ရွာကိုမီးရှို့ခံရပြီးနောက်မှာအခက်အခဲမျိုးစုံဆက်လက်ရင်ဆိုင်နေကြရသူများ

ဓာတ်ပုံ ရင်းမြစ်, CJ
ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ပုလဲမြို့နယ်ထဲက မွေ့တုံရွာဟာ စစ်ကောင်စီစစ်သားတွေရဲ့မီးရှို့ဖျက်ဆီးမှုကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့ပါတယ်။ ရွာကိုမီးရှို့ဖျက်ဆီးလိုက်တဲ့အတွက် ရွာသူရွာသားအားလုံးဟာ အခက်အခဲမျိုးစုံကို ဆက်လက်ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ဒေသခံကျေးရွာသူ ကျေးရွာသားတွေကပြောကြပါတယ်။ ဒေသခံကျေးရွာသားတွေက ဖြစ်ပျက်ခဲ့ပုံအသေးစိတ်နဲ့ နောက်ဆက်တွဲသူတို့ဆက်လက်ရင်ဆိုင်နေရတဲ့ ဒုက္ခအဖုံဖုံကို ဘီဘီစီကို ပြန်လည်ဖွင့်ဟပြောဆိုကြပါတယ်။
စစ်သားတွေလာကုန်ပြီ
မြိုင်မြို့နယ်ထဲက စစ်သားတွေ ပုလဲမြို့နယ်ဘက်ချီတက်လာတဲ့သတင်းကို မွေ့တုံရွာသားတွေဟာ ကြိုတင်ကြားသိကြပါတယ်။ ဒါပေမဲ့ မြိုင်မြို့နယ် ညောင်ပင်သာရွာက စစ်သား ၁၀၀ ကျော်လောက်ဟာ မွေ့တုံရွာဆီတိုက်ရိုက်ဦးမတည်ဘဲ မွေ့တုံရဲ့အနောက်ဘက်ဆီ အယောင်ပြထွက်ခွာသွားတဲ့အတွက် သူတို့ဆီမလာတော့ဘူးလို့ ထင်မှတ်သွားခဲ့ကြပါတယ်။ ကျေးရွာသားတွေက ရိုးရိုးတွေးပေမဲ့ စစ်သားတွေက စစ်ပရိယာယ်နဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပုံရပါတယ်။ ရွာသားတချို့ဟာ စိတ်လက်ပေါ့ပါးစွာနဲ့ ရွာ့အပြင်ယာခင်းတွေထဲက သူတို့စိုက်ပျိုးထားတဲ့ကြက်သွန်ခင်းတွေဆီထွက်လာပြီး ရေသွင်းသူသွင်း၊ ပေါင်းနုတ်သူနုတ်၊ ပိုးသတ်ဆေးဖြန်းသူဖြန်းနေကြတယ်လို့ မွေ့တုံရွာသားတဦးက ဘီဘီစီကိုပြောပါတယ်။
ဒါပေမဲ့ စစ်သားတွေရဲ့စစ်ကြောင်းဟာ မွေ့တုံရွာနားရောက်တော့မှ ရုတ်တရက်နောက်ပြန်ဆုတ်ပြီး ရွာထဲ ကွေ့ဝင်လာပါတယ်။ စစ်သားတွေမွေ့တုံရွာဘက်ကွေ့ဝင်လာပြီလို့ ပထမဆုံးသိကြသူတွေကတော့ ရွာ့အပြင်မှာ ကြက်သွန်ခင်းရေသွင်း၊ ပေါင်းသတ်၊ ပိုးသတ်ဆေးဖြန်းနေကြသူတွေဖြစ်ပါတယ်။
“ရွာနားလေးရောက်တော့ သူတို့ကသေနတ်ဖောက်ဝင်လာကြတာဗျ။ ရွာ့အနောက်ဘက်မှာ ကြက်သွန်ခင်းရေသွင်းနေတဲ့သူတွေ၊ ပေါင်းနုတ်နေတဲ့သူတွေ၊ ဆေးပက်နေတဲ့သူတွေ အကုန်လုံးချက်ချင်းထပြေးကြရတာပဲ။ ရေတင်ရေသွင်းနေတဲ့စက်တွေကိုတောင် စက်မသတ်နိုင်ဘဲ ချက်ချင်း ထပြေးကြရတာ။ ပြေးစရာကလည်း ရွာထဲပြန်ဝင်ပြီး ရွာ့အရှေ့ဘက်ကိုပဲ ပြေးစရာရှိတာလေ။ သူတို့ရွာထဲပြေးဝင်လာတော့မှ စစ်တပ်လာပြီဆိုတာကို ရွာထဲကလူတွေကသိရတာ။ အကုန်လုံး အဖိုးတန်ပစ္စည်းဘာမှ မယူနိုင်ဘဲ ထွက်ပြေးကြရတာပါ။ ကျွန်တော်ဆိုရင် ခါးမှာဝတ်ထားတဲ့ အင်္ကျီနဲ့ပုဆိုးပဲပါတယ်။ ချက်ချင်းထပြေးရတာ။ တချို့လည်း ခြေကျင် (ခြေလျင်) ပြေးတယ်။ တချို့လည်း မော်တော်ဆိုင်ကယ်တွေနဲ့ပြေးကြတယ်။”

ဓာတ်ပုံ ရင်းမြစ်, CJ
မပြေးနိုင်သူတချို့အဖမ်းဆီးခံရ
စစ်တပ်ရွာထဲဝင်လာချိန်မှာ ရွာသားအားလုံးနီးပါး ရွာကိုစွန့်ခွာထွက်ပြေးသွားကြပါပြီ။ ဒါပေမဲ့အသက်အရွယ်ကြီးလွန်းသူ၊ ကိုယ်ကျန်းမာရေးမကောင်းသူ၊ စိတ်ကျန်းမာရေးမကောင်းသူ၊ ဆွံ့အနားမကြားသူ လူတချို့ဟာ စစ်ကောင်စီစစ်သားတွေရဲ့ ဖမ်းဆီးထိန်းသိမ်းတာကိုခံလိုက်ကြရပါတယ်။ အဲသလို အဖမ်းဆီးခံရသူတွေကတော့ အသက် ၇၅ နှစ်အရွယ်ဝန်းကျင်ရှိတဲ့ ဦးတင်ဖေ၊ အသက် ၄၅ နှစ်အရွယ် ကိုသိန်းဦး၊ အသက် ၄၀ နှစ်အရွယ် ကိုအောင်မြင့်သန်း၊ အသက် ၃၅ နှစ်အရွယ်ကိုဇေယျာ၊ အသက် ၈၀ အရွယ်ဒေါ်ဇီးရွက်၊ ဒေါ်ဇီးရွက်ရဲ့ချွေးမ အသက် ၄၀ အရွယ်ဒေါ်ဖြူဖြူဝင်းတို့ဖြစ်ကြပါတယ်။ အမျိုးသားများဟာ ထိုးကြိတ်နှိပ်စက်တာ ခံကြရတယ်လို့ ဆိုပါတယ်။ အသက် ၇၅ နှစ်အရွယ်ရှိတဲ့ ဦးတင်ဖေတောင် မျက်နှာမှာဖူးယောင်ညိုမည်းတဲ့အထိ ထိုးကြိတ်နှိပ်စက်တာခံခဲ့ရတယ်လို့ သူနဲ့စကားပြောလိုက်ရသူတဦးက ဘီဘီစီကိုပြန်ပြောပြပါတယ်။ ရွာကိုမီးရှို့ဖို့ အထက်က အမိန့်ရထားပြီးပြီလို့ သူတို့ကိုပြောကြောင်းလည်း လွတ်မြောက်လာသူတွေနဲ့ နောင်တချိန်မှာ စကားပြောခွင့်ရသူတွေက ပြန်ပြောပြပါတယ်။
“စာသင်ကျောင်းထဲမှာလည်း ရစရာမရှိဘူး။ တံခါးတွေ ရိုက်ချိုးဖျက်ဆီးသွားတယ်။ မှန်တွေခွဲသွားတယ်။ စာသင်ကျောင်းထဲမှာ ချက်ပြုတ်စားသောက်သွားကြတယ်။ စာသင်ကျောင်းထဲမှာ ဒုက္ခသည်တွေနေဖို့တောင် ခက်လောက်အောင် သူတို့ဖျက်ဆီးထားခဲ့တာတွေနဲ့ ရှုပ်ပွနေတာပါပဲ။ ပြီးတော့ အမျိုးသားတွေကို နှိပ်စက်ပြီးပြောတယ်တဲ့။ ဒီရွာကို မဖြစ်မနေမီးရှို့ဖို့ အထက်ကအမိန့်ကျထားပြီးပြီ။ အဲဒါကြောင့် ရွာကိုမီးရှို့တော့မှာတဲ့။ ဘာလို့မီးရှို့မှာလဲဆိုတော့ မီးကျိုးမောင်းပျက်တွေနဲ့ သူတို့ကိုတော်လှန်လို့ ဖျက်ဆီးတာလို့ ပြောတယ်တဲ့။”

ဓာတ်ပုံ ရင်းမြစ်, CJ
တအိမ်တက်ဆင်းဝင်ရောက်ရှာဖွေ
နေမွန်းမတည့်ခင်ရွာထဲရောက်လာတဲ့ စစ်သားတွေဟာ တနေ့ခင်းလုံးတညနေလုံးရွာထဲမှာ ပိုက်စိပ်တိုက်ရှာဖွေကြပါတယ်။ ဘာပစ္စည်းကိုရှာဖွေတယ်ဆိုတာ အတိအကျမသိရပေမဲ့ အဖိုးတန်ပစ္စည်းတွေသိမ်းယူတာမျိုး တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ရွာကိုမီးရှို့ဖျက်ဆီးတော့မှာမို့ မီးမရှို့ခင်မှာ အဖိုးတန်ပစ္စည်းတွေကို လိုက်လံသိမ်းယူတာလည်းဖြစ်နိုင်ပါတယ်။
ဒါပေမဲ့အဖိုးတန်ပစ္စည်းတွေကိုသိမ်းယူရုံသာမက ပစ္စည်းအများအပြားကို ဖျက်ဆီးခဲ့တယ်လို့လည်း ရွာသားတဦးကဆိုပါတယ်။
“နောက်နေ့ရွာထဲသွားကြည့်တော့ မီးမလောင်ဘဲကျန်ခဲ့တဲ့ အဝတ်အစားတွေတောင် အကောင်းမကျန်ဘူး။ ကတ်ကြေးနဲ့ကိုက်ညှပ်ဖျက်ဆီးသွားကြတာ။ စျေးဆိုင်တွေထဲမှာလည်း ဘီယာဘူးတွေထိုးဖောက်သွားတယ်။ အရက်ပုလင်းတွေရိုက်ခွဲသွားတယ်။ အိမ်တွေမှာသိုလှောင်ထားတဲ့ ဆန်ရှိရင်ဆန်ကိုဖောက်ကြဲ၊ နေကြာရှိရင်နေကြာဖောက်ကြဲ၊ မြေသြဇာတွေ့ရင် မြေသြဇာကိုဖျက်ဆီး၊ ဘာမှသုံးလို့မရအောင်လုပ်သွားတာဗျ။ အကုန်လုံးမြေလှန်ဖျက်ဆီးသွားတာ။ မီးမလောင်တဲ့အိမ်တွေလည်း အိမ်ပဲကျန်တာ။ ဘာမှမရလိုက်ဘူး။”

ဓာတ်ပုံ ရင်းမြစ်, CJ
အသက် ၈၀ အရွယ်ဒေါ်ဇီးရွက်ဟာ ကံဆိုးထဲကကံကောင်းကိုကြုံခဲ့ရသူတဦးဖြစ်ပါတယ်။ နောက်တနေ့မနက်မှာ ရွာထဲကိုသွားရောက်ကြည့်ရှုခဲ့တဲ့ ဒေသခံပြောက်ကျားတဦးဖြစ်သူ ရဲဘော်ကိုပေကို ဒေါ်ဇီးရွက်က သူ့အဖြစ်အပျက်ကို ပြန်ပြောပြခဲ့ပါတယ်။ အသက် ၈၀ အရွယ်ဒေါ်ဇီးရွက်ဟာ အသက်အရွယ်ကြီးရင့်တဲ့အပြင် အရိုးပွရောဂါလည်းရှိတဲ့အတွက် အများနည်းတူထွက်မပြေးနိုင်ပါဘူး။ သူ့အိမ်ကအိပ်ရာထဲမှာပဲ ကျန်ရစ်ပါတယ်။
“အဖွားကြီးကပြန်ပြောပြတာဗျ။ ကျွန်တော်တို့ ဆယ်ယောက်လောက်ဝိုင်းနားထောင်ရင်း ကြားခဲ့ကြရတာ။ အဖွားကြီးက စစ်သားတယောက်နဲ့တွေ့တယ်တဲ့။ စစ်သားက အဖွားဘာလို့မပြေးတာလဲလို့မေးတော့ အဖွားမပြေးနိုင်လို့ပါလို့ ပြန်ဖြေတယ်တဲ့ဗျ။ အဲဒါနဲ့ အဲဒီစစ်သားက အဖွားကြီးကို ကုန်းပိုးပြီး ကျောင်းပို့သွားတယ်။ ကုန်းပိုးပြီးထမ်းလာရင်းပြောတယ်တဲ့။ အဖွားကံကောင်းလို့ကျုပ်နဲ့တွေ့တာ၊ ကျုပ်နဲ့သာမတွေ့ရင် ခင်ဗျားကို အသေသတ်မှာလို့ပြောတယ်တဲ့။ ကျုပ်တို့လည်း အထက်ကအမိန့်ပေးလို့ ဒီရွာကို မီးရှို့ဆိုလို့ လာရှို့ရတာလို့ ပြောတယ်တဲ့ဗျ။”
ရွာကိုမီးရှို့တော့မှာမို့ အဲဒီစစ်သားက ဒေါ်ဇီးရွက်ကို သူတို့စခန်းချရာစာသင်ကျောင်းထဲ ပြောင်းရွှေ့ခေါ်ယူသွားတာ ဖြစ်ပါတယ်။ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းဟာ ရွာနဲ့ပေ ၂၀ ပေအစိတ်လောက်ကျယ်တဲ့ လမ်းတခုခြားပြီး ရှိနေတဲ့အတွက် အဲဒီမှာ စခန်းချပြီး ကျန်တဲ့တရွာလုံးကို ည ၇ နာရီခွဲ ၈ နာရီအချိန်လောက်မှာမီးရှို့ခဲ့တယ်လို့ ရွာသားတွေကပြောကြပါတယ်။
ရွာကိုမီးရှို့နေတာကို မြင်နေရပေမဲ့ ကြည့်နေရတာပါပဲဗျာ။ ကိုယ့်အိမ်လေးမီးလောင်လို့လည်း ပြန်သွားပြီး မငြှိမ်းရဲကြပါဘူး။ မနက်လင်းလို့ သွားကြည့်တော့ ရွာမှာရှိတဲ့ အိမ်ခြေ ၂၃၀ လောက်မီးလောင်သွားတာပါပဲ။ တရွာလုံးနီးပါးပါပဲ။ ဘုန်းကြီးကျောင်းနဲ့ အနီးအနားက အိမ် ၅ လုံး ၆ လုံးမီးမလောင်ဘဲကျန်ခဲ့တယ်။ ရွာအနောက်တောင်ဘက်မှာရှိတဲ့ အိမ် ၃ လုံးလည်း မီးမလောင်ဘဲ ကျန်ခဲ့တယ်။ အဲဒါပဲကျန်တယ်ဗျ။ နွားတွေ၊ ဝက်တွေလည်း ခေါ်သွားချိန်မရတော့ ရွာထဲကျန်ခဲ့ပြီး မီးလောင်သေကုန်ကြတာပါပဲ။”
လူအင်အားအများအပြားနဲ့ အိမ်တွေကို ဓာတ်ဆီ၊ ရေနံဆီတွေလောင်းပြီး တအိမ်တက်ဆင်းမီးရှို့သွားခဲ့တယ်လို့လည်း ရွာသားတဦးကဆိုပါတယ်။ ဓာတ်ဆီရေနံဆီတွေဟာ စျေးဆိုင်တဆိုင်မှာရောင်းချတဲ့ဆီတွေကို အသုံးပြုသွားတာလို့ဆိုပါတယ်။ ည ၁၀ နာရီခွဲလောက်မှာ တရွာလုံးနီးပါး ပြာကျလောင်ကျွမ်းပြီးနောက်မှ မီးသေသွားခဲ့ပါတယ်။ ဘုန်းကြီးကျောင်းနဲ့အနီးမှာရှိတဲ့စာသင်ကျောင်းနဲ့ အိမ်အနည်းငယ်သာ မီးမလောင်ဘဲကျန်ခဲ့ပါတယ်။ မီးမလောင်ဘဲကျန်တဲ့အိမ်တွေမှာလည်း ပစ္စည်းအကောင်းတခုမှ မကျန်ရစ်ဘူးလို့ နောက်တနေ့ရွာထဲကို သွားရောက်ကြည့်ရှုသူရွာသားတွေကပြောပါတယ်။
စစ်တပ်ဟာ ရွာကိုမီးရှို့ပြီးထွက်ခွာသွားချိန်မှာ ဖမ်းဆီးထားတဲ့ကိုအောင်သန်းမြင့်နဲ့ ကိုဇေယျာကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ရွာအနောက်ဘက် ၂ မိုင်အကွာလောက်မှာရှိတဲ့ ခြောက်ပင်ကန်ကျေးရွာဘုန်းကြီးကျောင်းကိုရောက်တော့မှ သူတို့ကိုလွှတ်ပေးခဲ့ပါတယ်။ ခြောက်ပင်ကန်ကျေးရွာဟာ ပန်းရွာရဲ့တောင်ဘက်ကရွာဖြစ်ပါတယ်။ ပန်းရွာနဲ့ခြောက်ပင်ကန်ရွာဟာ ယမားချောင်းတခုသာခြားပါတယ်။
ပန်းရွာမှာလည်း စစ်တပ်က ဆက်လက်မီးရှို့ရာမှာ အိမ်ခြေ ၈၀၀ ကျော်ရှိတဲ့ပန်းရွာမှာ အိမ်ခြေ ၂၀၀ ကျော်မီးလောင်ကျွမ်းသွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
မွေ့တုံရွာပျက်စီးဆုံးရှုံးမှုများ
မော်တော်ဆိုင်ကယ် ၇ စီး ၈ စီးထက်မနည်းမီးထဲပါသွားလိမ့်မယ်လို့ ရွာသားတဦးကဆိုပါတယ်။ မီးမလောင်ဘဲ ကျန်တဲ့တချို့အဆောက်အအုံတွေထဲလည်း ဝင်မကြည့်နိုင်သေးပါဘူး။ နောက်ချေး (နွားချေး) တွေမီးလောင်နေတဲ့ ညှော်အနံ့တွေကြောင့် မီးလောင်မြေထဲကို ဘယ်သူမှအသေးစိတ်ဝင်ရောက် မကြည့်ရှုနိုင်ကြသေးပါဘူး။
“မော်တော်ဆိုင်ကယ်တွေမီးလောင်သွားတယ်။ ဝှီးဒိုလာတစီး၊ ပုစဉ်းခေါင်းတစီး၊ ဓားခုံက ၂၀ ကျော် ၃၀ လောက် ထက်မနည်း၊ နောက်ဓားခုံတွေကိုမောင်းတဲ့စက်က ၂၀ ကျော် ၃၀ ထက်မနည်း မီးထဲပါသွားတယ်ဗျ။”
ဝှီးဒိုလာဆိုတာ မြေတူးမြေကော်တဲ့ wheel roller ဖြစ်ပါတယ်။ မြေကော်စက်ပါ။ ပုစဉ်းခေါင်းဆိုတာက ထော်လာဂျီတမျိုးပါ။ ဓားခုံဆိုတာက နွားကျွေးဖို့အတွက် ပြောင်းရိုးစင်းတဲ့ဓားခုံကို ခေါ်တာဖြစ်ပြီး ဓားခုံမောင်းတဲ့စက်ဆိုတာက တရုတ်နီ ၁၂ ကောင်အား၊ ၁၃ ကောင်အားရှိတဲ့အင်ဂျင်စက်တွေကို ခေါ်တာဖြစ်ပါတယ်။ မှုတ်ခုံတခုလည်း မီးထဲပါသွားတယ်လို့ဆိုပါတယ်။ မှုတ်ခုံဆိုတာက အင်ဂျင်နဲ့ပန်ကာတွဲဖက်ပြီး ပိုက်နဲ့လေမှုတ်တဲ့စက်ဖြစ်ပါတယ်။ ကုလားပဲပင်နဲ့နေကြာပင်တွေကို နွားနဲ့နင်း အခြောက်လှန်းပြီးတဲ့အခါ ခြောက်နေတဲ့ အရွက်အရိုးတွေနဲ့ ကုလားပဲစေ့၊ နေကြာစေ့တွေကို လေမှုတ်တဲ့စက်နဲ့ မှုတ်ပြီးခွဲထုတ်ရပါတယ်။
“ရေစုပ်စက်ကလည်း ရာဂဏန်းနဲ့ချီပြီး မီးလောင်တဲ့အထဲပါသွားလိမ့်မယ်ဗျ။ ရေစုပ်စက်က တအိမ်မှာ အနည်းဆုံး ၂ လုံးရှိကြတယ်။ ရေစုပ်စက်ကိုတော့ ဓာတ်ဆီအင်ဂျင် ၆ ကောင်ခွဲ ၇ ကောင်အားရှိတဲ့ စက်ကလေးတွေသုံးကြတာ။ အဲဒါတွေ အကုန်လုံးမီးထဲပါသွားပြီ။ တောမှာကြက်သွန်ခင်းရေသွင်းရင်း စက်ကိုထားပြီး ထွက်ပြေးရတဲ့လူတွေလောက်ပဲ ကျန်တော့မှာ”
မွေ့တုံရွာဟာ လျှပ်စစ်မီးမရသေးပါဘူး။ ကမ္ဘာ့ဘဏ်ရဲ့ ကျေးလက်ဖွံ့ဖြိုးရေးကူညီမှုအစီအစဉ်နဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ လျှပ်စစ်မီးပေးဖို့စီစဉ်ထားပါတယ်။ ဓာတ်မီးတိုင်တွေတောင် စိုက်ထူထားပြီးဖြစ်ပါတယ်။
“အခုတော့လျှပ်စစ်မီးရကာနီးမှာ သူတို့ကအာဏာသိမ်းလိုက်တော့ မီးကမရတော့ဘူး။ ကျွန်တော်တို့ရွာက နှစ်ခါနာတာဗျ။ အာဏာသိမ်းခံရတာကတခါနာ၊ ကမ္ဘာ့ဘဏ်အစီအစဉ်ပျက်သွားတာက တခါနာတယ်။ အခုတော့ ဓာတ်မီးတိုင်တွေပါ မီးလောင်တဲ့အထဲပါသွားပြီ။ ကျွန်တော်တို့မှာ ဘာမှမရှိတော့ဘူး။ လျှပ်စစ်မီးမရှိတော့ အိမ်တော်တော်များများမှာ ဆိုလာပြားနဲ့ ဘက်ထရီနဲ့မီးထွန်းရတာ။ အခုအဲဒါတွေလည်း မီးထဲပါသွားပြီ။ တီဗွီတို့စလောင်းတို့ကတော့ပြောမနေနဲ့တော့။ ကျွန်တော်ဆိုရင် ပိုးသတ်ဆေးကို မော်တာနဲ့ဖြန်းတဲ့ ပိုးသတ်ဆေးပုံးတွေလည်း ပါသွားတယ်။ ဘက်ထရီအားသွင်းပြီး မော်တာနဲ့ဖြန်းရတာ။ တပုံး ၅ သောင်းကျော်ပေးရတယ်။”
နွားစာစင်းပြီး နွားစာတိုက်ထဲမှာသိမ်းဆည်းသိုလှောင်ထားလေ့ရှိတာကလည်း မီးလောင်လို့ အကုန်ပါသွားပြီလို့ ဆိုပါတယ်။ ဝမ်းစာအဖြစ်ဆန်သိုလှောင်ထားတာတွေ မီးထဲပါသွားတဲ့အပြင် မီးထဲပါမသွားတဲ့အိမ်တွေမှာတောင် ဆန်နဲ့ ရိတ်သိမ်းပြီးစ နေကြာတွေ၊ နှမ်းတွေကို ဓားနဲ့ထိုးခွဲပြီး ဖြန့်ကြဲသွားခဲ့ကြတယ်လို့ဆိုပါတယ်။
“ကျွန်တော်တို့ကပုလဲနယ်သားတွေဆိုတော့ စစ်တပ်က အဲဒါမျိုးတွေဖျက်ဆီးတာကို အတွေ့အကြုံရှိပြီးသားတွေ။ ဒါတွေကိုသိလို့ ဆန်တွေ၊ ပဲအိတ်တွေကို မြေကြီးထဲတူးမြှုပ်ထားတာတွေရှိတယ်။ အခုမီးရှို့ခံရတော့ မြေကြီးထဲက ဟာတွေလည်း အကုန်ပျက်စီးကုန်ပြီ။ တချို့ပိုက်ဆံကိုမြေကြီးထဲမြှုပ်ထားတဲ့လူတွေလည်း ပိုက်ဆံတွေမီးကျွမ်းကုန်တယ်။”

ဓာတ်ပုံ ရင်းမြစ်, CJ
အိမ်မွေးတိရစ္ဆာန်နဲ့ယာစိုက်ခင်းများပျက်စီးဆုံးရှုံးမှု
“မီးလောင်လို့သေသွားတာက နွား ၅ ကောင်၊ မြင်း ၁ ကောင်နဲ့ ဝက် ၂ ကောင်ပါသွားပါတယ်။ နွား ၅ ကောင်မှာ နွားမက ၁ ကောင်ပဲပါပါတယ်။ ကျန်တာက ခိုင်းနွားကြီးတွေပါ။ ခိုင်းနွားကြီးတွေဆိုတာ တကောင်ကို ၁၅ သိန်းကျော်တန်တဲ့နွားကြီးတွေပါ။ ကျွန်တော်တို့တောင်သူဆိုတာ ခုထိနွားကို အားကိုးနေရတုန်းပါ။ နေဦး။ မသေမရှင်ဖြစ်နေတဲ့နွားမတကောင်လည်းရှိသေးတယ်ဗျ။ ခင်ဗျားဆီကိုကျွန်တော် ဗီဒီယိုပို့ပေးဦးမယ်။ နွားမက မျက်လုံးနှစ်ဖက်လုံးကန်းနေပြီ။ နံဘေးတွေမှာမီးလောင်ပြီး အသားတွေပဲ့ကျနေပြီ။ နွားမကရေလည်း မသောက်နိုင်တော့ဘူး။ ဝပ်လည်းမဝပ်နိုင်တော့ဘူး။ မတ်တတ်ပဲရပ်နေနိုင်တော့တယ်။”
ဓာတ်ပုံထဲမှာကြည့်တဲ့အခါ နွားမဟာ တောင်သူတွေနှစ်သက်ပြီးစျေးကောင်းရတတ်တဲ့ နွားမချောချော အမျိုးအစားဖြစ်ပါတယ်။ နွားမဆိုပေမဲ့ ဘို့အတန်အသင့်ပါတဲ့အတွက် တောင်သူတွေ သဘောကျတတ်ပါတယ်။ နွားရဲ့မူလအမွေးအရောင်အသွေးဟာ တောင်သူတွေရဲ့အခေါ် နွားပြာစိမ်း (အဖြူရောင်များပြီး အမွေးပြာနုပါတဲ့အရောင်) လို့ပြောပေမဲ့ မီးကျွမ်းထားတဲ့အတွက် နွားပြာနီလိုလို အညိုရောင်လိုလိုဖြစ်နေတာကို တွေ့ရပါတယ်။
မီးလောင်ပြီးသေဆုံးတဲ့နွားတွေဟာ ချည်တိုင်ကနေ ကြိုးပြတ်အောင် မရုန်းနိုင်လို့ မတ်တတ်အသေခံကြရတာဖြစ်ပါတယ်။ နွားတော်တော်များများက မီးလောင်တော့ လန့်ပြီးထွက်ပြေးကြပါတယ်။ ထွက်ပြေးကြတဲ့နွားတော်တော်များများဟာ နဖားကြိုးပြတ်ထွက်ကုန်ကြတဲ့အပြင် မီးလောင်ဒဏ်ကြောင့် ကြောက်လန့်နေကြတဲ့အတွက် ဖမ်းဆီးဖို့ အလွန်ခက်နေကြပါတယ်။
“လွတ်သွားတဲ့နွားတွေက ကြက်သွန်ခင်းတွေ ဟင်းသီးဟင်းရွက်ခင်းတွေထဲဝင်စားထားတော့ ကျွန်တော်တို့ ထပ်ပြီး ရင်ကျိုးရတာပေါ့ဗျာ။ တချို့ကြက်သွန်ခင်းတွေများရစရာမရှိဘူး။ ခရမ်းသီးတွေ၊ ပြောင်းဖူးတွေ နွားစားတာနဲ့ကုန်ရောပဲ။ တချို့အပင်တွေက နုနုလေးတွေရှိသေးတယ်။ အဲဒါတွေကို ကိုက်ဖြတ်စားတော့ အပင်တွေပါ သေကုန်ကြတော့မှာ။ နွားကောင်ရေက နည်းတာမဟုတ်တော့ သူတို့စားတာအပြင် နင်းချေပစ်တာနဲ့လည်း ပျက်စီးကုန်တယ်။ ၃ ဧကရှိတဲ့ ကုလားပဲခင်းကြီးဆိုရင် တခင်းလုံး ဘာမှရစရာမရှိတော့ဘူး။ ၆ လ ၇ လလုပ်ထားရတာတွေ ရင်းနှီးထားရတာတွေ အကုန်သွားတာပဲ။ လူတယောက်ဆိုရင် ကုလားပဲခင်းကရိတ်ပြီးပြီ။ တလင်းထဲမှာ နယ်ဖို့၊ မှုတ်ဖို့အခြောက်လှန်းထားတာ။ ရွာအစွန်မှာဆိုတော့ မီးထဲလည်း ပါမသွားဘူး။ ဒါပေမဲ့ ရွာထဲကလွတ်သွားတဲ့နွားတွေ ပြန်လာပြီးစားကြတာ တစေ့မှမရတော့ဘူး။”
အခုအချိန်မှာ သူတို့ရွာအနီး ကြက်သွန်အဓိကစိုက်ပျိုးနေတဲ့ကာလဖြစ်ပါတယ်။ ကြက်သွန်ခင်းထဲမှာ ခရမ်းသီး၊ ငရုပ်သီးတွေကို သီးညှပ်အဖြစ်ရောစိုက်ကြပါတယ်။ တခါတရံမှာပြောင်းဖူးကိုပါ သီးညှပ်အဖြစ်စိုက်ကြပေမဲ့ ဒီနှစ်မှာတော့ ပြောင်းဖူးစျေးကောင်းဖို့မျှော်လင့်ထားကြတဲ့အတွက် ပြောင်းဖူးခင်းသီးသန့်စိုက်ပျိုးကြတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
မွေ့တုံရွာသားတွေဘာဆက်လုပ်ကြမလဲ
“တချို့မိတ်ဆွေတွေက ဘာလိုသလဲလို့မေးကြတယ်။ လိုတာကတော့ အကုန်လုံးလိုတာပဲဗျ။ ကျွန်တော်တို့မှာ ဘာမှ မရှိတော့ဘူးလေ။ အိမ်ပြန်ဆောက်ဖို့ကလည်း တိုင်တောင်မကျန်တော့ဘူး။ တခြားရွာတွေကနေ ထန်းလက် အကူအညီတောင်းပြီး ထန်းလက်တဲဆောက်ဖို့ရာလည်း ဝါးလုံးတို့ ထန်းသားခြမ်းတို့ပါမရှိဘူး။ မကြာခင် မိုးဦးလေဦးကျတော့မှာဆိုတော့ အဲဒါကလည်း တဒုက္ခဗျ။ ဒါပေမဲ့အခုလောလောဆယ်မှာ နေဖို့ထက် စားဖို့ ဝတ်ဖို့က ပိုခက်တယ်။ အဝတ်အစားဆိုလို့ ခါးမှာဝတ်ထားတဲ့ အင်္ကျီနဲ့ပုဆိုးပဲရှိတော့တာ။ ဒါတောင် တောသူတောင်သားဆိုတော့ တောထဲကြက်သွန်ရေသွင်းဖို့ထွက်ရင် ဘယ်သူမှ အကောင်းဝတ်တာမဟုတ်ဘူး။ အညံ့ဆုံးအဝတ်ပဲရွေးဝတ်တာ။ ကောင်းတဲ့အဝတ်အစားကို အိမ်မှာဘီရိုထဲသိမ်းထားခဲ့တာ။ အခုအညံ့ဆုံးအဝတ်တထည်ပဲကျန်တော့တာပဲဗျာ။ အဝတ်အစားရော၊ ဆန်၊ဆီ၊ဆားရော ကျနော်တို့ အကုန်လိုနေတာပဲဗျ။”
စိုက်ပျိုးရေးလုပ်ငန်းအခက်အခဲ
ရွာထဲမှာ သူတို့ပစ္စည်းဘာမှမကျန်တော့ပါဘူး။ သူတို့အတွက် အားကိုးအားထားစရာက တောထဲမှာရှိတဲ့စိုက်ခင်းဖြစ်ပါတယ်။ ဒီအချိန်ဟာ ကြက်သွန်ချိန်ဖြစ်ပါတယ်။ တနယ်လုံးအားခဲစိုက်ပျိုးနေကြတာက ကြက်သွန်ပါ။ ကြက်သွန်ကို ဒီဇင်ဘာလမှာ စတင်ပြီး ပျိုးပင်ပေါက်တွေ အခင်းထဲချစိုက်ပျိုးလေ့ရှိပါတယ်။ တပေါင်းတန်ခူးကာလ (မတ်လကုန်ချိန်) ဟာကြက်သွန်ပေါ်ချိန်ဖြစ်ပါတယ်။ အခုတော့တာဝေးအပြေးသမားဟာ ပန်းတိုင်နားရောက်မှ ခြေချော်လဲရသလိုဖြစ်နေပါတယ်။
“ကြက်သွန်က စုစုပေါင်း ၅ ရေသွင်းရမှာ။ အခု ၂ ရေသွင်းပြီးသား။ ကျန်တဲ့ ၃ ရေကို ဘယ်လိုသွင်းရမလဲ။ ပေ ၃၀ ၊ ပေ ၄၀ အနက်ကနေ ရေစုပ်စက်နဲ့တင်ပြီး ရေသွင်းရမှာ။ အခုရေစုပ်စက်တွေ အကုန်မီးထဲပါသွားပြီ။ အနီးအနားရွာ မိတ်ဆွေတွေဆီက ငှားတင်ရအောင်ကလည်း တရွာလုံးစာ ဘယ်သူတွေက ငှားနိုင်ကြမှာလဲ။ ပက်စရာပိုးသတ်ဆေးကလည်း မရှိတော့ဘူး။ ကျွန်တော်တို့အားလုံး အနာဂတ်ပျောက်သွားပြီ။ မြေဆီတွေလည်း မရှိတော့ဘူး။ ဘယ်လိုဆက်လုပ်ရမလဲ။ မြေဆီစျေးက မနှစ်က ၄ သောင်းပဲရှိတယ်။ ဒီနှစ်သူတို့စစ်အာဏာသိမ်းလိုက်တော့ ဒေါ်လာစျေးတက်သွားပြီး မြေဆီတအိတ် ၈ သောင်းခွဲအထိပေးရတယ်။ ကဲ ဒါမှမလုပ်ရင်လည်း စားစရာမရှိဘဲနေမယ်လေဆိုပြီး စရိတ်စက မတန်တဆပေးဝယ်ထားတာတွေ အခုအကုန်ကုန်ပြီလေဗျာ။ ဒေါ်လာစျေးတက်တော့ ဓာတ်ဆီစျေး၊ ပိုးသတ်ဆေး၊ မှိုဆေး၊ စက်ပစ္စည်း၊ ဓာတ်မြေသြဇာ အကုန် ၂ ဆတက်တာ။ အဲဒါတွေ တန်ဖိုးကြီးပေးပြီး ရင်းနှီးထားရတာ အခုဒါတွေ အားလုံးကုန်ပြီဆိုတော့ ကျွန်တော်တို့ ဘယ်လိုထပ်ဝယ်မလဲ။ ဒီကြက်သွန်ခင်းတွေကို ဘယ်လိုဆက်စိုက်မလဲ။ ရိတ်သိမ်းထားတဲ့ ကုလားပဲတွေ၊ နေကြာတွေ၊ နှမ်းတွေကလည်း မီးထဲပါသွားပြီ။”
ဒါ့အပြင် နေကြာမျိုးစေ့၊ နှမ်းမျိုးစေ့ အစရှိတဲ့ နောက်နှစ်စိုက်ပျိုးဖို့အတွက် သိမ်းဆည်းထားတဲ့မျိုးစေ့တွေပါ မီးထဲပါသွားတဲ့အတွက် သူတို့ အခက်အခဲဟာ တရာသီ၊ တနှစ်တာအခက်အခဲထက် အများကြီးပိုနေတယ်လို့ ဆိုပါတယ်။
မွေ့တုံရွာဟာ ပြာပုံထဲမှာ အငွေ့တလူလူနဲ့ တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ သူတို့အနာဂတ်က မှုန်ဝါးလွန်းလှပါတယ်။ သူတို့ခံစားချက်ကခါးသီးလှပါတယ်။ ရွာကိုရှို့တဲ့မီးက ငြိမ်းသွားပြီဖြစ်ပေမဲ့ မွေ့တုံရွာသားတွေရဲ့ရင်ထဲမှာတော့ သောကမီးတွေဆက်လက်လောင်ကျွမ်းဆဲဖြစ်ပါတယ်။








