လက်နက်ပေးရေးလမ်းကြောင်းအတွက် မြေပြင်လက်တွေ့ ဖြစ်နိုင်ခြေရှိလား

ဓာတ်ပုံ ရင်းမြစ်, SOPA Images
ယူကရိန်း အစိုးရကို အနောက် နိုင်ငံတွေက လက်နက် အထောက်အပံ့တွေ ပေါ်ပေါ်ထင်ထင် ပေးနေတာကို တွေ့မြင် လာခဲ့တဲ့နောက် မြန်မာ့အရေးမှာလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လက်နက်ကိုင် အင်အားစုတွေ အပေါ် အလားတူ ပံ့ပိုးမှုတွေ မလုပ်နိုင်ဘူးလား ဆိုတဲ့ မေးခွန်းတွေဟာ အခု သီတင်းပတ်တွေမှာ အတော်လေး ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် လာပါတယ်။
ယူကရိန်းထဲ ရုရှားတပ်တွေ ဝင်ရောက် တိုက်ခိုက်တာဟာ ဥရောပထဲက အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုကို နယူကလီယာ လက်နက်ပိုင် အင်အားကြီး နိုင်ငံရပ်ခြား တိုင်းပြည်က ဝင်ရောက်ကျူးကျော်တာ ဖြစ်ပြီး၊ မြန်မာပြည် အရေးကတော့ ရွေးကောက်ခံ အစိုးရကို ကိုယ့်ပြည်တွင်းက စစ်တပ်က ဖယ်ရှားပြီး အာဏာသိမ်းတာ ဖြစ်တဲ့ အတွက် ထပ်တူပြု ပြောလို့ မရနိုင်ဘူးဆိုတဲ့ မြင်သာတဲ့ ကွဲပြားမှုတော့ ရှိပါတယ်။
ဒါပေမယ့် မြန်မာ့အရေးမှာ နိုင်ငံတကာ မျက်ကွယ်ပြု လျစ်လျူရှုလွန်းလှတယ် ဆိုတဲ့ အမြင်တွေကတော့ ကြီးကြီးမားမား ဆက်ရှိနေပါတယ်။
အဓိကကတော့ .... ကုလ ငြိမ်းချမ်းရေး ထိန်းသိမ်းတဲ့ တပ်တွေ ဝင်ပြီး အရပ်သားတွေကို အကာအကွယ်ပြုပေးဖို့ ဆိုတဲ့ R2P တောင်းဆိုမှု၊ တခါ .... အာဏာသိမ်း စစ်တပ်က အရပ်သား ပစ်မှတ်တွေကိုပါ မရှောင် ဗုံးကြဲ တိုက်ခိုက်နေတာတွေကို အကာအကွယ်ပြုပေးဖို့ no-fly zone လို့ ခေါ်တဲ့ လေယာဥ် မပျံသန်းရ ဇုန်နယ်မြေတွေ ဖော်ဆောင်ပေးဖို့ ဆိုတဲ့ ဒီမိုကရေစီ အင်အားစုတွေဘက်က တောင်းဆိုခဲ့တာတွေဟာ တစ်ခုမှ အထမမြောက်ခဲ့ပါဘူး။
ဒါ့ကြောင့် .... မြန်မာစစ်တပ် ကျူးလွန်နေတဲ့ စစ်ရေးနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ အရာတွေအပေါ် ထိန်းချုပ်နိုင်ရေး အတွက် နိုင်ငံတကာဘက်က လက်တွေ့ကျတဲ့ အရေးယူ ဆောင်ရွက်မှုတွေ မပြုလုပ်ဘူးဆိုတဲ့ ဝေဖန်သံတွေ ရှိနေတာ ဖြစ်ပါတယ်။
လက်နက်ထောက်ပံ့တဲ့နည်းဟာ ကစားပွဲကြီးတစ်ခုလုံးကို ပြောင်းသွားနိုင်လား
အခုအချိန်မှာ မြန်မာပြည်တွင်း လက်နက်ကိုင် ခုခံတော်လှန်ရေးဟာ တနိုင်ငံလုံး အနှံ့ ကျယ်ပြန့်လာနေပြီး အာဏာသိမ်း စစ်တပ်အပေါ် စစ်ရေး တုန့်ပြန်မှုတွေ အတော်လေး တန်ပြန် လုပ်ဆောင်လာချိန် ဖြစ်တဲ့အတွက် မြန်မာ့အရေး ဗျူဟာမြောက် အခင်းအကျင်းတွေဟာ ပြောင်းလဲလာခဲ့ပြီလို့ ဆိုနိုင်ကြောင်း စစ်ရေးနဲ့ လုံခြုံရေး ဆိုင်ရာ ကျွမ်းကျင်သူတချို့က ထောက်ပြကြပါတယ်။
အာဏာသိမ်းပြီး အလွန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းစစ်မှာ ဝေဟင် တိုက်ခိုက်မှုတွေကို စစ်တပ်ဘက်က အပြင်းအထန် သုံးစွဲလာတာဟာ စစ်ရေးအရ သာလွန် အင်အားကြီးတယ် ဆိုတဲ့ အချက်ကို ဖော်ပြနေတာထက် စာရင်၊ မြေပြင်တပ်တွေ စိုးမိုးနိုင်မှု မရှိတော့တဲ့ အားနည်းချက်ကို ဖော်ပြနေတာသာ ဖြစ်တယ်လို့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် လက်နက်ကိုင်ပဋိပက္ခကို ဆယ်စုနှစ်များစွာ အနီးကပ် လေ့လာ စောင့်ကြည့်နေခဲ့တဲ့ ဘာတေးလစ်တနာက အေးရှားတိုင်းမ်စ် သတင်းစာမှာ ရေးပါတယ်။
နိုင်ငံအနှံ့ ဒေသအလိုက် ပေါ်ထွန်းလာတဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေဟာ ပိုပြီး စနစ်တကျ ဖွဲ့စည်း တည်ရှိလာကြပြီး၊ သူတို့ထံက ပိုပြီး ထိရောက်တဲ့ စစ်ရေး ဖော်ဆောင်မှုတွေ လည်း တွေ့လာရတယ်လို့ နိုင်ငံတကာ အကဲခတ်တွေကလည်း ပြောဆိုကြပါတယ်။
ဒါပေမယ့်၊ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေ အတွက် အဓိက လိုအပ်နေတာကတော့ လက်နက် ခဲယမ်းမီးကျောက်တွေ အပါအဝင် စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ဖြစ်တယ်ဆိုတဲ့ ထောက်ပြမှုမျိုးတွေ ရှိနေပါတယ်။
အမေရိကန် အစိုးရက ကျောထောက် နောက်ခံပြုထားတဲ့ ပြည်သူ့ရေးရာ မူဝါဒပိုင်း သုတေသနဌာန ဖြစ်တဲ့ ဝီလ်ဆန်စင်တာက ထုတ်ဝေတဲ့ ဆောင်းပါးတစ်ပုဒ်ထဲမှာ ဆိုရင် ဆောင်းပါးရှင် မာဗင်အော့တ်က PDF တွေကိုသာ လက်နက်ထောက်ပံ့တာမျိုး လုပ်ပေးမယ် ဆိုရင် မြန်မာနိုင်ငံရဲ့ အနေအထားဟာ အခြေခံကနေ စပြီးတော့ကို ပြောင်းလဲ သွားနိုင်တဲ့ အထိ အခြေအနေတွေ ပေးနေတယ် ဆိုပြီး ရေးပါတယ်။
မြန်မာ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ တရားစီရင်ရေး စနစ်တွေနဲ့ အပြစ်ပေး အရေးယူ နိုင်ရေး သံတမန်ရေး မျက်နှာစာမှာ ကြိုးစားနေချိန်၊ ပြည်တွင်း လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ အပေါ် စစ်လက်နက် ပစ္စည်းတွေ ပေးရေး ဆိုတဲ့ ရွေးချယ်မှု အပေါ်မှာပါ ဘိုင်ဒင်အစိုးရ အနေနဲ့ လေးလေးနက်နက် စဥ်းစား သင့်တယ် ဆိုပြီး အမေရိကန် ဆီးနိတ်လွှတ်တော်ရဲ့ ထောက်လှမ်းရေးပိုင်းဆိုင်ရာ ကော်မတီကို ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်တဲ့ လုံခြုံရေး မူဝါဒပိုင်း ကျွမ်းကျင်သူ ပါမောက္ခ မာဗင်အော့က ဝီလ်ဆန်စင်တာက ထုတ်ဝေတဲ့ သူ့ရဲ့ ဆောင်းပါးထဲ အမေရိကန် အစိုးရကို တိုက်တွန်းပါတယ်။
ပီဒီအက်ဖ်တွေကို လက်နက်ထောက်ပံ့ရေး ဆိုတာ သုတေသီတွေ သုံးနှုန်းကြသလိုမျိုး တကယ်တမ်း အပြောင်းအလဲ game-changer ဖြစ်စေမလား၊ အမေရိကန် အပါအဝင် အနောက်အုပ်စု နိုင်ငံတွေဘက်က လက်နက်ပေးရေး လမ်းကို တကယ်တမ်း ရွေးချယ်လို စိတ်ရှိကြရဲ့လား၊ ဖော်ဆောင်မယ် ဆိုရင်တောင် မြေပြင် လက်တွေ့ အခြေအနေမှာ ဘယ်လို အခက်အခဲတွေ ရှိနေလဲ စတာတွေ အကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့ HRW နဲ့ အာရှ ဖောင်ဒေးရှင်းတို့မှာ အကြီးတန်း သုတေသီတစ်ဦး ဖြစ်ခဲ့တဲ့ မြန်မာ့အရေး အနီးကပ် စောင့်ကြည့် လေ့လာသူ ဒေးဗစ် မက်သဆန်နဲ့ ဘီဘီစီ မေးမြန်းထားပါတယ်။
ဘီဘီစီ။ ။ NUG ထူထောင်တာ တစ်နှစ်ရှိတဲ့ အချိန် NUG ဝန်ကြီးချုပ်ထံကနေ ထွက်လာတဲ့ အစီရင်ခံစာထဲမှာ NUG ဟာ တော်လှန်ရေး အစိုးရ ဖြစ်တယ်လို့ ပြောထားပြီး၊ အခုဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ပြည်သူ့ ကာကွယ်ရေး အဖွဲ့တွေဟာ တစ်နိုင်ငံလုံးရဲ့ ၄၅% ကို စိုးမိုးထိန်းချုပ် ထားနိုင်တယ် ဆိုတဲ့ အချက် ပါဝင်ပါတယ်။ ဒီဟာက မြေပြင်အခြေအနေကို ထင်ဟပ်လား၊ NUG အနေနဲ့ အာဏာသိမ်းမှုကို စစ်ရေးနည်းနာ သုံးပြီး ပြောင်းလဲဖို့ လုပ်ဆောင်နေတဲ့ တော်လှန်ရေး အစိုးရ အဖြစ် ဒေးဗစ်အနေနဲ့ ရှုမြင်ထားလား။
ဒေးဗစ် မက်သဆန်။ ။ NUG ဟာ ထူထောင်ပြီး ၁ နှစ် ဆိုတဲ့ ကာလ အပိုင်းအခြားလေး အတွင်းမှာ ဘာတွေ ဖော်ဆောင်နိုင်ခဲ့လဲ ဆိုတဲ့ အချက်ကို ကျွန်တော်တို့ စပြီး မြင်အောင်ကြည့်နိုင်ဖို့ အရေးကြီးတယ် ထင်ပါတယ်။ PDF အဖွဲ့အားလုံး NUG ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိတယ်လို့ မပြောနိုင်ပေမယ့်၊ တိုင်းရင်းသား လက်နက်ကိုင် EAO အဖွဲ့တွေရဲ့ အကူအညီနဲ့ ချိတ်ဆက် လှုပ်ရှားနေတဲ့ အရေအတွက်ဟာ မနည်းလှဘူးဆိုတာ တွေ့ရပါတယ်။
NUG နဲ့ လက်တွဲကြတဲ့ EAO တွေ အပါအဝင် ပြည်တွင်း အင်အားစုတွေ အများအပြား ရှိနေသလို၊ နိုင်ငံတကာမှာလည်း ထိုးဖောက် ဆက်သွယ်ပြီး ထိတွေ့ ဆက်ဆံနေတဲ့ အတိုင်းအတာတွေ အပေါ် လျစ်လျူမရှုသင့်ဘူးလို့ ကျွန်တော် ယူဆပါတယ်။
စစ်အာဏာသိမ်းမှုကို ပြောင်းလဲပစ်ဖို့ ၊ စစ်ကောင်စီ SAC ကို ဖယ်ရှားပစ်လိုက်ဖို့ စစ်ရေးနည်းသုံးပြီး NUG လုပ်ဆောင်နိုင်မလား ဆိုတဲ့ အချက်ကို ကြည့်ရင်တော့ စစ်ရေးနည်းသုံးတယ်၊ လက်နက်ကိုင် တော်လှန်တယ် ဆိုတာ အင်မတန် မလွယ်တဲ့ အလုပ် ဖြစ်ပါတယ်။
အထူးသဖြင့် ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နောက်ပိုင်း လက်ထဲမှာ ဘာမှ မရှိတဲ့ အခြေအနေကနေ အာဏာသိမ်း စစ်တပ်ကို စစ်ရေးနည်းနာ သုံးပြီး တုန့်ပြန်ရတာ၊ ခုလံတွန်းလှန်ရတာဟာ မလွယ်မှန်း အားလုံး နားလည် ထားပါတယ်။
NUG အနေနဲ့ ရှိနှင့်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ အာဏာသိမ်းမှုနောက် ပေါ်ပေါက်လာတဲ့ ဒေသကာကွယ်ရေး အဖွဲ့တွေနဲ့ကြား ဘယ်လောက်ထိ ပူးပေါင်း ဆောင်ရွက်နိုင်တယ်၊ မဟာမိတ် တပ်ပေါင်းစု အနေနဲ့ တည်ဆောက်နိုင်မလဲ ဆိုတာက အရေးကြီးပါတယ်။
ဒီတော့ ချိန်ခွင်လျှာ ညီဖို့ ဆိုရင် NUG သာ အရေးကြီးဆုံး ဆိုတဲ့ သဘောထားမျိုး မထားသင့်သလို၊ တစ်နှစ်ဆိုတဲ့ အချိန်တိုပဲ ရှိသေးတဲ့ NUG အပေါ် ပြင်းထန်တဲ့ ဝေဖန် ထိုးနှက်မှုတွေ လုပ်ရင်လည်း မျှတမယ် မထင်ပါဘူး။
လက်ရှိ နယ်မြေ ထိန်းချုပ်နိုင်မှု ဘယ်လောက် ရာခိုင်နှုန်း ရှိနေပြီ ဆိုတဲ့ အချက်မျိုးကတော့ ကိန်းဂဏန်းအားဖြင့် ပုံဖော်ပြောဖို့ရာ NUG မှာလည်း တိုင်းတာပုံ တိုင်းတာနည်းတွေ၊ အချက်အလက်တွေ ရှိနေနိုင်ပါတယ်။
ဥပမာ - ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံသူတွေ အတွက်တောင် ဝ ဒေသဆိုတာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို အခြေခံ ဥပဒေအရကို အာမခံထားတဲ့ နယ်မြေ ဖြစ်တယ် ဆိုတဲ့ အချက်မျိုးကို မငြင်းနိုင်ပါဘူး။
ဒါပေမယ့် EAO တွေရှိနေတဲ့ လူမျိုးစု နယ်မြေတွေ၊ PDF တွေ ရှိနေတဲ့ မကွေးနဲ့ စစ်ကိုင်းလို ဒေသတွေ အားလုံးကို ခြုံပြီး ပြောရင်တော့ .... ထိန်းချုပ်တယ်၊ စိုးမိုးထားတယ် ဆိုတဲ့ အသုံးအနှုန်းတွေ အပေါ် မတူတဲ့ အဓိပ္ပာယ် ဖွင့်ဆိုမှုမျိုးတွေ ရှိနေနိုင်ပါတယ်။
ဒေသတစ်ခုလုံး စစ်ကောင်စီတပ်တွေ လုံးဝ ဝင်ထွက် လှုပ်ရှားမှုမရှိ၊ နေပြည်တော်ရဲ့ အာဏာစက် သက်ရောက်မှုလုံးဝ မရှိတော့တဲ့ အဖြစ်မျိုးလို့ ယတိပြတ် ပြောနိုင်ဖို့ ဆိုရင် ကျွန်တော့် အတွက် အချက်အလက်တွေ ပိုလိုအပ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SOPA Images
ဘီဘီစီ။ ။ ဒီတော့ ဒေးဗစ်ရေ ... NUG ကို မြန်မာပြည်ရဲ့ တရားဝင် အစိုးရ ဆိုပြီး နိုင်ငံရပ်ခြား အစိုးရတွေက ပေါ်ပေါ်ထင်ထင် အသိအမှတ် ပြုလာတာမျိုး၊ PDF တွေကို လက်နက်ထောက်ပံ့ ပေးလာတာမျိုး ဆိုတာတွေကို မြင်လာရနိုင်လား။ ဘယ်လောက် အခွင့်အလမ်း ရှိနေလဲ။
ဒေးဗစ် မက်သဆန်။ ။ လက်ရှိ အနေအထားတွေ အရတော့ အနောက်နိုင်ငံတွေ အများစုက အင်မတန် သိုသိုသိပ်သိပ်နဲ့ လူသိမခံပဲ လက်နက်ပေးဖို့ ဆိုတာတောင် ပြုလုပ်မယ်လို့ ကျွန်တော်တော့ အခုအချိန်ထိ မမြင်မိသေးပါဘူး။
လက်ရှိ အနေအထားဆိုတာ ယူကရိန်းအရေး အပေါ်မှာ အနောက်အုပ်စု နိုင်ငံတွေ အာရုံ အပြည့်အဝ စိုက်နေရတာကို ဆိုလိုပါတယ်။ ယူကရိန်းနဲ့ မြန်မာ အရေးဟာလည်း သဘောသဘာဝ အရ ကွာခြားလှပါတယ်။ ယူကရိန်းတွေဟာ ရုရှားရဲ့ သိမ်းပိုက်မှု ... ပြည်ပက ကျူးကျော်တဲ့ရန် ခံနေရတာ ဖြစ်ပါတယ်။
ခင်ဗျားပြောသလို အစိုးရ အဖြစ် အသိအမှတ်ပြု ခံရခြင်း ဆိုတာကလည်း တဆက်တစပ်တည်း ဖြစ်နေပါတယ်။ ယူကရိန်း အစိုးရ ရရှိနေတဲ့ သံတမန်ရေး အသိအမှတ်ပြု ခံရမှု၊နဲ့ ရရှိနေတဲ့ လက်နက်နဲ့ ဘဏ္ဍာရေး အထောက်အပံ့ဟာလည်း NUG နဲ့ မတူပဲ ကွာခြားပါတယ်။
NUG ကို အစိုးရ အဖြစ် အသိအမှတ်ပြုပြီး လက်နက် ပေးမယ်ဆိုရင်တောင် လက်တွေ့ ဖော်ဆောင်ဖို့၊ လက်ထဲ အရောက်ပို့ဖို့ ဆိုတဲ့ ခက်ခဲတဲ့ စိန်ခေါ်မှုတွေ အများကြီး ရှိပါတယ်။ မကွေး စစ်ကိုင်းဆီ ဘယ်လို အရောက်ပို့ကြမှာလဲ၊ NUG လက်ထဲ ထည့်ရမှာလား၊ တိုက်ပွဲတွေ ရှိနေတဲ့ ကချင် KIA ၊ ကရင် KNU လက်ထဲ ထည့်ရမှာလား။ အခု အင်အားကြီးလာတဲ့ ကရင်နီ အဖွဲ့ KNDF ကို ပေးမှာလား။ ဘာလက်နက်မျိုး ပေးမှာလဲ၊ ဘယ်သူ့ကိုလဲ၊ ဘယ်လိုပုံစံလဲ ဆိုတဲ့ မေးခွန်းတွေက များပါတယ်။
ဒီတော့ အထိရောက်ဆုံး လေကြောင်းရန် ကာကွယ်ရေး လက်နက်တွေ ပဲ စပြီး ပေးရင်ရော ဆိုခဲ့ရင်တောင် မဖြစ်နိုင်သလောက်ပဲလို့ ကျွန်တော် ယူဆပါတယ်။ မြန်မာဟာ တရုတ်၊ အိန္ဒိယနဲ့ ထိုင်း ၃ နိုင်ငံ ပတ်ချာလည် ရှိနေတာ ဖြစ်ပြီး အဲဒီ ၃ နိုင်ငံ စလုံးက သူတို့ နယ်မြေတွေကို NUG ကို လက်နက်ပေးရေး အတွက် အသုံးချခွင့် လုံးဝပေးမှာ မဟုတ်တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။
သူတို့ဟာ SAC နဲ့ နီးစပ်တဲ့ ဆက်ဆံရေးတွေ ရှိကြတယ် ဆိုတာက တစ်ကြောင်း၊ စစ်ရေး ပဋိပက္ခ ကျယ်ပြန့်ပြီး၊ အဲဒီဝန်ကို သူတို့ အပေါ်မှာ ပိမယ့် အဖြစ်မျိုးကို သူတို့ မလိုချင်ပါဘူး။ ထိုင်းဟာ စစ်တပ်နိုင်ငံ ဖြစ်တယ်ဆိုတာ မမေ့စေချင်ပါဘူး။ ထိုင်း မပါပဲ ထောက်ပို့ဆိုတာ လက်တွေ့မှာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ တွေးနိုင်သမျှ တွေးကြည့်ရင် နိုင်ငံတကာ ထိန်းချုပ် စောင့်ကြည့်တဲ့ လေယာဥ်မပျံသန်းရ ဇုံတွေ ဖော်ဆောင်မယ်၊ အဲဒီမှာ လျှို့ဝှက် ပျံသန်းမှုတွေ လုပ်ပြီး လက်နက်တွေကို ဝေဟင်ကနေ ချပေးမယ် ဆိုတာမျိုးထိ စဥ်းစားကြည့်နိုင်ပါတယ်။ လက်တွေ့ အကောင်အထည် ဖော်ဖို့ ဆိုတာကတော့ အခုအချိန်အထိ ဖြစ်နိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး။
အခြေအနေတွေ ဆိုတာကတော့ အဆက်မပြတ် ပြောင်းလဲနေပါတယ်။ ကျွန်တော်ပြောခဲ့သလို EAO အဖွဲ့တွေနဲ့ NUG ကြား မဟာမိတ် တပ်ပေါင်းစု တည်ဆောက်ရေးဟာ ခိုင်မာ ကျယ်ပြန့်လာမယ်၊ လက်နက်ပေးမယ့် နိုင်ငံလည်း ရှိလာမယ် ဆိုတာတွေ အထိ တွေးကြည့် နိုင်ပါတယ်။ အခု အနေအထားကတော့ မဖြစ်နိုင်ပါဘူး။
ဘီဘီစီ။ ။ ဒေးဗစ်ရေ ... ခင်ဗျား ပြောခဲ့သလို မြန်မာပြည် အလယ်ပိုင်း ဒေသတွေမှာတောင် အာဏာသိမ်းမှု အပေါ် စစ်ရေးနည်းနဲ့ တုန့်ပြန်တာတွေ ပေါ်ထွန်းလာပြီး၊ ဒေသအလိုက် PDF အဖွဲ့တွေ အများအပြား ရှိနေတဲ့ အချိန်၊ သူတို့ကိုသာ လက်နက် ကောင်းကောင်း တပ်ဆင် ပေးလိုက်ရင် မြန်မာ့အရေး အပြောင်းအလဲကို ဖြစ်လာစေနိုင်မယ် ဆိုတဲ့ ရှုထောင့် အမြင်တွေ အပါ်မှာရော ဘယ်လို ယူဆလဲ၊ သဘောတူလားဗျ ...
ဒေးဗစ် မက်သဆန်။ ။ အရာရာတိုင်းမှာ ဖြစ်နိုင်ခြေ ဆိုတာကတော့ ရှိစမြဲပါပဲ။ ဒါပေမယ့် ... ဆိုကြပါစို့ ... စစ်ကိုင်းဒေသတွေထဲထိ လက်နက် အရောက်ပို့မယ် ... EAO အဖွဲ့တချို့ကို တိုက်ရိုက် လက်နက် တပ်ဆင် ပေးမယ် ဆိုရင် ... ကနဦး သက်ရောက်မှု အနေနဲ့ လက်တွေ့ မြေပြင် တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ တပ်တွေနဲ့ ရင်ဆိုင်နိုင်စွမ်း သိသိသာသာ မြင့်လာမယ်ဆိုတာ သေချာပါတယ်။
တစ်ဘက်မှာလည်း နောက်ဆက်တွဲ သက်ရောက် ရိုက်ခတ်လာနိုင်တာတွေလည်း ရှိနေပြန်ပါတယ်။ လောလောဆယ် မြန်မာစစ်တပ်အတွက် တစ်ဦးတည်းသော တကယ့်မိတ်ဆွေဆိုရင် ရုရှားပါ။ ရုရှားကသာ အရှေ့တောင်အာရှမှာ သူတို့ရဲ့ ဖောက်သည်နိုင်ငံ ထားပါတော့ဗျာ .. မိတ်ဖိတ်နိုင်ငံ တစ်ခု လက်လွှတ် ဆုံးရှုံးရမှာကို မလိုလားပဲ မြန်မာစစ်တပ်ကို လက်နက်တွေ တိုးပြီး ပေးလာ ခဲ့ရင်ရော ... အဲသလိုလဲ တွက်ဆထားသင့်ပါတယ်။
အဓိက အန္တရာယ်ကတော့ နေရာဒေသတစ်ခုအတွင်းကို လက်နက်တွေ၊ အထူးသဖြင့် လက်နက်ကြီးတွေ၊ ခဲယမ်းမီးကျောက်တွေ စုပုံ ထည့်သွင်းပေးလိုက်တာရဲ့ တိုက်ရိုက် အကျိုးဆက်က လက်နက်ကိုင် ပဋိပက္ခ ပိုပြင်းထန် ကျယ်ပြန့်လာပြီး အရပ်သား ထိခိုက် ခံစားရမှု အခြေအနေ အင်မတန်ကို ဆိုးရွား သွားစေနိုင်ပါတယ်။
လက်နက်တွေကို နယ်မြေချဲ့ထွင် ထိန်းချုပ်နိုင်ရေး အတွက် အသုံးပြုကြမယ်၊ စစ်ရေးဖိအား အဆုံးစွန် ပေးပြီး စစ်ကောင်စီကို စားပွဲပေါ် ခေါ်မယ် ဆိုတဲ့ စဥ်းစားမှုမျိုးတွေလည်း ရှိနိုင်ပေမယ့် NUG နဲ့ EAO တွေ၊ PDF တွေ အပါအဝင် လက်နက်ကိုင် တစ်ဖွဲ့ချင်းစီတိုင်း စုပေါင်းလုပ်ဆောင်ကြဖို့ ဟန်ချက်မျှနေနိုင်ဖို့ ဆိုတာတွေက အတော်လေး ကြိုးစားရမယ့် အရာတွေပါ။
နောက်ပြီး မြန်မာ စစ်တပ်ဟာ EAO တွေ ကြား စည်းလုံး ညီညွတ်ရေး၊ တပေါင်းတစည်းတည်း ရှိနေရေးကို အမြဲပဲ ဖြိုခွဲလေ့ ရှိခဲ့တာပါ။ မြန်မာ့ အရေးဟာ မတူတဲ့ လူမှု အသိုင်းအဝိုင်းတွေ အတွင်း ကွဲပြားနေတဲ့ နိုင်ငံရေး၊ လူမျိုးစုရေး၊ စီးပွားရေး ဆိုင်ရာ အရင်းခံ ပြဿနာတွေ ရှိနေပါတယ်။
ဒီပြဿနာတွေကို လက်နက်တွေ အပုံလိုက် ပေးခြင်းနည်းနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်တဲ့ အပြင် ၊ ပိုပြီး အခြေအနေတွေ ပြင်းထန် ဆိုးရွား သွားစေမယ်လို့ ကျွန်တော် ယူဆပါတယ်။
လက်တွေ့အရမှာလည်း လက်နက်တွေကို လျှို့ဝှက် ထောက်ပံ့တယ် ဆိုတာ အနှေးနဲ့ အမြန်ဆိုသလို တစ်ဘက် အဖွဲ့အစည်းနဲ့ သူတို့ရဲ့ မိတ်ဖက်နိုင်ငံတွေက သိမယ်၊ သတင်းမီဒီယာတွေက သိမယ်၊ ဘယ်တုန်းကမှ ကြာကြာဖုံးထားလို့ မရနိုင်တဲ့ အရာပါ။
Covert opreation လျှို့ဝှက် စီမံကိန်း ဆိုတာမျိုးဟာ ဒီခေတ်ကြီးမှာတော့ ဘယ်လိုမှာ covert မဖြစ်နိုင်တော့ပါဘူး။ ကိုယ်ဖြစ်ချင်တဲ့ လမ်းကြောင်းကို ထိခိုက်စေမယ့် တန်ပြန် သက်ရောက်မှုတွေ နောက်ဆက်တွဲ အနှေးနဲ့အမြန် ဖြစ်လာနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SOPA Images
ဘီဘီစီ။ ။ လက်ရှိ မှာတော့ NUG ရော စစ်ကောင်စီရော တွေ့ဆုံ ဆွေးနွေးရေး ဆိုတာကို စားပွဲပေါ်မှာ တင်မထားဘူး။ စစ်ရေးနည်းနာနဲ့ အပြောင်းအလဲ ဆိုတာ ဖြစ်မလာနိုင်ဘူး ဆိုရင် ဘာတွေ ဆက်မြင်တွေ့ နေရဖို့ ရှိလဲဗျ။
ဒေးဗစ် မက်သဆန်။ ။ သွေးထွက်သံယို ဖြစ်ရပ်တွေ၊ အကြမ်းပတမ်း ဖြစ်ရပ်တွေကို ဝမ်းနည်းစရာ ပိုပြီး မြင်တွေ့ နေရဦးမယ်လို့ ကျွန်တော် ထင်ပါတယ်။ အခု လက်ရှိ ဖြစ်ပေါ်လာတဲ့ အရာတွေဟာ မြန်မာ စစ်တပ်က အာဏာသိမ်းလို့ ဖြစ်လာရတာပါ။ ဒါပေမယ့် အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ သူ့ရဲ့ စစ်တပ်ဟာ ဒီ အကျပ်အတည်းကို ပြေလည်သွားစေဖို့ စိတ်ဆန္ဒ ရှိမနေကြပါဘူး။ ကိုယ့်ရွာတွေ၊ အိမ်တွေ မီးရှို့ ခံထားရသူတွေကို ခင်ဗျားတို့ မဆွေးနွေးကြဘူးလားလို့လည်း မမေးသင့်ပါဘူး။
မြန်မာ့ အကြပ်အတည်း ပြဿနာရဲ့ အရင်းခံဟာ စစ်တပ်ဖြစ်တဲ့ အတွက် စစ်တပ်ကို ဖယ်ရှားရေး ဆိုတာ အငြင်းပွားဖွယ် မရှိ မြန်မာပြည်သူတွေရော၊ နိုင်ငံတကာကရော သိမြင် သဘောပေါက် ထားကြပြီး ဖြစ်ပါတယ်။
စစ်တပ်ကို ဖယ်ရှားရေး ဆိုတဲ့ ဒွိဟပွားဖွယ် မရှိ အင်မတန် ရိုးရှင်းတဲ့ ပန်းတိုင်ကို အရောက်သွားရေးကသာ ရှုပ်ထွေးခက်ခဲနေရတာ ဖြစ်ပါတယ်။ စစ်တပ်ဆိုတဲ့ အဖွဲ့အစည်း ချိနဲ့ သွားအောင်၊ စစ်တပ်က စွန့်ခွာသူတွေ များလာအောင်၊ သူတို့ရဲ့ စီးပွားရေး ဒေါက်တိုင်တွေ ပျက်စီးသွားအောင် ဆိုတာတွေကို အခု ဦးတည် သွားနေကြပြီး ရလာဒ်ကို ချက်ခြင်းလက်ငင်း မျှော်လင့်လို့ မရတဲ့ အခြေအနေ ဖြစ်ပါတယ်။











