အမျိုးသားရေး အစွန်းရောက် လှုပ်ရှားမှုတွေနဲ့ ချိတ်ဆက်နေတဲ့ အညာဒေသ ပြည်သူ့စစ်

ကလေးမြို့နယ်ထဲက စစ်သင်တန်း ၂၀၂၂၊ ဖေဖေါ်ဝါရီ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ကလေးမြို့နယ်ထဲက စစ်သင်တန်း ၂၀၂၂၊ ဖေဖေါ်ဝါရီ

ပြည်သူ့ကာကွယ်ရေး အဖွဲ့ PDF တွေကို ထိန်းချုပ်ဖို့ ရည်ရွယ်ချက်နဲ့ စစ်တပ် ကျောထောက်နောက်ခံပြု လက်နက်ကိုင် အဖွဲ့တွေဟာ အညာဒေသ ကျေးရွာတွေမှာ ပြည်သူ့စစ်အသွင် ပေါ်ပေါက် လာပါတယ်။

ဒီနောက်မှာတော့ အခုဆိုရင် မန္တလေး၊ ရန်ကုန် စတဲ့ မြို့ပြနေရာတွေမှာပါ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားကြသူတွေ အပေါ် အဓိက ပစ်မှတ်ထား သတ်ဖြတ်နေတဲ့ ဖြစ်ရပ်တွေ တွေ့မြင် လာရပြီး၊ သွေးသောက်အဖွဲ့ ဆိုတဲ့ နာမည် ခံယူထားတဲ့ အဖွဲ့က သူတို့ လုပ်ဆောင်နေတာ ဆိုပြီး သိသာစေတဲ့ တံဆိပ် အမှတ်သားတွေကို အခင်းဖြစ်ရာ နေရာမှာ ချန်ထားတာမျိုး ပြုလုပ် နေပါတယ်။

မကွေး စစ်ကိုင်းထဲက ဒေသတွေမှာ ပြည်သူ့စစ်တွေဖွဲ့ပြီး၊ လက်နက်တပ်ဆင် ပေးထားတယ် ဆိုတဲ့ အချက်ကို စစ်ကောင်စီ ပြောခွင့်ရက ပြီးခဲ့တဲ့ ၃ လ နီးပါးလောက် ကတည်းက ဘီဘီစီကို အတည်ပြု ပြောဆို ထားပါတယ်။

ဒါပေမဲ့ လူပြောများတဲ့ ပျူစောထီး ဆိုတဲ့ အဖွဲ့နဲ့ ပတ်သက်လို့တော့ ပြည်သူ့စစ်ပုံစံ တမျိုးဖြစ်ကြောင်း နေပြည်တော်က အသိအမှတ်ပြု ပြောဆိုတာမျိုး မလုပ်ပါဘူး။

ပျူစောထီး ဆိုတဲ့ လက်နက်ကိုင်တွေ အကြောင်းကိုတော့ မီးတင်ရှို့ခံနေရတဲ့ အညာဒေသ ကျေးရွာကသူတွေရဲ့ ဘီဘီစီကို အပြောအရ အဲဒီ သူတွေဟာ အစိုးရ စစ်ကြောင်းတွေနဲ့ အတူ ပါလာတတ်တယ်၊ လက်နက်တွေ ကိုင်ဆောင်ထားကြတယ်၊ တချို့ဟာ ကြံ့ခိုင်ရေး ပါတီဝင်တွေ ဖြစ်ကြတယ် ဆိုပြီး ပြောဆိုမှုတွေ ရှိပါတယ်။

ပြည်သူ့စစ်တွေဖွဲ့ပြီး လက်နက်တပ်ဆင် ပေးထားကြောင်း စစ်ကောင်စီ ပြောခွင့်ရ အတည်ပြုထား

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ပြည်သူ့စစ်တွေဖွဲ့ပြီး လက်နက်တပ်ဆင် ပေးထားကြောင်း စစ်ကောင်စီ ပြောခွင့်ရ အတည်ပြုထား

ပျူစောထီး အကြောင်း အသေးစိတ်လေ့လာပြီး အစီရင်ခံစာ ထုတ်ပြန်ထားတဲ့ နိုင်ငံတကာ ပဋိပက္ခတွေကို စောင့်ကြည့်လေ့လာတဲ့ ICG အဖွဲ့က ရစ်ချက်ဟော်ဆီ ဘီဘီစီကို ပြောတဲ့ အထဲမှာလည်း တချို့ ပျူစောထီး ဖြစ်လာကြသူတွေဟာ ကြံ့ခိုင်ရေး ပါတီဝင်တွေ ဖြစ်တယ်ဆိုတဲ့ အချက် ပါဝင်ပါတယ်။

အဲဒီလို ပြောဆိုတာတွေနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးသန်းဌေးကို ဘီ ဘီစီက မေးကြည်တဲ့ အခါမှာတော့ သူတို့ပါတီဝင်တွေကို လက်နက်တွေ တပ်ဆင်ပေးဖို့ ပါတီဘက်က သီးသန့် တောင်းဆိုတာမျိုး မရှိဘူး၊ ဥပဒေနဲ့ အညီ လက်နက်တပ်ဆင်ပေးမှုတွေ ပြုလုပ်တဲ့ အခါ နိုင်ငံသား တာဝန်သိတဲ့ ပါတီဝင်တွေ သွားကောင်းသွားကြလိမ့်မယ် ဆိုပြီး ဘီဘီစီကို လောလောလတ်လတ်မှာပဲ ပြန်လည် ဖြေဆို ထားပါတယ်။

ဒီတော့ လူပြောများတဲ့ ပျူစောထီးဆိုတဲ့ လက်နက်ကိုင်တွေ အပါအဝင် အညာဒေသက ပြည်သူ့စစ် ဆိုတဲ့ အဖွဲ့တွေ အကြောင်းနဲ့ မြို့ပြ သတ်ဖြတ်မှုတွေဟာ သူတို့ လက်ချက် ဖြစ်တယ်လို့ ကြေညာပြောဆိုနေတဲ့ သွေးသောက် အဖွဲ့ အကြောင်း ICG အဖွဲ့က အကြီးတန်း အကြံပေး ရစ်ချက် ဟော်ဆီကို ဘီဘီစီက ဆယ်သွယ် မေးမြန်းထားပါတယ်။

ဘီဘီစီ။ ။ ရစ်ချက်ရေ ... ခင်ဗျားတို့ ICG ကနေ "တော်လှန်ရေးကို တန်ပြန် ခုခံခြင်း" ဆိုတဲ့ ခေါင်းစဥ်နဲ့ ပျူစောထီး အဖွဲ့အကြောင်း ရေးထားတာ ရှိတော့ ... သူတို့က ဘယ်သူတွေလဲ ဆိုတဲ့ အခြေခံကစပြီး ပြောပါလား ...

ရစ်ချက်ဟော်ဆီ။ ။ အဲဒီ "ပျူစောထီး" ဝေါဟာရကို လူတော်တော်များများ လက်ရှိ ရည်ညွှန်း ပုံဖော်နေတာက အာဏာသိမ်း စစ်တပ်က စနစ်တကျနဲ့ ခိုင်ခိုင်မာမာ ဖွဲ့စည်း ပေးထားပြီး၊ နိုင်ငံအနှံ့ မတူတဲ့ ယူနစ် အုပ်စုငယ် အမျိုးမျိုး အဖြစ် တည်ရှိနေတဲ့ လက်နက်ကိုင် အဖွဲ့ အနေနဲ့ ဖြစ်ပါတယ်။

ကျွန်တော်ကိုယ်တိုင် အဲဒီလို အုပ်စုတွေရဲ့ အဖွဲ့ဝင်တွေ၊ ခေါင်းဆောင်ပိုင်းတွေနဲ့ တိုက်ရိုက် စကားပြောဆိုတာ အပြင်၊ သူတို့နဲ့ ထိတွေ့ တိုက်ခိုက်မှုတွေ ရှိတဲ့ ပြည်သူ့ ကာကွယ်ရေး အဖွဲ့တွေ၊ သူတို့ တည်ရှိ လှုပ်ရှားရာ နယ်မြေတွေထဲက ဒေသခံတွေနဲ့ပါ သူတို့အကြောင်း အသေးစိတ် လေ့လာတာတွေ လုပ်ထားပါတယ်။

ပြောရရင်တော့ ဟိုးအောက်ခြေကနေ၊ မြို့နယ် ... တိုင်းဒေသ အစရှိသဖြင့် အဆင့်ဆင့် စနစ်တကျ ဖွဲ့ထားတဲ့ ခိုင်မာတဲ့ တစ်ခုတည်းသော အဖွဲ့အစည်း အဖြစ် ကျွန်တော့် အနေနဲ့ မတွေ့ရပါဘူး။ အုပ်စုငယ် တစ်ခုချင်းစီဟာ ကျေးရွာ အဆင့် စုစည်းမှုတွေ အဖြစ် တွေ့ရပြီး၊ သူတို့ကိုယ်သူတို့ ပျူစောထီး အဖြစ် ရည်ညွှန်း ခေါ်ဆိုသူ တချို့ ရှိသလို၊ ပျူစောထီး ခေါင်းစဥ်တပ် မထားသူတွေလည်း ရှိပါတယ်။

ကျွန်တော့် သုတေသနရဲ့ တွေ့ရှိချက်တွေထဲက အဓိကကျတဲ့ တစ်ချက်ကို ပြောပါဆိုရင် ... စစ်တပ်ကိုလိုလားတဲ့အုပ်စုတွေ၊ pro-Regime လို့ ခေါ်နိုင်တဲ့ နေပြည်တော် စစ်ကောင်စီ အပေါ် လိုလား သူတွေဟာ ဒေသအလိုက် ခိုင်မာတဲ့ လက်နက်ကိုင် အင်အားစုတွေ အဖြစ် အခုအချိန်ထိ မပြောနိုင်သေးပါဘူး။

စစ်ကိုင်း၊ မကွေး ခြောက်သွေ့ဒေသတွေမှာ ပေါ်ထွန်းနေတဲ့ စစ်တပ် ဆန့်ကျင်ရေး စိတ်ဓာတ်ကို တန်ပြန်နိုင်လောက်အောင်ထိ အဲဒီ အုပ်စုတွေဟာ အားမကောင်း လှပါဘူး။

ဗီဒီယို ပုံစာ, ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသက ကျေးရွာတွေနား တိုက်ပွဲပြင်းထန်

ဘီဘီစီ။ ။ စစ်ကြောင်းတွေ ဝင်လာပြီး ရွာကို တိုက်ခိုက်ခံရတယ်၊ မီးရှို့ ခံရတယ်ဆိုတဲ့ ဒေသခံတွေနဲ့ ကျွန်တော်တို့ စကားပြောပါတယ်။ စစ်ကြောင်းတွေနဲ့ အတူ ပျူစောထီးတွေ ပါလာတယ် ... အဲဒီ သူတွေမှာလည်း လက်နက်တွေ ကိုင်ထားကြတယ်လို့ ရွာခံတွေရဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေကို တောက်လျှောက် ကြားသိနေရပါတယ်။ ဒီတော့ အခု ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေထဲမှာ အဲဒီလိုမျိုး စစ်တပ်လိုလားသူ လက်နက်ကိုင် အုပ်စုတွေရဲ့ အခန်းကဏ္ဍကို ထည့် မတွက်လို့ ဖြစ်ပါ့မလား ... အဲဒီလို အုပ်စုတွေရဲ့ အင်အားကရော တစ်နေ့တစ်ခြား ကြီးမလာဘူးလို့ ပြောနိုင်ပါ့မလား။

ရစ်ချက်ဟော်ဆီ။ ။ အဲဒီလို Irregular Forces လို့ ခေါ်တဲ့ အမြဲတမ်းစစ်တပ် မဟုတ်တဲ့ လက်နက်ကိုင် အုပ်စုတွေ အပေါ် အာဏာသိမ်း စစ်ကောင်စီက ပိုပြီး မှီခို အားထားလာနိုင်တဲ့ အန္တရာယ်မျိုးကတော့ ရှိနေတာ သေချာပါတယ်။ ဆိုလိုတာက ... လက်နက်ကိုင်တော်လှန်ရေးကို တန်ပြန် ဆန့်ကျင်ဖို့ရာ အဲဒီလို အုပ်စုတွေကို စစ်တပ်က ပိုပြီး စနစ်တကျနဲ့ အရေအတွက် များများ ဖွဲ့ပေးလာနိုင်ပါတယ်။

ဒါပေမယ့် စစ်တပ်က ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့၊ လက်နက်တွေ ဖောဖောသီသီ တပ်ပေးတဲ့ ရွေးချယ်မှုကို လွယ်လွယ်ကူကူ ပြုလုပ်မယ်လို့တော့ မထင်ပါဘူး။ အဲဒီလက်နက်တွေဟာ တော်လှန်ရေး အင်အားစုတွေဘက် ရောက်သွားနိုင်တာကို သူတို့ နားလည်ပုံရပါတယ်။

အဲဒီတော့ ပျူစောထီးလို အုပ်စုတွေ အားကောင်း မလာနိုင်ဘူးလား ဆိုတဲ့ မေးခွန်းကို တိုက်ရိုက် ဖြေရရင် ပျူစောထီး သီးသန့် အနေနဲ့ အားကောင်းလာမယ်လို့ ကျွန်တော် မထင်ပါဘူး။ စစ်ကြောင်းတွေ ရှိနေရင် သူတို့ဟာ နယ်မြေ ကျွမ်းကျင်သူတွေ အဖြစ်နဲ့ စစ်ကြာင်းတွေနဲ့ အတူ လိုက်လာပြီး ... ပေါ်ပေါ်ထင်ထင် ရွာတွေထဲ ဝင်ထွက်သွားလာ လှုပ်ရှားကြတာမျိုး လုပ်ကောင်းလုပ်မယ် ... ။ ဒါပေမယ့်၊ သူတို့ကိုယ်တိုင် လက်ရှိ အချိန်မှာ ရပ်ထဲရွာထဲ အခြေချနေတာမျိုး ... တပ်စွဲတာမျိုးတွေ လုပ်နိုင်လောက်တဲ့ အင်အားမျိုး၊ ဖွဲ့စည်းပုံမျိုး ရှိမနေပါဘူး။

ကျွန်တော် ပြောခဲ့သလို ... အခု အချိန်ဟာ စစ်တပ်ဆန့်ကျင်ရေး စိတ် အမြင့်ဆုံးမှာ ရောက်နေချိန် ဖြစ်ပါတယ်။ ဒီတော့ ပျူစောထီး တပ်တွေ အဖြစ် များများစားစား ဖွဲ့ပေးဖို့ရာကို စစ်တပ်အပေါ် အသက်ပါပေး အားပေး ထောက်ခံမယ့်သူ အရေအတွက် ဘယ်လောက် ရှိနိုင်မလဲ ဆိုတာ မေးခွန်းထုတ်ဖွယ် ဖြစ်ပါတယ်။

စစ်တပ်ဘက်က သုံးနိုင်တဲ့ တခြားနည်းလမ်းကတော့ .... တကယ့် စစ်သားတွေကိုပဲ အရပ်ဝတ်တွေနဲ့ လှုပ်ရှား သွားလာစေတာမျိုး၊ အလွယ်တကူ ခွဲခြားရခက်အောင် ရည်ရွယ်ပြီးတော့ ပြုလုပ်ကောင်း ပြုလုပ်နိုင်ပါတယ်။

ကျွန်တော် ပြောခဲ့သလို ပျူစောထီး နာမည် ခံသည် ဖြစ်စေ၊ မခံသည် ဖြစ်စေ စစ်တပ်အပေါ် လိုလားတဲ့ အုပ်စုတွေ၊ ပြည်သူ့စစ်အသွင် လက်နက်တပ် ပေးတာ ခံရတဲ့ အဖွဲ့တွေဟာ နေရာအမျိုးမျိုးမှာ မတူတဲ့ နောက်ခံ အမျိုးမျိုးတွေကနေ ဖြစ်လာကြတာပါ။

စစ်တပ်လိုလားသူတွေ အဖြစ် ဒေသတွင်းမှာ အများက သိထားနှင့် ကြသူတွေဖြစ်တဲ့ ... ဥပမာ ... ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ ဒေသအဆင့် ခေါင်းဆောင်ပိုင်းတွေ၊ စစ်မှုထမ်းခဲ့ဖူးသူတွေ၊ အစွန်းရောက် အမျိုးသားရေး လှုပ်ရှားမှုတွေထဲ ပါဝင် ခဲ့ကြသူတွေ၊ NLD ပါတီ အပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်တဲ့ သဘောထား အမြင်တွေ လူသိရှင်ကြား ကိုင်စွဲခဲ့ကြသူတွေ အပေါ် အခုအချိန်မှာ စစ်တပ် သတင်းပေးတွေ ဆိုပြီး မှတ်ယူမှုတွေလည်း ရှိနေချိန် ဖြစ်ပါတယ်။

ပြည်သူ့စစ်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, အမျိုးသားရေး အစွန်းရောက် လှုပ်ရှားမှုတွေနဲ့ ချိတ်ဆက်နေတဲ့ အညာဒေသ ပြည်သူ့စစ်

အဲဒီ အုပ်စုဝင်တွေထဲကနေ စစ်တပ် ကျောထောက်နောက်ခံပြု လက်နက်ကိုင်တွေ ဖြစ်သွားတတ်တယ်ဆိုတဲ့ အချက်ဟာ မမှားပေမယ့်၊ တချိန်တည်းမှာပဲ ကျွန်တော်တို့ အတော်လေး သတိကြီးကြီးထားထား ခွဲခြား သိသင့်တာကတော့ .... အဲဒီ အုပ်စုဝင်ဖြစ်တာနဲ့တင် ပျူစောထီး၊ ဒါမှမဟုတ် စစ်တပ် သတင်းပေး၊ သူလျှို၊ ဒလန်ရယ်လို့ မှားယွင်း တံဆိပ်တပ် ခံရတာမျိုးလည်း ဖြစ်နိုင်တယ် ဆိုတဲ့ အချက်ပါပဲ။

အခုအချိန်ဟာ ဘယ်ဘက်ကို ရွေးမလဲ၊ ကြားထဲမှာ နေလို့ မရဘူးဆိုတဲ့ သဘောထားမျိုးတွေ၊ စိတ်ခံစားမှုတွေ ပြင်းထန်နေချိန်ဖြစ်ပါတယ်။ ဒီတော့ အခြေအနေတွေဟာ ဘယ်ကို တွန်းပို့သလဲ ဆိုရင် ကျေးရွာတွေလိုမျိုး တစ်ယောက် အကြောင်း တစ်ယောက်သိကြတဲ့၊ တစ်ယောက် သဘောထား တစ်ယောက် သိကြတဲ့ လူမှု အသိုင်းအဝိုင်းတွေထဲမှာ အခုအချိန် ယှဥ်တွဲ နေထိုင်ဖို့ ဆိုတာ အတော်လေး မဖြစ်နိုင်တော့ပါဘူး။

ရွာတစ်ရွာမှာ သုံးပုံ နှစ်ပုံက PDF ကို ထောက်ခံသူ၊ ကျန်တဲ့သူက စစ်တပ် အားပေး ဆိုတာမျိုး ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီတော့ နည်းတဲ့ အင်အားစုတွေဟာ ရွာတွေကနေ စွန့်သွားရပါတယ်။

ပျူစောထီး အားကောင်းတဲ့ ရွာ အများကြီး မဟုတ်ရင်တောင် တချို့တလေ ရှိနေပြီး၊ ကျေးရွာတွေ အပေါ် ခွဲခြား ရှုမြင် ပုံတွေကလည်း ဒီရွာဟာ PDF အားပေး ရွာလား၊ ပျူစောထီးရွာလား ဆိုတဲ့ ခွဲခြားမှုကပဲ လွှမ်းမိုး လာပါတယ်။

ဒီလို အခြေအနေမှာ လက်နက်ကိုင်တော်လှန်ရေးကို ထိန်းချုပ်နိုင်ဖို့ စစ်တပ်ဘက် ကလည်း နည်းလမ်း အမျိုးမျိုးသုံး လုပ်ဆောင်တဲ့ နေရာမှာ တန်ပြန် လက်နက်ကိုင် အင်အားစုတွေ တိုးချဲ့ ဖန်တီးတာမျိုးတွေ ပြုလုပ်နိုင်သလို ၊ PDF အားပေး ကျေးရွာတွေလို့ သူတို့ သတ်မှတ်တဲ့ ရွာတွေအပေါ် အပြင်းအထန် ပစ်မှတ်ထားတာမျိုးတွေ ဆက်ပြီး ပြုလုပ်နေနိုင်ပါတယ်။

သွေးသောက်အဖွဲ့

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, တကယ့် အရပ်သားတွေလား ဆိုတဲ့ အပေါ် စပြီး မေးခွန်းထုတ် သင့်

ဘီဘီစီ။ ။ အခုဆိုရင် စစ်တပ်ကို လိုလားတဲ့ လက်နက်ကိုင် အုပ်စုတွေ၊ အကြမ်းနည်းကို သုံးတဲ့ အုပ်စုတွေရဲ့ လှုပ်ရှားမှုတွေကို မန္တလေးနဲ့ ရန်ကုန်လို မြို့ကြီးတွေမှာပါ အခုသီတင်းပတ်တွေထဲ တွေ့လာရပါတယ်။ အထူးသဖြင့် "သွေးသောက်အဖွဲ့" ဆိုတဲ့ နာမည်နဲ့ပါ။ အဲဒီလို အုပ်စုမျိုးတွေနဲ့ ပတ်သက်ပြီးတော့ရော ရစ်ချက်တို့ လေ့လာထားတာ ရှိပါသလား ... ။

ရစ်ချက်ဟော်ဆီ။ ။ အဲဒီလိုမျိုး ဖြစ်လာနေတဲ့ အပေါ် ကျွန်တော် စိုးရိမ်မှုတွေနဲ့ စောင့်ကြည့်နေပါတယ်။ သွေးသောက် အုပ်စုဝင် ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြောသူ တစ်ဦးတစ်ယောက်နဲ့မှတော့ စကား မပြောဆိုဖူးပါဘူး။

လက်ရှိအချိန် ကျွန်တော့်ရဲ့ ထင်မြင်သုံးသပ်မှုကို ပြောရမယ် ဆိုရင် သွေးသောက် အဖွဲ့ ခေါင်းစဥ်အာက် မြို့ပြ လှုပ်ရှားမှုတွေ လုပ်ကြသူတွေဟာ ပျူစောထီးနဲ့ အသွင်တမျိုးကွဲနေပါတယ်။

ပျူစောထီး ဆိုတာ လက်နက်ကိုင် တော်လှန်ရေးကို တုန့်ပြန်ဖို့ရာ အာဏာသိမ်း စစ်တပ်က ရည်ရွယ်ပြီး တော်လှန်ရေး အားကောင်းရာ ဒေသတွေမှာ ကျောထောက်နောက်ခံပြု ထူထောင်ပေးတဲ့ လက်နက်ကိုင် အုပ်စုငယ်တွေ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ မအောင်မြင်တဲ့ လုပ်ဆောင်မှု အဖြစ် ကျွန်တော် သတ်မှတ်ပါတယ်။

ပျူစောထီး စီမံကိန်း ၁၀၀ ရာခိုင်နှုန်း ကျဆုံးသွားပြီလို့ မပြောနိုင်ရင်တောင် သူတို့ ရည်မှန်းချက် မအောင်မြင်ဘူး၊ လက်နက်ကိုင်တော်လှန်ရေးကို တန်ပြန်နိုင်လောက်အောင် ဖြစ်မလာဘူး၊ ဒါက ပျူစောထီး အပေါ် ကျွန်တော့်ရဲ့ ဆန်းစစ်ထားမှုပါ။

မြို့ပြ သွေးသောက် အဖွဲ့နဲ့ ပတ်သက်ရင်တော့ ပျူစောထီးထက် အများကြီးပိုပြီး ကျွန်တော့်ကို စိုးရိမ်တုန်လှုပ်စိတ် ဖြစ်စေပါတယ်။ ကျွန်တော့်မှာ သုတေသန အရ တွေ့ရှိချက်တွေ ဆိုပြီး မပြောနိုင်သေးပေမယ့် .... နံပါတ်တစ် အနေနဲ့ သူတို့ဟာ တကယ့် အရပ်သားတွေလား ဆိုတဲ့ အပေါ် စပြီး မေးခွန်းထုတ် သင့်တယ်လို့ ကျွန်တော် ယူဆပါတယ်။

သူတို့ဟာ "death squad" လက်မရွံ့တပ်သားတွေ အသွင် ပေါ်ပေါက်လာပြီး၊ လုပ်ကြံသတ်ဖြတ်ရေး ဆိုတဲ့ ရည်မှန်းချက် အတွက် အထူး တာဝန်ပေးခံ ထားရသူတွေ အဖြစ် ပုံပေါ်နေပါတယ်။ ဘယ်သူတွေကို ပစ်မှတ်ထားရမလဲ ဆိုတဲ့ အတိအကျ ပစ်မှတ်တွေလည်း ရှိနေပုံ ရပါတယ်။

ဒါ့ကြောင့် အတော်လေး တုန်လှုပ်ဖွယ်ရာ ဖြစ်တယ်လို့ ကျွန်တော်ပြောတာပါ။ မြို့ပြမှာ အဲသလိုမျိုး သေမင်းတမန် လက်မရွံ့တပ်ဖွဲ့ လှုပ်ရှားမှုမျိုး အရင် ခေတ်အဆက်ဆက်မှာ မတွေ့ခဲ့ရဖူးပါဘူး။

နိုင်ငံရေး အတိုက်အခံတွေကို ဖမ်းတာဆီးတာ၊ စစ်ကြောရေးမှာ အပြင်းအထန် နှိပ်စက်တယ် ဆိုတာမျိုးတွေ ကြားသိရပေမယ့် လုပ်ကြံသတ်ဖြတ်ရေး လက်နက်ကိုင် အဖွဲ့ ဖွဲ့ လှုပ်ရှားတာမျိုးက အခုမှ ကြုံဖူးတာလို့ ပြောနိုင်ပါတယ်။

PDF

ဓာတ်ပုံ ရင်းမြစ်, SOPA Images

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ်တွေ ဝင်ထွက်မှုကို တချို့နေရာတွေမှာ PDF တွေ ထိန်းချုပ်ထားနိုင်

ဘီဘီစီ။ ။ ဆီးရီးယား၊ ယီမင်၊ လစ်ဗျား စတဲ့ တိုင်းပြည်တွေက ပြည်တွင်းစစ်တွေမှာ အတိုက်အခံ အုပ်စုတွေရဲ့ လက်နက်တပ်ဆင် ကိုင်ဆောင်နိုင်စွမ်းလို အချက်မျိုးတွေနဲ့ ယှဥ်ထိုး သုံးသပ်မယ် ဆိုရင်ရော အခု မြန်မာပြည် လက်နက်ကိုင် တော်လှန်ရေး အပေါ် ရစ်ချက် အနေနဲ့ ဘယ်လို သတ်မှတ်လဲ ... တကယ့်ကို ပြည်တွင်းစစ် အသွင် ပေါ်ပေါက်နေပြီဆိုတဲ့ သတ်မှတ်ချက်တွေ အပေါ် သဘောတူလား ... စစ်တပ် ကျောထောက်နောက်ခံပြု လက်နက်ကိုင် အုပ်စုတွေရဲ့အခန်းကဏ္ဍကရော ဘယ်လိုတွေ ဆက်ရှိလာနိုင်လဲ ....

ရစ်ချက်ဟော်ဆီ။ ။ မြန်မာပြည်မှာ ပြည်တွင်းစစ် ဖြစ်နေတယ် ဆိုတဲ့ အချက်ကတော့ သံသယဖြစ်ဖွယ် မရှိပါဘူး။ ၇၅ နှစ် သက်တမ်း ရှိခဲ့ပြီ ဖြစ်တဲ့ ပြည်တွင်းစစ်ဟာ အခု အာဏာသိမ်းမှု နောက်ပိုင်း ပေါ်ပေါက်ရာ ပထဝီ နေရာ အနေအထားတွေ ပိုပြီး ကျယ်ပြန့် ပြောင်းလဲလာပါတယ်။

၁၀ စုနှစ်ပေါင်းများစွာ ပြည်တွင်းစစ်ဒဏ် တိုက်ရိုက် မခံစားရတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း အချက်အခြာဒေသတွေ၊ ဗမာလူမျိုး အများစု ရှိတဲ့ နေရာတွေမှာပါ စစ်ဖြစ်လာပါတယ်။

နိုင်ငံတကာမှာ ရှိနေတဲ့ ပြည်တွင်းစစ် အမျိုးမျိုးပေါ် တစ်ခုနဲ့တစ်ခု ထပ်တူပြု ပြောလို့ မရနိုင်ပါဘူ။ တနိုင်ငံချင်းစီမှာ ကိုယ်စီ သီးသန့် အကြောင်းချင်းရာတွေ ရှိကြပါတယ်။ မြန်မာမှာ လက်ရှိ ဖြစ်နေတာတွေဟာ ဆီးရီးယားနဲ့ ယီမင်နဲ့ တူကောင်းမှ တူပါလိမ့်မယ်။

မြန်မာ့ ပြည်တွင်းစစ်ဟာ အခြေအနေ အသွင်သဏ္ဍာန် အသစ်တမျိုးကို ပြောင်းလဲ ရောက်ရှိသွားပြီ ဆိုတာကတော့ လက်တွေ့ဖြစ်ပါတယ်။ စစ်တပ်ရဲ့ အဓိက လူသူ စုဆောင်းရာ ဗမာဒေသ ဗမာရွာတွေမှာပါ စစ် ဖြစ်နေတာပါ။ စစ်တပ်ဘက်က တိုင်းရင်းသား ဒေသတွေမှာ ပြုမူသလိုမျိုးပဲ ဗမာဒေသတွေ ဗမာရွာတွေမှာ ပြုမူနေပေမယ့်၊ ကျွန်တော် အဓိက ပြောနေတာက ဗမာဒေသ စစ်ပွဲတွေ အတွက် စစ်တပ်အသင့် ရှိမနေပါဘူး။

ကရင်မှာဆို သူတို့အပေါ် သစ္စာခံတဲ့ နယ်ခြားစောင့်တပ်တချို့၊ ရှမ်းမှာဆိုလည်း စစ်တပ်ဘက်ယိမ်းတဲ့ အစဥ်အဆက် ပြည်သူ့ စစ်တွေ ရှိနေခဲ့ပေမယ့်၊ ဗမာ ဒေသမှာ အဲသလိုမျိုး အသင့် ရှိမနေပါဘူး။

PDF

ဓာတ်ပုံ ရင်းမြစ်, SOPA Images

ဓာတ်ပုံ ပုံစာ, စစ်တပ်ရဲ့ ဝင်ထွက်သွားလာမှုတွေကို PDF တွေ ငြင်းဆန် တွန်းလှန်နိုင်

ဒါ့ကြောင့် ပြည့်သူ့စစ်အနေတဲ့ ပျူစောထီးလိုမျိုး အုပ်စုတွေ ဖွဲ့ပြီး အညာဒေသ လက်နက်ကိုင်တော်လှန်ရေးကို ထိန်းချုပ်ဖို့ ကြိုးစားတယ် .... အဲဒါ မအောင်မြင်ပါဘူး။ ဒေသကာကွယ်ရေး အဖွဲ့တွေ ရေရှည် ရပ်တည်နိုင်မှာမဟုတ်ဘူး၊ အလွယ် ချေမှုန်းပစ်နိုင်မယ်လို့ နေပြည်တော်ရဲ့ တွက်ဆမှုတွေဟာ မှားယွင်းခဲ့ပါတယ်။

စစ်တပ်ရဲ့ စိုးမိုး ထိန်းချုပ်နိုင်မှု၊ ဝင်ထွက်သွားလာမှုတွေကို ဒေသအလိုက် ငြင်းဆန် တွန်းလှန်နိုင်တာမျိုးတွေ PDF တွေဘက်က အတော်လေး လုပ်ဆောင်နိုင်ကြပါတယ်။ ခင်ဗျား ပြောသလိုပဲ ... ဆီးရီးယား အတိုက်အခံတွေလို PDF တွေဟာ လက်နက်ကြီးတွေ ရှိကောင်းမှ ရှိပါလိမ့်မယ်။ အခု လက်ရှိ အချိန်မှာ နေပြည်တော်ကို PDF တပ်ကြီးချီပြီး မြို့သိမ်းတိုက်ပွဲ လုပ်နိုင်တယ်လို့လည်း ကျွန်တော် မဆိုလိုပါဘူး။

ဒါပေမယ့် အညာဒေသအနှံ့မှာ စစ်တပ်ရဲ့ စိုးမိုး လှုပ်ရှားမှုတွေကို PDF အဖွဲ့တွေက အတာ်လေး ငြင်းဆန် တွန်းလှန်ထားနိုင်တယ်လို့ ဆန်းစစ်မိပါတယ်။

စစ်ကောင်စီတပ်တွေဟာ သူတို့ လက်နက်တပ်ပေးထားတဲ့ ပျူစောထီးလိုမျိူး အုပ်စုတွေ အားကိုးနဲ့ စစ်ရေးအရ အောင်မြင်မှုတွေ မဖော်ဆောင်နိုင်တဲ့ အခါမှာ

ကျေးရွာတွေအပေါ် ပစ်မှတ်ထားတာတွေ ဆတိုး လုပ်လာကြတာ ဖြစ်ပါတယ်။

အခုအချိန်ကတော့ စစ်ရဲ့ ဒဏ်ကနေ လွတ်ကင်းသူရယ်လို့ မရှိပါဘူး။ လူတိုင်း စစ်ဒဏ် ခံနေကြရပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ အခုလို အခြေအနေမျိုးတွေ ဆက်ပြီး မြင်တွေ့ နေရဖို့ ရှိနေပါတယ်။

ဗီဒီယို ပုံစာ, စစ်ရှောင်ပြည်သူတွေ ကျန်းမာရေး ချို့ယွင်းလာ