စစ်ကိုင်းတိုင်းအတွင်းက အုပ်စုလိုက် လူသတ်မှုများ

စစ်ကိုင်းတိုင်း အတွင်းက မီးရှို့ခံရတဲ့ကျေးရွာတစ်ရွာ

ဓာတ်ပုံ ရင်းမြစ်, cj

ဓာတ်ပုံ ပုံစာ, စစ်ကိုင်းတိုင်း အတွင်းက မီးရှို့ခံရတဲ့ကျေးရွာတစ်ရွာ

ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က စပြီးတော့ မေလ ၃ ရက်နေ့အထိ ၄ ရက်အတွင်း စစ်ကိုင်းတိုင်း မြင်းမူ ချောင်းဦး ဘုတလင်မြို့နယ်တွေထဲက နေရာ သုံးခုမှာ အုပ်စုလိုက် လူသတ်မှုတွေ ဖြစ်ပွားခဲ့ပြီး အမျိုးသား အမျိုးသမီး စုစုပေါင်း လူ ၃၂ ဦး အသတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

ဒီလူသတ်မှုတွေဟာ မြန်မာနိုင်ငံ စစ်အာဏာသိမ်းအပြီးနောက် စစ်ကိုင်းတိုင်းအတွင်း အဆိုးရွားဆုံးဖြစ်ပွားခဲ့တဲ့ စစ်တပ်ထောက်ခံသူ နဲ့ စစ်အာဏာရှင်ဆန့်ကျင်သူတွေ အကြားမှာ ဖြစ်ပွားခဲ့တဲ့ အပြန်အလှန် လူသတ်မှုတွေ ဖြစ်ပါတယ်။

မေလ ၃ ရက်နေ့ က ဘုတလင်မြို့နယ်က လူသတ်မှုကတော့ ယောဂီကျောင်းထဲမှာ စစ်ရှောင်နေသူ ၉ ဦး အသတ်ခံရပြီး၊အမျိုးသမီးတွေနဲ့ အသက်အရွယ်ကြီးရင့်သူတွေ အပါအဝင် အားလုံးနီးပါးရဲ့ ခေါင်းတွေကို သေနတ်နဲ့ ပစ်သတ်ခံရတာကို ဘီဘီစီကရရှိထားတဲ့ မှတ်တမ်းအထောက်အထားတွေအရ သိရပါတယ်။

မေလ ၁ ရက်နေ့ ချောင်းဦးမြို့နယ် ကင်းမွန်းတော် ကျေးရွာလူသတ်မှုက အသတ်ခံရသူ ၁၃ ဦးကတော့ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ဖြစ်ပြီး စျေးဝယ်ထွက်လာစဥ်မှာ ဖမ်းပြီး အသတ်ခံရတာ ဖြစ်ပါတယ်။

မေလ ၃ ရက် ဘုတလင်မြို့နယ် အုတ်ဖိုရွာက စစ်ရှောင် ၉ ဦး အသတ်ခံရမှု

ဓာတ်ပုံ ရင်းမြစ်, cj

ဓာတ်ပုံ ပုံစာ, မေလ ၃ ရက် ဘုတလင်မြို့နယ် အုတ်ဖိုရွာက စစ်ရှောင် ၉ ဦး အသတ်ခံရမှု

ဧပြီလ ၃၀ ရက်နေ့ မြင်းမူမြို့နယ် အုပ်စုလိုက် လူသတ်မှုကတော့ မြင်းမူမြို့နယ် ပဒတ္တိုင်းကျေးရွာအတွင်း လူအုပ်စုလိုက် ဝင်ရောက်လာကာ လူတွေကို ဖမ်းဆီးပြီး သုသာန်မှာခေါ်ပြီး အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၂ ဦးကို သတ်သွားခဲ့တာ ဖြစ်ပါတယ်။

အုပ်စုလိုက် လူသတ်မှုတွေဟာ စစ်ကောင်စီက ပြည်သူ့လုံခြုံရေးစနစ် စတင်မယ်လို့ ထုတ်ပြောခဲ့တဲ့ဧပြီလ ၂၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲအပြီးမှာ အုပ်စုလိုက် လူသတ်မှုတွေ ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။

ဘုတလင်မြို့နယ်က စစ်ရှောင် ၉ ဦးအသတ်ခံရမူကို တော့ စစ်ကောင်စီတပ်ဘက်က ပစ်သွားခဲ့တာလို့ အခင်းဖြစ်တဲ့ နေရာအနီးမှာ ရှိနေခဲ့တဲ့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ၂ ရက်၊ ညနေစောင်းပိုင်းမှာ ဘုတလင်မြို့ဘက်ကဆင်းလာတဲ့ စစ်ကြောင်းဟာရွာတွေတစ်ဝိုက် စစ်ကြောင်းထိုးသွားလာရင်း အုတ်ဖိုရွာအဝင်အနီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အုတ်ဖိုရွာထဲ ဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒေသခံတွေဟာ ရွာတွင်းကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ရွာခံတချို့ဟာ အဲဒီ ယောဂီကျောင်း‌ထဲ စစ်ရှောင်ခဲ့ကြစဥ် အခုလို စစ်ကောင်စီတပ်က သတ်တာခံခဲ့ရတယ်လို့ အုတ်ဖိုရွာခံတွေက ပြောပါတယ်။

စစ်ကောင်စီက မေလ ၃ ရက်နေ့ကထုတ်ပြန်တဲ့ မြင်းမူ ချောင်းဦး လူသတ်မှု သတင်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီက မေလ ၃ ရက်နေ့ကထုတ်ပြန်တဲ့ မြင်းမူ ချောင်းဦး လူသတ်မှု သတင်း

ဘုတလင် အုတ်ဖိုရွာက သေဆုံးသူ ၉ ဦးမှာ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၁ ဦးလို့ သိရပါတယ်။ အမျိုးသားအသက် ၅၀ ဝန်းကျင် ၆ ဦး၊ အသက် ၇၀ ကျော် ၂ ဦးအပြင် အသက် ၃၀ ကျော်အရွယ် ကလေးမိခင်တစ်ဦးအသတ်ခံထားရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ဘက်ကတော့ ဘုတလင်မြို့နယ် လူသတ်မှု သတင်းနဲ့ပတ်သက်လို့ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ဒါပေမဲ့ စစ်ကောင်စီက ချောင်းဦးနဲ့ မြင်းမှုမြို့နယ် လူသတ်မှုတွေနဲ့ ပတ်သက်ပြီးတော့ သတင်းထုတ်ပြန်ပါတယ်။

မြင်းမူမြို့နယ် ပဒတ္တိုင်းရွာ လူ ၉ ဦး သတ်မှုကတော့ ဧပြီလ ၃၀ ရက်နေ့က လူ ၈၀ ခန့် ပါတဲ့ PDF တွေက ဝင်ပြီး ဖမ်းဆီးခေါ်ဆောင်ကာ သတ်သွားခဲ့တဲ့ဖြစ်တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့သလို ချောင်းဦးမြို့နယ် ကင်းမွန်းတော်ရွာ မေလ ၁ ရက် လူ ၁၃ ဦး သတ်ခံရမှုကလည်း PDF အဖွဲ့တွေဘက်က သတ်ဖြတ်ခဲ့တာလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။

မြင်းမူနဲ့ ချောင်းဦး အုပ်စုလိုက် အသတ်ခံရသူတွေအားလုံးဟာ သတင်းပေး ဒလန်ဆိုပြီးစွပ်စွဲခံရကာ အသတ်ခံခဲ့ရတာဖြစ်တယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။

NO TAG

ဓာတ်ပုံ ရင်းမြစ်, cj

စစ်ကောင်စီဘက်က ပြည်သူပါ၀င်တဲ့ ပြည်သူ့လုံခြုံရေးကို ဆောင်ရွက်မယ်ဆိုပြီး ဧပြီလ ၂၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပြီးတဲ့နောက်မှာ နယ်မြို့တချို့မှာ စစ်ကောင်စီဘက်က ဒီအဖွဲ့တွေကို အကောင်ထည်ဖို့ ကြိုးစားလာတာကို တွေ့ရတယ်လို့ ဒေသခံတွေက‌ ပြောကြပါတယ်။

နယ်တွေမှာ ပြည်သူပါ၀င်တဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ ပါလာတာဟာ အရင်က နဂို ရှိပြီးသား အရပ်အခေါ် ပျူစောထီးအဖွဲ့တွေကို အသွင်းပြောင်းပြီ လက်နက်တပ်ဆင်တာပဲလို့ စစ်ကိုင်းတိုင်း ဒေသခံတွေက ဆိုပါတယ်။

ဒါပေမဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တွေများတဲ့ စစ်ကိုင်းတိုင်းမှာတော့ ပျုစောထီးတွေ အများစုနေတယ်လို့ ဆိုကြတဲ့ ပျူရွာတွေထဲကဘဲ ကြားသိနေရသေးတယ်လို့ စစ်ကိုင်းတိုင်းဒေသခံ တစ်ယောက်က ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ အခုရက်ပိုင်းဖြစ်ပွားနေတဲ့ နှစ်ဖက် အပြန်အလှန် အုပ်စုလိုက် သူသတ်မှုတွေကြောင့် ကျေးရွာတွေမှာနေတဲ့ ဒေသခံတွေဟာ ကိုယ်အိမ်မှာကိုယ်နေရင်း မလုံခြုံတာကို ခံစားနေရတယ်လို့ ဘီဘီစီကို ပြောပါတယ်။