို့ အရှေ့တောင်ဘက် ချမ်းမြသာစည်မြို့နယ်ထဲမှာ မနက် ၇ နာရီခွဲကျော်လောက်က သေနတ်သံတွေ ဆူညံသွားခဲ့ပါတယ်။

၅၄ လမ်း နဲ့ ၁၁၁ လမ်းထောင့်က အိမ်တစ်အိမ်ကို စစ်ကောင်စီ တပ်တွေ သတင်းအရ ဝင်ရောက်စီးနင်းရင်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Mdy-PDF) နဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ နာရီနဲ့ချီ ဖြစ်ပွားခဲ့တာပါ။

ဒါဟာ စစ်ကောင်စီဘက်က လက်ဦးမှုရယူတာကနေ မန္တလေးမှာ မြို့ပြတိုက်ပွဲ အသွင်ဆောင်သွားတာပဲ ဖြစ်ပါတယ်။

ဒီလို မြို့တွင်းတိုက်ပွဲပုံစံမျိုးကို စစ်တပ်ကဝင်တိုက်တဲ့ အထင်ရှားဆုံးသာဓက ၂၀၀၉ ခုနှစ်က တရုတ်နယ်စပ်က ကိုးကန့်ဒေသ၊ လောက်ကိုင်မှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးတဲ့နောက် ကယားပြည်နယ် ဒီးမော့ဆို ၊ ချင်းပြည်နယ် မင်းတပ်၊ အညာဒေသတွေဖြစ်တဲ့ ကနီ နဲ့ မင်းကင်း တို့မှာလည်း အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်နေကြပေမဲ့ မြို့ပြက တိုက်ပွဲပုံစံကတော့ ချမ်းမြသာစည်မှာ စဖြစ်တာပါ။

လမ်းထဲကနေ ရိုက်ကူးထားတဲ့ ရုပ်သံတစ်ခုမှာ စစ်ကောင်စီဘက်က ခြံထဲကို တရစပ် ပစ်ခတ်တာကို တွေ့ရပါတယ်။

ပစ်ခတ်မှုပြင်းထန်လွန်းလို့ အိမ်တချို့တောင် တုန်ကုန်တယ်လို့ အနီးမှာနေထိုင်သူတွေကပြော

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ပစ်ခတ်မှုပြင်းထန်လွန်းလို့ အိမ်တချို့တောင် တုန်ကုန်တယ်လို့ အနီးမှာနေထိုင်သူတွေကပြော

ဒါပေမဲ့ စစ်ကောင်စီဘက်ကထုတ်ပြန်ချက်မှာတော့ PDF ဘက်က လက်နက်တွေ၊ လက်ပစ်ဗုံးတွေနဲ့ စတင် တိုက်ခိုက်တာလို့ ထုတ်ပြန်ပါတယ်။

ပစ်ခတ်မှုပြင်းထန်လွန်းလို့ အိမ်တချို့တောင် တုန်ကုန်တယ်လို့ အနီးမှာနေထိုင်သူတွေကပြောပါတယ်။

လမ်းထဲမှာနေတဲ့ မိသားစုတစ်စုဆိုရင် ကျည်ကွယ်မျက်ကွယ်ဖြစ်ဖို့ အိမ်သာထဲ ဝင်နေကြရတယ်လို့ ဆိုပါတယ်။

၅၄ လမ်းနဲ့ နီးတဲ့ လမ်းတစ်လမ်းဆိုရင် ပစ်သံခတ်သံ ကြားတာနဲ့ အိမ်ထဲအကုန်ဝင်ပြေးခဲ့ကြရပါတယ်။

' ကျွန်တော့်တစ်သက် ဒါမျိုး တစ်ခါမှမကြုံဖူးသေးဘူး ' လို့ ချမ်းမြသာစည်မြို့နယ် မှာနေထိုင်တဲ့ အသက် ၃၀ အရွယ် ကိုဇော်လင်းက ပြောပါတယ်။

အပြန်အလှန် ပစ်ခတ်မှုတွေရှိလို့ စစ်ကောင်စီတပ်တွေ စစ်ကူဖြည့်ရင်းနဲ့ အဲ့ဒီနားတစ်ဝိုက်ကို စီးလိုက်ပါတယ်။

မြို့ထဲမှာလည်း သံချပ်ကားတွေပတ် အစစ်အဆေးတွေနဲ့ ကျပ်ကျပ်တည်းတည်း ဖြစ်ကုန်ပါတယ်။

မြေပြင်မှာ အပစ်မရပ်သေးခင်မှာဘဲ အွန်လိုင်းပေါ်မှာ Mdy-PDF နဲ့ စစ်ကောင်စီတို့ အပြန်အလှန် တိုက်ပွဲဆင်ကြပါတယ်။

ဝင်းစီးခံရပြီး စစ်ကောင်စီနဲ့ အပြန်အလှန်တိုက်ခိုက်နေတာလို့PDFက ပြော

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ပြောက်ကျားတပ်ခွဲတစ်ခု ဝင်စီးခံရပြီး စစ်ကောင်စီနဲ့ အပြန်အလှန်တိုက်ခိုက်နေတာလို့ PDFက ပြော

Mdy-PDF သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ မြို့ပြတိုက်ပွဲစပြီလို့ မနက်က ကြေညာခဲ့ပေမဲ့ နေ့လယ်ခင်းမှာ အဲ့ဒီရေးသားချက်ကိုမတွေ့ရတော့ပါဘူး။

သူတို့ရဲ့ ပြောက်ကျားတပ်ခွဲတစ်ခု ဝင်စီးခံရပြီး စစ်ကောင်စီနဲ့ အပြန်အလှန်တိုက်ခိုက်နေတာလို့ ဆက်လက်ကြေညာပါတယ်။

ဒါ့အပြင် ထိုးစစ်ဆင်ခံရတာမို့ အကူအညီပေးကြဖို့ ပြည်သူကို အကူအညီတောင်းခံခဲ့ပါတယ်။

သူတို့ရဲ့ ရေးသားချက်တွေကို နှစ်သက်သူ၊ဝေမျှသူလည်းများပြီး အားပေးထောက်ခံသူလည်း များခဲ့ကြပါတယ်။

များမကြာမီ တာယာကွင်းမီးရှို့မှုတွေနဲ့ ပေါက်ကွဲမှုတချို့ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

၅၄ လမ်း အပြန်အလှန်ပစ်ခတ်မှုမှာ PDF ဘက်က သေဆုံးသူ ၄ ဦး ရှိခဲ့ပြီး ၈ ဦး ကို ဗုံးတွေ၊လက်လုပ်မိုင်းတွေ၊လက်နက်ငယ်တွေနဲ့ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီဘက်က မွန်းတည့် ၁၂ နာရီလောက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကားတွေနဲ့ကင်းလှည့်နေ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စစ်ကားတွေနဲ့ကင်းလှည့်နေ

စစ်ကောင်စီဘက်က အပြင်းအထန်ဒဏ်ရာရသူတချို့ရှိခဲ့တယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာပါပြီး ဒေသခံတွေဘက်ကတော့ စစ်ကောင်စီဘက်ကပါ အသေအပျောက်ရှိနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

၅၄ လမ်း အပြန်အလှန်ပစ်ခတ်မှုနဲ့ တစ်ချိန်တည်းမှာပဲ ၅၃ လမ်းမှာ ပါဂျဲရိုး ကားတစ်စီးပေါ်က စစ်ကောင်စီတပ်တွေကို ပစ်ခတ်ခဲ့ပါတယ်။

လိုက်ဖမ်းရင်း ၅၆ လမ်းနဲ့ လမ်း ၁၁၀ က ထရန်စဖော်မာကို တိုက်မိပြီး ကားပေါ်က လူ ၄ ဦးသေဆုံးခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။

အလားတူ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းတစ်ခုကလည်း မြို့တွင်းတိုက်ပွဲဖြစ်နေတဲ့အကြောင်း ထုတ်ပြန်ပါတယ်။ သူတို့ဘက်က ၃ ဦးကျပြီး စစ်ကောင်စီဘက်က ၂ ဦးသေပြီး တစ်ဦးကိုဖမ်းမိထားတယ်လို့ ထုတ်ပြန်ပါတယ်။

နေ့လည်ပိုင်းမှာတော့ အမရပူရမြို့နယ်ထဲမှာ ကြံ့ခိုင်ရေးရုံးအပါအဝင် အုပ်ချုပ်ရေးမှူးရုံးတချို့ ပေါက်ကွဲမှုရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီဘက်က မြို့အဝင်အထွက်တွေကို စစ်ဆေးရေးတင်းကျပ်လိုက်ပါတယ်။ မြို့ထဲမှာလည်း စစ်ဆေးတာတွေလုပ်ပါတယ်။

ဒီကနေ့အခြေအနေတွေကြောင့် မန္တလေးမှာ ဆိုင်တွေစောစောပိတ်၊ လုပ်ငန်းခွင်တွေလည်းစောစောသိမ်းပြီး အရေးကြီးကိစ္စတွေလည်း ရွေ့ဆိုင်းလိုက်ကြတယ်လို့ မြို့ခံတွေကပြောပါတယ်။

ပစ်ခတ်နှိမ်နင်းမှုအပြီးမန္တလေးမြို့ခြောက်ကပ်သွား

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ပစ်ခတ်နှိမ်နင်းမှုအပြီးမန္တလေးမြို့ခြောက်ကပ်သွား

' မန္တလေးက ခြောက်ကပ်သွားတယ်' လို့ မြို့ခံတစ်ဦး ဖြစ်သူ ကိုညီ က ပြောပါတယ်။

သကြင်္န်တုန်းကခြောက်ကပ်ပုံမျိုး နဲ့ မတ်လ ၂၇ ရက် ပစ်ခတ်နှိမ်နင်းမှုလို ခြောက်ကပ်မှုမျိုးလို့ သူကဆက်ပြောပါတယ်။

အလုပ်ဆင်းတဲ့အချိန်ညနေပိုင်းမှာ အိမ်ပြန်မယ့်လူတွေအတွက် လူငယ်တချို့က အဓိကလမ်းမကြီးတွေရဲ့ စစ်ဆေးမှုအခြေအနေအကြောင်းကို စုံစမ်းပေးတဲ့ ဝန်ဆောင်မှုကိုပါပြုလုပ်ပေးခဲ့ကြပါတယ်။

'အိမ်ကလည်းထွက်လာပြီးလာကြိုလို့မရဘူး။ တစ်ယောက်ထဲလည်းမပြန်ရဲလို့ ရုံးကလိုက်ပို့ပေးရတယ်' လို့ ဒီကနေ့ ရုံးဆင်းရတဲ့အခြေအ‌နေကို မသက်မာ က ပြောပြပါတယ်။

မနက်ခင်းမှာ ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ မန္တလေးမှာ မှောင်ရီပျိုးလာတဲ့အထိ စိုးရိမ်စိတ်ကလျော့ပါး မသွားကြပါဘူး။

' ရပ်ကွက်ကို မဲမှာ စိုးရိမ်မိတယ်' လို့ ပစ်ခတ်မှုနားနေထိုင်သူ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

သေနတ်သံတွေ၊ ဗုံးသံတွေပါတဲ့ ချမ်းမြသာစည်က ရုပ်သံတွေဟာ လူမှုကွန်ရက်ကတစ်ဆင့် ကမ္ဘာကြီးကို ပျံ့နှံ့သွားပြီးတဲ့နောက် အမေရိကန်သံရုံး နဲ့ ပြင်သစ်သံရုံးအပါအဝင် သံရုံးတွေကလည်း စစ်ရေးတင်းမာမှုတွေအတွက် စိုးရိမ်ပူပန်ကြောင်းထုတ်ပြန်ပါတယ်။

၁၉၈၈ အာဏာသိမ်းပြီးတဲ့နောက် ရန်ကုန်မှာ အပြန်အလှန်ပစ်ခတ်မှုတချို့ရှိခဲ့ပေမယ့် ချမ်းမြသာစည်လောက် မပြင်းထန်ဘူးလို့ စစ်မှုထမ်းဟောင်းတစ်ဦးကပြောပါတယ်။

မန္တလေးမြို့ဟာ အာဏာသိမ်းမှုကို လမ်းပေါ် မှာပထမဆုံး ဆန္ဒထွက်ပြတဲ့ မြို့လည်းဖြစ်ပါတယ်။ အပစ်အခတ်အဖမ်းအဆီးတွေရှိနေတဲ့ကြားကကို နေ့စဥ်နီးပါး ဆန္ဒပြခဲ့တဲ့ မြို့လည်းဖြစ်ပါတယ်။

"ခြေကုပ်ယူထားတဲ့နေရာလေး တစ်ခုကို သာလွန်အင်အားနဲ့ ဝင်ရောက်စီးနင်းသွားတာပါ။ လက်နက် ၂ ခုနဲ့ လူ၈ယောက် ပါသွားခဲ့ပါတယ်။ လူဝင် လူထွက်များလို့ ခြေရာခံမိသွားတယ်လို့ ယူဆရပါတယ်။"PDF မန္တလေးက ဗိုလ်ဇီးကွက် ကပြောပါတယ်။

" မန္တလေးမှာ အခြေအနေအရ ကျွန်တော်တို့ဘက်ကပြောက်ကျားဘဲ ဆက်လုပ်ဖို့ရှိပါတယ်၊ တိုက်ပွဲက ဒီ့ထက် စိပ်လာဖို့ပဲရှိတယ်လို့ လည်း" သူ ကပြောပါတယ်။