"တောင်းစားရမယ့်ဘဝကို ရောက်သွားတာပဲရှင်"

ဓာတ်ပုံ ရင်းမြစ်, CJ
ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့က ပြာပုံအတိ ဖြစ်သွားခဲ့ရတဲ့ ဒေါ်ဝင်းဝင်း (အမည်လွှဲ )ရဲ့ အိမ်လေးဟာ သူ့အတွက် အိမ်ဆိုတာထက် ပိုတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အင်ငုတ်တိုရွာက သူ့ရဲ့အိမ်ကို သူတို့ရဲ့ချွေးတွေ လုပ်အားတွေ မျက်ရည်တွေနဲ့ တည်ဆောက်ခဲ့ရတဲ့ အကြောင်း သူက ပြောပါတယ်။
ဒီအိမ်လေးကို ဆောက်ဖို့အတွက် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် (၂၀၁၀ )လောက်ကစပြီး သူရဲ့ခင်ပွန်းဖြစ်သူ ကြိုးစားခဲ့ရပုံကို သူကရှင်းပြပါတယ်။
" အမျိုးသားက လယ်လုပ်တယ်၊ အဲဒီတုန်းက သစ်သား အိမ်တိုင်တစ်တိုင်ကို ( ကျပ် )တစ်သောင်း စျေးပေါက်တယ်၊ သူလယ်လုပ်ရင်း တစ်နှစ်ကို အိမ်တိုင်တစ်တိုင်နဲ့ ပျဉ်ငါးချောင်း ၁၀ နှစ်ပြည့်အောင်စုပြီး ဆောက်ခဲ့ရတယ်" လို့ ဒေါ်ဝင်းဝင်းက ပြောပါတယ်။
ဒေါ်ဝင်းဝင်းတို့နေထိုင်တဲ့ စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီ တစ်လတည်းမှာပဲ နေအိမ် နှစ်ထောင့် ငါးရာကျော် မီးရှို့ခံရပါတယ်၊
ပြီးခဲ့တဲ့ ဧပြီလတစ်လထဲမှာပဲ နိုင်ငံတစ်ဝန်းက နေအိမ်ပေါင်း ၃၅၁၄ လုံးကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ နေအိမ်မီးရှို့ခံရမှုတွေနဲ့ ဆက်စပ်တဲ့ ထိခိုက်ဆုံးရှုံးမှုတွေကို လေ့လာမှတ်တမ်းတင်နေတဲ့ Data for Myanmar အဖွဲ့က မေလ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။ အဲဒီထဲမှာ အိမ်တွေမီးရှို့ခံရတာ အများဆုံးက စစ်ကိုင်းတိုင်း တိုင်းဒေသကြီးဖြစ်ပါတယ်။
မြန်မာ တစ်နိုင်ငံလုံး စစ်တပ်အာဏာသိမ်းထားတဲ့ ကာလအတွင်း နေအိမ် တစ်သောင်းတစ်ထောင်ကျော် မီးရှို့ခံထားရတယ်လို့လည်း Data for Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်တွေ လာနေပြီဆိုတဲ့ စကားသံနောက်မှာ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အင်ငုတ်တိုကျေးရွာက အသက် ၄၀ ကျော်အရွယ် ဒေါ်ဝင်းဝင်း( နာမည်လွှဲ) တစ်ယောက် အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ နီးရာဆွဲလာခဲ့တဲ့ ငှက်ပျောသီးတစ်ဖီးကို ခေါင်းပေါ်ရွက်ပြီး ရွာအပြင်ဘက်ကို ပြေးခဲ့ရပါတယ်။
ရွာထဲကို ဝင်နေကျအတိုင်း အိမ်တွေဝင်မွှေနှောက် ဖျက်ဆီးရုံ သက်သက်ပဲလို့ ထင်လိုက်မိတဲ့ ဒေါ်ဝင်းဝင်းဟာ ရွာကို မြင်နေရတဲ့နေရာလေးမှာ ရွာကလူတွေနဲ့အတူ လှမ်းကြည့်နေခဲ့ပါတယ်။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ရွာထဲကို မရောက်ခင် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တာကြောင့် အသက်လု ထွက်ပြေးခဲ့ရပြီးနောက်ပိုင်းမှာတော့ ရွာဘက်ကနေ မီးခိုးတွေ စမြင်လာရပါတော့တယ်။
စစ်ကောင်စီတွေပြန်ထွက်သွားချိန်မှာတော့ သူရွာထဲကို ပြန်ဝင်ချိန်မှာ သူ့ရဲ့ အိမ်ဟာ မီးစွဲနေပြီး မီးငြှိမ်းစရာ ရေလည်းမရှိတာကြောင့် ထိုင်ငိုနေခဲ့တယ်လို့ ဆိုပါတယ်။
" ကျမမှာ အဝတ်တစ်ထည် ကိုယ်တစ်ခုပဲ ရလိုက်ပါတယ်။ ရေထည့်ထားတဲ့ အုတ်ကန်တွေကလည်း ကွဲလို့၊ မီးသတ်ဖို့တောင် ရေမရှိဘူး။
" ဒီအိမ်ကို ကျမ အမျိုးသား မသေခင်ဆောက်ပြီး တစ်လနဲ့ ရက် နှစ်ဆယ်ပဲ နေသွားရတယ်။ သူဆောက်ပေးသွားတာပါ။ အမှတ်တရတွေလည်း အများကြီးပဲ အခုတော့ တောင်းစားရမယ့်ဘဝကို ရောက်သွားတာပဲရှင့်။ " လို့ ဒေါ်ဝင်းဝင်းက ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
၂၀၂၀ အောက်တိုဘာလ မှာ ဒေါ်ဝင်းဝင်းတို့အိမ်ဆောက်လို့ ပြီးပါတယ်။ ဒါပေမဲ့ အကာတွေကျန်သလို တချို့နေရာတွေမှာ အခင်းတွေကျန်နေခဲ့ပါသေးတယ်။
၁၀ နှစ်လောက် ငွေစုပြီး အိမ်ကိုဆောက်ခဲ့ပေမယ့် သူ့ ခင်ပွန်းဟာ အိမ်ဆောက်ပြီးခဲ့တဲ့ လပိုင်းပဲ နေလိုက်ရပြီး ဆုံးပါးသွားခဲ့ပါတယ်။ ၁၀ နှစ်ကျော်ကြာ သူတို့ဆောက်ခဲ့တဲ့ အိမ်မှာ သူနေခဲ့ရတာ တစ်နှစ်ကျော်ပဲ ရှိပါသေးတယ်။
ဒေါ်ဝင်းဝင်း ခင်ပွန်း မဆုံးခင် ဆောက်ပေးခဲ့တဲ့အိမ်ကလည်း အပြီးမသတ်သေးခဲ့တာကြောင့် သား ၊ သမီးနဲ့ သားမက်တို့ကို ဦးစီးပြီး လယ်ယာလုပ်ငန်းကနေ ရတဲ့ရိက္ခာက အိမ်စားဖို့၊ အိမ်မှာလိုအပ်တာတွေ ထပ်ပြင်ဖို့ အတွက်ကတော့ တခြားဒေသကို သွားပြီး တစ်နေ့ ငါးထောင်ရတဲ့ ရွှေကျင်တဲ့အလုပ်ကနေ ရတဲ့ဝင်ငွေနဲ့ တစ်နှစ်ကို နည်းနည်းချင်းစီ တည်ဆောက်ခဲ့ရတယ်လို့ ဒေါ်ဝင်းဝင်းကပြောပါတယ်။
ဒါပေမဲ့လည်း ၂၀၂၂ ခုနှစ် ဧပြီ ၂၉ မနက် ၁၀ နာရီခွဲလောက်မှာ စစ်ကောင်စီနဲ့ ပျုစောထီးတပ် ၁၀၀ ဝန်းကျင် ရောက်လာပြီး ရွာကိုမီးရှို့ပြီးနောက်မှာတော့ သူ့ရဲ့ ပျဉ်ထောင်အိမ်လည်း ပြာအဖြစ်ကို ရောက်သွားခဲ့တယ်။ အဲ့ဒီနေ့ကိုလည်း သူမမေ့ဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အင်ငုတ်တိုရွာ မီးရှို့ခံရတာနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, အင်ငယ်ဘုတ်ရွာသူ/သားများ ဆုံစည်းရာ
"ခြုံစရာစောင်တစ်ထည်မပါဘူး။ အခုတော့ လဲစရာ အဝတ်လည်းမရှိဘူး။ ဘာတစ်ခုမှ မပါဘူး။ နေစရာဆိုလည်း မရှိဘူး။ အခုတော့ တောထဲက ထန်းလက်တဲလေးမှာ ဖျာခင်းပြီးနေရပါတယ်ရှင့်။ ညဘက်မိုးရွာရင် ငုတ်တုတ်ပဲ။ နီးရာဆွဲယူလာတဲ့ ငှက်ပျောသီးကလည်း အစိမ်းကြီး မှည့်တောင် မမှည့်သေးဘူး။ ပြန်စရာအိမ်လည်း မရှိတော့ဘူး။ ရင်နာတယ်အရမ်းပဲ။ ဒီအိမ်ကို သားသမီးတွေကို အမွေပေးဖို့ထိ ရည်ရွယ်ထားတာ။ " လို့ ဒေါ်ဝင်းဝင်းက ထပ်ပြောပါတယ်။
ဒေါ်ဝင်းဝင်းတို့ နေထိုင်တဲ့ အင်ငုတ်တိုကျေးရွာမှာ နေအိမ်ပေါင်း ၃၀၀ ကျော်ရှိတဲ့အထဲမှာ ၁၂၀ ကျော်ဟာ စစ်ကောင်စီနဲ့ ပျုစောထီးတပ်တွေ မီးရှို့တဲ့အထဲ ပါသွားခဲ့ပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ ဧပြီ ၂၉ ရက်မှာတင် ကန့်ဘလူမြို့နယ် အင်ငုတ်တိုကျေးရွာသာမက ဒီပဲယင်းမြို့နယ် ယင်းတွေရွာ၊ မြင်းမူမြို့နယ် ကန်တော်ရွာ၊ ခင်ဦးမြို့နယ် ဂွေးကုန်းနဲ့ တပင်ကောင်း၊ ရွှေဘိုမြို့နယ်မှာ ကျားရွာ တွေလည်း မီးရှို့ခံခဲ့ရတာပါ။
ဒီပဲယင်းမြို့နယ်၊ ယင်းတွေရွာက အသက် ၃၀ ကျော်အရွယ် မသဲသဲ(နာမည်လွှဲ)က မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ရွာကို ပစ်ခတ်ဝင်ရောက်လာချိန်မှာ အဝတ်စား သုံးစုံနဲ့ ငွေသား တစ်ချို့သာ ပါခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေ ပြန်သွားလို့ ရွာထဲကို မိခင်နဲ့အတူ ပြန်ဝင်ကြည့်ချိန်မှာတော့ ရွာထဲက မီးလောင်နေတဲ့မြင်ကွင်းကိုတစ်လှည့် ယူကျုံးမရငိုနေတဲ့ မိခင်ကိုတစ်လှည့် မသဲသဲ ရင်နာနာနဲ့ ကြည့်နေခဲ့ရပါတယ်။
" ရွာထဲကို ပြန်ဝင်တော့ မီးခိုးလုံးတွေက အုံ့မှိုင်းနေတာပဲ၊ အမေက အဲ့ဒါတွေမြင်တာနဲ့ စငိုတာ၊ အိမ်ကိုသွားကြည့်လို့ ဘာမှ မကျန်တာလည်းတွေ့ရော အနှစ်နှစ် အလလ စုဆောင်းထားတဲ့အိမ်လေး ပါသွားပြီဆိုပြီး ထိုင်ငိုတော့တာ၊ ကျမကတော့ ခံပြင်းတာပဲ သိတယ်။ "

ဓာတ်ပုံ ရင်းမြစ်, CJ
မသဲသဲတို့ မိဘတွေက လယ်ယာလုပ်ငန်းကနေ ရတဲ့ဝင်ငွေက အိမ်ဆောက်ဖို့ မလုံလောက်တာကြောင့် ကွမ်းခြံပါ ထပ်တိုးလုပ်ကိုင်ပြီး ရတဲ့ဝင်ငွေနဲ့ စုဆောင်းပြီး ဆောက်ထားတာလို့ ပြောပါတယ်။
" အခုတော့ စားဖို့ စုထားတဲ့ စပါးတိုက်ရော၊ မျိုးစပါးတွေရော တင်း ၂၀၀ လောက်ပါသွားတယ်။ ကွမ်းခြံတွေလည်း မီးဟပ်ပြီး အကုန်သေကုန်တယ်။ အိမ်ကြည့်တော့လည်း ဘုရားဆင်းတုတော်လေးပဲ ပြန်ရလိုက်တယ်။ ကျမတို့ ခိုစရာ အရိပ်မဲ့သွားပြီ။ အိမ်တစ်လုံး ပြန်ဖြစ်ဖို့လည်း ဒီလိုပုံစံနဲ့ မလွယ်တော့ဘူး" လို့ မသဲသဲက ပြောပါတယ်။
တောင်သူလယ်သမားတွေအများစုက လယ်ယာလုပ်ငန်းတွေ သိမ်းကြပြီး စပါးပေါ်ချိန်ကျမှ ဝင်ငွေရကြတာကြောင့် အဲ့အချိန်မှာ အိမ်ဆောက်ဖို့အတွက် သီးသန့်စုဆောင်းထားကြတာ၊ အနည်းဆုံး သုံးနှစ်ကနေ ငါးနှစ်လောက် စုဆောင်းထားတဲ့ငွေနဲ့ အိမ်ကို အုတ်မြစ်စတည်ထားကြပါတယ်။ နောက်နှစ်ရတဲ့ စုဆောင်းငွေကို အခင်း၊ နောက်တစ်နှစ်မှာ အကာ၊ စသဖြင့် နည်းနည်းချင်းစီ တည်ဆောက်ရတာကြောင့် အိမ်တစ်လုံးဖြစ်ဖို့ ငါးနှစ်လောက်လောက် အနည်းဆုံး အချိန်ယူကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလို နှစ်ချီစုဆောင်းပြီးတည်ဆောက်ထားတဲ့ နေအိမ်တွေဟာ နာရီပိုင်းအတွင်းမှာ မီးတောက်တွေအကြား ပြာပုံအဖြစ်နဲ့ ကျန်ခဲ့တာကို မျက်ရည်ကိုအဖော်ပြုပြီး ကြည့်နေခဲ့ကြရပါတယ်။
အိမ်တစ်လုံး ဆောက်တဲ့စရိတ်ဟာ သိန်း ၄၀ ကနေ ၅၀ ဝန်းကျင်အထိ ကုန်ကျခဲ့ကြပြီး လက်ရှိ ကုန်ဈေးနှုန်းအခြေအနေတွေနဲ့ အိမ်အသစ်ဆောက်မယ်ဆိုရင် သိန်း ၅၀ ကနေ ၆၀ ဝန်းကျင် ကုန်ကျနိုင်တယ်လို့လည်း ဒေသခံတွေက ခန့်မှန်းထားကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒါပေမဲ့လည်း အစစအရာရာ စိုးရိမ်နေရတဲ့အချိန်၊ အသက်ဘေးလည်း မလုံခြုံတဲ့အခြေအနေ၊ လယ်ယာစီးပွားရေးလည်း အကောင်ထည်မဖော်နိုင်တဲ့ အချိန်ခါမှာတော့ နေအိမ်ဆုံးရှုံးခံလိုက်ရတဲ့ မိသားစုတွေအတွက် နောက်ထပ် နေအိမ်အသစ်ဆိုတာဟာ မျှော်လင့်ချက်က ခပ်ဝါးဝါးသာ ရှိနေကြပါတယ်။
မိသားစုဝင် တစ်ယောက်အနေနဲ့ ဘယ်နေရာ၊ ဘယ်ကိစ္စမျိုးနဲ့ သွားသွား တစ်ချိန်ချိန်မှာ မိသားစုရှိရာ အိမ်ကို ပြန်လာကြပါတယ်။ အိမ်တစ်လုံးက ကြီးခြင်း၊ သေးခြင်းနဲ့ မဆိုင်ဘဲ မိသားစုဝင်တွေ စုစုစည်းစည်းနဲ့ နေပူ၊ မိုးရွာ၊ ဆောင်းကို ကာကွယ်နိုင်တဲ့ ခိုနားရာအိမ်ဟာ လူတွေအတွက် အင်မတန်အရေးပါတဲ့ အရာဖြစ်တယ်လို့လည်း မီးရှို့ခံလိုက်ရတဲ့ တောင်သူ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၃၀ ရက်အတွင်း စစ်ကောင်စီတပ်တွေနဲ့ နောက်ခံအဖွဲ့အစည်းတွေက မီးရှို့တာကြောင့် နေရာပေါင်း ၂၉၆ ခုမှာ ပျက်စီးသွားတဲ့ နေအိမ်ပေါင်း ၁၁၄၁၇ လုံး ရှိနေပြီလို့ Data For Myanmar က မေ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီထဲမှာ စစ်ကိုင်းတိုင်းထဲက နေအိမ်ပေါင်း ၇၅၀၀ ကျော်နဲ့ အများဆုံး၊ မကွေးတိုင်းက နေအိမ်ပေါင်း နှစ်ထောင်ကျော်နဲ့ ဒုတိယအများဆုံးဖြစ်ပြီး ၊ ချင်းပြည်နယ်က နေအိမ်ပေါင်း ၁၁၀၀ ကျော်၊ ကယားပြည်နယ်က ၄၀၀ ကျော်၊ ရှမ်းပြည်နယ်မှာ ၁၀၀ နီးပါး၊ မန္တလေးတိုင်းမှာ ၅၀၊ တနင်္သာရီတိုင်းမှာ ၄၅ ၊ ပဲခူးတိုင်း အနောက်ပိုင်း မှာ ၂၄ ၊ ကရင်မှာ ၇၊ ကချင်မှာ ၅ လုံးတို့ ဖြစ်ပါတယ်။
အဲ့လိုမီးရှိုခံရတဲ့အထဲမှာ တိုင်းနဲ့ပြည်နယ်အလိုက် မီးရှိုခံရတဲ့ အိမ်အရေအတွက်ဟာ ဧပြီလ တစ်လတည်းမှာတင် သုံးထောင်ကျော်ရှိပြီး မီးရှို့ခံရမှုအများဆုံးလ ဖြစ်တယ်လို့ Data for Myanmar စာရင်းတွေအရ သိရပါတယ်။
နေအိမ်တစ်လုံးမှာ မိသားစုငါးယောက်ကို ပျမ်းမျှအခြေခံပြီး တွက်မယ်ဆိုရင် မီးလောင်ခံလိုက်ရတဲ့ နေအိမ်ပေါင်း ၁၁၄၁၇ လုံးမှာ မိသားစု လူဦးရေပေါင်း ၅၇၀၀၀ ကျော် နေအိမ်မဲ့သွားတာပါ။
စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို တော်လှန်ရေးအောင်မြင်ချိန်မှာ ပြန်တည်ဆောက်ပေးမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ဧပြီ ၁၈ ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် စတုတ္တအကြိမ် အစည်းအဝေးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့် မိန့်ခွန်းမှာ ကတိပြုခဲ့ပါတယ်။
ကန့်ဘလူမြို့နယ်၊ အင်ငုတ်တိုကျေးရွာက ဒေါ်ဝင်းဝင်းကတော့ သားသမီးတွေကို အမွေပေးဖို့အထိ ရည်ရွယ်ပြီးတည်ဆောက်ခဲ့တဲ့ အိမ်ဟာ ပြာအဖြစ်ကို ရောက်သွားခဲ့တာကြောင့် အိမ်ကိုအမွေမပေးနိုင်တော့တဲ့အပြင် နားခိုရာနေအိမ်လေး ပြန်မဆောက်နိုင်တဲ့အခြေအနေကိုလည်း ရင်နာနေရပါတော့တယ်။
၁၀ နှစ်လောက် ဆောက်ခဲ့ရတဲ့အိမ်ကလေး မီးရှို့ခံလိုက်ရတော့ ၃ နာရီလောက်နဲ့ အကုန်ပါသွားတာ ထိုင်ကြည့်နေခဲ့ရတယ် လို့ဒေါ်ဝင်းဝင်းက ပြောပါတယ်။








