စစ်ကိုင်းတိုင်း ပုလဲနယ်ထဲက ရွာတွေကို စစ်ကောင်စီ ထပ်မံမီးရှို

လှော်ကားကြီးမှာ အိမ်‌ခြေ ရာနဲ့ချီ မီးရှို့ခံရ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, လှော်ကားကြီးမှာ အိမ်‌ခြေ ရာနဲ့ချီ မီးရှို့ခံရ

နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက ကိုင်းတွင်းရွာနဲ့ လှော်ကားကြီးရွာတွေကို စစ်ကောင်စီတပ်တွေဘက်က ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၄ ရက် ညပိုင်းမှာ အိမ်ခြေ ၁၀၀ လောက်သာရှိတဲ့ ကိုင်းတွင်းရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့သလို အဲဒီရွာနဲ့ ကပ်လျက် လှော်ကားကြီး ကျေးရွာကြီးကိုလည်း ဖေဖော်၀ါရီလ ၅ ရက် မနက် ၁ နာရီလောက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။

"နှစ်ရွာပေါင်း အိမ်ခြေ ၆၀၀ လောက်ပါသွားတယ်။ ကိုင်းတွင်းရွာမှာ ရွာလုံးကျွတ်နီးပါး၊ အိမ်ခြေ ၇၀၀ လောက်ရှိတဲ့ လှော်ကားရွာမှာတော့ ၅၀၀ နီးပါး ပျက်ဆီးသွားတယ်။ အိမ်ကြီးအိမ်ကောင်း တွေချည်း ပါသွားတာ။ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားတာ" လို့ နေအိမ် မီးထဲပါသွားတဲ့ ဒေသခံတဦးက ဘီဘီစီကို ပြောပါတယ်။

အဲဒီကျေးရွာအနီးတဝိုက်က ရွာ ၄ ရွာကို ဒီရက်ပိုင်းအတွင်း စစ်ကောင်စီဘက်က ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

ဖေဖော်ဝါရီ ၄ ရက် ညပိုင်းက ကိုင်းတွင်းရွာ မီးလောင်နေမှု မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Myaelatt Athan

ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီ ၄ ရက် ညပိုင်းက ကိုင်းတွင်းရွာ မီးလောင်နေမှု မြင်ကွင်း

ရွာတွေထဲကို စစ်တပ်အင်အား ၁၀၀ ကျော်နဲ့ ဝင်ရောက်ခဲ့သလို အရပ်၀တ် ပျူစောထီးအဖွဲ့ဝင်တွေလည်း ပါတယ်လို့ ဆိုပါတယ်။

မီးရှို့မဖျက်ဆီးခင် ရွာထဲမှာ ကျန်နေတဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် အမျိုးသားတချို့ကို ဖမ်းဆီးပြီး မြေပြင်ပေါ်မှာ မှောက်ခိုင်းထားတာ၊ စစ်ဆေးမေးမြန်းတာတွေလည်း လုပ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောကြပါတယ်။

"စစ်ကိုင်းနယ်ထဲက ရွာတွေကို မီးရှို့တဲ့အခါမှာ အိမ်ခြေများများပါအောင် ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ရှို့သွားတာ" လို့ မီးဘေးသင့် ပြည်သူတဦးက ဆိုပါတယ်။

စပါးသီးနှံတွေ သိမ်းထားတဲ့အချိန်ဖြစ်လို့ စပါးတွေပါ မီးလောင်တဲ့အထဲ ပါသွားသလို ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်းအထိ တိမ်းရှောင်ထွက်ပြေးနေရဆဲ ဖြစ်ပြီး ရွာနီးချုပ်စပ်က လာရောက် လှူဒါန်းတဲ့ ထမင်းထုပ်တွေကို အားကိုး စားသောက်နေကြရတယ်လို့ မီးဘေးသင့်ကျေးရွာသားတွေက ပြောကြပါတယ်။

ပုလဲမြို့နယ်တွေထဲက ကျေးရွာတွေ မီးရှို့ခံရတဲ့ ဖြစ်စဥ်တွေနဲ့ ပတ်သက်လို့ ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်းအထိ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ကြေညာထားတာ မရှိသေးပါဘူး။

လှော်ကားကြီးရွာထဲက မီးဘေးသင့် ပြည်သူတဦးကတော့ "ပြည်သူတွေကို အကြောင်းမဲ့ ရက်ရက်စက်စက် လုပ်နေတာတွေကို ထပ်ပြီး မမြင်ချင်တော့ဘူး။ ရပ်တန်းကရပ်ကြပါ။ ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေကို အကာအကွယ်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုချင်တယ်" လို့ ပြောပါတယ်။

တဘက်မှာလည်း စစ်ကောင်စီတပ်တွေ၊ သူတို့နဲ့ ဆက်စပ်နေတဲ့ နေရာတွေကို စစ်ကိုင်းတိုင်းတွင်းက တခြားနေရာတွေမှာ ဒေသကာကွယ်ရေးတပ်တွေဘက်က ပြန်လည် ခုခံနေကြတာတွေ ရှိပါတယ်။

ကနီရဲစခန်း တိုက်ခိုက်ခံရ

ပုလဲနယ်နဲ့တဆက်တည်းမှာရှိပြီး အာဏာသိမ်းစစ်တပ်နဲ့ တောက်လျှောက်တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း ကနီမြို့မှာတော့ ဖေဖော်ဝါရီ ၃ ရက်က ရဲစခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တစ်ခုက ဒရုန်းနဲ့ နှစ်ကြိမ် ဗုံးခွဲခဲ့ကြပါတယ်။

ပထမတစ်လုံးက စခန်းနဲ့ အုတ်ခြံစည်းရိုးနားကျပြီး ၊ နောက်တစ်လုံးက ရဲစခန်းနဲ့ စာသင်ကျောင်းကြားက လမ်းပေါ်ကျကာ ပေါက်ကွဲသံတွေ ကြားခဲ့တယ်လို့ ‌ကနီမြို့ ဒေသခံတွေက ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့သလို ကင်းပုန်းစောင့်နေသူတချို့လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

အဲဒီဗုံးခွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေဘက်က မြို့အဝင်အထွက်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး မြို့တွင်းက အရွယ်ရောက်အမျိုးသားတွေကို ဖမ်းဆီးဖို့ လုပ်နေတယ်လို့ ကနီမြို့ခံတဦးက ဘီဘီစီကို ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ အိမ်ခြေ ၃ ထောင်ကျော်မီးရှို့ခံရတယ်လို့ သုတေသနတစ်ခုက ဖော်ပြပါတယ်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ အိမ်ခြေ ၃ ထောင်ကျော်မီးရှို့ခံရတယ်လို့ သုတေသနတစ်ခုက ဖော်ပြပါတယ်

စစ်အာဏာသိမ်းပြီးနောက် အိမ်ခြေ ထောင်ချီ မီးရှို့ခံရ

စစ်အာဏာသိမ်းပြီးချိန်ကစလို့ ပြီးခဲ့တဲ့ တနှစ်အတွင်း နိုင်ငံအနှံ့ နေအိမ် ၃ ထောင်ကျော်မီးရှို့ခံရပြီး စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်တယ်လို့ သတင်းအချက်အလက်တွေ ကောက်ယူတဲ့ Data For Myanmar အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ နေအိမ်တွေအများဆုံး မီးရှို့ခံခဲ့ရပြီး အိမ်ခြေ (၁၄၂၈)လုံး၊ ချင်းပြည်နယ်မှာ (၉၇၆)လုံး၊ မကွေးတိုင်းမှာ (၅၈၅)လုံးနဲ့ ကယား (ကရင်နီ)ပြည်နယ်မှာ (၃၀၁)လုံး မီးရှို့ခံခဲ့ရတယ်လို့ အဲဒီအဖွဲ့ရဲ့ သုတေသနအချက်အလက်တွေက ဖော်ပြပါတယ်။

လ အလိုက်မီးရှို့ခံရမှု စာရင်းတွေအရဆိုရင် ဇန်နဝါရီမှာ အများဆုံးဖြစ်ကာ နေအိမ် ၉၀၀ နီးပါးလောက် မီးရှို့ခံခဲ့ရပါတယ်။

စစ်ကိုင်းတိုင်းထဲမှာဆိုရင် မင်းကင်း၊ တန့်ဆည်၊ အရာတော်၊ ရွှေဘို၊ ရေဦး၊ ကန့်ဘလူမြို့နယ် တွေထဲက ရွာပေါင်း ၇၀ ကျော်၊ အိမ်ခြေပေါင်း ၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး မီးဘေးသင့်ပြည်သူတွေ၊ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူတွေအတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ အမြန်ဆုံး ပံ့ပိုးပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် လူပေါင်း ၄၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး လူပေါင်း ၁၄.၄ သန်းဟာ အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂကလည်း ထုတ်ပြန်ထားပါတယ်။